လူဆိုးတွင် ပိုဆိုးသောလူနိုင်၏ (အပိုင်း-၂)
Vol. 8 Ch. 111
အဲ့ဒီ အစ်မဝူစကားကြောင့် ရွှီကျဲက အံကြိတ်ပြီး ခေါင်းညိတ်ပြလိုက်ချိန် အစ်မဝူက ရွှီကျဲရဲ့ နောက်လက်တစ်ဖက်နဲ့ ဘောင်းဘီကိုပါ ဆွဲလှန်လိုက်ပြန်ရော။
သူမရဲ့ လက်မောင်းနဲ့ ခြေထောက်ပေါ်က ဒဏ်ရာတွေကို မြင်လိုက်ရတဲ့အခါမှာတော့ လူအုပ်ကြီးဟာ မျက်လုံးတွေတောင် ပြူးထွက်မတတ် ဖြစ်သွားကြတယ်လေ။
အဲ့ဒီဒဏ်ရာတွေက မြင်ရက်စရာတောင် မရှိဘူးဗျို့။ ကိုယ့်အဖေအမေအရင်းခေါက်ခေါက်က ဒီလောက်ထိ ရက်စက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲဗျာ။
"ကြောက်စရာကြီးပါလား... ဒါ တိရစ္ဆာန်တွေကျနေတာပဲ" တစ်ယောက်ကတော့ အားမလိုအားမရနဲ့ ဆဲထည့်လိုက်ပါရော။
အဘိုးကြီးရွှီရဲ့ ယောက်ဖကြီးတောင် ကြောင်တောင်တောင် ဖြစ်သွားတယ်။ ဆွေမျိုးတော်စပ်တဲ့ သူတို့တောင် အဘိုးကြီးရွှီတို့က ဒီလောက်လက်လွန်ခြေလွန် လုပ်လိမ့်မယ်လို့ မထင်ထားဘူးလေ။
"ရွှီကြီး၊ ဒါ... မင်း ရွှီကျဲလေးကို ဒီလိုရိုက်တာလား"
ရွှီကျဲရဲ့အဒေါ်ကတော့ ရွှီကျဲအပေါ် အမြဲတမ်းကောင်းခဲ့တော့ ဒီလိုအရိုက်ခံထားရတာကို မြင်လိုက်ရတဲ့အခါ နေရာမှာတင် ရှိုက်ကြီးတငင် ငိုချလိုက်ပါတော့တယ်။ ရွှီကျဲကို ပြေးဖက်ပြီး အဘိုးကြီးရွှီတို့ကို လှည့်ကြည့်ရင်း ဆူတော့တာပဲ။
"ရှင်တို့... ရှင်တို့ လူတွေရော ဟုတ်ကြသေးရဲ့လား။ ရွှီကျဲလေးက မိန်းကလေးမို့လို့ ရှင်တို့လိုချင်တဲ့ သားယောက်ျား မဟုတ်ရင်တောင်၊ ဒါ ရှင်တို့ရဲ့ အသွေးအသားအရင်းလေ။ ဘယ်လိုလုပ်ပြီး လက်ပါရက်ကြတာလဲ"
ရွှီကျဲရဲ့အဖေကတော့ "ငါ့သမီးပဲ၊ ငါကြိုက်သလို ရိုက်မှာပေါ့"
ဒီစကားကိုကြားလိုက်ရတော့ ရွှီကျဲရဲ့တစ်ကိုယ်လုံး တုန်ခါသွားပြီး မျက်လုံးတွေကို မှိတ်ချလိုက်ပေမယ့် မျက်ရည်တွေကတော့ တားမနိုင်ဆီးမရ စီးကျလာတော့တယ်။
ယွီဟွေးဖေး ဒီစကားကြားလိုက်တာနဲ့ ဒေါသတွေက ဟုန်းခနဲ ထိုးတက်လာပြီး မအောင့်နိုင်တော့ဘဲ "ခွေးမသား" လို့ အော်ဆဲလိုက်ပါလေရော။ တစ်ပြိုင်နက်တည်းမှာပဲ ခြေထောက်ကိုမြှောက်ပြီး တစ်ချက်ကန်ထည့်လိုက်တော့တာပဲ။
ရွှီကျဲရဲ့အဖေက တစ်မီတာလောက် လွင့်ထွက်သွားပြီး မြေပေါ်မှာ လဲကျနေတာ အတော်ကြာတဲ့အထိ မထနိုင်တော့ဘူး။ ရွှီကျဲရဲ့အမေက ဒါကိုမြင်တော့ အရင်ဆုံး ကြောင်သွားပြီးမှ ကိုယ့်ဆံပင်ကိုယ် ဆွဲဖွရင်း တိုင်တည်ရောပဲ။
"အမလေး... ယွီဟွေးဖေးက လူရိုက်ပါတယ်တော်။ အဘိုးကြီးကို ရိုက်ပါတယ်တော်။ ကောင်းကင်ဘုံကနတ်မင်းကြီးတို့ရယ်။ ကြည့်ကြပါဦး... ဒီတိရစ္ဆာန်လေးက လူရိုက်နေပါတယ်"
ယွီဟွေးဖေးက နောက်ဆုံးစကားကိုကြားတော့ ဒေါသတွေ ထပ်ထွက်လာပြန်ရော။ အဲ့ဒီအချိန်မှာ အစ်မဝူက သူ့ကို ဆွဲထားပြီး "ယောက်ျားလေးက မိန်းကလေးကို ရိုက်တာ မကောင်းဘူး" လို့ ပြောလိုက်တော့ ခေါင်းညိတ်လက်ခံရတော့တာပေါ့လေ။
ရွှီကျဲရဲ့အမေက ဒါကိုမြင်တော့ သတ္တိတွေဝင်လာပြီး ဆက်အော်တယ်။ "ဒီတိရစ္ဆာန်လေးက လူရိုက်နေပါတယ်၊ လူသတ်နေပါတယ်တော်။ ရဲခေါ်ကြပါဦး။ ရဲခေါ်..."
အစ်မဝူက ပါးစပ်ကိုမဲ့ပြီးပြုံးလိုက်ပြီး အင်္ကျီလက်ကိုတင်၊ ဒေါက်ဖိနပ်ကို ချွတ်။ အဲ့အချိန်မှာ နောက်ကနေလိုက်ထွက်လာတဲ့ ချွေ့ကျွယ်က ဒါကိုမြင်တော့ ရွှီကျဲကို လူအုပ်နောက်ဆွဲခေါ်သွားပြီး မျက်လုံးတွေကို ပိတ်ထားလိုက်တယ်။
တစ်ဖက်မှာတော့ အစ်မဝူက ဘေးလူတစ်ယောက်လက်ထဲက တုတ်ကို လှမ်းလုပြီး တက်သွားကာ တစ်ချက်လွှဲရိုက်လိုက်ပါလေရော။
လူတွေက ဘုန်းဆိုတဲ့ အသံကိုပဲ ကြားလိုက်ရတယ်။ ရွှီကျဲရဲ့အမေက မြေပေါ်ကို လုံးထွေးလဲကျသွားပြီး ခေါင်းကိုပိုက် ညည်းတွားနေရုံပဲ တတ်နိုင်တော့လေရဲ့။
ယွီဟွေးဖေးက ဒါကိုမြင်တော့ "ဝိုင်းရိုက်ကြစမ်း" လို့ အော်လိုက်တယ်။ လူတွေက မူလကတည်းက ဒေါသတွေ တစ်ဗိုက်ကြီးနဲ့၊ အခု တစ်ယောက်ယောက်က ဦးဆောင်လိုက်တော့ ဘာကိုစောင့်နေတော့မှာလဲ။ ခြေထောက်တွေက မိုးစက်တွေလို တဖွဲဖွဲကျလာပါတော့တယ်။
ရွှီကျဲရဲ့မိဘတွေက ချက်ချင်းပဲ လူတွေရဲ့ ဧည့်ဝတ်ကျေပွန်မှုကို ခံလိုက်ရပါလေရော။ စောစောက ရွှီကျဲရဲ့အမေက ကယ်ပါဦးလို့ နှစ်ခွန်းလောက် အော်နိုင်သေးတယ်။ ဒါပေမဲ့ နောက်တစ်ခဏမှာတော့ အစ်မဝူရဲ့ "အသံက ကျယ်လှချည်လား၊ အားတွေရှိနေသေးတယ်ပေါ့၊ ဆက်တီးကြ" ဆိုတဲ့ စကားတစ်ခွန်းကြောင့် ရွှီကျဲအမေ အသံတိတ်သွားကော။
ရွှီကျဲရဲ့မောင်ကတော့ ထွက်ပြေးမလို့လုပ်တုန်း ယွီဟွေးဖေးက လှမ်းဆွဲပြီး "စကားဝှက် ဘယ်လောက်လဲ။ ငါ့ကိုမကြည့်နဲ့၊ မင်းရဲ့ ဖုန်းငွေပေးချေမှု စကားဝှက် ဘယ်လောက်လဲလို့ ငါမေးနေတာ။ ပြောလိုက်ရင် မင်းကို ငါမရိုက်ဘူး"
ရွှီကျဲရဲ့မောင်က ငိုသံပါနဲ့ ဂဏန်းတစ်တန်းကို ရွတ်ပြပြီး "ခင်ဗျား ကျွန်တော့်ကို မရိုက်ဘူးလို့ ပြောထားတယ်နော်..." လို့ ငိုယိုပြီး ပြောရှာတယ်။
ယွီဟွေးဖေးက ခေါင်းညိတ်ပြီး "စိတ်ချ၊ မင်းအစ်ကိုယွီက စကားတည်တယ်၊ မင်းကို မရိုက်ဘူးလို့ ပြောရင် မရိုက်ဘူး"
ရွှီကျဲမောင်က ကျေးဇူးတင်လွန်းလို့ မျက်ရည်တွေတောင် ဝဲလာပြီး "ကျေးဇူးတင်ပါတယ် အစ်ကိုကြီး... ဟေ့၊ ခင်ဗျား ဘာလုပ်တာလဲ"
ယွီဟွေးဖေးက အဲ့ဒီကောင်လေးကို လူအုပ်ထဲ ပစ်ထည့်လိုက်ပြီး "ဒီမှာ တစ်ကောင်ကျန်သေးတယ်ဟေ့" လို့ အော်လိုက်ပါလေရော။
ရွှီကျဲရဲ့မောင်က ယွီဟွေးဖေးကို ဆဲဖို့ အခွင့်အရေးတောင် မရလိုက်ဘူး၊ လူတွေက မြေပေါ်မှာဖိပြီး ခြေထောက်ကြီးတွေနဲ့ ဝိုင်းကျွေးကြတော့တယ်။
လူတွေ ရိုက်လို့ဝသွားတဲ့အခါမှာတော့ မြေပေါ်က မိသားစုသုံးယောက်ဟာ လူပုံတောင်မပေါက်တော့ဘူး၊ မျက်နှာတွေက ဖိနပ်အောက်ခံရာ စုစည်းမှုပြပွဲကြီး ကျနေတာပဲ။
"အားလုံးပဲ၊ သူတို့သုံးယောက် ချော်လဲတာ ဟုတ်တယ်မလား" အစ်မဝူက လက်ခါပြီး ရှိနေတဲ့လူအားလုံးကို ကြည့်ပြောလိုက်တော့ ဖိန်ကောနဲ့ ကော်ပုထုံတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရှေ့ထွက်လာတာပေါ့။
"ချော်လဲတာပါ"
ရွာသားတွေကလည်း ဒါကိုမြင်တော့ လိုက်အော်ကြတော့တာပဲ။
"ဟုတ်တယ်... ချော်လဲတာ"
"ဒါဆိုရင်တော့ ဟုတ်ပြီလေ..."
အစ်မဝူရယ်နေသလို ယွီဟွေးဖေးလည်း ပြုံးနေမိသား။ ရွှီကျဲတစ်ယောက်ပဲ ငိုနေတာနဲ့ အစ်မဝူက သူမရဲ့ပခုံးကို ပုတ်ပြီး အားပေးစကားပြောတော့တာပါပဲ။
"နောက်ဆို နင့်ကျောင်းစရိတ်ကို အစ်မ တာဝန်ယူတယ်။ ဒါပေမဲ့ နွေရာသီနဲ့ ဆောင်းရာသီ ကျောင်းပိတ်ရက်တွေမှာတော့ ငါ့ဆီပြန်လာပြီး ကူလုပ်ပေးရမယ်နော်။ ငါ့ဆိုင်က တော်တော်အလုပ်များတယ်"
ရွှီကျဲက အစ်မဝူကို အံ့ဩတကြီး ကြည့်လိုက်ချိန် အစ်မဝူက ပြုံးပြီး "ဘာကြည့်တာလဲ။ အစ်မလို့ခေါ်"
"အစ်မ..."
ရွှီကျဲ ပြောရင်းဆိုရင်း ငိုချလိုက်တယ်။ ဒီလောက်အသက်ကြီးလာတဲ့အထိ၊ သူမ မိဘတွေအပေါ်မှာ မျှော်လင့်ချက်မထားတော့တာ ကြာပြီ၊ ဒါပေမဲ့ ကိုယ့်ကိုကာကွယ်ပေးမယ့် အစ်ကိုတစ်ယောက် ဒါမှမဟုတ် အစ်မတစ်ယောက် ရှိချင်တယ်လို့ အမြဲတမ်း စိတ်ကူးယဉ်ခဲ့တာ။ ဒီနေ့မှာတော့ သူမရဲ့ဆန္ဒတွေ ပြည့်ဝသွားခဲ့ပြီ။ အဲ့ဒီတစ်ခဏမှာ ရွှီကျဲရဲ့ မျက်ရည်တွေက ပေါက်ကွဲထွက်ကျလာပြီး အစ်မဝူရဲ့ ရင်ခွင်ထဲကို ပြေးဝင်ကာ အားရပါးရ ငိုချလိုက်တော့တယ်။
အဘိုးကြီးရွှီတို့ရဲ့ ဆွေမျိုးတွေက ဒီမြင်ကွင်းကိုတွေ့တော့ တချို့က တိတ်တိတ်လေး ထွက်သွားကြပြီ။ တချို့ ရွှီကျဲအပေါ် အမြဲတမ်းကောင်းခဲ့တဲ့ ဆွေမျိုးတွေကတော့ ရွှီကျဲအတွက် ဝမ်းသာပေမယ့် စိတ်ထဲမှာတော့ သက်ပြင်းချမိကြသား။ ဘာပဲဖြစ်ဖြစ်၊ မိသားစုတစ်စု နောက်ဆုံးမှာ ဒီလိုအခြေအနေရောက်သွားတာက သူတို့အမြင်မှာတော့ မကောင်းဘူးလေ။ ဒါပေမဲ့ ရွှီကျဲကိုယ်ပေါ်က ဒဏ်ရာတွေကို ကြည့်လိုက်ပြန်တော့၊ ဒါက သူမအတွက် အကောင်းဆုံးအဖြေ ဖြစ်နိုင်တယ်လို့ အားလုံးက တွေးမိကြတယ်။
အဲ့ဒီအချိန်မှာ ယွီဟွေးဖေးက "ခင်ဗျားတို့သုံးယောက် မသွားသေးဘူးလား"
အဘိုးကြီးရွှီရဲ့မိန်းမက မကျေမနပ်နဲ့ "နင်တို့ ငါတို့ကို ရိုက်ပြီးတော့ ဒီတိုင်းပဲ ထားလိုက်မယ်ပေါ့ ဟုတ်လား။ ငါပြောထားမယ်၊ ဒီနေ့ နင်တို့ ငါ့ကို သတ်မပစ်မချင်း အဆုံးစွန်ထိ ရင်ဆိုင်မယ်။ ဒီနေ့ တစ်ယောက်မှ ထွက်သွားလို့ရမယ်မထင်နဲ့။ ငါ နင်တို့ကို တရားစွဲပြီး ထောင်ထဲထည့်ပစ်မယ်"
အဲ့ဒီအချိန်မှာပဲ ဘေးက အဘိုးကြီးတစ်ယောက်က ရုတ်တရက် "အမလေး" လို့အော်ပြီး သူမဘေးမှာ လဲကျလိုက်ရော။
"အဘိုးကြီးရွှီမိသားစုက လူရိုက်ပါတယ်၊ အဘိုးကြီးကို ရိုက်ပါတယ်။ အမလေး... နာလိုက်တာ။ ခါးနာတယ်၊ ခြေထောက်နာတယ်၊ တင်ပါးဆုံရိုးပါ နာတယ်ဟေ့။ ရဲခေါ်ကြပါဦး၊ လျော်ကြေးပေး၊ ဆေးရုံပို့ကြ။ သုံးသောင်းမရရင် မထနိုင်တော့ဘူး"
လူတွေအားလုံး ကြောင်သွားကြတယ်၊ ယွီဟွေးဖေး လှည့်ကြည့်လိုက်တော့၊ တယ်ဟုတ်ပါလား၊ မြေပေါ်မှာ လဲနေတာက ကလိမ်ကကျစ်ကုန်သည်ကြီး အဘိုးကြီးကျန်းပါလား။
အဘိုးကြီးကျန်းရဲ့ အော်သံကြောင့် အဘိုးကြီးရွှီလင်မယား ချက်ချင်း ကြောင်သွားကြကော။ ပြီးတော့ နောက်အဘိုးကြီးတစ်ယောက်ကပါ မြေပေါ်လဲချလိုက်ပြီး အော်ပါလေရော။
"အဘိုးကြီးရွှီလင်မယားက အဘိုးကြီးကို ရိုက်တယ်။ အမလေး... ငါ့ခါးရယ်၊ ငါ့ခြေထောက်ရယ်၊ လေးသောင်းမရရင် မထနိုင်တော့ဘူး"
ဒါက ရွာထဲက အဘိုးကြီးစွန်း၊ အဘိုးကြီးစွန်းက ခွေးမွေးတာ ကျွမ်းကျင်တယ်၊ အရင်က ရွာရဲ့ စွတ်ဖားဘုရင်နဲ့ ခွေးမွေးဘုရင်ပဲ၊ ဒါပေမဲ့ အခုလို အရှက်မရှိတဲ့အကွက်တွေ နင်းလာတော့ အဘိုးကြီးကျန်းထက်တောင် သရုပ်ဆောင်ပီပြင်နေသေး။
ပြီးတော့ တခြားအဘိုးကြီးတွေလည်း မျက်လုံးတွေ တလက်လက်တောက်လာပြီး တစ်ယောက်ပြီးတစ်ယောက် မြေပေါ်မှာ လဲကျကုန်ကြတယ်။ ငါးသောင်းတောင်းတဲ့သူကတောင်း၊ ခြောက်သောင်းတောင်းတဲ့သူကတောင်း၊ တောက်လျှောက် ဈေးတက်နေတော့တာပဲ။
တစ်ပြိုင်နက်တည်းမှာပဲ လူငယ်တွေလည်း မအားဘူး၊ ဖက်တီးရွှီက ပထမဆုံးဦးဆောင်ပြီး "ကျွန်တော်မြင်တယ်နော်၊ ကျွန်တော်သက်သေခံမယ်၊ အဘိုးကြီးရွှီ ချော်လဲပြီးတော့ လျှောက်ရိုက်တာ၊ အားလုံး သူတို့လင်မယားက ရိုက်တာပဲ"
အဘိုးကြီးရွှီလင်မယား ကြားလိုက်တော့ ချက်ချင်း ကြက်သီးထသွားတယ်၊ ဒီလိုသာ အလုပ်ခံရရင် ပါးစပ်တစ်ရာရှိလည်း ရှင်းပြလို့ရမှာမဟုတ်ဘူး။ တကယ်ပဲ လျော်ရမယ်ဆိုရင် သူတို့အရိုးကို ချိုးပြီး မြေသြဇာလုပ်ရောင်းတောင် မလောက်ဘူးလေ။ ဒါကြောင့် သူတို့နှစ်ယောက် အရှက်မရှိတဲ့အကွက်တွေ မနင်းရဲတော့ဘဲ ထပြီး ကိုယ့်သားကိုခေါ်ကာ မီးခိုးကြွက်လျှောက် ထွက်ပြေးသွားကြပါလေရော။
အခုအချိန်မှာတော့ သူတို့လည်း သိသွားပြီ၊ သူတို့က အခု လူအများရဲ့ အမျက်ဒေါသကို ခံနေရတာ၊ ဆက်နေရင် နောက်တစ်ခါ ဝိုင်းအကြိတ်ခံရဦးမယ်။ အလကားအရိုက်ခံရရင် တော်သေး၊ မတော်လို့ ပိုက်ဆံပါ ထပ်ပါသွားဦးမယ်။
ထွက်ပြေးသွားတဲ့ သုံးယောက်ကိုကြည့်ပြီး ယွီဟွေးဖေး သက်ပြင်းချလိုက်တယ်၊ ဒါကလည်း သူလိုချင်တဲ့အဖြေတော့ မဟုတ်ပါဘူး။ သူလည်း မိသားစုပြန်လည်သင့်မြတ်တဲ့ ပျော်ရွှင်စရာဇာတ်သိမ်းမျိုးကို လိုချင်တာပေါ့၊ ဒါပေမဲ့ လောကကြီးမှာ ဘယ်မှာလဲ အဲ့ဒီလောက်များတဲ့ ပျော်ရွှင်စရာဇာတ်သိမ်းတွေက။
ပြီးတော့ သူ ကောင်းကောင်းသိတယ်လေ။ လူမိုက်ကို ကယ်တင်တာထက် လူကောင်းကို ကယ်တင်တာက ပိုကောင်းတယ်ဆိုတာကိုပေါ့။