လုပ်ပိုင်ခွင့်အဆင့်မြှင့်တင်ခြင်း
Vol. 8 Ch. 113
စွန်းတာရှန်းက ရွာထဲမှာ ဘယ်လောက်တောင် သြဇာကြီးမားတယ်ဆိုတာ သိသာလှတယ်။ ကော်ပုထုံက သူ့မိန်းမကို သံသယမျက်လုံးတွေနဲ့ ကြည့်ပြီး မေးလိုက်လေရဲ့။
"မိန်းမ... နင်... နင်ကိုယ်တိုင်ရော ဟုတ်ရဲ့လား။ နင် အိပ်ခိုင်းတာ သေချာလို့လား၊ ငါ့ကို ဆုံးမ မလို့ မဟုတ်ဘူးလား"
"အိပ်ခိုင်းတာ... နောက်ထပ် စကားများရင် တကယ်ဆုံးမပစ်မယ်"
စွန်းတာရှန်းရဲ့စကားကို ကြားလိုက်တော့ ကော်ပုထုံခမျာ ချက်ချင်းပြုံးသွားပြီး စောင်ခြုံထဲကို အမြန်ပြန်ဝင်သွားကော။ ပြီးတော့ သူ့မိန်းမနားကို တဖြည်းဖြည်းကပ်သွားပြီး နောက်ဆုံးမှာတော့ သူ့လက်လေးက ထိန်းမနိုင်သိမ်းမရနဲ့ လျှောကျသွားပါလေရော။
"နင် သေချင်နေတာလား"
စွန်းတာရှန်းက အေးစက်စက် ဟိန်းလိုက်တော့ လျှပ်စီးလက်သလို လက်ကို ပြန်ရုတ်လိုက်တယ်။
"ကြည့်ရတာ နင် တကယ်သေချင်နေတယ်ထင်တယ်"
စွန်းတာရှန်းရဲ့ မျက်လုံးတွေက ကြေးခေါင်းလောင်းကြီးတွေလို ပြူးကျယ်လာတာမြင်တော့ အစ်ကိုခွေးက ငိုသံပါလေးနဲ့ "ဒါဆို ငါက... လုပ်ရမှာလား၊ မလုပ်ရဘူးလား"
"နင် ဘယ်လိုထင်လဲ" စွန်းတာရှန်းက ဟွန်းခနဲနှာမှုတ်ပြီး ဆိုပါလေကော။
ကော်ပုထုံ သူ့ရှေ့က စွန်းတာရှန်းကို ကြည့်လိုက်တယ်။ ဝန်ခံရမယ်ဆိုရင် စွန်းတာရှန်းက အရပ် ၁.၈ မီတာရှိပြီး တိုက်ခိုက်ရေးစွမ်းရည်က ကြောက်စရာကောင်းပေမယ့် ရုပ်မဆိုးဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူမက အရပ်ရှည်ပေမယ့် မျက်နှာအသွင်အပြင်က တော်တော်လေး ကျော့ရှင်းတယ်၊ သိပ်အလှမပြင်ပေမယ့်လည်း ကြမ်းတမ်းမနေဘူး။
ပြီးတော့ ပုံမှန်အချိန်မှာ အာဏာပြလွန်းတော့... နောက်ဆုံးမှာတော့ ကော်ပုထုံက အံကြိတ်ပြီး တဟုန်ထိုး တက်သွားပါလေရော...။
"သေရင်သေပစေကွာ"
...
လူတစ်အုပ်က ဆဲဆိုကြိမ်းမောင်းကြပေမယ့် နောက်ဆုံးမှာတော့ အိပ်သွားကြပြီ။
နောက်တစ်နေ့ ကော်ပုထုံ နိုးလာတဲ့အခါမှာတော့ အချိန်က မနက်ဆယ်နာရီကျော်နေပြီ။ သူ့မှတ်ဉာဏ်ထဲမှာတော့ ပုံမှန်ဆိုရင် ကြက်ဖမတွန်ခင်မှာ သူ့မိန်းမက သူ့ကို ကြက်ဖကို သွားရိုက်ပြီး တွန်ခိုင်းပြီးတော့ အလုပ်သွားလုပ်ခိုင်းနေကျ။
ဒီနေ့တော့ သူ အေးအေးဆေးဆေး အိပ်ခွင့်ရတယ်၊ ဒါ... တော်တော်ထူးဆန်းနေပြီ။
အဲ့ဒီအချိန်မှာ စွန်းတာရှန်းက ထင်းတစ်စည်းကို ထမ်းပြီး ဝင်လာတယ်၊ သူနိုးလာတာမြင်တော့ မျက်စောင်းတစ်ချက်ထိုးပြီး ပြောလိုက်လေရော။
"ဘာကြည့်နေတာလဲ။ မြန်မြန် မျက်နှာသစ်ပြီး ထမင်းသွားစား၊ ထမင်းက နွေးနေတုန်းပဲ"
ကော်ပုထုံခမျာ ဒီစကားကြားလိုက်တော့ မျက်ရည်တွေတောင် ဝဲလာတယ်။ ပေါင်းလာတာ ဒီလောက်နှစ်တွေကြာလာပြီ မိန်းမက သူ့အပေါ် ဒီလောက်နူးညံ့သွားတာ သောက်ကျိုးနည်းလောက်အောင် ပထမဆုံးပဲ။
သူအပြင်ဘက်ကို တစ်ချိုးတည်းပြေးသွားတော့ ရေဇလုံထဲမှာ စွန်းတာရှန်းက ရေနွေးထည့်ပေးထားပြီးသား၊ မျက်နှာသုတ်ပဝါက ရေဇလုံပေါ်မှာ တင်ထားသေးတယ်။ ကော်ပုထုံ ချက်ချင်းပဲ ကိုယ့်ကိုယ်ကိုယ် အရမ်းကံကောင်းတယ်လို့ ခံစားလိုက်ရကော။ မျက်နှာသစ်ပြီး ထမင်းတစ်ပန်းကန်လုံးအမောက် စားလိုက်တယ်။ ကော်ပုထုံ နောက်ဆုံးတော့ မအောင့်နိုင်တော့ဘဲ စွန်းတာရှန်းကို မေးလိုက်လေရဲ့။
"မိန်းမ... နင် ဒါ ဘာဖြစ်တာလဲ။ မြေခွေးမ ပူးနေတာလား။ ဘယ်လိုလုပ် ဒီလောက်နူးညံ့သွားရတာလဲ။"
စွန်းတာရှန်းက မျက်လုံးပြူးပြီး မီးမွှေးတုတ်ကို ကိုင်ကာ သူ့ကိုကြည့်ပြီး "ဘာလဲ။ နင် အရိုက်ခံချင်လို့လား"
ကော်ပုထုံက အမြန်လက်ခါပြရင်း "မဟုတ်ဘူး... မဟုတ်ပါဘူး။ နင့်ရဲ့ ပြောင်းလဲမှုက အရမ်းကြီးတော့ ငါ နည်းနည်းကြောက်နေလို့"
ဒီအထိပြောပြီးတော့ ကော်ပုထုံက အမြန်ဖုန်းကို ကြည့်လိုက်တယ်၊ နောက်ရက်အနည်းငယ်ဆိုရင် တာလန်ရဲ့ နှစ်ပတ်လည်နေ့ ရောက်တော့မယ်၊ သူ တကယ်ပဲ နည်းနည်းကြောက်နေပြီ။
စွန်းတာရှန်းက သူ့ရဲ့ ကြောက်နေတဲ့ပုံစံကို ကြည့်ပြီး ခေါင်းခါကာ "ငါ စွန်းတာရှန်း အရင်က ယောက်ျားမရှိခဲ့ဘူး၊ ဘာလို့လဲဆိုတော့ အဲ့ဒီယောက်ျားက ခွေးတစ်ကောင်၊ အပြင်ထွက်ပြီး လူကိုက်တာ၊ လူတိုင်းက ဆဲဆိုတာကလွဲရင် ဘာမှအသုံးမကျဘူး။ ဒါကြောင့် ငါ တွေ့ရင်တွေ့သလို ရိုက်တယ်။ ဒီနေ့မနက် ငါ အပြင်ထွက်တော့ တခြားလူတွေ ငါ့ကို ကြည့်တဲ့အကြည့်တွေက မတူတော့ဘူး၊ ငါ နေလို့ကောင်းတယ်၊ ငါ ပျော်တယ်" ပြောပြီးတော့ လှည့်ထွက်သွားတော့ ကော်ပုထုံတစ်ယောက်တည်း ကြောင်တောင်တောင်နဲ့ ကျန်ခဲ့တယ်၊ အတော်ကြာမှ ရယ်လိုက် ငိုလိုက်နဲ့။
"ခွေးမသား... မင်း အရင်က တကယ်ပဲ ခွေးတစ်ကောင်ပဲ။ နောက်ဆိုရင် လူလို ကောင်းကောင်းနေတော့"
နောက်ဆုံးမှာတော့ သူ မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပါးနှစ်ချက်ရိုက်ကာ ပြောပြီးတော့ ကော်ပုထုံက လှည့်ထွက်သွားတယ်။ စွန်းတာရှန်းကလည်း ပထမဆုံးအကြိမ်အဖြစ် သူ့ကိုတုတ်နဲ့မရိုက်ဘဲ ကြက်၊ ဘဲတွေကို သူမဘာသာသူမ အစာသွားကျွေးနေလေရဲ့။
ဒီနေ့ရဲ့ ရာသီဥတုက ကော်ပုထုံအမြင်မှာတော့ တကယ်ကို ရှယ်ပဲ။
...
"ဒီရာသီဥတုကတော့ မိုးရွာတော့မယ်ထင်တယ်"
လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး မိုးတိမ်တွေ တက်လာချိန် ယွီဟွေးဖေး နှာချေလိုက်ပြီး တိုးတိုးလေး ပွစိပွစိရေရွတ်လိုက်မိတယ်။ မနေ့ကတစ်ညလုံး ယွီဟွေးဖေး အရမ်းကို အိပ်လို့ကောင်းခဲ့တယ်လေ။
မနက်စောစောထ၊ မျက်နှာသစ်၊ ဆန်ပြုတ်တစ်ခွက်သောက်ပြီးတော့ သင်္ချိုင်းကုန်း သန့်ရှင်းရေးလုပ်ဖို့ပြင်ဆင်တော့တယ်။
ဒါပေမဲ့ ခြေလှမ်းနှစ်လှမ်းလောက် လျှောက်ပြီးတော့ အရင်က သူ့အိတ်ကပ်ထဲမှာ ပူလာခဲ့ဖူးတဲ့အကြောင်း ယွီဟွေးဖေး ရုတ်တရက် သတိရသွားတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အလုပ်များနေလို့ မေ့သွားခဲ့တာ။
လောကသုံးပါး အကျဉ်းဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးတံဆိပ်ပြားကို အမြန်ထုတ်ကြည့်လိုက်တော့ အပေါ်မှာ စာကြောင်းအနည်းငယ် ရေးထားတာကို တွေ့လိုက်ရချိန် ယွီဟွေးဖေးရဲ့ မျက်လုံးတွေတောင် ပြူးကျယ်သွားပြီး အားရပါးရ ရယ်မောလိုက်ပါလေရော။ အပေါ်မှာ ရေးထားတာက...
"ဂုဏ်ပြုပါတယ်၊ လူများစွာကို ပြန်လည်ဆုံစည်းရာ ရှာဖွေပေးခဲ့တဲ့အတွက် ကုသိုလ်နှစ်ထောင် ဆုချီးမြှင့်ပါတယ်။"
"ဂုဏ်ပြုပါတယ်၊ လူကောင်းတစ်ယောက်ကို အထင်လွဲမှုတွေ ဖြေရှင်းပေးခဲ့တဲ့အတွက် ကုသိုလ်တစ်ရာ ဆုချီးမြှင့်ပါတယ်။"
"ဂုဏ်ပြုပါတယ်၊ လူကောင်းကို ကယ်တင်ပြီး လူဆိုးကို အပြစ်ပေးခဲ့တဲ့အတွက် ကုသိုလ်ခြောက်ရာ ဆုချီးမြှင့်ပါတယ်။"
"ဂုဏ်ပြုပါတယ်၊ လုပ်ပိုင်ခွင့်အဆင့် မြင့်တက်သွားပြီး လိမ္မော်ရောင်အဆင့် လုပ်ပိုင်ခွင့်သို့ တိုးမြှင့်သွားပါပြီ၊ လက်ခံမလား။"
အောက်မှာတော့ "လက်ခံ" နဲ့ "ငြင်းပယ်" ဆိုတဲ့ စာလုံးနှစ်လုံး ရှိနေပြန်သေး။
ယွီဟွေးဖေး တွက်ကြည့်လိုက်တော့ စုစုပေါင်း ၂၇၀၀ ဆုချီးမြှင့်ခံရတယ်၊ ပြီးတော့ ပုံမှန် သင်္ချိုင်းကုန်းကို သေသေချာချာ သန့်ရှင်းရေးလုပ်လို့ ရတဲ့ကုသိုလ်နဲ့ ပေါင်းလိုက်ရင် သုံးထောင်ကျော်နေပြီ။ ကုသိုလ်သုံးထောင်နဲ့ အဆင့်တက်ဖို့ လိုအပ်ချက်ကို အပြည့်အဝ ပြည့်မီနေပြီ။
ယွီဟွေးဖေးက ဘာမှမပြောဘဲ တန်းတန်းမတ်မတ်ပဲ "လက်ခံ" ကို ရွေးချယ်လိုက်တာပေါ့။
နောက်တစ်ခဏမှာ လက်ထဲက တံဆိပ်ပြားက လိမ္မော်ရောင်အလင်းတန်းတွေ ထုတ်လွှတ်ပြီး ခေါင်းပေါ်ကို ပျံဝဲသွားသလို အစိမ်းရောင်အလင်းစက်လေးတွေကလည်း ယွီဟွေးဖေးရဲ့ ကိုယ်ပေါ်ကို ကျရောက်လာတယ်။ သူ့ရဲ့ အနီရောင်ဝတ်ရုံက ချက်ချင်းပဲ လိမ္မော်ရောင်အလင်းတန်းတွေ ထုတ်လွှတ်လိုက်ပုံက မိုးသောက်နေခြည်လိုပဲ အရမ်းကို လှပနေရော။
အလင်းတန်းတွေ ပျောက်ကွယ်သွားတော့ ယွီဟွေးဖေးရဲ့ အနီရောင်ဝတ်ရုံက ပြောင်းလဲသွားပြီ။ ဝတ်ရုံရဲ့ အောက်ခံအရောင်က အနီရောင်ပဲ၊ ဒါပေမဲ့ လိမ္မော်ရောင်အစင်းကြောင်းလေးတွေ ထပ်တိုးလာတယ်၊ ဒီအစင်းကြောင်းတွေက အရမ်းကို သေးစိတ်ပြီး ပြောမပြတတ်တဲ့ ပုံစံလေးတွေကို ဖော်ကြူးထားတော့ လျှို့ဝှက်ဆန်းကြယ်နေပုံပဲ။
ဒါပေမဲ့ အရေးကြီးဆုံးကတော့ ဒီဝတ်ရုံက အရမ်းကို သန့်ရှင်းနေတာပဲ။ အရင်က လူယာ ယွီဟွေးဖေးကို ပေးတုန်းကလို ဆီတွေနဲ့ချွဲကျိ ညစ်ပတ်ပေရေနေတာမျိုး မဟုတ်တော့ဘူး၊ ဘယ်လိုလျှော်လျှော် မသန့်ရှင်းသလို ခံစားနေရတာမျိုး မဟုတ်တော့ဘူး။
"ဂုဏ်ယူ ဝမ်းမြောက်ပါတယ် သူဌေးယွီ၊ ကုသိုလ်တွေနဲ့ ပြည့်စုံပြီး အဆင့်တက်သွားပြီပေါ့"
အဲ့ဒီအချိန်မှာ လှုပ်ရှားမှုကို ကြားလိုက်တဲ့ ချွေ့ကျွယ်၊ နွားခေါင်း၊ မြင်းခေါင်း၊ သရဲဖြူ၊ သရဲနက်တို့အားလုံး ရောက်လာကြတယ်။
ယွီဟွေးဖေးက ခေါင်းကုတ်ပြီး "ခင်ဗျားတို့ ဒီလိုတွေ မလုပ်ကြပါနဲ့၊ ကျုပ်ကို ရှက်သွားအောင်လုပ်နေတာပဲ"
ချွေ့ကျွယ်က ခေါင်းခါရင်း "ဒါက သက်သက် လောကဝတ်စကားပြောနေတာ မဟုတ်ဘူး၊ မင်းကိုယ်ပေါ်က ဒီဝတ်ရုံက ဘာဝတ်ရုံလဲဆိုတာသိလား"
"ဘာဝတ်ရုံလဲ"
"သာမန်ဝတ်ရုံဆိုရင် ဒီအစင်းကြောင်းတွေ ရှိမှာမဟုတ်ဘူး။ ဒီအစင်းကြောင်းတွေကလည်း သာမန်အစင်းကြောင်းတွေ မဟုတ်ဘူး၊ ကုသိုလ်အစင်းကြောင်းတွေပဲ။ ဒါက ကုသိုလ်ရှိတဲ့သူတွေရဲ့ ကိုယ်ပေါ်မှာပဲ ပေါ်လာတာ..."
"ဒါက ဂုဏ်သိက္ခာတစ်ခု၊ ကောင်းကင်ဘုံရဲ့ အသိအမှတ်ပြုမှုတစ်ခု၊ တစ်ပြိုင်နက်တည်းမှာပဲ မင်းရဲ့ အရှိန်အဝါကိုလည်း သက်ရောက်မှုရှိတယ်၊ တခြားလူတွေ မင်းကို မြင်တဲ့အခါမှာ မင်းအပေါ်မှာ အလိုလိုပဲ ကောင်းတဲ့ခံစားချက်တွေ ပိုများလာလိမ့်မယ်"
ယွီဟွေးဖေးက ပါးစပ်ကို ဖြဲခနဲလုပ်ပြီး "ကျုပ်က တန်းပြီး သူတော်စင်ဖြစ်သွားပြီလို့ ထင်နေတာ၊ တကယ်တမ်းတော့ လူတွေက ကျုပ်ကိုလူကောင်းတစ်ယောက်လို့ အထင်မှားစေတာပဲလား။ ဒါပေမဲ့ ဒီလိုလေးမြှင့်တင်ပေးနိုင်တာလည်း မဆိုးပါဘူး..."
အဲ့ဒီအချိန်မှာ ရှောင်ထျန်းချန် ထွက်လာပြီး ခွေးမျက်လုံးစွေစွေနဲ့ ဟက်ဟက်ပက်ပက် ရယ်တော့တာပဲ။
"ဘာအသုံးဝင်လို့တုန်း။ ဒါက လူ့လောကလေ... ဘယ်ကောင်က ဒါကို ကုသိုလ်အစင်းကြောင်းလို့ သိမှာလဲ"