← Chapters

လူခေါ်မလို့လားကွ

Vol. 8 Ch. 108

လူခေါ်မလို့လားကွ

Vol. 8 Ch. 108

"ဘာဖြစ်လို့လဲ"

"ကျွန်မမှာ ပိုက်ဆံမရှိတော့ဘူး"

"ဒါ နင့်မောင်ရဲ့ဖုန်း၊ ယူထားလိုက်။ နောက်မှ ငါ စကားဝှက်ပြောပြမယ်လေ... ဒါဆို နင့်မှာ ပိုက်ဆံရှိသွားပြီ" ယွီဟွေးဖေးက ပြုံးလိုက်ပြီး ဖုန်းတစ်လုံးကို ထုတ်ပြရင်း ပြောပြလိုက်တာပေါ့။

ရွှီကျဲ ကြောင်သွားတယ်... ယွီဟွေးဖေးက ဖုန်းလုတာ ဒီအတွက်ကြောင့်မှန်း သူ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ သူက စပ်စုပြီး မေးတော့တာပဲ။

"ရှင် စကားဝှက်ကို သိလို့လား"

"မသိဘူး၊ ဒါပေမဲ့ နင့်မောင်က ငါ့ကို ပြောပြလိမ့်မယ်။ ငါထင်တာတော့... သူက နင့်လောက် အရိုက်မခံနိုင်လောက်ဘူး"

ရွှီကျဲ အံ့ဩသွားပြီးနောက် ခါးသီးစွာ ပြုံးလိုက်ကာ "သူက ကြောက်တတ်တဲ့ကောင်ပါ၊ ငယ်ငယ်ကတည်းက သူ့အတွက် ကျွန်မပဲ ရန်ဖြစ်ပေးခဲ့ရတာလေ"

"အဲ့ဒီတော့ နင်က အဲ့လို အသုံးမကျတဲ့ကောင်ကို ကာကွယ်ပေးခဲ့တာပေါ့" လို့ ယွီဟွေးဖေးက မေးလိုက်တော့ ရွှီကျဲ တိတ်ဆိတ်သွားရော။

"တော်ပြီ... မပြောနဲ့တော့၊ သွားအိပ်တော့လေ"

ရွှီကျဲက ခေါင်းခါပြီး "ကျွန်မ သွားတာပဲ ကောင်းပါတယ် သူဌေးယွီ၊ ရှင်က သူတို့အကြောင်းကို မသိလို့ပါ။ ဒီလောက်နဲ့ လက်လျှော့မှာ မဟုတ်ဘူး... သူတို့ ခုနက ရှင့်ကို ကြောက်သွားပေမဲ့ အခုတော့ လူသွားခေါ်နေလောက်ပြီ။ ခဏနေရင် ပြန်လာပြီး ရန်ရှာကြဦးမှာ..."

ယွီဟွေးဖေး ကြားလိုက်တော့ မျက်မှောင်ကြုတ်သွားတယ်၊ ဒီကိစ္စက မပြီးသေးဘူးပေါ့။ ဒါပေမဲ့ ခဏအကြာမှာ ယွီဟွေးဖေးက ပြုံးလိုက်ပြီး ပြောပါလေရော။

"လူခေါ်တယ် ဟုတ်လား။ ဟက်ဟက်... သူတို့ပဲ လူခေါ်တတ်တာ ကျနေတာပဲ"

"နင် နောက်ဖေးခြံထဲမှာ သွားစောင့်နေ၊ ငါလည်း လူသွားခေါ်လိုက်ဦးမယ်"

"ရှင်လည်း လူခေါ်မလို့လား။ သူဌေးယွီ... ရှင်က ဒီရွာကလူ မဟုတ်ဘူး၊ ခဏတဖြုတ်ပဲ လာတာဆိုတော့ ဒီရွာကလူတွေက ရှင့်ကို သိချင်မှသိမှာ။ ဒါပေမဲ့ အဘိုးကြီးရွှီတို့က ဒီမှာ တစ်မျိုးလုံးရှိနေတာ၊ ဘယ်သူက ရှင့်ဘက်ကနေ ရပ်တည်ပေးမှာလဲ"

"တောင်ပေါ်က ရသေ့မှာ သူ့နည်းသူ့ဟန်ရှိတယ်ဆိုသလိုပဲ ငါက ဒီလောက်ချောတာ၊ လူအနည်းငယ်လောက်တောင် မခေါ်နိုင်ဘူးလား" လို့ ယွီဟွေးဖေး ခါးကိုမတ်လိုက်ပြီး ပြောပြီးတာနဲ့ သူထင်သလောက် အရမ်းချောတဲ့ ပို့စ်တစ်ခုကို လုပ်ပြလိုက်တော့ ရွှီကျဲက ကြည့်ရင်း ခါးသီးစွာ ပြုံးလိုက်မိကော။ သူမလည်း ဘာပြောရမှန်းလည်း မသိတော့ဘူး။

ယွီဟွေးဖေးက ဒါကိုမြင်တော့ သက်ပြင်းချလိုက်ပြီး "ဘယ်လိုရယ်တာပဲဖြစ်ဖြစ်၊ ရယ်လာရင် ပြီးတာပဲ။ နင့်ရဲ့ စိတ်ညစ်နေတဲ့ပုံစံကို ကြည့်ပြီး စိတ်ကျဉ်းကျပ်ပြီး သေသွားမှာတောင် စိုးရိမ်နေတာ။ နင် အိပ်ချင်ရင် မြန်မြန်သွားအိပ်။ မအိပ်ချင်ရင်တော့... နောက်ဖေးခြံထဲမှာ ပွဲသွားစောင့်ကြည့်နေလိုက်။ မှတ်ထားဦး... ခြံစည်းရိုးပေါ်တက်ကြည့်လို့ရသလို တံခါးကြားကနေလည်း ချောင်းကြည့်လို့ရတယ်။ ဒါပေမဲ့ အပြင်မထွက်လာနဲ့"

ရွှီကျဲ ခေါင်းညိတ်လိုက်တယ်... ယွီဟွေးဖေးရဲ့ အနီရောင်ဝတ်ရုံကြီးနဲ့ ကျောပြင်ကို ကြည့်ပြီး သူ အကြောင်းပြချက်မရှိဘဲ စိတ်အေးသွားသလိုပဲ။ ဒါက သူ ငယ်ငယ်ကတည်းက တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်မျိုးပေါ့။

ငယ်ငယ်ကတည်းက သူ့ကမ္ဘာမှာ သူမတစ်ယောက်တည်းပဲ ရှိခဲ့တာ၊ ကောင်းကင်ပြိုကျလာရင်တောင် ကိုယ့်ဘာသာကိုယ်ပဲ အားကိုးခဲ့ရတယ်လေ။ ဒါပေမဲ့ ဒီနေ့မှာတော့ သူမ ပထမဆုံးအကြိမ်အဖြစ် သူတပါးရဲ့ ဂရုစိုက်မှု၊ အကာအကွယ်ပေးမှုကို ခံစားလိုက်ရတော့ အဲ့ဒီလို နွေးထွေးမှုက သူ့ကို ငိုချင်စိတ်ဖြစ်စေတယ်။

ဘယ်မိန်းကလေးက မွေးရာပါ သန်မာနေလို့လဲ။

ဘယ်မိန်းကလေးက နွေးထွေးတဲ့ အိမ်တစ်လုံးကို မလိုချင်ဘဲ နေမလဲ။

ဘယ်မိန်းကလေးက ချွဲနွဲ့ရယ်မောနိုင်မယ့် ခိုနားရာတစ်ခုကို မလိုချင်ဘဲ နေမလဲ။

ဘဝက ဖိအားမပေးခဲ့ရင် ဘယ်သူက မိုးလေထဲမှာ တစ်ယောက်တည်း သန်မာချင်မှာလဲ။

...

ယွီဟွေးဖေးက ရွှီကျဲ ဘာတွေစဉ်းစားနေလဲ မသိဘူး၊ သူ တံခါးဖွင့်ပြီး ဖုန်းတစ်လုံးကို ယူကာ ဖုန်းခေါ်လိုက်တယ်။

"ဖိန်ကော ဘာလုပ်နေလဲ"

"သူဌေးယွီလား။ ဘာကိစ္စလဲ။ ကျွန်တော်က ကိုခွေး(ကော်ပုထုံ)အိမ်မှာ ရန်ဖြစ်တာကို ဖျန်ဖြေပေးနေတာ"

(ps- နောက်ကျရင် ကိုခွေးနာမည်ရင်းဖြစ်တဲ့ ကော်ပုထုံပဲ အတည်သုံးလိုက်တော့မယ် ခွေးချင်းမှားကုန်မှာစိုးလို့)

ယွီဟွေးဖေးလည်း ကြားလိုက်တယ်၊ ဖုန်းတစ်ဖက်မှာ နည်းနည်းဆူညံနေပြီး လေတိုက်သံကလည်း ပြင်းတော့ အပြင် ရောက်နေတဲ့ပုံပဲ။

"ခင်ဗျားက ရန်ဖြစ်တာ ဖျန်ဖြေပေးနေတာ ဘယ်လိုလုပ် လမ်းပေါ်ရောက်နေတာတုန်း"

ဖိန်ကောက ပုံမှန်အတိုင်းပဲ "ကျွန်တော် ဝင်သွားရင် အရိုက်ခံရမှာပေါ့။ သူတို့ ရိုက်ပြီးသွားမှ ကျွန်တော် ဝင်သွားမယ်" လို့ ပြောလိုက်တယ်။

ယွီဟွေးဖေး ကြားလိုက်တော့ ဖုန်းချလိုက်ချင်စိတ် ပေါက်သွားရော။ သူ တကယ်ပဲ သံသယဝင်သွားပြီ၊ ဒီလိုလူကို ခေါ်လာတာ အားကိုးလို့ရပါ့မလား။

"သူဌေးယွီ... ခင်ဗျား ကိစ္စရှိလို့လား"

ယွီဟွေးဖေးကလည်း ပွင့်ပွင့်လင်းလင်းပဲ "အင်း၊ ရှိတယ်။ ကျုပ်တို့ရွာမှာ အဘိုးကြီးရွှီက ရန်လာရှာတယ်လေ၊ လူပါခေါ်ဦးမလို့တဲ့။ စဉ်းစားကြည့်တော့ ကျုပ်တို့အိမ်မှာရှိတဲ့ လူတွေက တိုက်ခိုက်ရေးစွမ်းရည် သိပ်ပြင်းတော့ သူတို့ကို သတ်မိသွားမှာ စိုးလို့။ ဒါကြောင့်..."

"နားလည်ပြီ... လူစုပြီး ဟန်ပြမလို့ ဟုတ်လား။ စိတ်ချ၊ တခြားကိစ္စတွေတော့ ကျွန်တော်တို့ မကျွမ်းကျင်ဘူး၊ လူစုပြီး ဟန်ပြတာ၊ ဘဝင်မြင့်တာတွေမှာတော့ ကျွန်တော်တို့က ဆရာတစ်ပါးပဲ"

ဖိန်ကောက ယွီဟွေးဖေး စကားမဆုံးခင်မှာပဲ ချက်ချင်းနားလည်သွားပြီး ရင်ဘတ်ကိုပုတ်ကာ အာမခံလိုက်တယ်၊ ပြီးတော့ "လူဘယ်လောက်လိုလဲ" လို့ မေးပါလေရော။

ယွီဟွေးဖေးက ခဏစဉ်းစားပြီး "ဒီ... များများပေါ့။ များများဆိုတော့ ပိုပြီး အရှိန်အဝါရှိတာပေါ့"

"ကောင်းပြီ... စိတ်သာချထားစမ်းပါ။ ဒီကိစ္စကို ညီလေးက သေသေချာချာ စီစဉ်ပေးမယ်။ ဒါပေမဲ့ ဒီအသွားအပြန် ကားခတို့ ဘာတို့က..." ဖိန်ကောက နည်းနည်းအားနာသွားတယ်။

"ကိစ္စမရှိဘူး... ဒါကို ကျုပ်ကျခံမယ်"

"အားနာပါတယ် သူဌေးယွီရာ၊ ကျွန်တော်က ဝင်ငွေလည်း မရှိတော့"

"နားလည်ပါတယ်... ခင်ဗျား လာနိုင်ရင် ပြီးတာပဲ"

"ပြဿနာမရှိဘူး၊ အိုး... သွားပဟ... မပြောတော့ဘူး။ ကော်ပုထုံ အလိုက်ခံရပြီး ထွက်ပြေးလာတယ်၊ ဒီဘက်ကို ပြေးလာနေတာဆိုတော့ ကျွန်တော် ပုန်းလိုက်ဦးမယ်..."

ယွီဟွေးဖေး ထပ်ပြီးစကားမပြောနိုင်တော့ဘူး၊ စိတ်ထဲမှာ ဒီကောင် တကယ်ပဲ အားကိုးလို့ရပါ့မလားလို့ တွေးနေမိတယ်။ နောက်ပြီး ယွီဟွေးဖေးလည်း အံ့ဩနေသား။ ကော်ပုထုံက ဘာကိစ္စတွေ ထပ်လုပ်မိလို့ ထပ်ပြီး အရိုက်ခံနေရတာတုန်း။ ရက်ပိုင်းလေးပဲ ရှိသေးတာကို။

ယွီဟွေးဖေး သိသလောက်ဆို သူ အရိုက်ခံရတာ နှစ်ခါရှိပြီ။ တစ်ပြိုင်နက်တည်းမှာပဲ သူလည်း စပ်စုနေတာလေ။ ကော်ပုထုံရဲ့ မိန်းမက ဘယ်လိုလူမျိုးလဲဆိုတာကိုပေါ့။

ဖိန်ကောက အရင်က နွားခေါင်းကိုတောင် ရန်လုပ်ရဲတဲ့ ကောင်လေး၊ အခုတော့ ကော်ပုထုံရဲ့ မိန်းမကို ကြောက်လို့ လမ်းပေါ်မှာပဲရပ်ပြီး ဖျန်ဖြေပေးရဲတယ်၊ အသံတောင် မထွက်ရဲဘူး။ သိတဲ့သူကတော့ ဖျန်ဖြေပေးနေတယ်၊ မသိတဲ့သူကတော့ ပွဲကြည့်နေတယ်လို့ ထင်မှာပဲ။

ထားပါတော့ ဖုန်းချပြီးတော့ ကျန်တာက ဆက်စောင့်ဖို့ပဲ။

ယွီဟွေးဖေးက သူ့အိမ်တံခါးဝမှာ ထိုင်နေချိန် ဘယ်ညာမှာ လုံးဝမခန့်ညား၊ အရမ်းကို တုံးအတဲ့ ကျောက်ခွေးနှစ်ကောင် ရှိတယ်။ ယွီဟွေးဖေးကလည်း ဘာမှလုပ်စရာမရှိတော့ ဒီခွေးနှစ်ကောင်ကို မျက်စောင်းထိုးပြီး ကြည့်နေတာပေါ့။ သူ အမြဲတမ်း ဒီကောင်တွေက ပုံမှန်မဟုတ်ဘူးလို့ ထင်နေတာလေ။

အဲ့ဒီအချိန်မှာ ရှောင်ထျန်းချန် ထွက်လာပြီး ယွီဟွေးဖေးဘေးမှာ လာဝပ်နေတော့ သူက ကူညီဖို့ လာတယ်ထင်ပြီး "ကျေးဇူးပဲ အစ်ကိုခွေး" လို့ ပြောလိုက်တယ်။

ဒါပေမဲ့ ရှောင်ထျန်းချန်က "ငါ့ကို ကျေးဇူးတင်ဖို့ မစောနဲ့၊ ခဏနေရင် လူတွေလာရင် ငါ သွားတော့မှာ" လို့ ပြောပါလေရော။

ယွီဟွေးဖေး "@#%..."

မကြာခင်မှာပဲ ဆူညံပွက်လောရိုက်တဲ့ လူသံတွေ ကြားလာရချိန် ယွီဟွေးဖေး မော့ကြည့်လိုက်တော့ ရှို့လင်လမ်းအဆုံးမှာ လူတစ်အုပ်မည်းမည်းကြီး လာနေတာကို တွေ့လိုက်ရတယ်။

လူဆယ်ယောက်ကျော်လောက် ရှိသဟ...။ ဒီလူတွေထဲမှာ ယောက်ျား၊ မိန်းမ၊ အဘိုးကြီး၊ ကလေးတွေ ပါတယ်၊ ဒါပေမဲ့ အားလုံးက ဒေါသတကြီးနဲ့ ဖြစ်နေကြတဲ့အပြင် သူတို့လက်ထဲမှာ ပေါက်တူး၊ တံစဉ်တွေ ကိုင်ထားကြသေး။ အဲ့ဒီပုံစံက ရှေးခေတ်လူမိုက်ကားထဲက ကျေးလက်ဗားရှင်းလိုပဲ။

ယွီဟွေးဖေးက ဖုန်းထုတ်ပြီး "အစ်ကိုခွေး၊ ဓာတ်ပုံရိုက်ပေးဦး" လို့ ပြောလိုက်ပေမဲ့ လှည့်ကြည့်လိုက်တော့ အဲ့ဒီသေနာကျခွေးက တကယ်ပဲ ချက်ချင်းကြီး ပျောက်သွားပြီ။

ယွီဟွေးဖေး စကားဆက်မပြောနိုင်တော့ဘူး၊ ကိုယ့်ဘာသာကိုယ်ဘဲ ဘေးစောင်းပြီး သူနဲ့ အဲ့ဒီလူတွေနဲ့ ဓာတ်ပုံတစ်ပုံ ရိုက်လိုက်တယ်။ လက်ညှိုးနှစ်ချောင်းထောင်ပြီး ပို့စ်ပေးဖို့တောင် မမေ့ဘူး။

"ယွီဟွေးဖေး... နေ့ခင်းကြောင်တောင်မှာ မင်း ငါ့တူမကို ဖမ်းထားတာ ဘာသဘောလဲ" လို့ ဆံပင်ပြောင်နေတဲ့ လူတစ်ယောက်က ထွက်လာပြီး တံစဉ်ကိုင်ကာ ယွီဟွေးဖေးကို မေးပါလေရော။

ယွီဟွေးဖေး ကြားလိုက်တော့ ချက်ချင်းနားလည်သွားပြီ၊ အဘိုးကြီးရွှီကလည်း သူ့အိမ်ကိစ္စကို လူတွေကို အမှန်အတိုင်း မပြောရဲဘူးထင်ပါ့။ သူက ရွှီကျဲကို ဖမ်းထားတယ်လို့ ပြောလိုက်တာကြောင့် လူတွေက ဒေါသတကြီးနဲ့ လိုက်လာကြတာပဲ။ စဉ်းစားကြည့်တော့လည်း ဟုတ်သားပဲ။ ရွာထဲကလူတွေက အများစုက ရိုးသားကြတယ်လေ၊ ဘယ်လိုလုပ် ချက်ချင်း လူမိုက်တွေအဖြစ် ပြောင်းသွားနိုင်မှာလဲ။

ဒါက အားလုံး အလိမ်ခံလိုက်ရတာပဲ။ ဒါပေမဲ့ ယွီဟွေးဖေးက ဘာမှမပြောဘဲ တိတ်တိတ်နေဖို့ လက်ဟန်ခြေဟန်လုပ်ပြပြီး အားလုံးကိုငြိမ်သက်ခိုင်းလိုက်တယ်။

"သူ ဘာလို့ မရှင်းပြတာလဲ" ဒါကိုမြင်တော့ ရွှီကျဲက စိုးရိမ်ပြီးမေးချိန် သရဲဖြူက ခေါင်းခါပြီး ပြောပြတာပေါ့။

"ဘာရှင်းပြစရာလိုလို့လဲ။ ယွီလေး လုပ်တာ မှန်တယ်"

သရဲနက်က ခေါင်းညိတ်ပြီး "ဒီလူတွေ မျက်လုံးထဲမှာ မီးတောက်နေတယ်၊ ဒေါသတွေ၊ မကျေနပ်မှုတွေနဲ့ လာကြတာ။ သူတို့က စိတ်အစွဲအလမ်းကြီးနေတော့ ယွီဟွေးဖေး ဘာပြောပြော နားထောင်မှာ မဟုတ်ဘူး"

All Chapters