စာကြည့်တိုက်ဆောင်
Vol. 8 Ch. 114
ယွီဟွေးဖေး ချက်ချင်းပဲ ရေခဲရေတစ်ပုံးနဲ့ အလောင်းခံလိုက်ရသလို ဖြစ်သွားပြီး ရယ်တောင်မရယ်နိုင်တော့ဘူး။ ဟန်ပြတယ်၊ ဂိုက်ပြတယ်ဆိုပေမယ့် ဘယ်သူမှ နားမလည်ရင် ဟန်ပြရတဲ့ အဓိပ္ပာယ်က ဘာလဲ။
ယွီဟွေးဖေးက ရှောင်ထျန်းချန်ကို ဒေါသတကြီး ကန်လိုက်ပြီး "သွားစမ်း... မပြောသင့်တာကို လာပြောနေတယ်၊ နေ့လယ်စာ ပွဲတော်မှာ မင်းအတွက် နေရာမရှိဘူး"
ရှောင်ထျန်းချန်က ဂရုမစိုက်တဲ့ပုံစံနဲ့ "ရတယ်လေ... အများဆုံးတော့ ကိုယ့်ဘာသာကိုယ် ဝက်သားနှပ်တစ်ပွဲလုပ်ပြီး မင်းတို့ဘေးမှာ စားလိုက်ရုံပေါ့"
အဲ့ဒီတစ်ခဏမှာ ယွီဟွေးဖေး၊ ချွေ့ကျွယ်၊ ပြီးတော့ ခုနကမှ ရောက်လာတဲ့ သရဲဖြူ၊ သရဲနက်နဲ့ နွားခေါင်း၊ မြင်းခေါင်းတို့အားလုံး ယင်ကောင်သေ စားမိသလို နေမထိထိုင်မသာ ဖြစ်သွားကြကော။
ယွီဟွေးဖေးက လက်ကိုဝှေ့ယမ်းပြပြီး "တော်ပြီ... တော်ပြီ... ငါမင်းကိုအရှုံးပေးတယ်... မင်းအတွက်တစ်နေရာပါတယ်"
ရှောင်ထျန်းချန်ကမှ ပျော်ရွှင်စွာနဲ့ ခွေးခေါင်းကိုမော့ရင်း "ဒါမှပေါ့... သွားပြီ" ပြောပြီးတော့ နေရောင်ခြည်ရှိတဲ့ နေရာတစ်ခုကို သွားပြီး လှဲအိပ်နေတော့ရော။
အဲ့ဒီအချိန်မှာ ယွီဟွေးဖေးရဲ့ ဖုန်းမြည်လာတယ်။ ဖုန်းခေါ်လာတာက ယွီဟွေးဖေးရဲ့ အမေပဲ။
"အမေ... ဟယ်လို... ဘာကိစ္စရှိလို့လဲ။ အမေ့ရဲ့ ရတနာသားလေးကို လွမ်းနေတာလား"
"ဘယ်သူက နင့်ကို လွမ်းနေလို့လဲ"
အမေက လေသံမာမာနဲ့ပြောလိုက်ပေမယ့် ယွီဟွေးဖေး စိတ်မဆိုးဘူး။ သူ့အမေ ဘယ်လိုစိတ်ဓာတ်လဲဆိုတာ သူအသိဆုံးပဲလေ၊ ပါးစပ်ကတစ်မျိုး၊ စိတ်ကတစ်မျိုးဆိုတာ သိတယ်၊ မဟုတ်ရင် သူ့ကို ဖုန်းခေါ်မှာမဟုတ်ဘူး။
"နောက်ရက်နည်းနည်းကြာရင် ငါ နင့်ဆီလာခဲ့မယ်"
ဒါကို ယွီဟွေးဖေး ကြားလိုက်တော့ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားတယ်၊ သူ့ဆီလာမယ် ဟုတ်လား။ သုံးရက်အတွင်းဆိုရင် တော်သေးတယ်၊ သုံးရက်ကျော်သွားရင် ဘယ်လိုလုပ်မလဲ။ သူ သူ့အမေကို နှင်ထုတ်လို့ရမလား။ တကယ်ပဲ ဒီလိုလုပ်ရင် သူ့အမေက သူ့ကို သတ်ပစ်မှာပေါ့။
ယွီဟွေးဖေးက ချောင်းတစ်ချက်ဟန့်ပြီး "ဒါ... ဘယ်နေ့အတိအကျ လာမှာလဲ။ ဘယ်နှစ်ရက်လောက် နေမလို့လဲ"
"နင် ဘာသဘောလဲ။ ဘယ်လိုလဲ။ ငါ နင့်စကားသံကို ကြားရတာ ငါလာတာကို သိပ်မကြိုဆိုသလိုပဲ။ ငါ မလာသေးဘူး၊ နင်က ငါ ဘယ်တော့ပြန်မလဲဆိုတာကို တွက်နေပြီ ဟုတ်လား"
အမေဖြစ်သူ ဒေါသတကြီး အော်လိုက်တော့ ယွီဟွေးဖေးကလည်း အကြိမ်ကြိမ် ရှင်းပြရတော့တာပေါ့လေ။
"မဟုတ်ဘူး... မဟုတ်ပါဘူး။ ဒါက အမေလာရင် ကြိုတင်ပြင်ဆင်ထားလို့ရအောင်ပါ..."
"နင့်မှာ အသိတရားရှိသေးသားပဲ၊ ငါ တစ်ပတ်လောက်ကြာရင် ရောက်မယ်ထင်တယ်။ ဟုတ်သားပဲ... ငါ မလာခင် နင့်ရဲ့ ခွေးလှောင်အိမ်ကို ရှင်းထားဦး။ ရှုပ်ပွမနေစေနဲ့... သိလား"
ယွီဟွေးဖေးက တစ်ပတ်လောက်ကြာဦးမယ်ဆိုတာ ကြားလိုက်တော့ ငိုချင်စိတ်တွေ ပေါက်သွားပေမယ့် ခေါင်းမာမာနဲ့ မျက်စိစုံမှိတ်ပြီး "ဟုတ်... ဟုတ်... ဟုတ်... အမေ စိတ်ချပါ၊ သား သန့်သန့်ရှင်းရှင်းဖြစ်အောင် လုပ်ထားမယ်လို့ အာမခံပါတယ်"
ဖုန်းချခါနီးမှာ အမေက ဟီးခနဲ ရယ်ပြီး "နင့်ရဲ့ ညီမလေးကိုလည်း ငါ ခေါ်လာခဲ့မယ်"
"ညီမလေး ဟုတ်လား။ ယွီတုံတုံကို ပြောတာလား။ အဲ့ဒီကောင်မလေးက နှစ်နှစ်ပဲ ရှိသေးတာ မဟုတ်လား"
"ဟုတ်တယ်... နှစ်နှစ်ပဲ ရှိသေးတယ်။ ဒါပေမဲ့ ငါ့ရဲ့ ရတနာလေး ဖြစ်နေပြီ၊ သူ့အမေက အရေးပေါ်ကိစ္စရှိလို့ သူ ငါနဲ့ ခဏနေမယ်" အမေက အရမ်းကို ဂုဏ်ယူတဲ့အသံနဲ့ ပြောလိုက်တယ်။
ယွီဟွေးဖေးတစ်ယောက် ဘာစကားမှ ဆက်မပြောနိုင်တော့ဘူး၊ ဒါဆိုရင် သူ့အမေတစ်ယောက်တည်းကို ရင်ဆိုင်ရမှာ မဟုတ်ဘဲ နှစ်နှစ်အရွယ် ကလေးပိစိလေးတစ်ယောက်ကိုပါ ရင်ဆိုင်ရဦးမယ်ပေါ့လေ။ စဉ်းစားလိုက်တာနဲ့ ခေါင်းကိုက်နေပြီ။ ဒါပေမဲ့ အခေါင်းကိုက်ဆုံးကတော့ လုပ်ပိုင်ခွင့်ပြဿနာပဲ။
ဖုန်းချပြီးတော့ ယွီဟွေးဖေးက တတိယထပ်ကို ချက်ချင်းပြေးတက်သွားပြီး အဲ့ဒီစုတ်ပြတ်နေတဲ့ စာအုပ်ကို ထပ်လှန်ကြည့်လိုက်တယ်။ ကံမကောင်းစွာနဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို သူ အလွတ်ရနေပြီ၊ အတွင်းမှာ သူ့ရဲ့ အဆင့်တက်ပြီးနောက်ပိုင်း မှတ်တမ်းနဲ့ ရှင်းလင်းချက် ဘာတစ်ခုမှ မရှိဘူး။
ဘာမှမတတ်နိုင်တော့ဘဲ ယွီဟွေးဖေးက စာအုပ်ကိုပစ်ချလိုက်ပြီး အရင်က တစ်ဝက်လောက် လျှောက်ခဲ့ပေမယ့် လုပ်ပိုင်ခွင့်မလုံလောက်လို့ ဆက်မသွားနိုင်ခဲ့တဲ့ တံတားလေးကို ကြည့်လိုက်တယ်။ အခုအချိန်မှာ အဲ့ဒီတံတားနောက်မှာ အပိုင်းတစ်ပိုင်း ထပ်တိုးလာပြီး ရေတံခွန်ထိပ်ကို တန်းတန်းမတ်မတ် တက်သွားလို့ရနေပြီ။
ယွီဟွေးဖေးက တံတားရှေ့ကို ရောက်လာတော့ အဲ့ဒီမှာ ဆိုင်းဘုတ်တစ်ခု ထပ်တိုးလာတယ်၊ အပေါ်မှာ စာကြည့်တိုက်ဆောင်ဆိုတဲ့ စာလုံးကြီးရေးထားလေရဲ့။ ဒီနေရာက စာကြည့်တိုက်ဆောင် ဟုတ်လား။
တံတားအတိုင်း တက်သွားတော့ ရေတံခွန်ရဲ့ အပေါ်ဘက်ကို တန်းတတ်သွားတော့ ယွီဟွေးဖေးက စာကြည့်တိုက်ဆောင်တစ်ခုကို တွေ့လိုက်တယ်။ စာကြည့်တိုက်ဆောင်က နှစ်ထပ်ရှိတဲ့ ရှေးဟောင်းအဆောက်အအုံ၊ အောက်က သက်ငယ်မိုးတဲအိမ်လို စုတ်ပြတ်မနေဘူး၊ တော်တော်လေး အသစ်အတိုင်းပဲ။ ဒါပေမဲ့ သိပ်ခမ်းနားတယ်လို့တော့ ပြောလို့မရဘူး။ သာမန် စာကြည့်တိုက်ဆောင်တစ်ခုလို့ပဲ ပြောလို့ရမယ်။
စာကြည့်တိုက်ဆောင်ရှေ့ကို ရောက်တော့ ယွီဟွေးဖေး မော့ကြည့်လိုက်ချိန် အပေါ်က ဆိုင်းဘုတ်မှာ စာလုံးကြီးအနည်းငယ် ရေးထားတာက "စာအုပ်မဲ့ စာကြည့်တိုက်ဆောင်"
အာရိုရိုး... သောက်ကျိုးနည်းပဟ။ စာအုပ်မရှိဘဲနဲ့ ဘာလို့ စာကြည့်တိုက်ဆောင်လို့ ခေါ်နေတာတုန်း။ ထင်းထားတဲ့အခန်းလို့ ခေါ်လိုက်ရင် ပြီးနေတာပဲကို။
ယွီဟွေးဖေးက တံခါးမကြီးကို တွန်းဖွင့်လိုက်တော့ ပထမထပ်မှာ ဟာလာဟင်းလင်းပဲ၊ စာအုပ်တစ်အုပ်မှ မရှိဘူး။ တံခါးဝမှာတော့ စားပွဲတစ်လုံး ချထားတယ်။ စားပွဲပေါ်မှာ စုတ်တံ၊ မှင်၊ စက္ကူ၊ မှင်တောင့်တွေ တင်ထားတာပေါ့။ ဒီပစ္စည်းတွေက သာမန်ပစ္စည်းတွေလို ထင်ရပေမယ့် ယွီဟွေးဖေးရဲ့ ဒီနေရာအပေါ် နားလည်မှုအရတော့ ဒီပစ္စည်းတွေက သာမန်ပစ္စည်းတွေ မဟုတ်လောက်ဘူး။
လှန်ကြည့်လိုက်တော့ ဒီမှာ တကယ်ပဲ စာအုပ်တစ်အုပ်မှ မရှိတာကို တွေ့လိုက်ရတယ်၊ နည်းနည်းတော့ စိတ်ပျက်သွားမိသား။
တံခါးပိတ်ပြီး ပတ်ပတ်လည် လျှောက်ကြည့်လိုက်တော့ ရေတံခွန်အပေါ်က နေရာကလည်း မသေးဘူး၊ ဒီမှာ ဝါးတောတွေ ထူထပ်နေတာက ဝါးပင်လယ်ကြီးလိုပဲ၊ ပိုဝေးတဲ့နေရာမှာ ဘာရှိလဲဆိုတာ ယွီဟွေးဖေးလည်း မသိဘူး။ ဝါးတောထဲမှာ လမ်းသေးသေးလေးတစ်လမ်း ရှိတယ်၊ ယွီဟွေးဖေးက အတွင်းကို သိပ်မဝေးခင်မှာပဲ ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရပြန်တယ်။ အပေါ်မှာ ရေးထားတာက....
"လုပ်ပိုင်ခွင့်အာဏာ မလုံလောက်ပါ"
သူစောစောကတည်းက စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးသားဆိုတော့ စိတ်မဆိုးဘဲ လှည့်ပြန်လာခဲ့တာပေါ့။ အပြန်လမ်းမှာ မြက်တောထဲမှာ ဝါကျင့်ကျင့် စာအုပ်အစုတ်တစ်အုပ်ကို ရှာတွေ့လိုက်တယ်။
ယွီဟွေးဖေးက အလွယ်တကူ ကိုင်ကြည့်လိုက်တာနဲ့ အတွင်းမှာ စာမျက်နှာတွေ အများကြီး ပြတ်နေမှန်း သိလိုက်တယ်၊ အဲ့ဒီအဘိုးကြီး လူယာက ထပ်ဆုတ်ဖြဲထားတာပဲ ဖြစ်ရမယ်။ ဖွင့်ကြည့်လိုက်တော့ တကယ်ပဲ အတွင်းမှာ စာမျက်နှာတွေ အများကြီး ပျောက်နေလေရဲ့။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ သူ့အတွက် နည်းနည်းတော့ ချန်ထားပေးခဲ့တယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဆုတ်ဖြဲထားတာက နဝမအဆောင်ရဲ့ လုပ်ပိုင်ခွင့်ကို ဘယ်လိုလွှဲပြောင်းရမလဲဆိုတဲ့ နေရာပဲ။ ယွီဟွေးဖေး တကယ်ပဲ ဆဲချင်စိတ်ပေါက်နေပြီ။ ဒါပေမဲ့ အခုအချိန်မှာတော့ သူ ဒါကို ဂရုမစိုက်နိုင်တော့ဘူး၊ နဝမအဆောင်က ကန့်သတ်ချက်တွေ အများကြီးရှိပေမယ့် ယေဘုယျအားဖြင့်တော့ မဆိုးပါဘူး။
စာအုပ်မှာ ပျောက်ဆုံးနေတဲ့ အကြောင်းအရာတွေအရ ယွီဟွေးဖေး ခန့်မှန်းကြည့်တော့ ဒီနဝမအဆောင်က ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်အဆင့်အလိုက် လွှဲပြောင်းတဲ့ အခြေအနေတွေလည်း ပြောင်းလဲသွားပုံရတယ်၊ မဟုတ်ရင် သီးသန့် ထပ်မှတ်တမ်းတင်ထားစရာ မလိုဘူးလေ။
ယွီဟွေးဖေးက ခေါင်းခါပြီး လက်ထဲက စာအုပ်ကို ဆက်ဖတ်လိုက်တယ်။
ပထမဆုံးအနေနဲ့ သူ လိမ္မော်ရောင်ဝတ်ရုံအဖြစ် အဆင့်တက်ပြီးနောက်မှာ စတုတ္ထထပ်ကို တက်လို့ရပြီ၊ ဆိုလိုတာက အခုရှိနေတဲ့ နေရာပေါ့။
ဒုတိယအနေနဲ့ကတော့ စာအုပ်မဲ့ စာကြည့်တိုက်ဆောင်ရဲ့ အကြောင်းအရာကို မိတ်ဆက်ထားတာပဲ။ ဒီစာကြည့်တိုက်ဆောင်မှာ စာအုပ်မရှိဘူး၊ ဒါပေမဲ့ ယွီဟွေးဖေးက အတွင်းမှာ စာအုပ်တွေ ထားလို့ရတယ်။
တိုက်ရိုက် စာအုပ်ဝယ်ပြီး ထည့်လို့မရဘူး၊ စာအုပ်ထည့်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်၊ အဲ့ဒါကတော့ စာကြည့်တိုက်ဆောင် ပထမထပ်က စားပွဲပေါ်က စုတ်တံ၊ မှင်၊ စက္ကူ၊ မှင်တောင့်တွေနဲ့ စာအုပ်ကူးရေးရမှာပဲ။ ယွီဟွေးဖေးက ဒီနေရာကိုမြင်တော့... ပွစိပွစိပြောနေလေရဲ့။
"ဒီမှာစာအုပ်ကူးရေးနေရအောင် ငါအားယားနေလို့လား"
ဒါပေမဲ့ နောက်ပိုင်းကို တွေ့တော့ ယွီဟွေးဖေး စိတ်ဝင်စားသွားတယ်။ စာအုပ်ကူးရေးပြီး စာကြည့်တိုက်ဆောင်ထဲမှာ သိမ်းထားတာက စာအုပ်တွေကို ထိန်းသိမ်းတာနဲ့ တူတူပဲ။ စာအုပ်တွေက စာကြည့်တိုက်ဆောင်ထဲမှာ ထာဝရ မပျက်စီးနိုင်ဘူး၊ ဒါက ယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်နေတာနဲ့ တူတူပဲ၊ ဒါကြောင့် ဒါက ကုသိုလ်တစ်ခုပဲပေါ့။
ရှင်းရှင်းပြောရရင် စာကြည့်တိုက်ဆောင်ရဲ့ တည်ရှိမှုက ယွီဟွေးဖေးအတွက် ကုသိုလ်ထပ်ရနိုင်မယ့် လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်တာပဲ။ တစ်ပြိုင်နက်တည်းမှာပဲ ကူးရေးထားတဲ့ စာအုပ်အားလုံးက ယွီဟွေးဖေးရဲ့ ဦးနှောက်ထဲမှာ မှတ်တမ်းတင်သွားပြီး မေ့မှာမဟုတ်ဘူး။ ဒါက စာအုပ်တွေကို မြန်မြန်အလွတ်ကျက်နိုင်တဲ့ နည်းလမ်းတစ်ခုလို့ ပြောလို့ရတယ်... ဒါပေမဲ့ နက်နက်ရှိုင်းရှိုင်း နားလည်ချင်ရင်တော့ ကိုယ့်ဘာသာကိုယ် ဆင်ခြင်သုံးသပ်ရဦးမယ်။
ယွီဟွေးဖေးကတော့ ဒါကို တော်တော်လေး ကျေနပ်တယ်။ ဘာပဲဖြစ်ဖြစ်... သူ အခု အခက်အခဲအရှိဆုံးနဲ့ စိတ်အညစ်ရဆုံးက ကုသိုလ်ရဖို့။ ကုသိုလ်ဆိုတာက ရလွယ်တယ်လို့ပြောရမယ်။ သိပ်တော့မခက်ဘူး၊ အပြင်ထွက်ပြီး ကောင်းမှုလုပ်ရုံပဲ။ ဒါပေမဲ့ လောကကြီးမှာ ဘယ်မှာလဲ အဲ့ဒီလောက်များတဲ့ ကောင်းမှုတွေက။
သာမန် ကိစ္စလေးတွေကတော့ ရှိပေမယ့် အများစုက သူတပါးအကူအညီမလိုဘဲ ဖြေရှင်းနိုင်တာတွေပဲ။ အရေးကြီးဆုံးကတော့ ယွီဟွေးဖေးမှာ အခု ကုသိုလ်အများကြီး ရနိုင်မယ့် လမ်းကြောင်းမရှိဘူး။