ခွေးစာ
Vol. 8 Ch. 117
"ပြီးတော့ရော"
"ပြီးတော့... မင်း အပြင်မှာ မြှုပ်ကြည့်လိုက်။ အပြင်မှာ မဖြစ်ရင်တော့ မင်း တတိယထပ်က လောကဓာတ်စွမ်းအင်ပါဝင်မှုကို လျှော့ချဖို့ နည်းလမ်းရှာရတော့မယ်၊ မဟုတ်ရင် ဒီကောင်က တကယ်ပဲ ကြီးထွားလာမှာမဟုတ်ဘူး။" မျက်ပြူးကြီးက ပြောတယ်။
ယွီဟွေးဖေးက သူ့ကို ဒေါသတကြီး စိုက်ကြည့်ပြီး "ဒါသာ ကြီးမထွားလာရင် ငါ မင်းကို မြေကြီးထဲ စိုက်ပစ်မယ်" ပြောပြီးတော့ မြေကွက်တစ်ခုကို ရှာပြီး တွင်းတူး၊ မျိုးစေ့ကို ပစ်ထည့်၊ မြေကြီးဖုံး၊ ရေလောင်း။ ဒီလိုနဲ့ တစ်မနက်လုံး စောင့်လိုက်တာ၊ မျိုးစေ့ကတော့ နည်းနည်းလေးမှ လှုပ်ရှားမှုမရှိဘူး။
မျက်ပြူးကြီးက ဒါကိုတွေ့တော့ နည်းနည်းစိတ်မလုံမလဲ ဖြစ်လာပြီး ယွီဟွေးဖေး မမေးခင်မှာပဲ အမြန်အော်လိုက်လေရဲ့။
"ငါ သွားမေးလိုက်ဦးမယ်" ပြောပြီးတော့ ဒီကောင်က ဝါကျင့်ကျင့် ဘူးသီးထဲ ဝင်သွားပြီး မကြာခင်မှာပဲ သူ ထပ်ထွက်လာတယ်။
"သေချာသွားပြီ၊ ဒီမျိုးစေ့မှာ ပြဿနာမရှိဘူး။ ဒါပေမဲ့ မင်း လောကဓာတ်စွမ်းအင်ပါဝင်မှုကို လျှော့ချရမယ်၊ ဒါကြောင့်... မင်း ကိုယ့်ဘာသာကိုယ် နည်းလမ်းရှာရတော့မယ်"
ယွီဟွေးဖေး ကြားလိုက်တော့ တကယ်ပဲ လက်ဆန့်ပြီး ဒီကောင်ကို လည်ပင်းညှစ်သတ်လိုက်ချင်တယ်။
ဒါပေမဲ့ ဒီကောင်က ဘူးသီးခြောက်ထဲ ပြေးဝင်သွားပြီး သေတောင်မထွက်တော့ဘူး။
"မင်း ထွက်ခဲ့စမ်း"
"မထွက်ဘူး" မျက်ပြူးကြီးက အရမ်းကြောက်တဲ့အသံနဲ့ အော်ပါလေရော။
"မင်း မထွက်ရင် ငါ အထဲကို သေးပန်းပစ်မယ်" ယွီဟွေးဖေးက ပြောရင်းနဲ့ ဘောင်းဘီချွတ်မလို့ လုပ်တယ်။ မျက်လုံးပြူးကြီးကလည်း မကြောက်ဘဲ ပြန်အော်တာပေါ့။
“ပန်းရဲရင် ပန်းလိုက်စမ်းဘာ... နတ်သတ်ဓားပျံဆိုတာ ဘာမှန်းသိသွားစေရမယ်”
ယွီဟွေးဖေး ချက်ချင်းပဲ ဒေါသထွက်ပြီး ခြေထောက်ဆောင့်နေမိပေမဲ့ ချက်ချင်းပဲ သူ ပြုံးလိုက်ရော။ ပြီးတာနဲ့ အဲ့ဒီဝါကျင့်ကျင့် ဘူးသီးခြောက်ကို ယူပြီး မြစ်ကမ်းနားမှာ နေပူစာလှုံပြီး သူများငါးမျှားတာကို ကြည့်နေတဲ့ ရှောင်ထျန်းချန်ဆီကို သယ်သွားလိုက်တယ်။
"ဘာလုပ်မလို့လဲ"
ရှောင်ထျန်းချန်က ယွီဟွေးဖေးကို ကြည့်ပြီး မေးတော့ ဘူးသီးခြောက်ကို ပစ်ပေးလိုက်ကော။
"ခင်ဗျားအတွက် သေးအိုး"
ရှောင်ထျန်းချန်က အဲ့ဒီဘူးသီးခြောက်ကို တစ်ချက်ကြည့်ပြီး "မင်းသုံးတဲ့ဟာလား။ ဒီအပေါက်က ကျဉ်းလွန်းတယ် မဟုတ်လား"
ယွီဟွေးဖေး ဒေါသထွက်ပြီး ရှောင်ထျန်းချန်ကို ဘူးသီးခြောက်နဲ့ တစ်ချက်လောက် ရိုက်လိုက်ချင်စိတ် ပေါက်သွားတယ်။ ဒါပေမဲ့ ရှောင်ထျန်းချန်က ချက်ချင်းပဲ "ဒါပေမဲ့ မင်းက မင်းရဲ့ ခွေးအစ်ကိုကြီးကို ကန်တော့တာဆိုတော့ ဒီသေးအိုးကို ငါ လက်ခံလိုက်မယ်။ ဟေ့... ဒီဟာက ဘယ်လိုလုပ် ဒီလောက်ရင်းနှီးနေရတာလဲ။ ငါတို့အိမ်က အဲ့ဒီဘူးသီးခြောက်နဲ့ တူနေသလိုပဲ"
"အဲ့ဒါပဲ... ယူမလား၊ မယူဘူးလား"
ချက်ချင်းပဲ မျက်ပြူးကြီးက ဘူးသီးခြောက်ထဲကနေ အော်ပါလေရော။ "သေနာကျခွေး... မင်း လုပ်ရဲလား"
ရှောင်ထျန်းချန်က ဘယ်လိုစိတ်ဓာတ်မျိုးလဲ။ ဒီစကားကြားလိုက်တာနဲ့ ချက်ချင်း ခုန်ထပြီး "ခွေးမသား၊ မင်းလို ဘူးသီးခြောက်ပေါက်စကောင်က ငါကိုယ်တော်ခွေးကို ဒီလို ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတယ်ပေါ့။ ဒီနေ့ မင်းကို သေးမပန်းရဲရင် ငါ မင်းမျိုးရိုးနမည်နဲ့နေလိုက်မယ်"
"မင်းဘောကို ဖြတ်ပစ်မယ်ဆိုတာ ယုံလား" မျက်ပြူးကြီးက ခြိမ်းခြောက်လိုက်ပေမယ့် ပြန်ရလိုက်တာကတော့ ရှောင်ထျန်းချန်က ဟက်ဟက်ပက်ပက် ရယ်သံပဲ။
"ငါအောက်ဘုံကို အနှင်ခံလိုက်ရပေမယ့် စွမ်းရည်ကတော့ ရှိသေးတယ်ကွ။ မင်း ကြိုက်သလောက် ဖြတ်စမ်း၊ ငါ မင်းတစ်ကိုယ်လုံး သေးပန်းပစ်မယ်"
ယွီဟွေးဖေးက ဒီကောင်နှစ်ကောင် ရန်ဖြစ်နေတာကို ကြည့်ပြီး စိတ်အေးသွားပြီး လှည့်ထွက်လာတာပေါ့။ မကြာခင်မှာပဲ နောက်ကနေ မျက်ပြူးကြီးရဲ့ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရရော။
"ခွေးမသား... မင်း တကယ် သေးပန်းတယ်လား"
ပြီးတော့ ရှောင်ထျန်းချန်ရဲ့ ညည်းတွားသံကို ကြားလိုက်ရတယ်။ "မအေဘေး... မင်း တကယ်ဖြတ်တယ်ပေါ့လေ"
...
ယွီဟွေးဖေးက ခေါင်းခါလိုက်တယ်။ သူ တကယ်ပဲ ဒီကောင်နှစ်ကောင်ကို လုံးဝအရှုံးပေးလိုက်ပြီ
အပြန်လမ်းမှာ ယွီဟွေးဖေးက စုန့်လောင်အာကို တွေ့လိုက်တယ်၊ ဒီကောင်က သူ့ဆိုင်ကယ်ကို တွန်းပြီး လမ်းပေါ်မှာ လျှောက်နေတာ။
သူက အဲ့ဒီဆိုင်ကယ်ကို ကြည့်ပြီး မျက်လုံးတွေ ချက်ချင်း အရောင်တောက်လာပြီး ကပ်သွားရင်း "အစ်ကိုစုန့်၊ ခင်ဗျား ဒါ ဘယ်ကပြန်လာတာလဲ"
စုန့်လောင်အာက လှည့်ကြည့်လိုက်တော့ ယွီဟွေးဖေးကိုတွေ့တာမို့ ချက်ချင်းပြုံးကာ "ငါလား... လယ်ထဲကနေ ခုနကမှ ပြန်လာတာလေ။ ဘာလဲ... ကိစ္စရှိလို့လား"
"အစ်ကိုကြီးရဲ့ ဆိုင်ကယ်ကို ခဏငှားသုံးလို့ရမလား"
စုန့်လောင်အာက ခေါင်းကုတ်ပြီး "ငှားတာတော့ ပြဿနာမရှိဘူး၊ ဒါပေမဲ့ ဒီဆိုင်ကယ်က ပျက်နေတာ။ စက်နှိုးလို့ရပေမယ့် မောင်းလို့မရဘဲ မီးခိုးတွေပဲ ထွက်နေတယ်လေ"
ယွီဟွေးဖေး ကြားလိုက်တော့ ပိုပြီး ပျော်သွားတယ်။ "မီးခိုးထွက်တဲ့ အားသာချက်ကိုပဲ ကြိုက်တာ၊ ဘယ်လိုလဲ။ ခဏငှားသုံးလို့ရမလား"
"ရတယ်လေ... မင်း တွန်းသွားလိုက်ပေါ့။ နောက်မှ ငါ့ဆီ ပြန်ပို့ပေးရင် ရပြီ" စုန့်လောင်အာကလည်း တော်တော်သဘောကောင်းတယ်၊ ဘာပဲဖြစ်ဖြစ် အရင်က နောက်တောင်မှာ ယွီဟွေးဖေးက သူ့အသက်ကို ကယ်ခဲ့တာကိုး။ ဒီလောက်အကူအညီလေးတော့ ပေးချင်တာပေါ့။
ယွီဟွေးဖေးကလည်း အားမနာဘဲ ဆိုင်ကယ်ကို တွန်းပြီး အိမ်ပြန်သွားတော့တာပဲ။ အိမ်ပြန်ရောက်တာနဲ့ နောက်ဖေးခြံထဲ တန်းဝင်သွားပြီး ယွီဟွေးဖေးက ချက်ချင်းအော်ပါလေရော။
"ကိုနွားကြီး၊ ကိုနွားကြီး"
နွားခေါင်းက အိမ်ထဲကနေ ခေါင်းပြူထွက်လာပြီး "ဘာတုန်း"
"ကိုနွားကြီး... ကူညီပါဦး။ ဒီကောင်ကို တတိယထပ်ကို မပေး။ ကျုပ် မနိုင်ဘူး"
နွားခေါင်းက ယွီဟွေးဖေးရဲ့ အဲ့ဒီဆိုင်ကယ်အစုတ်ကို တစ်ချက်ကြည့်ပြီး မနှစ်မြို့တဲ့ပုံစံနဲ့ "မင်း ဘယ်ကနေ ဒီလို အစုတ်ပလုတ်ကို ကောက်လာတာလဲ"
"စကားမများနဲ့... ဒီပစ္စည်းက ကြည့်ရင်သာ စုတ်နေပေမယ့် နောက်ကျရင် ခင်ဗျားဘိုးဘေးလို ကိုးကွယ်ရမှာ"
နွားခေါင်းက နှုတ်ခမ်းမဲ့ပြီး "ငါ့ဘိုးဘေး ဟုတ်လား... မြင်းမျက်နှာရဲ့ ဘိုးဘေးဆိုရင်တော့ ဖြစ်နိုင်သေးတယ်"
စကားပြောနေရင်းနဲ့ နွားခေါင်းက လျှောက်လာတော့ ယွီဟွေးဖေးကလည်း ခါးကိုင်း၊ နောက်ကို လက်နှစ်ဖက်နဲ့ ထောက်ပြီး "တစ်၊ နှစ်၊ သုံး ရေရင် အတူတူ အားစိုက်... အဲ..."
ယွီဟွေးဖေး စကားမဆုံးခင်မှာပဲ နွားခေါင်းက လက်တစ်ဖက်နဲ့ အဲ့ဒီဆိုင်ကယ်ကို မလိုက်တယ်။ ဂုန်နီအိတ်ထမ်းသလိုပဲ တန်းခနဲ ပခုံးပေါ်ထမ်းလိုက်ပြီး မျက်လုံးစွေစွေနဲ့ ယွီဟွေးဖေးကို အရမ်းကို မထီမဲ့မြင်နဲ့ ကြည့်နေလေရော။
"တတိယထပ်ကို ထမ်းသွားရမှာ ဟုတ်လား"
ယွီဟွေးဖေးက ခါးခါးသီးသီး ပြုံးလိုက်မိလေရဲ့။ နွားခေါင်းရဲ့ အားအင်ကြီးမားတာကို သူမေ့သွားတာကိုး။ သူ ဆိုင်ကယ်ပေါ်တတ်စီးနေရင်တောင် နွားခေါင်းက လက်တစ်ဖက်နဲ့ မပြီး လျှောက်သွားနိုင်လောက်တယ်။
တတိယထပ်ကို တက်သွားတော့ ယွီဟွေးဖေးက ထောင့်တစ်နေရာကို ရှာပြီး ဆိုင်ကယ်ကို ခြေနဲ့တစ်ချက်ကန်ပြီး စက်နှိုးလိုက်တယ်။ တဒုတ်ဒုတ်နဲ့ အင်ဂျင်သံ ထွက်လာပြီး ဆိုင်ကယ်ရဲ့ အိတ်ဇောပိုက်ကနေ မီးခိုးမည်းတွေ တလိမ့်လိမ့် ထွက်လာရော။
နွားခေါင်းက ချက်ချင်းပဲ နောက်ဆုတ်သွားပြီး လက်ဝှေ့ယမ်းကာ "ဒါ ဘာအနံ့ကြီးလဲ။ နံလိုက်တာ"
ယွီဟွေးဖေးက သူ့ကို ဂရုမစိုက်ဘဲ မျိုးစေ့ကို အိတ်ဇောပိုက်နဲ့ တည့်တည့်တိုးတဲ့ မြေကြီးထဲမှာ မြှုပ်လိုက်တယ်၊ ကျန်တာကတော့ စောင့်နေရုံပဲ။
ဒီတစ်ခါတော့ မျိုးစေ့က နောက်ဆုံးတော့ တုံ့ပြန်မှုရှိလာတယ်။ မြေကြီးက မြန်မြန် ဖောင်းကြွလာတဲ့အပြင် အညှောင့်နုလေးတစ်ပင် ထွက်လာသလို မြန်မြန်ကြီးထွားလာပြီး တစ်နာရီလောက်ကြာတော့ တစ်မီတာလောက် မြင့်လာကော။
အပေါ်က အနှံတွေက အကြီးကြီးတွေ ဖြစ်လာပြီး ပြည့်တင်းတဲ့ ဆန်စေ့တွေက မြန်မြန် ကြီးထွားလာတာကိုကြည့်ရင်း ယွီဟွေးဖေးရဲ့ မျက်လုံးတွေတောင် ပြူးကျယ်သွားတဲ့အထိပဲ။ နှစ်နာရီလောက်ကြာတော့ ကြည်တော်ဝင်ဆန်က လုံးဝ ကြီးထွားရင့်မှည့်သွားပြီး ရွှေဝါရောင် ဖြစ်သွားတယ်။ နောက်ဆုံးမှာတော့ လေတစ်ချက်တိုက်လိုက်တော့ ယိမ်းထိုးပြီး အပေါ်က ဆန်စေ့တွေက မြေပေါ်ကို တဖွဲဖွဲ ကျလာပြီလေ။
ဒါကိုတွေ့တော့ နွားခေါင်းက အံ့ဩတကြီးနဲ့ "ဒါ... ဒါ ဗုဒ္ဓကြည်တော်ဝင်ဆန် မဟုတ်လား"
"ကိုနွားကြီး ဒါကို သိလို့လား"
နွားခေါင်းက "ငရဲပြည်မှာရှိတဲ့ အဲ့ဒီကတုံးက ဒါနဲ့ ခွေးကျွေးတာကို တွေ့ဖူးတယ်"
ဖင်ကုန်းရင်း အဲ့ဒီမှာ သတိထားပြီး ရတနာကောက်သလို ကောက်နေတဲ့ ယွီဟွေးဖေးက ဒီစကားကြားလိုက်တော့ ယိုင်သွားပြီး မြေပေါ်ကို ခေါင်းစိုက်ကျတော့မလို ဖြစ်သွားကော။ စိတ်ထဲမှာတော့ ‘ခွေးမသား မျက်ပြူးကြီး၊ မင်း ဒါ ငါ့ကို ခွေးကျွေးသလို ကျွေးနေတာလား’
နွားခေါင်းက ယွီဟွေးဖေးရဲ့ ဒီပုံစံကို ကြည့်ပြီး ခေါင်းကုတ်ကာ "တကယ်တော့ ဒါကို ခွေးလို့ ပြောလို့မရလောက်ဘူး။ ဘာပဲဖြစ်ဖြစ်... ဟိုဂတုံးရဲ့ နားသောက်ရမ်းပါးတဲ့ တိထင်သတ္တဝါကလည်း နတ်သားရဲတစ်ပါးပဲလေ"
ယွီဟွေးဖေး ဒီစကားကြားလိုက်တော့ စိတ်ထဲမှာ နည်းနည်းသက်သာသွားတယ်။ ဒါက တိထင် နတ်သားရဲတစ်ပါး စားတဲ့ဟာပဲလေ။ အဆင့်အတန်းအရ ပြောရရင် သာမန်လူတွေထက် အများကြီး မြင့်တယ်။ ဒီကောင်စားတဲ့ ဆန်ကို ယွီဟွေးဖေးလည်း စားတယ်ဆိုတာကလည်း သိပ်မနစ်နာပါဘူးလေ။
အဲ့ဒီဆန်တွေကို သိမ်းဆည်းပြီးတော့ ယွီဟွေးဖေးက ချိန်ကြည့်လိုက်တော့ တကယ်ပဲ နှစ်ပေါင်သုံးပေါင်လောက် ရှိတယ်။
ကြည်တော်ဝင်ဆန်စေ့တွေက သာမန် အရှေ့မြောက်ပိုင်းဆန်ထက် ပိုကြီးပြီး တစ်ခုလုံး ရွှေဝါရောင်နဲ့ နည်းနည်းကြည်လင်နေသားပဲ။