← Chapters

လူဆိုးတွင် ပိုဆိုးသောလူနိုင်၏ (အပိုင်း-၁)

Vol. 8 Ch. 110

လူဆိုးတွင် ပိုဆိုးသောလူနိုင်၏ (အပိုင်း-၁)

Vol. 8 Ch. 110

ဒီဘက်မှာ ဒီလောက်ဆူညံနေတာကို ရွာထဲကလူတွေက ကြာပြီ သတိထားမိနေကြပြီ။ အထူးသဖြင့် ထော်လာဂျီသုံးစီး ဝင်လာတုန်းက တဒုန်းဒုန်းအသံက တောင်ကြားထဲမှာ ပဲ့တင်ထပ်နေတာ၊ တောင်ပေါ်က ဝံပုလွေပေါက်လေးတွေတောင် မနေနိုင်တော့ဘဲ လိုက်အော်နေကြတယ်၊ စိန်ခေါ်နေသလိုပဲ။

ရွာသားတွေက တစ်ယောက်ပြီးတစ်ယောက် တံခါးဖွင့်ပြီး ပွဲလာကြည့်ကြတော့ တဖြည်းဖြည်းနဲ့ အပြင်ဘက်မှာ လူတွေ ပိုများလာပြီ။ လူများလာတာမြင်တော့ အဘိုးကြီးရွှီက သတ္တိတွေ ပြန်ဝင်လာပြီး ယွီဟွေးဖေးကို လက်ညှိုးထိုးပြောတော့တာပဲ။

"ယွီဟွေးဖေး... မင်း အရှိန်အဝါသုံးပြီး လူတွေကို အနိုင်မကျင့်နဲ့ကွ။ ရွာသူရွာသားတွေအားလုံး ဒီမှာ ကြည့်နေကြတယ်၊ မင်းငါ့ကို တစ်ချက်လောက်ထိရဲလားဆိုတာကို ငါကြည့်ချင်သေးတယ်"

အဘိုးကြီးရွှီ စကားဆုံးတာနဲ့ ယွီဟွေးဖေးက သူ့ရှေ့ကို တစ်လှမ်းတည်းနဲ့ ရောက်သွားရော။ ကြောက်လန့်သွားတဲ့ အဘိုးကြီးရွှီက နောက်ဆုတ်လိုက်တော့ မတ်တပ်မရပ်နိုင်ဘဲ ဖင်ထိုင်လျက် မြေပေါ်ကို လဲကျသွားတယ်။

"အင်း... အင်း... ကျုပ် ခင်ဗျားကို မထိရသေးဘူး၊ လဲတောင် ကျသွားပြီလား။ ဘာလဲ... ဂွင်ဖန်တာလား"

ဒါကိုလူတွေမြင်ပြီး တဝါးဝါးနဲ့ ရယ်မောလိုက်ကြတော့ အဘိုးကြီးရွှီက မျက်နှာနီရဲသွားပါလေရော။

"မင်း... မင်း ငါ့သမီးကို အတင်းအကျပ် ဖမ်းထားတယ်။ ဒါ ဥပဒေချိုးဖောက်တာပဲ။ ငါ... ငါ့သမီးကို လာကယ်တာ၊ မင်းက လူများတာကို အားကိုး၊ လူမိုက်ဂိုဏ်းကို အားကိုးပြီး ဥပဒေကို မထီမဲ့မြင်လုပ်နေတာ"

ဒီစကားကြားတော့ သံသယမျက်လုံးတွေနဲ့ ယွီဟွေးဖေးကို ကြည့်လိုက်ကြပေမဲ့ လူတော်တော်များများက အဘိုးကြီးရွှီ ဘယ်လိုလူစားလဲဆိုတာ သိကြတော့ အေးစက်စက်ပြုံးပြီး သူ့ကို ကြည့်နေကြတာပေါ့။

ယွီဟွေးဖေးက ရယ်ပြီး "ကျုပ်ပြောမယ် အဘိုးကြီးရွှီ။ ခင်ဗျားတို့အိမ်က ဒီလောက်မွဲတာ ကျုပ်က ခင်ဗျားသမီးကို ဘာလုပ်ဖို့ ပြန်ပေးဆွဲရမှာတုန်း"

ရွှီကျဲရဲ့အမေက "ငါ့သမီးက လှလို့ မင်းမကောင်းကြံနေတာ"

ယွီဟွေးဖေးက အားရပါးရ ရယ်မောလိုက်ပြီး "ခင်ဗျားသမီးက အရင်က လှကောင်းလှနိုင်ပါရဲ့။ ဒါပေမဲ့ အခု... ခင်ဗျားတို့ ရိုက်ထားလို့ လူပုံတောင် မပေါက်တော့ဘူး၊ ဒါကို ခင်ဗျားက လှတယ်လို့ ပြောနေတာလား"

နောက်ပိုင်းစကားပြောတော့ ယွီဟွေးဖေးရဲ့အပြုံးက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး လေးနက်တည်ကြည်သွားတယ်။ လူတွေက ဒါကို ကြားလိုက်တော့ နောက်ဆက်တွဲရှိမှန်း သိသွားပြီး တစ်ယောက်က မီးထိုးပြီး စပ်စုပါလေကော။

"ယွီလေ... ဘာတွေ ဖြစ်နေတာတုန်း"

"ဖယ်... မြန်မြန်ဖယ်။ ကောင်လေးယွီ... ဘာဖြစ်တာလဲ အစ်မကို ပြောပြပါဦး" စကားပြောရင်းနဲ့ အစ်မဝူက လူအုပ်ကြားထဲကနေ ထွက်လာတော့တာပဲ။

ဒီရွာတစ်ရွာလုံးက အလှဘုရင်မက ငါးရှဉ့်တစ်ကောင်လိုပဲ လမ်းလျှောက်တာတောင် ယိမ်းထိုးနေတာ။ အဓိကက ဒီငါးရှဉ့်က အစွယ်နဲ့ဆိုတော့ ရိုးသားတဲ့ ရွာသားတွေက မစရဲကြဘူး။ တစ်ယောက်ပြီးတစ်ယောက် အလိုလိုပဲ ချက်ချင်း လမ်းဖယ်ပေးကြတာ အစ်မဝူဘေး သုံးမီတာအတွင်း လူတစ်ယောက်မှတောင် မရှိတော့ဘူး။

ဒီမြင်ကွင်းကို မြင်တော့ ယွီဟွေးဖေးလည်း စိတ်ထဲမှာ ခါးသီးစွာ ပြုံးလိုက်မိလေရဲ့။ အစ်မဝူ ဒီလောက်ကြမ်းမှန်းသာ သိရင် သူ ဘာလို့ ဖိန်ကောကို ခေါ်နေတော့မှာလဲ။ တိုက်ရိုက် အစ်မဝူကို ခေါ်ပြီး တံခါးဝမှာ ရပ်ခိုင်းလိုက်ရင် နတ်ဘုရားတောင် တားလို့ရမှာ မဟုတ်လောက်ဘူး။

အစ်မဝူက ဖိန်ကောနဲ့ ကော်ပုထုံကို လုံးဝဂရုမစိုက်ဘူး၊ ကတုံးကိုတောင် မျက်စောင်းထိုးပြီး "ဘေးဖယ်လိုက်စမ်း" လို့ ပြောလိုက်တော့ အဲ့ဒီကောင်က ကြောက်လန့်ပြီး အမြန်ဖယ်ပေးလိုက်တဲ့အထိပဲ။

ယွီဟွေးဖေးလည်း ဒီနတ်ဆိုးမလက်ကနေ မြန်မြန်လွတ်အောင် ကြိုးစားပြီး ဖုန်းကို မြှောက်လိုက်ကာ "အများကြီး မပြောတော့ဘူး၊ အားလုံး ကိုယ့်ဘာသာကိုယ် ကြည့်လိုက်ကြပါ။ ကျုပ်က ကောင်မလေး ရွှီကျဲကို ပြန်ပေးဆွဲတာလား၊ ဒါမှမဟုတ် သူရဲကောင်းတစ်ယောက်လို လုပ်ခဲ့တာလား၊ သူရဲကောင်းဆန်တာလား။ နောက်မှာ ရပ်နေတာက လူမိုက်ဂိုဏ်းလား၊ ဒါမှမဟုတ် သူရဲကောင်းကြီးတွေလား" လို့ပြောပြီးတာနဲ့ ခလုတ်ကို နှိပ်လိုက်တယ်၊ ပထမတစ်ခုက အသံသွင်းဖိုင်။

ဒါက ယွီဟွေးဖေးက ရွှီအိမ်အပြင်မှာ ပုန်းပြီး သွင်းထားတဲ့ အသံဖိုင်ပဲ၊ အတွင်းက ယုတ်မာတဲ့ စကားလုံးတွေ၊ ရိုက်နှက်သံတွေ၊ ရွှီကျဲရဲ့ နာကျင်စွာ အော်ဟစ်သံတွေကို ကြားလိုက်ရတော့ လူတွေအားလုံး အေးစိမ့်သွားပြီး ကြက်သီးမွေးညင်းတွေ ထောင်သွားကြတယ်။ အရင်က အဘိုးကြီးရွှီနောက်မှာ ရပ်နေတဲ့ ဆွေမျိုးတွေကလည်း တစ်ယောက်ပြီးတစ်ယောက် မျက်စောင်းထိုးပြီး ဒီလင်မယားနှစ်ယောက်ကို ကြည့်လိုက်ကြတာပေါ့။

ရွှီကျဲကို အရူးတစ်ယောက်နဲ့ အတင်းလက်ထပ်ခိုင်းမယ်ဆိုတာ ကြားလိုက်ရတော့ လူတွေ ပိုပြီး ဒေါသထွက်သွားကြတယ်၊ ဘယ်ခေတ်ရောက်နေပြီလဲ၊ ဒီလိုလူတွေ ရှိနေသေးတာလား။

ရွှီကျဲ ထွက်မပြေးနိုင်အောင် ခြေထောက်ကို ရိုက်ချိုးမယ်ဆိုတာ ကြားလိုက်ရတော့ လူတွေရဲ့ မျက်လုံးတွေ နီရဲသွားကြပြီး အဲ့ဒီအချိန်မှာ လူတော်တော်များများက လက်သီးကို ဆုပ်လိုက်ကြတယ်။

တစ်ယောက်က အံကြိတ်ပြီး "ဒါ လူမှဟုတ်ရဲ့လား" လို့ ဆဲဆိုလိုက်တဲ့အထိပဲ။

အစ်မဝူရဲ့ မျက်လုံးတွေကလည်း တဖြည်းဖြည်း အေးစက်လာတယ်။

ယွီဟွေးဖေးက ဒုတိယတစ်ခုကို ဖွင့်လိုက်တယ်၊ ဒီတစ်ခုက အသံဖိုင်မဟုတ်ဘူး၊ ဗီဒီယို။ ဒါက သူတို့မိသားစု ပထမဆုံးအကြိမ် သရဲနတ်တည်းခိုခန်းကို လာတုန်းက မြင်ကွင်းပဲ။

ရွှီကျဲရဲ့မောင်က သူ့အစ်မကို အရူးတစ်ယောက်နဲ့ လက်ထပ်ခိုင်းပြီး အရူးရဲ့မိဘတွေ မြန်မြန်သေအောင် လုပ်ခိုင်းကာ သူက အိမ်ရဲ့ အရှင်သခင်ဖြစ်လာမယ်လို့ ပြောတာကို ကြားလိုက်ရတော့ လူတွေ ပိုပြီး အေးစိမ့်သွားကြတယ်၊ ဒီမိသားစုက ဘယ်လောက်တောင် တိရစ္ဆာန်ဆန်နေလို့ ဒီလိုစကားတွေ ပြောထွက်ရတာလဲ။

အဲ့ဒီအချိန်မှာ ပွဲကြည့်ပရိသတ်တွေမပြောနဲ့၊ အဘိုးကြီးရွှီရဲ့ ဆွေမျိုးတွေတောင် သူတို့နဲ့ အလိုလိုပဲ အကွာအဝေးတစ်ခု ထားလိုက်ကြတယ်။ လူဆိုတာ အမှားအယွင်းလေးတွေ ရှိနိုင်တယ်ဆိုပေမဲ့ ဒီလို အရိုးထဲထိ ဆိုးသွမ်းနေတဲ့လူတွေကတော့ လူတိုင်းကို တစ်ကိုယ်လုံး အေးစိမ့်သွားစေတယ်လေ။

ဒါက လူမဟုတ်ဘူး၊ ဒါက လူ့လောကမှာ ရှင်သန်နေတဲ့ မကောင်းဆိုးဝါးတွေပဲ။

"မင်း... မင်းတို့ သူ လျှောက်ဖွင့်ပြတာကို နားမထောင်နဲ့။ အားလုံးက အတုတွေ၊ အသံသွင်းဖိုင်က အတု၊ ဗီဒီယိုကလည်း အတု" အဘိုးကြီးရွှီက အသံမာမာနဲ့ အော်လိုက်ပေမယ့် သတ္တိမရှိတော့တာက ရှင်းရှင်းလင်းလင်းပဲ။

ရွှီကျဲရဲ့အမေက အခြေအနေမကောင်းတာ မြင်တော့ မြေပေါ်ကို ဖင်ချထိုင်ပြီး ငိုယိုပါလေရော။ "အမလေး... ဒါ ဘာဖြစ်တာလဲ။ ကိုယ်မွေးထားတဲ့ သမီးက ကျေးဇူးမသိတဲ့ကောင်မ ဖြစ်နေတယ်လား၊ ရှင်တို့က သူ့ဘက်ကနေ ပြောပေးနေကြတယ်၊ ဒါက တရားမျှတမှု မရှိတော့ဘူး... တရားမျှတမှု မရှိတော့ဘူး။ ဗီဒီယိုတွေက အတုတွေ၊ အသံသွင်းဖိုင်တွေကလည်း အတုတွေ... ကျွန်မတို့က လူကောင်းတွေပါ..."

ဒီအထိ ကြားလိုက်တော့ ယွီဟွေးဖေး တကယ်ပဲ ဒီအဘွားကြီးကို တစ်ချက်ကန်လိုက်ချင်ပေမဲ့ သူ သည်းခံလိုက်တယ်။ ဒီအဆင့်အတန်းမရှိတဲ့သူက မြေပေါ်မှာလဲပြီး သူ့ကိုဂွင်ဆင်မှာ ကြောက်လို့။

အဲ့ဒီအချိန်မှာ အစ်မဝူက "ဘယ်လောက်ပြောပြော လိမ်နေတာတွေချည်းပဲ။ ညီမလေးရွှီကျဲ... ကိစ္စက ဒီလောက်ဖြစ်နေပြီ။ ဘာမှမကြောက်နဲ့ အစ်မ ဒီမှာရှိတယ်၊ စိတ်ချလက်ချ ထွက်လာခဲ့။ နင်မသွားချင်သရွေ့ ဘယ်သူမှ နင့်ကို ခေါ်သွားလို့မရဘူး" လို့ ပြောလိုက်တာပေါ့။

ဒီစကားကြားတော့ လူတွေအားလုံး ခြံထဲကို ကြည့်လိုက်ကြတဲ့အထဲမှာ ကော်ပုထုံနဲ့ ဖိန်ကောတို့လည်း ပါတယ်၊ ဒါပေမဲ့ ကော်ပုထုံက အရပ်သိပ်ပုတော့ ခြေဖျားထောက်ကြည့်တာတောင် ဘာမှမမြင်ရဘူး။

နောက်ဖေးခြံမှာ ရွှီကျဲက နည်းနည်းကြောက်နေတယ်၊ ဘာပဲဖြစ်ဖြစ် အရင်က ရဲတွေ တံခါးလာခေါက်တုန်းက သူကြုံဖူးတယ်လေ။ ရလဒ်ကတော့ သူမ ထွက်သွားမိလိုက်ချိန် အိမ်ပြန်ဆွဲခေါ်ခံရပြီး တရစပ်ရိုက်နှက်ခံခဲ့ရတာကိုး။

အဲ့ဒီအချိန်မှာ သရဲနက်က "ညီမလေး... စိတ်ချလက်ချ သွားလိုက်ပါ။ အစ်ကိုနက်နဲ့ အစ်ကိုဖြူက နင့်ကို ကြည့်နေမယ်။ ဘယ်သူက နင့်ကို အတင်းအကျပ် ခေါ်သွားရဲလဲ၊ ဆွဲရဲတဲ့သူကို ငါတို့ သူ့ခြေထောက် ရိုက်ချိုးပစ်မယ်"

သရဲဖြူက ခေါင်းညိတ်ပြီး "ခြေထောက်ရိုက်ချိုးရုံတင်မကဘူး၊ သူတို့သေသွားရင် ငါတို့က သူတို့ကို ဆီပူအိုးထဲ ထည့်ပစ်မယ်" ဆိုပြီး ဝိုင်းအားပေးကြတာပေါ့။

ရွှီကျဲက သူတို့နှစ်ယောက် လျှောက်ပြောနေတယ်လို့ ထင်ပေမယ့် သူတို့နှစ်ယောက်ရဲ့ အာမခံချက်က သူ့ကို အများကြီး ယုံကြည်မှုပေးလိုက်တယ်၊ ခေါင်းညိတ်ပြီး လက်ခံလိုက်တော့တာပဲ။

"ကောင်းပြီ... ကျွန်မ ထွက်သွားမယ်"

နောက်ဖေးတံခါး ဖွင့်သွားပြီး ရွှီကျဲ ထွက်လာတယ်။ သူမ တံခါးဝမှာ ရပ်နေတော့ မီးရောင်အောက်မှာ လူတွေက သူ့တစ်ကိုယ်လုံး စုတ်ပြဲနေတဲ့ အဝတ်အစားတွေ၊ မျက်နှာပေါ်က ညိုမည်းနေတဲ့ ဒဏ်ရာတွေ၊ သွေးစွန်းရာတွေကို မြင်လိုက်ရတော့ ရွှီကျဲ ဘာမှမပြောရသေးခင်မှာပဲ လူတွေအားလုံး အရာရာကို သိသွားကြပြီ။

ဒါပေမဲ့ အစ်မဝူက ရွှီကျဲရဲ့ လက်ကို ဆွဲမြှောက်လိုက်တယ်၊ လက်မောင်းပေါ်မှာ သွေးစွန်းရာတွေက အပြည့်၊ အနာက မကျက်သေးဘူး။ အဲ့ဒီအချိန်မှာ နာကျင်လွန်းလို့ ရွှီကျဲတစ်ကိုယ်လုံး တုန်နေပေမယ့် သူ အံကြိတ်ပြီး သည်းခံလိုက်တယ်။

"သည်းခံထား... မိန်းမကြီးပြင်းလာတဲ့ ဖြစ်စဉ်က အတူတူပဲ နာကျင်စရာကောင်းတယ်၊ အနိုင်ကျင့်မခံချင်ရင် အရင်ဆုံး နာကျင်မှုကို သည်းခံတတ်အောင် သင်ယူရမယ်"

All Chapters