အောင်ပွဲခံမလို့လား။ ဟက်ဟက်...
Vol. 8 Ch. 115
တစ်ခုတည်းသော တည်ငြိမ်တဲ့ ကုသိုလ်ရနည်းကတော့ သင်္ချိုင်းကုန်းကို သန့်ရှင်းရေးလုပ်တာပဲ။
သင်္ချိုင်းကုန်းထဲက အကြီးမားဆုံး ရတနာဖြစ်တဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ မိသားစုကို ရှာဖွေပေးတာကိုတော့ ချင်မောင်နှမက တာဝန်ယူသွားပြီ၊ နောက်ထပ် ဘာရလဒ်ပဲထွက်ထွက် သူ့အပေါ်မှာ အကုန်တွက်ချက်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် အခု သူ ကုသိုလ်ရနိုင်မယ့် လမ်းကြောင်းတွေက အရမ်းနည်းသွားပြီ။
နောက်တစ်ခုကတော့ သိပ်မတည်ငြိမ်တဲ့ ကုသိုလ်ရရှိနည်းတွေပဲ၊ အခြေခံအားဖြင့်တော့ ကံတရားပေါ်မှာ မူတည်တယ်။
ဥပမာ ရွှီကျဲလို ဧည့်သည်မျိုးနဲ့ထပ်တွေ့ပြီး သူက သူရဲကောင်းတစ်ယောက်လို ထွက်ပေါ်လာကာ မိန်းကလေးကို ကယ်တင်လိုက်ရင် ဒါက တစ်ခါလောက် ရနိုင်တယ်။
ဒါပေမဲ့ ဒီလိုကိစ္စမျိုးက ကြုံတောင့်ကြုံခဲ တွေ့ချင်တိုင်းတွေ့ရတာမဟုတ်ဘူး...။
နောက်ဆုံးကတော့ ကိုယ်တိုင်ထွက်ရှာတာပဲ။ ပြဿနာကထပ်လာပြန်ပြီ၊ ရွာကဒီလောက်ပဲကြီးတာလေ။ လုပ်စရာကိစ္စတွေကလည်း သိပ်မများဘူး။ မြို့ကြီးတွေမှာသွားပြီး သူရဲကောင်းလုပ်ချင်ရင်တော့ အချိန်လိုတယ်။
သူ့ရဲ့ လုပ်ပိုင်ခွင့်က ကန့်သတ်ထားတော့ နဝမအဆောင်ကနေ ထွက်ခွာတဲ့အချိန်ကလည်း ကန့်သတ်ထားတယ်။ သိပ်ကြာကြာ ထွက်သွားလို့မရဘူး၊ မဟုတ်ရင် နဝမအဆောင်ရဲ့ ပိုင်ဆိုင်ခွင့်ကို အလိုလို စွန့်လွှတ်လိုက်တယ်လို့ သတ်မှတ်ပြီး မိုးကြိုးပစ်ခံရမှာ။
ဒါကြောင့် ကိုယ်တိုင်ထွက်ရှာတာကလည်း လောလောဆယ်တော့ ဘေးဖယ်ထားရဦးမယ်။
ဘာပဲဖြစ်ဖြစ်၊ တစ်ရက်တာ အားလပ်ရက်မှာ သူ အသက်လုပြီး အပြင်ပြေးရင်တောင် အများဆုံးတော့ ကူလင်မြို့အနီးအနားက မြို့တွေမှာပဲ လျှောက်လည်နိုင်မှာ။ နေ့ချင်းပြန်သွားပြန်လာ... ဒါက ဘယ်လောက်ကံကောင်းမှ ကောင်းမှုလုပ်ခွင့် ကြုံမှာတုန်း။ အများဆုံးဖြစ်နိုင်တာကတော့ ရလာတဲ့ ကုသိုလ်က အသွားအပြန် ကားခတောင် မလောက်ဘူး။
ဒီနေရာမှာ စာကြည့်တိုက်ဆောင်ရဲ့ အရေးပါမှုက ပေါ်လွင်လာပြီ။ အနည်းဆုံးတော့ ဒါက တည်ငြိမ်တဲ့ ကုသိုလ်ရရှိရာ နေရာတစ်ခုပဲ။ စာအုပ်ကူးရေးတာက ဦးနှောက်ထဲမှာ တန်းတန်းမတ်မတ် မှတ်တမ်းတင်သွားတာက သူ့အတွက်တော့ အပိုဆောင်း ဗဟုသုတရရှိမှုတစ်ခုပဲ။ ဒါကြောင့် စာအုပ်ကူးရေးတာကို နည်းနည်း စိတ်ဝင်စားလာတယ်။
ယွီဟွေးဖေးက ဆက်လှန်ကြည့်လိုက်တော့ လိမ္မော်ရောင်ဝတ်ရုံဖြစ်ပြီးနောက်မှာ သူ့ရဲ့ အားလပ်ရက်က တစ်လတစ်ရက်ကနေ တစ်ပတ်တစ်ရက် ဖြစ်သွားပြီး စိတ်ကြိုက်ညှိလို့ရနေပြီ။ ဆိုလိုတာက သူသာ ဆန္ဒရှိရင် တစ်လလုံးက အားလပ်ရက်တွေကို စုစည်းပြီး အပြင်မှာ လေးရက်လောက် လျှောက်လည်လို့ရတယ်ဆိုတဲ့ သဘောပဲ။
ဒါကိုတော့ ယွီဟွေးဖေး တော်တော်လေး ကျေနပ်တယ်၊ နောက်ထပ် နည်းနည်းလောက် ကြိုးစားရင် တစ်ပတ်နှစ်ရက် ဖြစ်လာနိုင်တယ်။ သူ အိမ်ပြန်ပြီး မိဘတွေကို ကြည့်ဖို့တောင် မျှော်လင့်လို့ရနေပြီ။
ပြီးတော့ နဝမအဆောင်ထဲက အကျဉ်းသားတွေရဲ့ ပြဿနာပဲ၊ သူတို့ နဝမအဆောင်ကနေ ထွက်ခွာတဲ့အချိန်ကလည်း တစ်ရက်တိုးလာပြီး အပြင်မှာ အများဆုံး နှစ်ရက်နေလို့ရတယ်။ ဒါပေမဲ့ နှစ်ရက်ပြီးရင် ပြန်ရောက်ရမယ်၊ မဟုတ်ရင် ထောင်ဖောက်ပြေးတယ်လို့ တွက်ချက်မှာ။ အချိန်က နည်းနည်းနည်းပေမယ့် ရှိတာက မရှိတာထက်တော့ ကောင်းတာပေါ့။
နောက်ဆုံး၊ ယွီဟွေးဖေး အစိုးရိမ်ဆုံးကိစ္စကတော့ အပြင်လူတွေ နဝမအဆောင်မှာ တည်းခိုတဲ့အချိန်ပြဿနာပဲ။ တကယ်ပဲ သူ့ရဲ့ လုပ်ပိုင်ခွင့်အဆင့် မြင့်တက်ပြီးနောက်မှာ အပြင်လူတွေ ဒီမှာ နေထိုင်တဲ့အချိန်ကလည်း ပြောင်းလဲသွားတယ်။
ပထမဆုံးအနေနဲ့ သုံးရက်ကန့်သတ်ချက်က ရှိနေသေးတယ်၊ ဒါပေမဲ့ ယွီဟွေးဖေးက လူတစ်ယောက်ကို ရေရှည်နေထိုင်ခွင့် ပေးလို့ရတယ်။ ဆိုလိုတာက ယွီဟွေးဖေးသာ ဆန္ဒရှိရင် လူတစ်ယောက်ကို ဒီမှာ အကန့်အသတ်မရှိ နေခိုင်းလို့ရတယ်။
ဒီနေရာကိုမြင်တော့... ယွီဟွေးဖေးကပျော်လည်းပျော်... စိတ်ညစ်လည်းစိတ်ညစ်တယ်။ ပျော်တာက လုပ်ပိုင်ခွင့် မြင့်တက်ပြီးနောက်မှာ တကယ်ပဲ ရေရှည်နေထိုင်မှုပြဿနာကို ဖြေရှင်းနိုင်လို့။ ဒါပေမဲ့ သူ ဘယ်လိုမှ မထင်ထားတာက သူမှာ ရေရှည်နေထိုင်ခွင့် နေရာတစ်ခုပဲ ရှိတာ။
ဒီနေရာက ဖွန်ကြောင်ဖို့ဆိုရင်တော့ အဆင်ပြေနိုင်တယ်။ ဒါပေမဲ့ အခုတော့ သူက ကျေးဇူးဆပ်ဖို့ သုံးရမှာဆိုတော့ နည်းနည်းမလောက်ဘူး။
ဘာပဲဖြစ်ဖြစ် သူ့အမေက အမြီးလေးတစ်ချောင်းနဲ့လာတာ။ အချိန်က သုံးရက်ရောက်သွားရင် ယွီဟွေးဖေးက အခွင့်အရေးကိုဘယ်သူ့ကိုပေးမှာလဲ။
သူ့အမေကိုလား။
သူ့အမေက ကလေးတွေကို ချစ်တဲ့စိတ်နဲ့ဆိုရင် ယွီဟွေးဖေးက သူမမျက်လုံးထဲမှာ ယွီတုံတုံလောက်တောင် အဆင့်မရှိဘူး။ သူသာ ယွီတုံတုံကို နှင်ထုတ်ရင် အမေက ချက်ချင်းပဲ သားအဖြစ်က စွန့်လွှတ်ပစ်မှာ။
အဲ့တော့ ယွီတုံတုံကို ပေးမလား။
ဒါဆိုရင်တော့ သူ့အမေ လက်မပါခင်မှာ သူ့အဖေက ဓားမကိုင်ပြီး တောင်ပိုင်းကနေ လိုက်လာပြီး သူ့ကို နှစ်ချက်လောက် ပေးမှာ။
လက်ထဲက တစ်ခုတည်းသော နေရာကို ကြည့်ပြီး ယွီဟွေးဖေး ငိုချင်စိတ်တွေ ပေါက်သွားတယ်၊ ကောင်းကင်ကို မော့ကြည့်ပြီး "ကောင်းကင်ဘုံကြီးရယ်၊ ခင်ဗျား ကျုပ်ကို သေအောင် ကစားချင်နေတာလား" လို့ အော်ဟစ်လိုက်တဲ့အထိပဲ။
ကံကောင်းလို့ သူ့အမေက တစ်ပတ်ကြာမှ လာမှာဆိုတော့ သူကြိုးစားဖို့ အချိန်နည်းနည်းတော့ ရှိသေးတယ်။
"ကုသိုလ်၊ ကုသိုလ်၊ ကုသိုလ်ရယ်... တကယ်ပဲ ကုသိုလ်လိုတဲ့အခါမှ ရှားမှန်းသိတော့တယ်"
နောက်ဆက်ကြည့်တော့ တတိယထပ်နဲ့ စတုတ္ထထပ်ရဲ့ နေရာအကျယ်အဝန်းပြဿနာပဲ၊ လုပ်ပိုင်ခွင့်အဆင့် မြင့်တက်လာတာနဲ့အမျှ နေရာကလည်း နှစ်ဆကျယ်လာတယ်။ ဒါကိုတွေ့တော့ ယွီဟွေးဖေးမှာ ရဲတင်းတဲ့ အတွေးတစ်ခုဝင်လာရော။
အမြင့်ဆုံးလုပ်ပိုင်ခွင့်ကို ရောက်သွားရင် ဒီနေရာက ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်မလား။ တကယ်ပဲ ဖြစ်နိုင်ရင် သူက ကမ္ဘာတစ်ခုကို ပိုင်ဆိုင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်သွားမှာ မဟုတ်လား။ ဒါဆိုရင်တော့ တော်တော်မိုက်ပြီ။
လိမ္မော်ရောင်ဝတ်ရုံနဲ့ အနီရောင်ဝတ်ရုံက မတူဘူး။ အနီရောင်ဝတ်ရုံက တကယ်တော့ သာမန်ဝတ်ရုံပဲ။ ဘာမှထူးထူးခြားခြား မရှိဘူး။ ဒါပေမဲ့ လိမ္မော်ရောင်ဝတ်ရုံက ကုသိုလ်အစင်းကြောင်းတွေ ပါဝင်နေတော့ ဖုန်နဲ့ အညစ်အကြေးကင်းစင်နိုင်တယ်။ ရှင်းရှင်းပြောရရင် ဖုန်နဲ့ အညစ်အကြေးအားလုံးကို အပြင်မှာ တားဆီးထားနိုင်တယ်။ ယွီဟွေးဖေးက အခြေခံအားဖြင့် ရေချိုး၊ အဝတ်လျှော်စရာ မလိုတော့ဘူး။ တခြားအစွမ်းတွေကတော့ နည်းနည်းခိုင်ခံ့တာပဲ။ ကျန်တာတွေကတော့ ဘာမှမရှိတော့ဘူး။
ဒါပေမဲ့ ဒါက ယွီဟွေးဖေးအတွက် အစတစ်ခု ဖွင့်ပေးလိုက်တာပဲ။ သူ့ကို အရိပ်အမြွက်ပြနေတာက လုပ်ပိုင်ခွင့်သာ လုံလောက်ရင် သူ့ကိုယ်ပေါ်က အဝတ်အစားတွေက သူ့ကိုအံ့ဩစရာတွေ အများကြီးဆောင်ကြဉ်းလာနိုင်တယ်။
ဒါကြောင့် ယွီဟွေးဖေးက ပထမဆုံးအကြိမ်အဖြစ် လုပ်ပိုင်ခွင့် မြှင့်တင်ဖို့ကို အရေးတကြီး လိုအပ်တာကလွဲရင် မျှော်လင့်ချက်အနည်းငယ်လည်း ထပ်တိုးလာပြီ။ နည်းနည်းစိတ်ညစ်ပေမယ့် ယေဘုယျအားဖြင့်တော့ ဒီတစ်ခါ အဆင့်တက်တာက ကောင်းတာတွေ ပိုများတယ်လေ။
ယွီဟွေးဖေးရဲ့ စိတ်အခြေအနေက တော်တော်လေး ကောင်းနေတယ်။ တစ်ပတ်ကြာရင် အမေလာမယ့်ကိစ္စကိုတော့ သူက လောလောဆယ် ဘေးဖယ်ထားလိုက်တယ်။ ဘာပဲဖြစ်ဖြစ်၊ မျက်မှောက်ဘဝကို ကောင်းကောင်းနေထိုင်နိုင်မှ အနာဂတ်ကို ကောင်းကောင်း ဂရုစိုက်နိုင်မှာပေါ့။
တတိယထပ်က ထွက်လာတော့ ယွီဟွေးဖေးက အားလုံးကို ခေါ်စုလိုက်ပြီး "အပိုစကားမပြောတော့ဘူး... အားရပါးရ စားသောက်ပြီး ငါအဆင့်တက်တာကို အောင်ပွဲခံကြမယ်!" လို့ တန်းအော်လိုက်ချိန် လူတွေအားလုံး တစ်ပြိုင်နက်တည်း ဝမ်းသာအားရ အော်ဟစ်တော့တာပဲ။
"သွားကြမယ်ဟေး"
ဒါပေမဲ့ ယွီဟွေးဖေးက ခန့်ညားစွာနဲ့ အပြင်ထွက်၊ ပိုက်ဆံအများကြီးသုံး၊ အရသာရှိတာတွေ ဝယ်ပြီး အားရပါးရ စားသောက်ဖို့ ပြင်ဆင်နေတုန်းမှာပဲ တံခါးကို ခေါက်သံကြားလိုက်ရတယ်။ သူတံခါးဖွင့်လိုက်တော့ ယောက်ျားတစ်ယောက်က တံခါးဝမှာ ရပ်နေတာကို တွေ့လိုက်ရရော။ ယွီဟွေးဖေး သူ့ကို သိတယ်။ ဒါက ရွာထဲမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ သူဌေးကျန်းပဲ။
"ဘာကိစ္စရှိလို့လဲ ဦးလေးကျန်း"
သူဌေးကျန်းက လက်ကို ပွတ်သပ်ပြီး ဟက်ဟက်ပက်ပက် ရယ်ကာ "ကောင်လေးယွီရယ်... ကြည့်ပါဦး၊ ဆောင်းရာသီတောင် ဝင်တော့မယ်။ မင်း... မင်း အကြွေးလေးတွေ ရှင်းပေးလို့ရမလား"
ယွီဟွေးဖေး ကြောင်သွားပြီးတော့ သူ့ဦးနှောက်ထဲမှာ ရုပ်ရှင်ပြသလို အကြွေးစာရွက်တွေ တစ်ရွက်ပြီးတစ်ရွက် ပေါ်လာကော။ အဲ့ဒီထဲမှာ သူဌေးကျန်းရဲ့ အကြွေးစာရွက်လည်း ပါနေတာပေါ့။ သူချက်ချင်း ပြန်ဝင်သွားပြီး အဲ့ဒီအကြွေးစာရွက်ကို ရှာလိုက်တော့ ယွမ်တစ်သိန်းတိတိတောင်။
သူတကယ်ပဲ လူယာကို ဖမ်းခေါ်လာ လည်ပင်းကို ညှစ်ပြီး "ခွေးမသား... @#$% မင်း ဘာတွေစားခဲ့လို့ လပိုင်းအတွင်းမှာ ယွမ်တစ်သိန်းဖိုးတောင် အကြွေးတင်နေရတာတုန်း" လို့ မေးလိုက်ချင်ရဲ့။
ယွီဟွေးဖေးက ခါးသီးစွာ ပြုံးပြီး "သူဌေးကျန်း... ကြည့်ပါဦး၊ ကျုပ်တည်းခိုခန်းက ဖွင့်တာ မကြာသေးဘူး။ ဝင်ငွေနည်းနည်းတော့ ရှိပေမဲ့ မများဘူး။ ဒီလိုလုပ်... ကျုပ်ဆီမှာ အခု ငါးထောင်ကျန်တယ်။ ပြီးတော့ ဒီကျုံးဟွာ လေးဘူးခွဲနဲ့ပေါင်းပြီး အားလုံးခင်ဗျားကို ပေးမယ်။ ကျုပ် နည်းနည်းထပ်စုပြီး အရင်ဆုံး တစ်သောင်းဆပ်မယ်၊ ရမလား"
သူဌေးကျန်းက ယွီဟွေးဖေး ဒီလိုပြောတာကို ကြည့်ပြီး ခေါင်းညိတ်ကာ "ရတယ်... မင်း ဆပ်ရင်ပြီးတာပဲ။ ဟက်ဟက်..."
ယွီဟွေးဖေး စကားမပြောနိုင်တော့ဘူး၊ လူယာဆိုတဲ့ သောက်အဘိုးကြီးက လူ့ကျင့်ဝတ်ကို ဘယ်လောက်တောင် ဖျက်ဆီးသွားခဲ့တာတုန်း။ အကြွေးရှင်ကတောင် အကုန်ပြန်မတောင်းဘဲ ဆပ်ရင်ပြီးပြီတဲ့။
သူဌေးကျန်းကို ပို့ပြီးတော့ ယွီဟွေးဖေးက တံခါးဝမှာ ဗလာဟင်းလင်းအကြည့်တွေနဲ့ ရပ်နေချိန် ရှောင်ထျန်းချန်၊ သရဲဖြူ၊ သရဲနက်တို့ လျှောက်လာပြီး သူ့ဘေးမှာရပ်ရင်း မေးကြလေရဲ့။
"ယွီလေး... အောင်ပွဲမခံတော့ဘူးလား"
"ဘာအောင်ပွဲခံမှာလဲ... ဆလတ်ရွက်ပဲ စားကြတော့" ပြောပြီးတော့ ယွီဟွေးဖေးက ငိုသံပါ မျက်ရည်လေးစမ်းစမ်းနဲ့ တတိယထပ်ကိုသွားလို့ ဆလတ်ရွက်ဆွတ်တော့တယ်။