ရှယ်ပဲဟေ့
Vol. 8 Ch. 112
လူတွေအားလုံး ပြန်သွားကြတော့ ယွီဟွေးဖေးက အစ်မဝူကို အိမ်ထဲဝင်ပြီး ခဏထိုင်ဖို့ ဖိတ်ခေါ်ပေမဲ့ အစ်မဝူက ငြင်းလိုက်တယ်။
"ထားလိုက်ပါတော့၊ နောက်နေ့မှပေါ့။ အခု ငါ့ညီမလေးကို ခေါ်သွားပြီး ဆေးလိမ်းပေးပြီးတော့ ဆေးရုံပို့ပေးလိုက်ဦးမယ်။ မိန်းကလေးရဲ့ကိုယ်ခန္ဓာက တော်တော်နုနယ်တာ၊ ဒီလိုသာ အမာရွတ်ကျန်ခဲ့ရင်... နောင်ကျရင် နင်တို့လို ကောင်စုတ်လေးတွေနဲ့ လက်ထပ်တဲ့အခါ အဝတ်အစားချွတ်လိုက်တာနဲ့ နင်တို့ကိုလန့်ပြီး ပန်းသေသွားအောင် လုပ်နိုင်တယ်"
ဒီလို မဟုတ်တရုတ်စကားကြားတော့ ယွီဟွေးဖေးလည်း ဘာပြန်ပြောရမှန်းမသိတော့ဘူး။ ရွှီကျဲကတော့ မျက်နှာလေး နီရဲသွားလေရဲ့။ ဒါပေမဲ့ အစ်မဝူပြောတာ မှန်တယ်လို့တော့ ဝန်ခံရမယ်။ နောက်ဆုံးမှာတော့ ရွှီကျဲက ယွီဟွေးဖေးကို ကြည့်ပြီး ဦးညွှတ်အရိုအသေပေးတော့တာပေါ့လေ။
"ကျေးဇူး... ကျေးဇူးတင်ပါတယ် သူဌေးယွီ"
ယွီဟွေးဖေးက လက်ခါပြပြီး "တော်ပြီ၊ ဖုန်းကို သေချာကိုင်ထား။ ပြန်တော့၊ စကားဝှက်က... အဲ... ငါမေ့သွားပြီ..."
ရွှီကျဲက ခေါင်းခါရင်း "ထားလိုက်ပါတော့၊ သူတို့က ဒီယွမ်နှစ်သောင်းကို ဒီလောက်တန်ဖိုးထားမှတော့ သူတို့ကိုပဲ ပေးလိုက်ပါတော့၊ ဒါ ကျွန်မရဲ့ နောက်ဆုံးကျေးဇူးဆပ်ခြင်းလို့ပဲ သဘောထားလိုက်ပါ့မယ်"
ရွှီကျဲက စကားဆုံးတာနဲ့ ရုတ်တရက် သူ့ကို ဖက်လိုက်တော့ ယွီဟွေးဖေး တစ်ကိုယ်လုံး ချက်ချင်း တောင့်တင်းသွားတယ်။
ဒါ သူ့ဘဝမှာ ပထမဆုံးအကြိမ် မိန်းကလေးကို ဖက်ဖူးတာပဲ။ တိတိကျကျပြောရရင်တော့ ပထမဆုံးအကြိမ် မိန်းကလေးတစ်ယောက်က သူ့ကို ဒီလိုဖက်ဖူးတာပေါ့။ ရွှီကျဲက သိပ်မလှပေမယ့် ယောက်ျားလေးတွေအတွက်တော့ မိန်းကလေးတစ်ယောက်က ကြည့်ကောင်းရုံနဲ့ လုံလောက်ပါပြီ။ လူပျိုရိုင်းလေးတစ်ယောက်အတွက်တော့ ဘယ်မိန်းကလေးက ဖက်ဖက်၊ နည်းနည်းတော့ ကြောင်သွားတာပဲလေ။
ယွီဟွေးဖေးကို ဖက်ပြီးတော့ ရွှီကျဲက ကော်ပုထုံတို့ရှေ့ကို သွားပြီး တစ်ယောက်ချင်းစီကို ဖက်လိုက်ကာ ဦးညွှတ်ပြီး "ကျေးဇူးတင်ပါတယ် အစ်ကိုကြီး" လို့ ပြောလိုက်တယ်။
နောက်ဆုံးမှာတော့ နောက်ဖေးခြံထဲကို သွားပြီး ချွေ့ကျွယ်၊ သရဲဖြူ၊ သရဲနက်တို့ကိုလည်း တစ်ယောက်ချင်းစီ ဖက်ပြီး ဦးညွှတ်ကျေးဇူးတင်စကား ပြောတာပေါ့။ ယွီဟွေးဖေးက ဒီမြင်ကွင်းကိုတွေ့တော့ နှာခေါင်းကို ပွတ်ပြီး နည်းနည်းနှမြောတဲ့အသံနဲ့ ရေရွတ်လိုက်မိသား။
"တစ်ယောက်တည်းအတွက် မဟုတ်ဘူးကိုး..."
"မနာလိုဖြစ်နေတာလား"
အစ်မဝူက ရုတ်တရက် ကပ်လာပြီး ယွီဟွေးဖေးရဲ့လည်ပင်းကို လက်နဲ့သိုင်းဖက်ရင်း သူမကိုယ်ပေါ်ကို ဖိချလိုက်တာ ဟိုတောင်ကုန်းကြီးပေါ်ကို ရောက်တော့မလိုတောင် ဖြစ်သွားရော။
ယွီဟွေးဖေးက မျက်လုံးပြူးပြီး "ကျွတ်... နည်းနည်းလေးပဲ လိုတော့တာ..." လို့ တိုးတိုးလေး ပွစိပွစိနဲ့ အားမလို အားမရပြောမိလိုက်လေရဲ့။
"အဲ့ဒီနည်းနည်းလေးကိုတော့ မစဉ်းစားနဲ့တော့ ကောင်လေး။ နင်တောင် တော်တော်ကြီးလာပြီပဲ။ အခုဆိုရင် လက်နဲ့တောင် ပုတ်လို့မကောင်းတော့ဘူး..." အစ်မဝူက နှမြောတသတဲ့အသံနဲ့ ပြောလိုက်တယ်။ ယွီဟွေးဖေး ဘာပြောနိုင်မှာလဲ။ ခါးသီးစွာ ပြုံးနေရုံပဲ...
နောက်ဆုံးမှာတော့ ရွှီကျဲက အစ်မဝူနဲ့အတူ လိုက်သွားတယ်။ မိန်းကလေးနှစ်ယောက်ရဲ့ ကျောပြင်ကိုကြည့်ပြီး ယွီဟွေးဖေး သက်ပြင်းချ၊ နှုတ်ခမ်းကိုသပ်၊ ပြွတ်... ပြွတ်...နဲ့လုပ်ပြီးမှ ဖိန်ကောတို့ကို လှည့်ကြည့် ပါးစပ်ကို အကျယ်ကြီးဖြဲပြရင်း စကားစပါလေရော။
"ညီအစ်ကိုတို့... သွား သောက်ကြစို့"
မူလက ယွီဟွေးဖေးက ဒီလူတွေ အရမ်းပျော်ပြီး သဘောတူကာ သူနဲ့အတူ သွားသောက်ကြမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ယွီဟွေးဖေး အံ့ဩသွားတာက ဒီကောင်တွေအားလုံးက စိတ်မပါလက်မပါနဲ့ သူ့ကို ကြည့်ပြီး နောက်ဆုံးမှာတော့ ဖိန်ကော၊ ကော်ပုထုံအပါအဝင် အားလုံးက ခေါင်းခါနေတာပဲ။
"သူဌေးယွီ... ဒီနေ့တော့ ထားလိုက်ပါတော့" ပြီးတော့ အားလုံးက ထွက်သွားဖို့ လုပ်ကြတယ်။
"အားလုံးပဲ၊ ခင်ဗျားတို့ကို အလကားလာခိုင်းလို့ မဖြစ်ဘူးလေ။ ပွဲထွက်ကြေး ဘယ်လောက်လဲ"
အဲ့ဒီဂတုံးတစ်ယောက်က ယွီဟွေးဖေးကို လှည့်ကြည့်ပြီး ပါးစပ်ကိုဖြဲရယ်ကာ "သူဌေးယွီ... ငါက မင်းထက် အသက်ကြီးပါတယ်။ ဒါပေမဲ့ ဒီလောက်အသက်ရှင်လာတာ၊ ဒီနေ့က ပထမဆုံးအကြိမ် တစ်ယောက်ယောက်က ငါ့ကို ဦးညွှတ်တယ်၊ ဖက်တယ်၊ ပြီးတော့ ကျေးဇူးတင်ပါတယ်လို့တောင် ပြောသွားတာ"
ကော်ပုထုံကလည်း "ငါ အမြဲတမ်းထင်ခဲ့တာက လူမိုက်လုပ်ရတာ အရမ်းမိုက်တယ်၊ ကြိုက်တဲ့သူကို အနိုင်ကျင့်လို့ရတယ်၊ တော်တော်ရှယ်ပဲလို့။ ဒါပေမဲ့ ဒီနေ့... ရုတ်တရက် လူကောင်းလုပ်ရတာက ပိုရှယ်သလိုပဲ။ စူပါမင်းက ဘာလို့ဘောင်းဘီကို အပြင်မှာဝတ်ပြီး သူရဲကောင်းလုပ်ချင်တာလဲဆိုတာကို နားလည်သွားပြီ"
ဖိန်ကောက "သူဌေးယွီ၊ သူတို့ကိစ္စကိုတော့ ကျွန်တော်မသိဘူး၊ ဒီနေ့တော့ ခင်ဗျားကို ကျေးဇူးတင်ရမယ်။ ကျွန်တော် ရုတ်တရက် ကိုယ့်ဘဝရဲ့ လမ်းကြောင်းကို ရှာတွေ့သွားပြီ၊ နောက်ဆိုရင် လူကောင်းပဲ လုပ်တော့မယ်။ အိမ်ပြန်ပြီး ကျွန်တော်တို့အိမ်က မြေကွက်လေးကို သေချာစိုက်ပျိုး၊ သစ်သီးပင်တွေ ဘာတွေ လေ့လာ... တိတ်တိတ်ဆိတ်ဆိတ်နဲ့ လယ်သမားတစ်ယောက်ပဲ လုပ်တော့မယ်"
"ကျွန်တော်တို့လည်း အတူတူပါပဲ။ ဒီတစ်ခါ ခင်ဗျားက ကျွန်တော်တို့ကို ကူညီခဲ့တာ၊ ကျွန်တော်တို့က ခင်ဗျားကို ကျေးဇူးတင်လို့တောင် မဆုံးသေးဘူး။ ပွဲထွက်ကြေးကတော့ လူမိုက်ဂိုဏ်းတွေမှ လုပ်တဲ့အလုပ်၊ ကျွန်တော်တို့က လူကောင်းတွေလေ၊ ဘယ်လိုလုပ် အဲ့ဒါကို ယူလို့ဖြစ်မှာလဲ"
ယွီဟွေးဖေး စကားမပြောနိုင်တော့ဘူး၊ ဒါပေမဲ့ လိုက်သွားပြီး "ညီအစ်ကိုတို့ ထော်လာဂျီနဲ့လာကြတာမလား၊ ဒီဆီဖိုး..."
"ဒီဇယ်နဲ့ပါ၊ ဘယ်လောက်ကုန်မှာမို့လို့လဲ။ ဘယ်သူ့ကို အထင်သေးနေတာလဲ"
ကားသမားက အော်လိုက်တော့ ယွီဟွေးဖေး ထပ်ပြီး စကားမပြောနိုင်တော့ဘူး။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ အားလုံးကို တားလိုက်ပြီး ကုန်စုံဆိုင်တံခါးဝကို တစ်ချိုးတည်းပြေးသွားကာ တံခါးကို တဒုန်းဒုန်းထုလိုက်တယ်။
ခုနက ကုန်စုံဆိုင်ပိုင်ရှင်လည်း ပွဲကြည့်နေတော့ မအိပ်သေးဘူး။ တံခါးဖွင့်လိုက်တော့ ယွီဟွေးဖေးကိုတွေ့တော့ ရယ်ရင်း မေးတော့တာပဲ။
"ကောင်လေးယွီပါလား... ဘာလုပ်မလို့လဲ"
"ကျုံးဟွာ ငါးဘူး"
"မင်း ငါ့အိမ်ကို လာဓားပြတိုက်တာလား။ ငါ့ဆီမှာ ဒီငါးဘူးပဲ ရှိတော့တာ..."
ဆိုင်ရှင်က ပြောသာပြောတာ ရယ်ကျဲကျဲနဲ့ ငါးဘူးကို ထုတ်ပေးရှာတယ်။ ယွီဟွေးဖေး ယူပြီးတော့ ယွမ်ပစ်ပေးခဲ့ကာ ရှို့လင်လမ်းထိပ်က ထော်လာဂျီဆီကို ပြေးသွားပြီး စီးကရက်ကို ဝေပေးတော့တာပဲ။
"ညီအစ်ကိုတို့... ပွဲထွက်ကြေးတော့ မပေးတော့ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ အဝေးကြီးကနေ ထော်လာဂျီနဲ့လာကြတာလေ။ လမ်းတစ်လျှောက်လုံး ခုန်ပေါက်ပြီး လာရတာ တော်တော်ပင်ပန်းမှာပဲ၊ အပြန်လမ်းမှာ စီးကရက်လေးဖွာပြီး အချိန်ဖြုန်းကြပေါ့"
လူတွေက ယွီဟွေးဖေးလက်ထဲက ကျုံးဟွာငါးတွဲကို ကြည့်ပြီး ရယ်မောလိုက်ကြတယ်။ ဒီတစ်ခါတော့ အားလုံးက မငြင်းကြတော့ဘူး၊ ဒါပေမဲ့ အားလုံးက ရှေ့တိုးလာပြီး တစ်ယောက်တစ်လိပ်စီပဲ ယူကြကာ ရယ်ကျဲကျဲနဲ့ ပြောကြလေရဲ့။
"ရပြီ... တစ်လိပ်ဆို ရပြီ။ အာလာလား... ဒီဆေးလိပ်ကို မသောက်ရတာ ကြာပြီ... တစ်ဘူးလုံးသာ သောက်လိုက်ရင် ပါးစပ်က စွဲသွားမှာ၊ ဒါဆိုရင် နောက်နေ့တွေမှာ နေလို့ရတော့မှာမဟုတ်ဘူး"
ဒီလိုနဲ့ ယွီဟွေးဖေးက ငါးဘူးယူသွားပြီး ပြန်လာတဲ့အခါမှာတော့ လေးဘူးကျော်တောင် ကျန်သေးတယ်။ ဒါပေမဲ့ တဒုန်းဒုန်းနဲ့ ထွက်သွားတဲ့ စက်သံကိုနားထောင်ရင်း ယွီဟွေးဖေး ရုတ်တရက် ပြုံးလိုက်တယ်၊ ကောင်းကင်ပေါ်က ကြယ်တွေကို မော့ကြည့်ပြီး "သောက်ကျိုးနည်း... ဒါမှ တကယ့်ဘဝပဲကွ။ ရှယ်ပဲ" လို့ အားရပါးရ ရယ်မောလိုက်တော့တာပဲ။
မကြာခင်မှာပဲ ကော်ပုထုံလည်း အိမ်ပြန်ရောက်သွားပြီ။ ဒါပေမဲ့ ဒီကောင်က နည်းနည်းမပြန်ရဲဘူး၊ မူလကတော့ ဖိန်ကောအိမ်မှာ တစ်ညလောက် သွားအိပ်ပြီး ရှောင်နေမလို့။ ဘာပဲဖြစ်ဖြစ်၊ ညကြီးမင်းကြီး ထွက်သွားပြီး ရန်ဖြစ်၊ ညသန်းခေါင်ကျော်မှ အိမ်ပြန်လာတာ၊ ဒါကတော့ ပြဿနာတက်မှာ သေချာတယ်။
ဒါပေမဲ့ ဖိန်ကောက ဘယ်မှာ သူ့ကို လက်ခံရဲမှာလဲ။ တန်းပြီး သူ့ကို ကန်ထုတ်လိုက်တယ်။ အခုတော့ ကော်ပုထုံက တံခါးဝမှာ လူးလားခေါက်တုံ လျှောက်နေရင်း အခါအားလျော်စွာ ခြေဖျားထောက်ပြီး ကိုယ့်အိမ်ပြတင်းပေါက်ကို ကြည့်နေလေရဲ့။
ပြတင်းပေါက်အတွင်းထဲ မည်းမှောင်နေတာက သူ့ကိုကြောက်လန့်တကြားဖြစ်စေတယ်။ ပြန်သွားရင် မျက်နှာကို အုတ်ခဲနဲ့ပစ်၊ နောက်ကျောကို တုတ်နဲ့ရိုက်ခံရမှာကို စိုးရိမ်နေတယ်။ စဉ်းစားပြီးရင်း စဉ်းစား၊ နောက်ဆုံးမှာတော့ အကျိုးအပြစ်ကို ချိန်ဆပြီး ညဘက်အိမ်မပြန်ရင် အခြေအနေပိုဆိုးမယ်ဆိုတာ သေချာသွားတော့ ဒီတစ်ခါတော့ အံကြိတ်ပြီး အိမ်ထဲဝင်သွားတယ်။
တံခါးကို သတိထားပြီး ဖွင့်၊ ပြီးတော့ အဝတ်အစားချွတ်ပြီး ကုတင်ပေါ်တက်၊ လှဲအိပ်လိုက်တဲ့အထိ အိပ်မက်မက်နေသလို ခံစားနေရတယ်၊ အမြဲတမ်း နားတွေက အမဲလိုက်ခွေးလို စွင့်နေတဲ့ သူ့မိန်းမက ထပြီး သူ့ကိုပါးမရိုက်တဲ့အပြင် ဆဲဆိုတာ တစ်ခွန်းတောင် မရှိဘူး၊ အဲ့တော့ ကော်ပုထုံတောင် နည်းနည်းလန့်သွားတယ်။
"ဒီလောက်တောင် တိတ်လှချေလား၊ သတိလစ်သွားတာများလား"
ပွစိပွစိပြောရင်းနဲ့ သူ့မိန်းမဘေးကို ကပ်သွားပြီး နှာခေါင်းအသက်ရှူသံကို စမ်းကြည့်မလို့ လုပ်လိုက်ပေမဲ့ သူ့မိန်းမက ရုတ်တရက် မျက်လုံးဖွင့်လာလေရော။
"သောက်ကျိုးနည်း..."
ကော်ပုထုံ ကြောက်လန့်ပြီး ကုတင်ပေါ်ကနေ ခုန်ထလိုက်ကာ ခြေကုန်သုတ်ပြီး ပြေးတော့တာပဲ။
"ရပ်စမ်း"
လေသံပြင်းပြင်းတစ်ချက်ကြောင့် ကော်ပုထုံခဗျာ ချက်ချင်း သတိအနေအထားနဲ့ရပ်လိုက်ရရော။
"ပြန်လာအိပ်" ကော်ပုထုံရဲ့မိန်းမ စွန်းတာရှန်းက ထပ်အမိန့်ပေးလိုက်လေရဲ့။
စွန်းတာရှန်းက သူမရဲ့ နာမည်အပြည့်အစုံ၊ ဒါပေမဲ့ ကော်ပုထုံက အပြင်မှာတော့ သူမကို စွန်းတာရှန်း (ဆင်မကြီးစွန်း) လို့ ခေါ်တယ်၊ ဒီနာမည်ကို ရွာသားတွေအားလုံးကလည်း လိုက်ဖက်ညီတယ်လို့ ထင်ကြတယ်လေ။