← Chapters

ဖွန်ကြောင်ခြင်း

Vol. 8 Ch. 119

ဖွန်ကြောင်ခြင်း

Vol. 8 Ch. 119

ယွီဟွေးဖေးက သူတို့ကို အဖက်မလုပ်ဘဲ ကင်မ်ချီတစ်ဖတ်ကို ညှပ်ပြီး ပါးစပ်ထဲထည့်လိုက်တယ်။

ချက်ချင်းပဲ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ပန်းသီး၊ သစ်တော်သီး စတဲ့ အရသာမျိုးစုံ ရောနှောထားတဲ့ ထူးခြားတဲ့ မွှေးရနံ့က ပါးစပ်ထဲမှာ ပြည့်လျှံသွားကော။

ပြီးတော့ ဒီမုန်ညင်းက နှင်းကျတဲ့အချိန်တုန်းက ဝယ်ထားတာ။ နှင်းခဲကပ်တဲ့ မုန်ညင်းက အချိုဆုံးပဲဆိုတော့ လုပ်ထားတဲ့ ကင်မ်ချီရဲ့ အရသာကလည်း အထွတ်အထိပ်ကို ရောက်နေတော့တာပေါ့။

ယွီဟွေးဖေးရဲ့ မျက်ခုံးတွေက ထိန်းမနိုင်သိမ်းမရနဲ့ လှုပ်ခါသွားပြီး ထမင်းသုံးလုတ်လောက် ဆက်တိုက် ခပ်စား။ ပြီးတော့ တခြားလူတွေကို ဘာမှမပြောဘဲ ခေါင်းငုံ့ပြီး ကင်မ်ချီကို အဆက်မပြတ် ညှပ်၊ တစ်ပြိုင်နက်တည်းမှာပဲ ထမင်းကို အားရပါးရ စားနေတော့တယ်။

လူတွေက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်။ နောက်ဆုံးမှာတော့ ချွေ့ကျွယ်က အရင်ဆုံး ကင်မ်ချီတစ်ဖတ်ကို ညှပ်ပြီး ပါးစပ်ထဲထည့်၊ ပြီးတော့ အေးစက်စက် ဟွန်းခနဲနှာမှုတ်ရင်း ထမင်းသုံးလုတ် ဆက်တိုက် စားလိုက်တယ်။

"အရသာ ဘယ်လိုလဲ ဘိုးတော်ချွေ့"

မြင်းမျက်နှာက စပ်စုလိုက်တော့ ချွေ့ကျွယ်ကလည်း ခေါင်းခါပြီး "သာမန်ပဲ၊ အရမ်းစပ်ပြီး ငန်တယ်၊ မကောင်းဘူး၊ ဆားထည့်ထားတဲ့ မြက်လိုပဲ"

စကားပြောနေရင်းနဲ့ ချွေ့ကျွယ်က အမြန် တူနဲ့ကင်မ်ချီအများကြီးကို သူ့ပန်းကန်ထဲ ညှပ်ထည့်လိုက်တယ်။ ဒီမြင်ကွင်းကို မြင်တော့ အားလုံးက အရူးတွေမဟုတ်ဘူး၊ ချက်ချင်းပဲ အခြေအနေ နည်းနည်းမမှန်တော့မှန်း သိသွားကြပြီ။

"ငါ မြည်းကြည့်မယ်" နွားခေါင်းကလည်း တန်းတန်းမတ်မတ်ပဲ တူနဲ့ ညှပ်ပြီး စားကြည့်တာပေါ့။

"မင်း ငါတို့ကို လိမ်တာပဲ ဘိုးတော်ချွေ့။ ဒါ ပြောတာထက်တောင် ဆိုးနေသေးတယ်"

နွားခေါင်းရဲ့ အော်သံကြောင့် တူဆန့်ထားပြီးသား မြင်းမျက်နှာက ရပ်တန့်သွားတယ်။ သူ ကြောင်နေတဲ့ တစ်ခဏမှာ နွားခေါင်း၊ ချွေ့ကျွယ်နဲ့ ယွီဟွေးဖေးတို့က တစ်ပြိုင်နက်တည်း လက်လှမ်းပြီး ပန်းကန်ထဲက ကင်မ်ချီတစ်ဝက်ကျော်ကို အမြန်လုယူသွားကြရော။

"သောက်ကျိုးနည်း... လိမ်ခံရပဟ"

လူတွေအားလုံး တစ်ပြိုင်နက်တည်း အော်ဟစ်ပြီး လုကြတယ်။ ကံမကောင်းစွာနဲ့ ယွီဟွေးဖေး၊ နွားခေါင်းနဲ့ ချွေ့ကျွယ်တို့က ဒုတိယအချီ တိုက်ခိုက်မှု စတင်နေပြီ။ သူတို့က အမြန် ပါဝင်တိုက်ခိုက်ကြတယ်၊ တိုက်ပွဲတစ်ပွဲ ပြီးသွားတော့... ယွီဟွေးဖေး၊ ချွေ့ကျွယ်၊ နွားခေါင်းတို့က ကင်မ်ချီအပြည့်နဲ့ ပန်းကန်ကို ပိုက်ပြီး စားပွဲကနေ ထွက်သွားကာ လူမရှိတဲ့ နေရာတစ်ခုကို ရှာပြီး စားကြတော့တယ်။

စားပွဲပေါ်မှာတော့ သရဲဖြူ၊ သရဲနက်နဲ့ မြင်းမျက်နှာတို့က အခုအချိန်မှာ ကင်မ်ချီနည်းနည်းလေး စားလိုက်ရပြီ။ ဒါပေမဲ့ စားပြီးတော့ ကိုယ့်ပန်းကန်ထဲက သနားစရာကောင်းလောက်အောင် နည်းလှတဲ့ အဖတ်လေးကို ကြည့်ပြီး တစ်ယောက်ပြီးတစ်ယောက် အော်ကြပါလေရော။

"မင်းတို့ အရမ်းလွန်သွားပြီ။ ငါတို့ ပြန်ခွဲပေးဖို့ တောင်းဆိုတယ်"

ပြီးတော့ ဒီကောင်သုံးကောင်က ပန်းကန်ကိုင်ပြီး ယွီဟွေးဖေး၊ နွားခေါင်းနဲ့ ချွေ့ကျွယ်တို့ကို လိုက်ဖမ်းတော့တယ်။ နောက်ဆုံးရလဒ်ကတော့ ယွီဟွေးဖေးက အိုးကို ထပ်ဖွင့်ပြီး ကင်မ်ချီအသစ်စက်စက် နှစ်ခုကို ထုတ်ပေးလိုက်မှ လူတွေရဲ့ အာသာငမ်းငမ်းဖြစ်မှုကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။

စားသောက်ပြီးတော့ အားလုံးက အဲ့ဒီမှာ ထိုင်ပြီး မျက်စိရှေ့က အဲ့ဒီအိုးကြီးကို စိုက်ကြည့်နေကြရင်း

နွားခေါင်းက စကားစပါလေရော။ "ယွီလေးရယ်..."

ယွီဟွေးဖေးက လေချဉ်တက်ပြီး "ဘာလုပ်မလို့လဲ"

"အဲ... မင်း အားရင် လျိုရှင်းနဲ့ များများဆက်သွယ်လိုက်"

မြင်းမျက်နှာကလည်း "ဟုတ်တယ်၊ ဟုတ်တယ်... အဲ့ကောင်မလေးကို ဘာတွေအလုပ်များနေလဲ မေးလိုက်ပါဦး။ အားရင် ငါတို့ဆီ အလကားတည်းလို့ရတယ်ပေါ့"

သရဲဖြူ၊ သရဲနက်က လိုက်ပြီး ခေါင်းညိတ်တယ်။ "ဟုတ်တယ်၊ ဟုတ်တယ်... အလကား။ ပြီးတော့ ငါတို့အောက်ခန်းထဲမှာ အိုးတွေ၊ ခွက်တွေ အများကြီး ရှိသေးတယ်၊ သူမ အားလုံး ယူသုံးလို့ရတယ်"

ယွီဟွေးဖေးက သူတို့ကို မျက်စောင်းတစ်ချက်ထိုးပြီး "ခင်ဗျားတို့ရဲ့ အဲ့ဒီအဆင့်အတန်းကို ကြည့်ပါဦး။ တစ်ယောက်ပြီးတစ်ယောက် သူများလက်ရာကိုပဲ တောင့်တနေကြတယ်"

ရှောင်ထျန်းချန်က ဟက်ဟက်ပက်ပက် ရယ်ပြီး "ဟုတ်တယ်... ငါတို့က သူမလက်ရာကိုပဲ တောင့်တတာ။ ပြဿနာက... ငါတို့သာ သူ့ကိုယ်ခန္ဓာကိုတောင့်တရင် မင်း သဘောတူမှာလား"

"အရှက်မရှိလိုက်တာကွာ" ယွီဟွေးဖေးက ခြေနဲ့တစ်ချက် ကန်လိုက်ပေမယ့် ရှောင်ထျန်းချန်က အလိုက်သင့် ရှောင်တိမ်းပြီး ဟွန်းခနဲ နှာမှုတ်ရင်း ပြောပါလေရော။

"ငါတို့က အများဆုံးတော့ စားစရာနည်းနည်းပဲ တောင့်တတာ၊ မင်းကတော့ သူမကိုယ်ကို တောင့်တတယ်၊ မင်းပြောကြည့်လေ... ငါတို့ထဲမှာ ဘယ်သူက အရှက်မရှိတာလဲ"

သောက်ကျိုးနည်း... ခွေးတစ်ကောင်က သူ့ကိုစကားမပြောနိုင်အောင်လုပ်သွားတယ်။ နောက်ဆုံးမှာတော့ ယွီဟွေးဖေးက ငရဲပြည်က ငရဲတမန်တစ်အုပ်နဲ့ ခွေးတစ်ကောင်က ဖိအားပေးလို့ လျိုရှင်းကို WeChat ပို့ဖို့ လုပ်လိုက်ရရော။

ယွီဟွေးဖေး အသေအလဲစဉ်းစားပြီး နောက်ဆုံးမှာတော့ "အားလား" ဆိုတဲ့ စာတစ်ကြောင်း ပို့လိုက်တယ်။

လူတွေက ဒါကိုမြင်တော့ သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး "မင်း ဝက်လား"

လျိုရှင်းက မရှိဘူးထင်ပါ့။ စာမပြန်ဘူး။

ယွီဟွေးဖေးက လက်ဖြန့်ပြပြီး "သူမရှိဘူး... ဒါဆိုရင်တော့ မတတ်နိုင်တော့ဘူး။ ကောင်းပြီ... ကောင်းပြီ။ ကျုပ်ကို ဝိုင်းမနေကြနဲ့... လူစုခွဲကြတော့။ လုပ်စရာရှိတာ သွားလုပ်ကြတော့"

စကားပြောနေရင်းနဲ့ ယွီဟွေးဖေးက သရဲဖြူ၊ သရဲနက်ကို စားပွဲသိမ်းခိုင်းပြီး သူကိုယ်တိုင်ကတော့ အခန်းထဲ အိပ်ဖို့ ပြန်သွားတယ်။

အိပ်မက်ထဲမှာ တစ်ယောက်ယောက်က မကောင်းဆိုးဝါးလို ရယ်နေပြီး တစ်ခုခုပြောနေသလို မသဲမကွဲ ကြားနေရရော။ သေချာနားထောင်ကြည့်တော့ တစ်ယောက်ယောက်က စိတ်လှုပ်ရှားစွာနဲ့ ပြောနေတာကြားလိုက်ရတယ်။

"စာပြန်ပြီ၊ စာပြန်ပြီ... သူမက ငါတို့ကို မအိပ်သေးဘူးလားလို့ မေးတယ်၊ ငါတို့ ဘယ်လိုစာပြန်ရမလဲ"

"လွမ်းလို့ အိပ်မပျော်ဘူးလို့ ပြောလိုက်"

"ဒါ အရမ်းရိုင်းတယ် မဟုတ်လား။ ယွီလေးသာ သိရင် ငါတို့ကို သတ်ပစ်လောက်တယ်"

"ဘာကြောက်စရာလိုလို့လဲ။ သူက ငါတို့ကို နိုင်တာမှ မဟုတ်တာ။"

"ဟုတ်သားပဲ..."

ယွီဟွေးဖေး ဒါတွေကိုကြားလိုက်တော့ ဆံပင်တွေတောင် ထောင်သွားပြီး ရုတ်တရက် ဖျတ်ခနဲလန့်နိုးသွားရော။ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်တော့ လက ကောင်းကင်အလယ်မှာ ရောက်နေပြီ။ ညသန်းခေါင်ရောက်နေပြီဆိုတာ ရှင်းရှင်းလင်းလင်းပဲ။

ဒီအချိန်က တတိယထပ်ကို တရားထိုင် ကျင့်ကြံဖို့ သွားရမယ့်အချိန်။ ယွီဟွေးဖေးက အမြန် သူ့ဖုန်းကို စမ်းကြည့်လိုက်ပေမဲ့ ဖုန်းက မရှိဘူး။ အဲ့တော့ အမြန်ထပြီး ကုတင်ပေါ်၊ ကုတင်အောက် အကုန်လှန်ရှာတယ်၊ ဖုန်းအရိပ်အယောင်တောင် မတွေ့ဘူး။

တစ်ပြိုင်နက်တည်းမှာပဲ ယွီဟွေးဖေးက အောက်ထပ်ကနေ ဟီးဟီးဟီးနဲ့ မကောင်းဆိုးဝါးလို ရယ်သံအနည်းငယ် ကြားလိုက်ရတော့ အိပ်မက်ထဲမှာ ကြားခဲ့တဲ့ အသံကို သတိရသွားကော။ နဖူးပေါ်ကတောင် ချွေးအေးတွေ တဖွဲဖွဲကျလာပြီ။ စိတ်ထဲမှာတော့ ‘သေစမ်း... ဒီကောင်တွေ တကယ်ကြီး လျှောက်လုပ်နေကြတာလား’

ဒီအထိ စဉ်းစားမိတော့ ယွီဟွေးဖေးက အမြန် ပြေးထွက်သွားတယ်။ ခြံထဲရောက်တော့ ဒီကောင်တွေက စားပွဲသေးသေးလေးတစ်လုံးဘေးမှာ ဝိုင်းပြီး ဖုန်းတစ်လုံးကို ကြည့်ပြီး မကောင်းဆိုးဝါးလို ရယ်နေကြလေရဲ့။ လှုပ်ရှားမှုကို ကြားတော့ ခေါင်းတောင်မလှည့်ဘဲ ခြေကုန်သုတ်ပြီး ပြေးကြပြီး

ဒုန်းဒုန်းနဲ့ တံခါးပိတ်သံတွေက အဆက်မပြတ် ထွက်ပေါ်လာရော။

ယွီဟွေးဖေးက မူလကတော့ "ခင်ဗျားတို့ အရမ်းလွန်သွားပြီ" လို့ အော်မလို့။ ဒါပေမဲ့ "ခင်ဗျား" ဆိုတဲ့ စာလုံးတောင် မထွက်ခင်မှာ လူတွေ ပျောက်သွားပြီး စားပွဲပေါ်မှာ ဖုန်းတစ်လုံးပဲ အလင်းရောင်ဖျော့ဖျော့နဲ့ ကျန်ခဲ့လေရဲ့။ ဒါနဲ့ ဖုန်းကို ယူကြည့်လိုက်တော့ မျက်နှာကြီး မည်းသွားကော။

စကားပြောနေတဲ့သူက လျိုရှင်း...

အကြောင်းအရာကတော့...

"ငါ မင်းနဲ့အတူရှိချင်တယ်၊ ဘယ်တော့မှ မကွဲကွာချင်ဘူး။ တောင်တွေ မြေပြန့်ဖြစ်... မြစ်ရေတွေ ခန်းခြောက်... ဆောင်းရာသီမှာ မိုးကြိုးတွေပစ်... နွေရာသီမှာ နှင်းတွေကျ... ကောင်းကင်နဲ့မြေကြီးပေါင်းစပ်မှ မင်းနဲ့ခွဲရလိမ့်မယ်”

"မနက်မိုးလင်း ညမိုးချုပ် မခွဲမခွာ တို့လွမ်းဆွတ်၊ သက်ကြီးအထိ မခွဲမခွာ အတူနေမယ်"

"မင်းတစ်ချက်လှည့်ကြည့်တဲ့ အကြည့်လေးကြောင့် မင်းကို နေ့ညမခွဲ လွမ်းဆွတ်နေမိစေတယ်"

"လောကသားအားလုံးက ငါ ချန်အာကိုပဲ ချစ်တယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ ငါ ချန်အာက တစ်စုံတစ်ယောက်ကိုပဲ ချစ်နေခဲ့တာကို သူတို့မသိဘူး"

"တောက်ပတဲ့ မက်မွန်ပန်းတွေ၊ စည်ကားလှတဲ့ လောကကြီး၊ ဒါပေမဲ့ လောကကြီးမှာ သူမတစ်ယောက်တည်းပဲ ရှိသလိုပဲ"

...

နောက်ဆက်ကြည့်လေ ယွီဟွေးဖေးရဲ့ မျက်နှာက ပိုမည်းလာလေပဲ၊ ဒါတွေက ဘာတွေတုန်း။

ဒီလို ရှေးဟောင်းအချစ်စကားတွေ တစ်စောင်ပြီးတစ်စောင် ပို့လိုက်တော့ တစ်ဖက်က လျိုရှင်းတောင် ကြောင်သွားတယ်နေမယ်။ အတော်ကြာ စာမပြန်ထားဘူး။

ဆက်လှန်ကြည့်တော့ လျိုရှင်းက စာတစ်ကြောင်း ပြန်ထားတယ်။ "ရှင်က အရမ်းနောက်တယ်နော်"

ပြီးတော့ နောက်စာတစ်ကြောင်းက ဘယ်သူပြန်ရေးထားတာလဲမသိဘူး။

"ညီမလေး... အပိုစကားမပြောနဲ့... လာခဲ့။ အစ်ကိုမင်းကိုစောင့်နေတယ်"

ယွီဟွေးဖေး ခံစားမိတာက ဒါ နွားခေါင်း အဲ့ဒီအကောင် ရေးတာပဲ ဖြစ်ရမယ်။

"ရှင်က တကယ်ပဲ သူဌေးယွီလား"

ဒီအူကြောင်ကြောင် ကောင်မလေးတောင် သံသယဝင်စပြုနေပြီဆိုတာ သိသာတယ်။

"ငါက ယွီဟွေးဖေးပေါ့... ဒါ ငါ့ဖုန်းလေ... တခြားလူက ယူသွားလို့ရမှာလား။ ကောင်းပြီ... မနောက်တော့ဘူး... လာမှာလား၊ မလာဘူးလား။ ငါတို့ဒီဘက်က လူတွေက နင့်ကို တော်တော်လွမ်းနေကြတာ"

ယွီဟွေးဖေးရဲ့ နဖူးမှာ ချွေးစေးတွေ ပြည့်နေပြီ။ ဒီစကားက နည်းနည်းပြင်းတယ်လေ။ သူသာဆိုရင် တစ်ဖက်ကလူက အစစ်ဟုတ်မဟုတ်တောင် မသိလောက်တော့ဘူး။

All Chapters