ရွှေရောင်ကျိကျိ ဆန်ကြည်ကြည်
Vol. 8 Ch. 116
ဒီရက်ပိုင်းအတွင်း ပိုက်ဆံနည်းနည်းပါးပါး ဝင်လာပေမယ့် စုစုပေါင်းမှ တစ်သောင်းကျော်ကျော်လေးပဲ ရှိတာ။ အခု တစ်သောင်းပြန်ပေးလိုက်တော့ ယွီဟွေးဖေးလက်ထဲမှာ သနားစရာကောင်းတဲ့ နှစ်ရာပဲ ကျန်တော့ပါလေရော။ ဒီတော့ သူလည်း ပိုက်ဆံကို လက်လွန်ခြေလွန် မသုံးရဲတော့ဘူးပေါ့...။ ဒီလိုနဲ့ ရက်တွေ တရွေ့ရွေ့ကုန်ဆုံးပြီး နိုဝင်ဘာလထဲကို တရားဝင် ဝင်ရောက်လာခဲ့ပါပြီ။
ဒီအတောအတွင်းမှာတော့ ယွီဟွေးဖေးရဲ့ တည်းခိုခန်းလေးဟာ ဧည့်သည်တစ်ယောက်မှ မလာတော့ဘူး။ သူက လူကောင်းတစ်ယောက်ဆိုတာ လူတွေသိကြပေမယ့် တစ်ညတစ်ထောင်ဆိုတဲ့ ဈေးနှုန်းကတော့ သာမန်လူတွေအတွက် တကယ်ပဲ မတတ်နိုင်ဘူးလေ။ ဘာပဲဖြစ်ဖြစ်၊ ရွာထဲက တခြားတည်းခိုခန်းတွေက တစ်ညမှ တစ်ရာ၊ နှစ်ရာပဲ ရှိတာကိုး။ ဒါက လုံးဝကို ကွာခြားလွန်းနေတယ်ဗျ။
ယွီဟွေးဖေးလည်း ဈေးလျှော့ဖို့ စဉ်းစားမိပါရဲ့။ ဒါပေမဲ့ ချွေ့ကျွယ်က သူ့ကို စကားတစ်ခွန်းမေးလိုက်တယ်။
"မင်း ဧည့်သည်တွေ အများကြီးလာတည်းရင် ဘာဖြစ်မလဲဆိုတာ စဉ်းစားဖူးလား။ ငါတို့က Cosplay ဝတ်စုံတွေ ဝတ်ထားတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ရုတ်တရက် အကျဉ်းသားအသစ်တစ်ယောက် ရောက်လာပြီး အခြေအနေကိုနားမလည် ပါးစပ်မစောင့်ဘဲ ပြောလိုက်ရင် ဘယ်လိုလုပ်မလဲ"
လူနည်းရင်တော့ အားလုံးက ယာယီနည်းလမ်းတွေ စဉ်းစားလို့ရသေးတယ်။ လူများရင်တော့...
ယွီဟွေးဖေး စဉ်းစားကြည့်တော့လည်း ဟုတ်နေတာပဲ။ ဒီတော့လည်း သည်းခံလိုက်တာပေါ့။
ဒီနေ့တော့ အိမ်ပြင်ထွက်လိုက်တာနဲ့ မျက်ပြူးကြီးက ခွေးသေတစ်ကောင်လို မြေကြီးပေါ်မှာ လှဲနေတာကို တွေ့လိုက်ရတယ်။
ယွီဟွေးဖေး ကပ်သွားပြီး ခြေနဲ့တစ်ချက်တို့ကာ "ခင်ဗျား ဘာလုပ်နေတာလဲ"
မျက်ပြူးကြီးက အားမရှိတဲ့အသံနဲ့ "ဆေးလိပ်သောက်ချင်စိတ်တွေ တဖွားဖွားပေါ်လာလို့ပါ ယွီလေးရာ၊ ကျုံးဟွာဆေးလိပ်ရော ကျန်သေးလား။ တစ်လိပ်လောက်ပေးပါဦး"
"သွားစမ်းပါဗျာ... ဘယ်မှာလဲ ကျုံးဟွာက။ အခုချိန်မှာ ဆေးလိပ်တိုလေး သောက်ရရင်တောင် ကံကောင်း..." ယွီဟွေးဖေးက ပြောရင်းနဲ့ ထိုင်ချလိုက်တယ်။
သူ အခု တကယ်ပဲ ပိုက်ဆံရှာချင်နေပြီ။ ဆလတ်ရွက်ရောင်းရင်လည်း ပိုက်ဆံရပေမယ့် တစ်ခါနှစ်ခါတော့ ဖြစ်တယ်။ အများကြီးရောင်းရင် တခြားလူတွေကို ဘယ်လိုရှင်းပြမလဲ။ ဒီနေရာက မြို့ကြီးပြကြီးလည်း မဟုတ်ဘူး။ အားလုံးက ရွာတစ်ရွာတည်းသားတွေ၊ တွေ့နေကျမြင်နေကျတွေ။ မင်းအိမ်မှာ မြေဘယ်လောက်ရှိလဲ၊ ဘာအခြေအနေရှိလဲဆိုတာ အားလုံးက သိနေကြတာ။
ယွီဟွေးဖေးက တစ်ခါပြီးတစ်ခါ ဟင်းသီးဟင်းရွက်တွေ ထုတ်ရောင်းနေပြီး အိမ်မှာလည်း ရာသီမဟုတ် စိုက်ပျိုးတဲ့ ဖန်လုံအိမ်လည်းမရှိတော့ ဒီဟင်းသီးဟင်းရွက်တွေ ဘယ်ကရတာလဲ။ ဒါက ပြဿနာပဲ။ အဲ့တော့ ယွီဟွေးဖေးက ဟင်းသီးဟင်းရွက်တွေ လုံးဝမရောင်းရဲတော့ဘူး။
"ယွီလေး... အပေါ်ကကောင်က မကြာသေးခင်က ကြည်တော်ဝင်ဆန်စေ့တချို့ ရထားတယ်၊ မင်းရော လိုချင်လား" မျက်ပြူးကြီးက ရုတ်တရက် မေးလိုက်တယ်။
"ကြည်တော်ဝင်ဆန်စေ့ ဟုတ်လား"
မျက်ပြူးကြီးက ခေါင်းညိတ်ပြီး "ဟုတ်တယ်... ကြည်တော်ဝင်ဆန်ပဲ။ ကြားရတာတော့ လင်ရှန်းတောင်ခြေကက ဘုန်းကြီးကျောင်းသား ဗုဒ္ဓသားတော်တွေစိုက်တဲ့ ဗုဒ္ဓစပါးတဲ့။ အရသာကတော့ ရှယ်ပဲ"
ယွီဟွေးဖေးက မေးစေ့ကို ပွတ်သပ်ပြီး "အထွက်နှုန်းရော ကောင်းလား"
သူအခု ကြည်တော်ဝင်ဆန်ရဲ့ အရသာကို လုံးဝစိတ်မဝင်စားဘူး၊ သူစိတ်ဝင်စားတာက အထွက်နှုန်းပဲ။ မတတ်နိုင်ဘူးလေ၊ အိမ်မှာ စားစရာကုန်တော့မှာကိုး။
မျက်ပြူးကြီးက "အထွက်နှုန်းကတော့ ကောင်းတာပေါ့၊ ဒါပေမဲ့ ဈေးကတော့ နည်းနည်းကြီးတယ်။ ဘာပဲဖြစ်ဖြစ်၊ သူကလည်း လက်ဆင့်ကမ်းအဆင့်ဆင့်နဲ့ ဝယ်လာတာကိုး။ ကြားရတာတော့ အားမကိုးရတဲ့ ဘုန်းကြီးငယ်လေးတစ်ပါးဆီက ရလာတာတဲ့... လင်ရှန်းတောင်က ဘုန်းကြီးယောင်ယောင်ကတုံးတွေ တော်တော်ကပ်စေးနှဲတာ မင်းမသိလို့။ သူတို့ပစ္စည်းတွေက အလွယ်တကူ အပြင်မရောက်ဘူး"
"အထွက်နှုန်းက အတိအကျ ဘယ်လောက်လဲ"
"ဒါကတော့... ပြောရခက်တယ်။ အဲ့ဒီမျိုးစေ့က အစစ်မဟုတ်ဘူး၊ အညံ့စားမဟုတ်ရင်လည်း မျိုးစပ်ထားတာ... ခန့်မှန်းခြေအားဖြင့် မျိုးစေ့တစ်စေ့က နှစ်ပေါင်သုံးပေါင်လောက်တော့ ထွက်မှာ သေချာတယ်"
ယွီဟွေးဖေး ကြားလိုက်တော့ အံ့ဩတကြီးနဲ့ "မျိုးစေ့တစ်စေ့က နှစ်ပေါင်သုံးပေါင်လောက် ထွက်တယ် ဟုတ်လား"
မျက်ပြူးကြီးက ခေါင်းညိတ်ပြီး "ဟုတ်တယ်လေ... ဘာဖြစ်လို့လဲ"
ယွီဟွေးဖေးက ဘာမှမပြောဘဲ နှစ်ရာကို ကမ်းပေးလိုက်ပြီး "ရော့... ကျုပ်ကို အိတ်လိုက်သာ ပေးတော့"
မျက်ပြူးကြီးက သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး "ထွီး... တော်စမ်းပါကွာ။ မင်းရဲ့ နှစ်ရာနဲ့ အိတ်လိုက် ဟုတ်လား။ ငါပြောမယ်... မင်း အများဆုံး နှစ်စေ့ပဲ ဝယ်လို့ရမယ်"
ဒါကို ယွီဟွေးဖေး ကြားလိုက်တော့ သူ့ကိုမျက်စောင်းတစ်ချက်ပြန်ထိုးပြီး "နှစ်စေ့နဲ့ ဘာလုပ်လို့ရမှာတုန်း"
"မင်း စိတ်မပူပါနဲ့ဟ။ ဒီမျိုးစေ့က အညံ့စား၊ အညံ့စားဆိုတာ နားလည်လား။ ငါမင်းကို ပြောဖူးတယ်၊ လင်ရှန်းတောင်က ကတုံးတွေက ကပ်စေးနှဲတယ်လို့။ သူတို့မျိုးစေ့တွေက အလွယ်တကူ အပြင်မထွက်ဘူး၊ ဖြန့်ဝေပေးတဲ့ မျိုးစေ့တွေတောင် ထပ်ပြီး မျိုးပွားလို့မရတဲ့ တစ်ခါသုံးတွေပဲ။ ဒါပေမဲ့ ဒါက အညံ့စား..."
ယွီဟွေးဖေး မျက်လုံးတွေ အရောင်တောက်လာပြီး "ဒါဆို"
မျက်ပြူးကြီးက ခေါင်းညိတ်ရင်း "ဟုတ်တယ်၊ ဒါက ထပ်ပြီး မျိုးပွားလို့ရတယ်။ ဆိုလိုတာက ဆန်ကို တိုက်ရိုက် မြေကြီးထဲ ပစ်ထည့်ပြီး ဆက်ထုတ်လို့ရတယ်"
ယွီဟွေးဖေး ချက်ချင်းဘဲ ရင်တွေဖိုးသိုးဖက်သက်ဖြစ်ပြီး စိတ်လှုပ်ရှားသွားတယ်။ ဒါက တကယ်ပဲ တစ်ကျပ်ရင်း သိန်းသောင်းချီ မြတ်မှာဟ။
သူအပိုဘာမှဆက်မပြောဘဲ တစ်ရာကို ပစ်ပေးလိုက်ပြီး "တစ်စေ့ယူလာခဲ့"
မျက်ပြူးကြီးက ယွီဟွေးဖေးလက်ထဲက တစ်ရာကို ကြည့်ပြီး "တစ်... တစ်စေ့တည်းလား။ နှစ်စေ့လုံး ဝယ်လိုက်ပါလားဟင်။ မတော်လို့ အဲ့ဒီတစ်စေ့ ပျောက်သွားရင်၊ ဒါမှမဟုတ် ပျက်စီးပြီး စိုက်လို့မရရင် ဘယ်လိုလုပ်မလဲ"
ယွီဟွေးဖေး စဉ်းစားကြည့်တော့လည်း ဟုတ်နေတာပဲ၊ မျက်လုံးပြူးကြီးကို နှစ်ရာပေးလိုက်ပြီး "ဒါဆို နှစ်စေ့ပေါ့"
မျက်ပြူးကြီးက ချက်ချင်း ပျော်ရွှင်စွာ သဘောတူပြီး ဘူးသီးထဲကို ဝင်သွားရော။ မကြာခင်မှာပဲ ဒီကောင်က ဆန်စေ့နှစ်စေ့ကို ကိုင်ပြီး ထွက်လာတယ်။ ယွီဟွေးဖေး လက်ထဲမှာ ယူကြည့်လိုက်တော့ ဒါက ရွှေဝါရောင်ဆန်၊ တစ်ချက်ကြည့်လိုက်ရင် ရွှေစေ့လေးတွေလိုပဲ။ ဒါပေမဲ့ သေချာကြည့်လိုက်ရင် ဒီရွှေရောင်က တကယ်ပဲ ရွှေရောင်သက်သက်ပဲ၊ ရွှေစင်မဟုတ်ဘူး။ နေရောင်ခြည်နဲ့ ထောင်ကြည့်လိုက်တော့ ဒီဆန်က နည်းနည်းကြည်လင်ပြီး ရွှေရောင်အလင်းတန်းတွေ ထွက်နေတာ။
"ယွီလေး... ဘာကြည့်နေတာလဲ။ မြန်မြန် သွားစိုက်တော့လေ" မျက်ပြူးကြီးက လောဆော်တိုက်တွန်းတော့ ယွီဟွေးဖေးကလည်း ခေါင်းညိတ်ပြီး ဆန်စေ့ကိုင်ပြီး ထွက်သွားတယ်။
ယွီဟွေးဖေး ထွက်သွားတော့ မျက်လုံးပြူးကြီးက ချက်ချင်း ဘူးသီးထဲ တရောသောပါးဝင်သွားပါလေကော။ မကြာခင်မှာပဲ မီးခိုးငွေ့တစ်တန်း ထွက်လာပြီး အရမ်းသက်တောင့်သက်သာဖြစ်နေတဲ့ အသံတစ်ချက်နဲ့ပေါ့။
"ကျုံးဟွာကမှ သောက်လို့ကောင်းတာ... ကံမကောင်းစွာနဲ့ သေမတတ် ဈေးဆစ်တာတောင် နောက်ဆုံးမှာ တစ်လိပ်ပဲ ပြန်ရတယ်။ အား... ယွီလေးရာ။ မင်း ဘယ်တော့မှ ချမ်းသာမှာလဲ..."
တတိယထပ်ကို တက်သွားပြီး ယွီဟွေးဖေးက နေရာတစ်ခုကို ချက်ချင်းရှာ၊ ဆန်စေ့နှစ်စေ့ကို မြှုပ်လိုက်တယ်။ ဒါပေမဲ့ ဆယ့်ငါးမိနစ်လောက် ကြာသွားတာတောင် အဲ့ဒီဆန်စေ့နှစ်စေ့က ဘာလှုပ်ရှားမှုမှ မရှိဘူး။
တစ်နာရီလောက် ကြာတော့လည်း ဘာလှုပ်ရှားမှုမှ မရှိတော့ ယွီဟွေးဖေး လုံးဝ မထိုင်နိုင်တော့ဘူး၊ ဆန်စေ့နှစ်စေ့ကို တူးထုတ်လိုက်တယ်၊ တကယ်ကို ဒီဆန်စေ့နှစ်စေ့က နည်းနည်းလေးမှ ကြီးထွားမယ့်ပုံ မရှိဘူး။
ယွီဟွေးဖေး ချက်ချင်း စိတ်မကျေမနပ်ဖြစ်သွားပြီး ဆန်ကိုင်ရင်း အောက်ကို ပြေးဆင်းသွားတယ်။
"မျက်ပြူးကြီး... ခင်ဗျား ထွက်ခဲ့စမ်း"
ယွီဟွေးဖေးက အသံကျယ်ကျယ်နဲ့ အော်လိုက်တော့ မျက်ပြူးကြီး ချက်ချင်း ခုန်ထွက်လာလေရော။
"ဘာလုပ်မလို့လဲ"
အခြေအနေကို ပြောပြလိုက်တော့ မျက်ပြူးကြီးက ကပ်ကြည့်ကာ "ဒီမျိုးစေ့ကတော့ သေချာပေါက် ပြဿနာမရှိဘူး။ ဘာပဲဖြစ်ဖြစ် ငါ့ကို မျိုးစေ့ရောင်းတဲ့ကောင်က ဂုဏ်သိက္ခာ တော်တော်ကောင်းတယ်။ မျိုးစေ့မှာ ပြဿနာမရှိဘဲ မကြီးထွားဘူးဆိုရင် ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတယ်"
"ဘာဖြစ်နိုင်ခြေလဲ"
"ဒါ အောက်ဆီဂျင်မူးနေတာ"
ယွီဟွေးဖေးက တစ်ချက်တည်းနဲ့ မျက်ပြူးကြီးကို ဖမ်းပြီး တရစပ် လှုပ်ရမ်းကာ "အောက်ဆီဂျင်မူးတယ် ဟုတ်လား။ ဒါ အောက်ဆီဂျင်ပြတ်နေတယ်လို့ ခင်ဗျား ဘာလို့မပြောတာလဲ။ ခွေးမသား... ကျုပ်ပိုက်ဆံကို လိမ်တာလား။ ပိုက်ဆံပြန်ပေး"
"မလုပ်နဲ့... မလုပ်နဲ့... မလှုပ်နဲ့တော့၊ ငါ မင်းကို မလိမ်ပါဘူး"
မျက်ပြူးကြီးက အဆက်မပြတ်အော်နေတော့ ယွီဟွေးဖေး စိုက်ကြည့်ရင်း ထပ်ပြောလေရဲ့။
"ဒါ အောက်ဆီဂျင်မူးတာလား၊ အောက်ဆီဂျင်ပြတ်တာလား ကျုပ်ဂရုမစိုက်ဘူး၊ အတိုချုပ်ပြောရရင် ဒါ ဒီနေ့ အမြစ်မထွက်၊ အညှောင့်မပေါက်၊ ဆန်မသီးရင် ဒီနေ့ ခင်ဗျားကို အိုးထဲထည့်ပြီး ချက်စားပစ်မယ်။ ပြီးတော့ ဒီလရဲ့ အကဲဖြတ်မှုမှာ သေချာပေါက် အဆင့်နိမ့်ပေးမယ်"
မျက်ပြူးကြီးက နှုတ်ခမ်းကိုသပ်ပြီး "ယွီလေးရယ်... စိတ်မပူပါနဲ့။ ငါပြောတာ အမှန်ပါဟ။ ငါထင်တာတော့ ဒါက အညံ့စားဖြစ်လို့ လောကဓာတ် နတ်စွမ်းအင်တွေ အများကြီး မစုပ်ယူနိုင်တာ ဖြစ်မယ်။ လောကဓာတ်စွမ်းအင်တွေ အရမ်းများတော့ ပြန်ပြီး မကြီးထွားတော့တာ... မဟုတ်ရင် သူတို့ကလည်း ရောင်းမှာမဟုတ်ဘူး"