မင်းတို့လူနည်းလို့ အနိုင်ကျင့်တာကွ
Vol. 8 Ch. 109
"ဒါဆိုရင်လည်း ဘာမှမပြောဘဲ နေလို့မဖြစ်ဘူးလေ"
"ပြောလို့ရတယ်၊ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး"
"ဒါဆို..."
ရွှီကျဲက သရဲဖြူကို ဆက်မေးမလို့ လုပ်နေတုန်းမှာပဲ အဘိုးကြီးရွှီက ရှေ့ထွက်လာပြီး ယွီဟွေးဖေးကို လက်ညှိုးထိုးပြီး ပြောတော့တာပဲ။
"မင်းက တခြားရွာက ကောင်စုတ်လေး၊ တော်တော်တတ်နေတယ်ပေါ့ ဟုတ်လား။ ကြည့်စမ်းပါဦး... နေ့ခင်းကြောင်တောင်မှာ ငါ့သမီးကို ဖမ်းထားရဲတယ်ပေါ့လေ"
ယွီဟွေးဖေးက ဘာမှပြန်မပြောဘဲ သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး မည်းမှောင်နေတဲ့ ကောင်းကင်ကို မော့ကြည့်ပြီးမှ သူ့ကို မထီမဲ့မြင်နဲ့ တစ်ချက်ပြန်ကြည့်လိုက်တယ်။ ခင်ဗျားကန်းနေလားလို့ ပြောနေသလိုပဲ။
"မင်း ဘာကြည့်တာလဲ"
အဘိုးကြီးရွှီက ဒေါသတကြီးနဲ့ မေးလိုက်ချိန် သူ့ရဲ့သားက ဝင်ပြီးဖြေပေးလိုက်ရော။
"အဖေ... အခုက ညဘက်။ နေ့ခင်းကြောင်တောင် မဟုတ်ဘူး"
ယွီဟွေးဖေးက လက်မတစ်ချောင်းထောင်ပြပြီး "ရှင်းပြတာ ကွက်တိပဲ...။ မင်းအဖေကို ပါးဖြတ်ရိုက်လိုက်တာပဲ၊ တော်တယ်" လို့ ပြောလိုက်တော့ အဘိုးကြီးရွှီတို့သားအဖ မျက်နှာတွေ နီရဲသွားပြီး ဒေါသထွက်သွားကြကုန်ကော။
"ယွီဟွေးဖေး... ဒီနေ့ နင် ငါတို့ဆီကို လူပြန်ပေးရမယ်" ရွှီကျဲရဲ့အမေက ရှေ့ထွက်လာပြီး ပြောတာပေါ့။
"ဘာလို့လဲ"
ယွီဟွေးဖေးက မေးလိုက်ချိန် အဘိုးကြီးရွှီကပါ ရှေ့တစ်လှမ်းတိုးပြီး "ငါတို့ ရွှီမျိုးရိုးကြောင့်ပဲ" လို့ ပြောလိုက်တာနဲ့ တခြားလူတွေကလည်း တစ်ပြိုင်နက်တည်း ခေါင်းညိတ်ရင်း "လူလွှတ်ပေး" ဆိုပြီး ဝိုင်းအော်ဟစ်လိုက်ကြတော့တာပဲ။
သာမန်လူဆိုရင်တော့ ဒီအရှိန်အဝါကြောင့် ကြောက်သွားလောက်ပြီ။ ဒါပေမဲ့ ယွီဟွေးဖေးက မကြောက်ဘူး။ သူ့ရှေ့ ဒီရွာသားတွေက လူများတာကို အားကိုးပြီး ခြောက်လှန့်နေတာ၊ တကယ်တမ်း လက်ပါရဲမှာ မဟုတ်ဘူး။ တကယ်ပဲ လက်ပါရင်တောင် သူ့နောက်မှာ သရဲနတ်တည်းခိုခန်းရှိတယ်၊ နွားခေါင်း၊ မြင်းခေါင်းမပြောနဲ့၊ သရဲဖြူ၊ သရဲနက်နဲ့ ရှောင်ထျန်းချန်ပေါင်းလိုက်ရင်တောင် သူတို့ကို အလွယ်တကူ အလွယ်တကူရိုက်လှဲနိုင်တယ်။
"လူအားကိုး အနိုင်ကျင့်မယ်ပေါ့ ဟုတ်လား"
"ဟုတ်တယ်... ဘာဖြစ်လဲ"
"ဘာလဲ... တခြားရွာကလာတဲ့ မင်းက ငါတို့နဲ့ လူအင်အားပြိုင်ချင်လို့လား။ ဒီနေ့ ငါတို့က လူများလို့ မင်းကို အနိုင်ကျင့်တာပဲ။ ဒီနေ့ ငါတို့ မင်းကို ရှယ်ဆုံးမမှာ။ မင်းဘာလုပ်နိုင်မှာမို့လို့လဲ"
ရွှီကျဲရဲ့ ဦးလေးစကားဆုံးတာနဲ့ အနောက်ဘက်ကနေ ထော်လာဂျီစက်သံ တဖုန်းဖုန်း တဒိုင်းဒိုင်းနဲ့ ထွက်လာတော့တာပဲ။
"ညကြီးမင်းကြီး ဘယ်ကောင်က ထော်လာဂျီမောင်းနေတာတုန်းဟ"
ရှို့လင်လမ်းအဆုံးမှာ ထော်လာဂျီတန်း ရပ်သွားပြီး လူတစ်အုပ်က ထွန်စက်ပေါ်ကနေ ခုန်ဆင်းလာကြတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ရှို့လင်လမ်းရဲ့ လမ်းကြားတွေထဲကနေလည်း လူတချို့ ထွက်လာကြရော။
ဒီလူတွေထဲက အများစုက ခေါင်းတုံး၊ ရွှေဆွဲကြိုးကြီး၊ လက်မောင်းမှာ ဆေးမင်ကြောင်တွေနဲ့၊ တစ်ယောက်ချင်းစီက မျက်နှာကြမ်းတမ်းကြမ်းတမ်းနဲ့။ ထော်လာဂျီပေါ်က ဆင်းလာတဲ့ လူတိုင်းလက်ထဲမှာ တုတ်တစ်ချောင်းစီ။
အမိုက်ဆုံးကတော့ ဖိန်ကောပဲ။ ဒီကောင်က ဘယ်ကနေ ရလာမှန်းမသိတဲ့ ချင်လုံယန့်ယွဲ့ဓားဖြစ်တဲ့ နဂါးစိမ်းလခြမ်းဓားကြီးရဲ့ဓားခေါင်းကို ပလတ်စတစ်ပိုက်တစ်ခုပေါ်မှာ တပ်ထားရင်း ခန့်ညားထည်ဝါစွာနဲ့ အဲ့ဓားကြီးကိုထမ်းပြီး ဖိုက်တာဆန်ဆန် ဖင်ကောက်လို့ ဘဲလျှောက်လျှောက်လာလေရဲ့။
ဒါပေမဲ့ အဲ့ဒီပိုက်က နည်းနည်းပျော့နေတော့ ဓားသွားကလည်း အခေါင်းပေါက်ဖြစ်ပြီး သိပ်မလေးပေမယ့် လမ်းတစ်လှမ်းလှမ်းလိုက်တိုင်း ယိမ်းထိုးနေတာကြောင့် ယွီဟွေးဖေးက ဓားသွားပြုတ်ကျပြီး ဖိန်ကောရဲ့ ခြေဖနောင့်ကို ထိသွားမှာကို တော်တော်စိုးရိမ်နေမိသား။
ကော်ပုထုံကတော့ လက်တစ်ဖက်တစ်ချက်မှာ ဓားမတစ်ချောင်းစီ ကိုင်ထားတယ်၊ ဒါပေမဲ့ စွန်းဝူခုန်းမျက်နှာဖုံး တပ်ထားတော့ နည်းနည်းထူးဆန်းနေသလိုလိုပဲ။
ဒါပေမဲ့ သူ ခုနက ကြုံခဲ့ရတဲ့ ကိစ္စကို စဉ်းစားကြည့်တော့ ယွီဟွေးဖေးလည်း နားလည်သွားတယ်။ ဒီကောင်က မိန်းမရိုက်တာခံရလို့ မျက်နှာတော်တော်ထိသွားတာပဲ ဖြစ်ရမယ်၊ မျက်နှာအမှန်နဲ့သာဆိုရင် ဟန်ပြဖို့ အရှိန်အဝါမရှိတဲ့အပြင် တခြားလူတွေရဲ့ အရှိန်အဝါကိုပါ ဆွဲချသွားနိုင်တယ်လေ။
"သူဌေးယွီ၊ ကျွန်တော်တို့ လာပြီ"
ဒီလို တဟုန်ထိုးလာတဲ့ လူတစ်အုပ်ကို ကြည့်ပြီး အရင်က အရှိန်အဝါကြီးနေတဲ့ အဘိုးကြီးရွှီက နည်းနည်းကြောင်သွားတယ်။ သူနဲ့အတူ လိုက်လာတဲ့သူတွေက သူ့ဆွေမျိုးတွေ၊ ပြောရရင် သာမန်လူတွေပဲ။ ပုံမှန်အချိန်မှာ ရန်ဖြစ်ရင်တောင် နည်းနည်းကြောက်တတ်ကြတယ်၊ အခု ရုတ်တရက် လူမိုက်ဂိုဏ်းလို ကြောက်စရာကောင်းတဲ့ လူတစ်အုပ်ကို တွေ့လိုက်တော့ အားလုံးက အိမ်တောင်ပြန်ပြေးချင်နေကြပြီ။
"အဲ့ဒါ ကော်ပုထုံ မဟုတ်လား။ သူအခု အတိုးကြီးချေးငွေကုမ္ပဏီတစ်ခုဖွင့်ပြီး လက်ပါးစေတွေ အများကြီး မွေးထားတယ်လို့ ကြားတယ်"
"ငါတို့ရွာက လူမိုက်တွေအကုန် လာနေကြတာပဲဟ။ အဘိုးကြီးရွှီ... ဒီနေ့ ဒီလောက်နဲ့ပဲ ထားလိုက်ပါတော့လား"
"မဖြစ်ရင် ရဲတိုင်လိုက်ကြရင်ကောင်းမလား" ဆိုပြီး တစ်ယောက် တစ်ပေါက် ဝိုင်းပြောနေကြလေရဲ့။
စကားပြောနေရင်းနဲ့ ဖိန်ကောတို့အားလုံး ရောက်လာကြပြီ။ ကော်ပုထုံက အရပ်မရှည်ပေမယ့် အရှိန်အဝါကတော့ အပြည့်ပဲ၊ တန်းတန်းမတ်မတ်ပဲ အဘိုးကြီးရွှီတို့ဘက်က အတောင့်တင်းဆုံးလူကို ဝင်တိုက်လိုက်ပြီး မျက်ခုံးပင့် နှုတ်ခမ်းကြီးထော်လို့။
"ဖယ်စမ်း"
တစ်ဖက်လူက အရပ်ရှည်ပြီး ကိုယ်လုံးတောင့်ပေမယ့် အလိုလိုပဲ ဘေးကို ဖယ်ပေးလိုက်ရော။ ကော်ပုထုံက သူ့လူဒါဇင်ပေါင်းများစွာကိုခေါ်ပြီး ယွီဟွေးဖေးရှေ့ကို တန်းရောက်လာတော့တာပဲ။
"သူဌေးယွီ... ညီအစ်ကိုတွေ ရောက်လာပြီ။ ပြော... ဒီနေ့ ဘယ်သူ့ကိုရိုက်ရမလဲ"
ယွီဟွေးဖေးက တစ်ဖက်က လူအုပ်ကို တစ်ချက်ကြည့်လိုက်တယ်၊ အထူးသဖြင့် ရွှီကျဲရဲ့ ဦးလေးကိုပေါ့။
"ခင်ဗျား ခုနက ဘာပြောလိုက်တာ။ ခေါင်းမော့လိုက်... နောက်မဆုတ်နဲ့။ ထွက်ခဲ့... လာစမ်း... လာစမ်း ကျုပ်တို့ သေချာစကားပြောရအောင်"
ရွှီကျဲရဲ့ ဦးလေးခဗျာ ကြောက်လန့်ပြီး နောက်ဆုတ်သွားရော။ "သူဌေးယွီကလည်းဗျာ... ရွာတစ်ရွာတည်းသားတွေပဲ။ ဘာကိစ္စရှိရှိ ကောင်းကောင်းပြောပါလား... မဖြစ်ရင် ငါ မင်းကို တောင်းပန်မယ်လေ"
ယွီဟွေးဖေးလည်း ဒီလောက်ကြောက်တတ်တဲ့လူကို ရင်ဆိုင်ရတော့ ပါးစပ်အဟောင်းသားဖြစ်မိလေရဲ့။
စကားပြောနေရင်းနဲ့ လူဒါဇင်ပေါင်းများစွာက ယွီဟွေးဖေးနောက်ကို ရောက်လာပြီး တစ်စုတစ်ဝေးတည်း၊ တစ်ယောက်ချင်းစီက ခေါင်းတုံးတွေတောက်ပြောင်နေရုံမကဘူး အဲ့ဒီဆေးမင်ကြောင်တွေက ပိုပြီး ကြောက်စရာကောင်းနေတယ်။ ရွှေဆွဲကြိုးကြီးတွေကလည်း မီးရောင်အောက်မှာ ရွှေရောင်တလက်လက်နဲ့၊ အရှိန်အဝါက ချက်ချင်းပဲ မြင့်တက်သွားကော။
ယွီဟွေးဖေးက ဒီကောင်တွေရဲ့ ပုံစံကိုကြည့်ပြီး ဘေးကခေါင်းတုံးတစ်ယောက်ကို မနေနိုင်တော့လို့ အသံတိုးတိုးနဲ့ သတိပေးလိုက်ရသေး။
"ခင်ဗျားရဲ့ ဆေးမင်ကြောင်က ကွာနေပြန်ပြီ... နောက်တစ်ခါကျရင် ပိုကောင်းတဲ့ စတစ်ကာဝယ်"
အဲ့ဒီလူက နှုတ်ခမ်းမလှုပ်ဘဲ သွားကြားထဲကနေ "အရေးပေါ်အကြောင်းကြားလို့ အဆင်ပြေတာကပ်ထားရတာလေ။ ငါ ဘာတတ်နိုင်မှာတုန်း"
ယွီဟွေးဖေး ပါးစပ်အဟောင်းသားနဲ့။ အရင်တစ်ခါ ထမင်းစားတုန်းကလည်း ဒီကောင်ရဲ့ ဆေးမင်ကြောင်တုက အစုတ်ဆုံးပဲ။ ကိစ္စပြီးရင် ဒီကောင်ရဲ့ ပွဲထွက်ကြေးကို လျှော့သင့်တယ်လို့ ကော်ပုထုံနဲ့ သေချာစကားပြောထားမှပဲ။
"ဘယ်လိုလဲ အဘိုးကြီးရွှီ။ ခင်ဗျားလူတွေကို ကျုပ်လူတွေနဲ့ ယှဉ်ဖိုက်ခိုင်းမလား"
"ငါ... ငါက မင်းနဲ့ အကျိုးအကြောင်း လာပြောတာ" အဘိုးကြီးရွှီက နှုတ်ခမ်းတွေ တုန်ပြီး ကြောက်နေပေမယ့် ပါးစပ်ကတော့ လေသံမလျှော့သေးဘူး။
ယွီဟွေးဖေး ကြားလိုက်တော့ ရယ်မောသွားပြီး ကော်ပုထုံရဲ့ ပခုံးကို ပုတ်တော့တာပဲ။
"ကော်ပုထုံရေ... သူက မင်းနဲ့ အကျိုးအကြောင်း ပြောချင်လို့တဲ့"
"ကောင်းပြီ... ခင်ဗျားက သူ့တုတ်နဲ့ အကျိုးအကြောင်း ပြောလိုက်၊ ရှင်းရှင်းလင်းလင်းပြောပြီးမှ ဖြည်းဖြည်းချင်း စကားပြော"
"ကောင်းပြီ... ညီအစ်ကိုတို့ လက်နက်ဆွဲ" ကော်ပုထုံက ပါးစပ်ဖြဲပြီး ကုန်းအော်ပါလေရော။
"မလုပ်နဲ့၊ မလုပ်နဲ့"
အဘိုးကြီးရွှီက ကော်ပုထုံ တကယ်ပဲ လက်ပါတော့မယ်ဆိုတာ မြင်တော့ နောက်ဆုံးတော့ ကြောက်သွားပြီလေ။
"ယွီ... သူဌေးယွီ...။ ပြောစရာစကားရှိရင် ကောင်းကောင်းပြော။ ငါတို့အားလုံးက ဥပဒေလိုက်နာတဲ့ နိုင်ငံသားတွေပဲ၊ ဘာစကားမဆို ပြောလို့မရဘူးလား။ လက်မပါနဲ့၊ လက်မပါနဲ့နော်။ ကော်ပုထုံ... စကားရှိရင် ကောင်းကောင်းပြောပါ"
ကော်ပုထုံက ခေါင်းခါပြီး "ဒီနေ့ ငါက သူဌေးယွီအတွက် လာရပ်တည်ပေးတာ။ သူ ဘယ်သူ့ကို ရိုက်ခိုင်းခိုင်း ငါရိုက်မှာပဲ။ ဒါကြောင့် မင်းစကားပြောချင်ရင် ငါ့ကို မပြောနဲ့၊ သူ့ကို ပြော"
ဒီစကားကြားတော့ အဘိုးကြီးရွှီက သနားစရာကောင်းတဲ့ မျက်နှာပေးနဲ့ ယွီဟွေးဖေးကို ကြည့်ပြီး "သူဌေးယွီ... ဒီနေ့ ဒီကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်ပါတော့လား။ ငါတို့ ပြန်တော့မယ်... မင်း အနားယူတာကို မနှောင့်ယှက်တော့ပါဘူး"
"မဖြစ်ဘူးလေ... ကျုပ်က အဲ့ဒီလောက်နဲ့ မရဘူး" လို့ ယွီဟွေးဖေးက ခေါင်းခါလိုက်တယ်။
အဲ့ဒီအချိန်မှာ အဘိုးကြီးရွှီရဲ့ သားမိုက်က ရုတ်တရက် အော်လိုက်ပါလေရော။ "ယွီဟွေးဖေး... မင်းက လူများတာအားကိုးပြီး လူနည်းစုကို အနိုင်ကျင့်နေတာပဲ။ ဘာဂုဏ်ယူစရာရှိလို့လဲ"
ယွီဟွေးဖေးက လက်ခုပ်တီးပြီး "မှန်တယ်... ငါက လူများတာကို အားကိုးပြီး အနိုင်ကျင့်နေတာပဲ"
စကားပြောနေရင်းနဲ့ ယွီဟွေးဖေးက ရွှီကျဲရဲ့ ဦးလေးကို ထပ်ဆွဲထုတ်လိုက်ပြီး ရယ်ကာ "ကဲ... ကဲ... ခုနက ခင်ဗျား ကျုပ်ကို ပြောတဲ့စကားလေး ခင်ဗျားရဲ့ဆွေမျိုးလေးတွေကို တစ်ခေါက်လောက် ထပ်ပြောပြပါဦးလား"
ဒီစကားကြားတော့ အဲ့ဒီလူက ချက်ချင်းပဲ မျက်နှာတစ်ခုလုံး နီရဲသွားရော။