ဒဏ္ဍာရီတွေက အမှန်တရားတွေများ ဖြစ်နေမလား
Vol. 30 Ch. 407
လျိုချင်းမင်တစ်ယောက် ရွှယ်ထျန်းဂိုဏ်းကို ရောက်ရောက်ချင်းမှာပင် လုံးဝကို စိတ်ရှုပ်ထွေးနေခဲ့ရသည်။
ရွှယ်ထျန်းသူတော်စင်နယ်မြေသည် အလယ်ပိုင်းဒေသတွင် အင်အားအကောင်းဆုံး မသေမျိုးဂိုဏ်းဖြစ်ပြီး မကြာသေးမီကပင် အင်အားပိုမိုတောင့်တင်းခိုင်မာစေဖို့အတွက် မသေမျိုးသွေးကြောများကို အတင်းအကျပ် လိုက်လံသိမ်းပိုက်စုဆောင်းခဲ့ရသေးကြောင်း လူတိုင်းသိထား၏။
ထိုမျှများပြားသော မသေမျိုးသွေးကြော အရေအတွက်အရ သူတော်စင်နယ်မြေလေးခုဟု ခေါ်ဆိုကြသော ထိပ်သီးမသေမျိုးဂိုဏ်းလေးခု၏ ခေါင်းဆောင်အဖြစ် ဆက်လက်တည်မြဲနိုင်ပြီး ခွင်းလွင်ရှိ အင်အားစုအားလုံးကို အထက်စီးမှ ငုံ့ကြည့်ဖို့ရာ အရည်အချင်းပြည့်မီပြီဟု သူထင်ခဲ့သော်လည်း ယနေ့ကြုံလိုက်ရသော အဖြစ်အပျက်က သူ့ယုံကြည်ချက်ကို အရင်းမှ တည့်တည့်ရိုက်ချိုးလိုက်သကဲ့သို့ ခံစားရသည်။
ရုတ်တရက် မူလက ကြည်လင်နေသော ကောင်းကင်သည် ရုတ်ချည်းမှိုင်းညို့သွားပြီး မည်းမှောင်ထူထဲသော ဘေးဒုက္ခတိမ်တိုက်များ ရွှယ်ထျန်းဂိုဏ်း အပေါ်တွင် စုဝေးလာကြသည်။ ထူထဲသောတိမ်တိုက်များအတွင်း၌ တောက်ပသော ငွေဖြူရောင် လျှပ်စီးများ တလက်လက်ဝဲနေကြသည်။
"ဘယ် တာအိုရောင်းရင်းက ဒီမှာ ဘေးဒုက္ခကျော်လွှားခြင်း လုပ်မလို့လဲ" လျိုချင်းမင်က အံ့ဩတုန်လှုပ်စွာ မေးလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤလျှပ်စီးဒုက္ခ၏အဆင့်သည် သူ ဘေးဒုက္ခကျော်လွှားစဥ်က ကြုံတွေ့ခဲ့ရသည်ထက် များစွာပိုမိုမြင့်မားနေသည်ဟု ရှင်းလင်းစွာ ခံစားမိနေသောကြောင့် ဖြစ်၏။ သူရှင်သန်ခဲ့သောကမ္ဘာမှာ ဤကမ္ဘာမဟုတ်ခဲ့သည့်အလား။
"ဒါက အဆင့်လေးလျှပ်စီးဒုက္ခလား? ဒါမှမဟုတ် အဆင့်ခြောက်လျှပ်စီးဒုက္ခလား?" ဟူ၍ သူတွေးနေမိသည်။
ရွှယ်ထျန်းသူတော်စင်နယ်မြေမှ လာသူဖြစ်၍ လျှပ်စီးဒုက္ခနှင့်ပတ်သက်သည့် အသိပညာတွင် သူ့ကိုယ်သူပြည့်စုံကြွယ်ဝလှသည်ဟု သတ်မှတ်ထား၏။
ဝှစ်!
အားကောင်းသော ဖိနှိပ်မှု စွမ်းအင်တစ်လွှာက မိုင်ပေါင်းဧရိယာတစ်သန်းကို လွှမ်းခြုံသွားသည်။
လျိုချင်းမင်၏ ဦးရေပြားသည် ချက်ချင်းစိမ့်တက်သွားပြီး မယုံနိုင်စွာဖြင့် အော်ဟစ်လိုက်မိ၏။ "ဒါ ဒါ အဆင့်ရှစ်လျှပ်စီးဒုက္ခ ပဲ!"
အဆင့်ရှစ်လျှပ်စီးဒုက္ခသည် အမြင့်ဆုံး လျှပ်စီးဒုက္ခအဆင့်ဖြစ်ပြီး မသေမျိုးအဖြစ်သို့တက်လှမ်းခြင်းကို ရရှိရန်အတွက် နတ်ဘုံလျှပ်စီး၇၂ ချက်ကို ခံနိုင်ရည်ရှိဖို့ လိုအပ်သည်။ အခက်အခဲ အတိုင်းအတာ အလွန်မြင့်မားသော်လည်း ယင်းကို ခံနိုင်ရည်ရှိခဲ့ပါက ငါးမှ နဂါးအဖြစ် အသွင်ပြောင်းသွားသကဲ့သို့ အံ့ချီးဖွယ် တိုးတက်ထက်မြက်ပေမည်။
"လားရာကိုကြည့်ရသလောက် မြူခိုးတောင်ထိပ်ဘက်ကပဲ။ ဆရာတူညီလေးယဲ့ရဲ့ တပည့်တွေထဲက နောက်တစ်ယောက် မသေမျိုးအဖြစ်တက်လှမ်းဖို့အတွက် လျှပ်စီးဒုက္ခကျော်လွှားတော့မယ်ထင်တယ်။ ဟားဟား၊ ဒါက ကောင်းတဲ့ကိစ္စပဲ" ဂိုဏ်းချုပ်ရှယိုနျန်က လက်ခုပ်လက်ဝါးတီးပြီး ဝမ်းသာအားရ ရယ်မောလိုက်သည်။
"ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ်ပြောတဲ့ ဆရာတူညီလေးယဲ့က ယဲ့ကျွင်းလင်လား" လျိုချင်းမင်၏ မျက်နှာအမူအရာမှာ အတော်လေးထူးဆန်းနေသည်။ ယဲ့ကျွင်းလင်ဆိုတာ နတ်ဆိုးဂိုဏ်းချုပ်ရဲ့ လက်ထဲက ရုပ်သေးတစ်ရုပ်ပဲ မဟုတ်လား?
ပုံပြင်ပြောဆရာ၏ မိုးထက်မြင့်သော ကြီးကြီးကျယ်ကျယ် ပုံပြင်များကို ကြားပြီးနောက်ပိုင်းတွင် ထိုသူမှာ လူထုအမြင်ဖြင့် ဖန်တီးထားသော ရုပ်သေးတစ်ရုပ်သာ ဖြစ်လိမ့်မည်ဟု အလိုလိုယုံကြည်ထားခဲ့မိ၏။
"မသေမျိုးအရှင်၊ ခင်ဗျားလည်း ကျွန်တော်တို့ဆရာတူညီလေးယဲ့ ရဲ့ ဒဏ္ဍာရီလာစွမ်းဆောင်ရည်တွေကို ကြားဖူးပုံရတယ်" ဂိုဏ်းချုပ်ရှယိုနျန်က မုတ်ဆိတ်မွေးကိုအသာသပ်ကာ ဂုဏ်ယူစွာပြုံးလိုက်သည်။
လျိုချင်းမင် နှုတ်ခမ်းတစ်ချက်မဲ့သွား၏။
ကြားဖူးရုံတင်မက လက်ဖက်ရည်သောက်ရင်းပါ ထိုင်နားထောင်လာတာလေ။
နေပါဦး၊ ခဏစောင့်ကြည့်ကြတာပေါ့။ ဒီလျှပ်စီးဒုက္ခရဲ့ စွမ်းအားကိုကြည့်ရသလောက် သူ့တပည့်ဆိုတဲ့သူ ကျော်ဖြတ်နိုင်လောက်မှာ မဟုတ်ပါဘူး။
ထိုအခိုက်အတန့်တွင် လီဝူကျယ်သည် ကောင်းကင်ထက်သို့ တစ်ချက်မော့ကြည့်လိုက်၏။ ကြီးမားသော ဘေးဒုက္ခတိမ်တိုက်ထုထဲ၌ ကြောက်မက်ဖွယ် လျှပ်စီးရောင်များ တဖျတ်ဖျတ် အချက်ပြနေသည်ကိုမြင်လျှင် သူ၏ကြမ်းတမ်းသောမျက်နှာပေါ်၌ တည်ကြည်သောအမူအရာတစ်ခု ဖြစ်တည်လာသည်။
၎င်းသည် ဟုန်ချန်ယဲ့ရင်ဆိုင်ခဲ့သလို အရည်အသွေးမြင့် အဆင့်ရှစ်လျှပ်စီးဒုက္ခ မဟုတ်ဘဲ ရိုးရိုးအဆင့်ရှစ် လျှပ်စီးဒုက္ခသာ ဖြစ်ပါသော်ငြား သူ့အတွက်တော့ အတော်လေးအားကောင်းလွန်းနေပြီပင်။
"ဒီအရှင်လီ မသေမျိုး တစ်ယောက် ဖြစ်ချင်တယ်၊ ပိုပြီးအားကောင်းလာချင်တယ်!"
"လာစမ်း၊ မင်းမှာ ဘာတိုက်ကွက်တွေများ ရှိနိုင်မှာလဲ? အကုန်ထုတ်သုံးလိုက်!"
လီဝူကျယ်သည် ဓားရှည်ကိုဆွဲထုတ်ပြီး ကောင်းကင်ကို ချိန်ရွယ်ကာ စွမ်းအင်အပြည့်ဖြင့် ဟိန်းဟောက်လိုက်သည်။
လူတိုင်း အသက်ရှူရပ်သွားပြီး ရင်တမမ စောင့်ကြည့်နေရချိန်တွင် ရုပ်သွင်ချောမောပြေပြစ်သော လူငယ်တစ်ဦး လျှပ်စီးဒုက္ခ ဧရိယာအတွင်း၌ ထွက်ပေါ်လာခဲ့သည်။
ထိုသူသည် အခြေအနေ အရိပ်အကဲကို မကြည့်တတ် မသိတတ်သကဲ့သို့ အေးအေးဆေးဆေးသာ ပြုံးနေသည်။ မိတ်ဆွေဟောင်းတစ်ဦးနှင့် တွေ့သကဲ့သို့ပင် လျှပ်စီးဒုက္ခအား ရင်းနှီးစွာ လက်ပြလိုက်သေး၏။ "ဟိုင်း၊ မိုးကြိုးလေး၊ ငါတို့ ပြန်ဆုံကြပြန်ပြီ"
ထိုမြင်ကွင်းကိုတွေ့လိုက်ရသောအခါ လျိုချင်းမင်သည် ရုတ်တရက် သက်ပြင်းရှိုက်လိုက်မိပြီး ထိုသူအား အရူးတစ်ယောက်ကိုကြည့်နေသလို ပြူးကြည့်လိုက်မိသည်။
ကျင့်ကြံရေးနယ်ပယ် တစ်ခုလုံးတွင် ကျင့်ကြံသူတစ်ဦး လျှပ်စီးဒုက္ခကို ကျော်လွှားနေချိန်၌ မည်သည့် ဒုတိယလူမှ မပေါ်လာသင့်ကြောင်း အခြေခံအားဖြင့် လူတိုင်းသိထားကြသည်ပင်။ သို့မဟုတ်ပါက လျှပ်စီးဒုက္ခ၏ ဒေါသကို သွားဆွမိမည်သာဖြစ်ကာ ထိုသူ ဖျက်ဆီးခံရပေမည်။
ကျင့်ကြံသူတိုင်း သိထားသင့်သော အခြေခံဗဟုသုတတစ်ချက်သာ ဖြစ်၏။
အခုဖြစ်ပျက်နေပုံကိုလည်း ကြည့်ကြပါဦး။
အဲ့ ဆံပင်ဖြူနဲ့တစ်ယောက် အတော်သေချင်နေတာမဟုတ်လား?
"မသေမျိုးအရှင်၊ သူက ကျွန်တော့်ရဲ့ ဆရာတူညီလေးယဲ့ပါ၊ အခု လျှပ်စီးဒုက္ခကို ကျော်လွှားနေတာကတော့ သူ့ရဲ့တတိယတပည့်ဖြစ်တဲ့ လီဝူကျယ်ပါ" ဂိုဏ်းချုပ် ရှယိုနျန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောပြလာသည်။
"ဟမ်?" လျိုချင်းမင်၏မျက်လုံးများ ပြူးကျယ်သွားသည်။ ဒါဆို ဒီလူက အပြင်လောကမှာ နာမည်ကြီးနေတဲ့ အကြီးအကဲယဲ့၊ နောက်ပြီး ဟုန်ချန်ယဲ့ရဲ့ ဆရာသခင်ဆိုတဲ့လူ။
"ခဏလေး၊ ဂိုဏ်းချုပ်ရဲ့ ဆရာတူညီလေးက လျှပ်စီးဒုက္ခ ဧရိယာထဲ ဝင်သွားပြီနော်၊ သူပါ ပါသွားမှာကို မကြောက်ဘူးလား" ဟု သူမေးလိုက်သည်။
ရှယိုနျန် အပြုံးမပျက်သည်ကို သတိထားမိလိုက်သောအခါ လျိုချင်းမင် တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရ၏။ ဒါ ပုံမှန်တုံ့ပြန်မှုတစ်ခု ဟုတ်ပါရဲ့လား။
"ဘာလို့ကြောက်ရမှာလဲ" ရှယိုနျန်က မျက်ခုံးပင့်လျက် ပြန်မေးလိုက်သည်။
ဤအဖြေကိုကြားသောအခါ လျိုချင်းမင် ကြောင်ရပ်နေမိသည်။ ထို့နောက် ဘေးပတ်ဝန်းကျင်မှ အခြားသူများကို လှည့်ကြည့်လိုက်သောအခါတွင်လည်း အကြီးအကဲများဖြစ်စေ၊ တပည့်များဖြစ်စေ အားလုံးတွင် ဝမ်းသာအားရဖြင့် မျှော်လင့်နေသည့် မျက်နှာအမူအရာများ ရှိနေသည်ကို တွေ့လိုက်ရ၏။
လျိုချင်းမင် စိတ်ပိုရှုပ်သွားရသည်။
ဒီကလူတွေဟာ လျှပ်စီးဒုက္ခနဲ့ပက်သက်ပြီး ဘာမှကိုမသိကြတာလား?
ဒါမှမဟုတ် သူတို့ပဲ စိတ်ပိုင်းဆိုင်ရာ ပျက်ပြားနေလို့ ဆရာတူညီတစ်ယောက်သေရတော့မှာကို ပျော်ပျော်ကြီးကြည့်နေနိုင်တာလား?
လျိုချင်းမင် အတွေးဖြင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။
အရာအားလုံးမှာ နတ်ဆိုးဂိုဏ်းချုပ် ဟုန်ချန်ယဲ့၏ ကြိုးကိုင်ပုံသွင်းမှုသာ ဖြစ်ရပေမည်။
ဟုတ်တယ်၊ ဒါတွေအားလုံး သူ့အပြစ်ပဲ။
ဘုန်း!!!'
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုံလျှပ်စီးများ နေရာအနှံ့အပြားသို့ ပြင်းထန်စွာ လှိမ့်ထွက်လာသည်။
ဒုတိယပစ်မှတ်တစ်ခု ပစ်ကွင်းထဲ ကျူးကျော်လာသည်ကို ခံစားမိသောအခါ လျှပ်စီးဒုက္ခသည် မူလစွမ်းအားကို အလိုလိုပင် တိုးမြှင့်လိုက်တော့၏။
သို့သော် သူမြင်လိုက်ရသည်ကတော့ သူ၏ဘဝတွင် နောက်တစ်ကြိမ် မတွေ့မမြင်ချင်တော့သည့် ပုဂ္ဂိုလ်တစ်ဦးသာပင်။ ထိုဒုတိယပစ်မှတ်မှာ သူ့အား တစ်သက်နှင့်တစ်ကိုယ် မကြုံစဖူးသော စိတ်ဒဏ်ရာအကြီးအကျယ်ပေးခဲ့သော ဆံပင်ငွေရောင်နှင့်လူငယ်ပင် ဖြစ်သည်။
"ဆရာသခင်၊ ဘာလို့ဒီမှာရောက်နေတာလဲ" လီဝူကျယ်က အူကြောင်ကြောင် မေးလိုက်သည်။
ယဲ့ကျွင်းလင်က သူတို့အနားသို့ ပေါ့ပေါ့ပါးပါး လျှောက်လာပြီး သက်တောင့်သက်သာ လေသံဖြင့် ပြောလာ၏။ "ငါစဉ်းစားကြည့်ပြီးပြီ၊ မိုးကြိုးလေးက မင်းကို တိုက်ရိုက်ပဲ မသေမျိုးဖြစ်အောင် လုပ်ပေးလိုက်ရင် ပိုမကောင်းဘူးလား? ဒီလိုဆိုရင် ဒုက္ခကျော်လွှားခြင်းရဲ့ ပင်ပန်းတဲ့အဆင့်တွေကို တစ်ခါတည်းကျော်လွှားနိုင်မယ်လေ"
ရိုးရှင်းသောစကားများပင် ဖြစ်သော်လည်း မဖြစ်နိုင်လောက်သော တောင်းဆိုမှုတစ်ခု ပါဝင်နေသည်။
"ခင်ဗျာ?!"
လီဝူကျယ် အလန့်တကြားဖြင့် ဓားပင်လွတ်ကျလုနီးပါး ဖြစ်သွားရသည်။
ဒီလိုလုပ်လို့လည်း ရသလားဟ?
ငါကတော့ မိုးကြိုးပစ်ခံရဖို့ အသင့်ပြင်ပြီးသားပဲကို။
မသေမျိုးအဖြစ် တက်လှမ်းတာက ဒီလောက်ကြီးလွယ်နေရင် အဆင်ပြေပါ့မလားနော်။
အတွေးများ ဟိုဟိုဒီဒီ ကူးသန်းနေစဥ် သူ့ခေါင်းပေါ်ရှိ ဘေးဒုက္ခတိမ်တိုက်များကို မော့ကြည့်မိလိုက်ပြီး လီဝူကျယ်၏မျက်လုံးထဲ လောဘအရိပ်အယောင် တောက်လောင်လာသည်။
"မိုးကြိုးပစ်ပစ် မပစ်ပစ် ဘာအရေးကြီးလဲ? မသေမျိုး ဖြစ်ရင် ပြီးတာပဲလေ!"
မလိုအပ်တဲ့ဒုက္ခတွေကို သည်းခံနေစရာမလိုဘူး။
ဖြတ်လမ်းသုံးသင့်ရင် သုံးရမှာပဲ။
ဒါကို ဘဝကို လိုက်လျောညီထွေ နေထိုင်ဖြတ်သန်းခြင်းလို့ ခေါ်တယ်။
"ငါက မိုးကြိုးလေးနဲ့ ရင်းနှီးပြီးသား၊ နည်းနည်းပါးပါး နှုတ်ဆက်လိုက်ရင်ပြီးပြီ" ယဲ့ကျွင်းလင်က အပိုင်ပြောပြီးနောက် လျှပ်စီးဒုက္ခကို မော့ကြည့်လိုက်ကာ အဓိပ္ပာယ်အပြည့်ပါသော လေသံဖြင့် နှုတ်ဆက်လိုက်၏။
"ဟုတ်တယ်မလား သူငယ်ချင်းလေး?"
ဘုန်း!
ဘေးဒုက္ခတိမ်တိုက်အတွင်းရှိ လျှပ်စီးများသည် မတည်မငြိမ် တောက်ပလာပြီး လျှပ်စီးဒုက္ခ ဒေါသထွက်နေကြောင်း ဖော်ပြလာ၏။
သူသည် တစ်ဖက်လူ၏ အကြီးဆုံးတပည့်ကို မသေမျိုးအဖြစ် အောင်မြင်စွာ တက်ရောက်ခွင့်ပေးခဲ့ကာ စည်းမျဉ်းများကို တစ်ကြိမ်ချိုးဖောက်ခဲ့ပြီးဖြစ်သည်။
အဘယ့်ကြောင့် နောက်တစ်လှမ်း ကမ်းတက်လာရပြန်သနည်း?
သူ့ကို နိုင်တယ်ဆိုတာနဲ့ပဲ လုပ်ချင်ရာလုပ်တော့မယ်ပေါ့လေ?
လျှပ်စီးဒုက္ခသည် ပြုံးနေသော ယဲ့ကျွင်းလင်ကို တစ်ချက်ကြည့်လိုက်ရင်း နောက်ဆုံးတစ်ခေါက်တုန်းက ရိုက်နှက်ခံခဲ့ရသည့် မြင်ကွင်းကို ပြန်သတိရကာ တစ်ကိုယ်လုံး တုန်ယင်လာခဲ့သည်။
သူ နောက်တစ်ကြိမ် ထပ်အရိုက်မခံလိုတော့ပေ။
စိတ်ထဲ ဟိုဟိုသည်သည် လွန်ဆွဲနေခဲ့ပြီး နောက်ဆုံးတွင်တော့ လျှပ်စီးဒုက္ခသည် မတတ်သာတော့ဘဲ အလျှော့ပေးလိုက်ရကာ လီဝူကျယ်၏ ဒုက္ခကျော်လွှားခြင်းကို အောင်မြင်သည်ဟု တိုက်ရိုက်သတ်မှတ်လိုက်ပြီး မသေမျိုးကောင်းချီးအလင်းတန်းကို ပေးအပ်လိုက်သည်။
ဝှစ်!
ရေတွက်မရနိုင်သော အံ့အားသင့်နေသည့် အကြည့်များအလယ်တွင် တောက်ပပြီး မင်္ဂလာရှိသော မသေမျိုးအလင်းတန်းတစ်ခု ဆင်းသက်လာကာ လီဝူကျယ်ကို ဝန်းရံလိုက်သည်။
"ဟူး~"
လီဝူကျယ် ည် အလွန်သက်သောင့်သက်သာလှဟန်ဖြင့် သက်မချလိုက်၏။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်တိုင်းမှ မသေမျိုးအလင်းတန်းများ ဖြာထွက်လာကာ ခန္ဓာအတွင်း၌ ကမ္ဘာပျက်စေလောက်အောင် ကြီးမားပြင်းထန်သော ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေခဲ့သည်။
သူ၏ ကျင့်ကြံဆင့်သည် ဘေးဒုက္ခကျော်လွှားခြင်း ပြီးပြည့်စုံခြင်းမှ ကောင်းကင်မသေမျိုး ပဉ္စမအဆင့် သို့ လုံးလုံးလျားလျား မြင့်တက်သွားခဲ့လေသည်။
အဆင့်ရှစ်လျှပ်စီးဒုက္ခကို ပြီးမြောက်အောင် ကျော်လွှားနိုင်ပါက စတင်ကျင့်ကြံဆင့်သည် ကောင်းကင်မသေမျိုး ပဉ္စမအဆင့် ဖြစ်ပြီး မသေမျိုး စွမ်းအား၏ အရည်အသွေးသည်လည်း ပဉ္စမအဆင့်မှ စတင်ပေမည်။
"ဟားဟား၊ ငါ မသေမျိုး ဖြစ်သွားပြီ၊ ငါလည်း မသေမျိုးတစ်ပါး ဖြစ်သွားပြီ" လီဝူကျယ် ထိန်းမရအောင် စိတ်လှုပ်ရှားလျက် အားပါးတရ ရယ်မောလိုက်သည်။
"ဆက်ပြီးကြိုးစားထား" ယဲ့ကျွင်းလင် ပြုံးပြီး အားပေးလိုက်သည်။
လီဝူကျယ်သည် ချက်ချင်းပင် ဒူးထောက်ချပြီး အရိုအသေပြုလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဆရာသခင်"
"ဟေး၊ မင်းက မိုးကြိုးလေးကို ကျေးဇူးတင်သင့်တာလေ၊ ငါက မင်းကို မသေမျိုးဖြစ်အောင် လုပ်ပေးလိုက်တာမှ မဟုတ်တာ" ယဲ့ကျွင်းလင်က လက်ကိုဝှေ့ယမ်းလိုက်သည်။
"အာ၊ ဟုတ်တယ်၊ ဟုတ်တယ်"
လီဝူကျယ် သတိပြန်ဝင်လာပြီး သူ၏ခေါင်းပေါ်ရှိ ကြီးမားသော ဘေးဒုက္ခတိမ်တိုက်များကို အရိုသေပြုကာ ဆိုသည်။ "မိုးကြိုးလေး... အာ မဟုတ်ပါဘူး၊ ဆရာကြီးမိုးကြိုး၊ ဒီလီဝူကျယ် ဆရာကြီးရဲ့ ကြီးမားတဲ့ ကျေးဇူးတရားကို ဘယ်တော့မှ မမေ့ပါဘူး"
ဦးညွှတ်ခံရသူမှာ ဘာပြန်ပြောလို့ပြောရမှန်းပင် မသိတော့။
လျှပ်စီးအရှင်မှာ အမှန်တကယ်ပင် ဒေါသပေါက်ကွဲချင်လှပါသော်ငြား ထိုလူငယ်၏ရှေ့မှောက်တွင် စိတ်ပျက်လက်ပျက် အလျှော့ပေးလိုက်ရုံကလွဲလို့ မတတ်နိုင်ပါချေ။
နှစ်ပေါင်းများစွာ ကြာညောင်းခဲ့သော တည်ရှိမှုတစ်လျှောက်တွင် ကြားခံအဆင့်များကို ကျော်လွှားပြီး လူတစ်ဦးအား မသေမျိုးကောင်းချီးအလင်းတန်း တိုက်ရိုက်ပေးအပ်လိုက်ခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
"တွေ့လား? အဲ့ဒါတောင်ထိပ်သခင်ယဲ့မျက်နှာကြောင့်!"
"နှစ်ယောက်က တော်တော်ရင်းနှီးကြပုံပဲနော်!"
"လက်သီးချင်းယှဥ်ထိုးပြီး ရင်းနှီးသွားတာနေမှာပေါ့ ဟားဟား!"
"ခွန်အားကသာ လုံလောက်အောင်ကြီးမားနေရင် ကမ္ဘာကြီးရဲ့စည်းမျဉ်းတွေကိုတောင် ကိုယ့်အတွက် ပြောင်းလဲနိုင်တယ်!"
"ဒီနေ့ကတော့ တကယ်ကို မျက်စိပွင့်နားပွင့်စေတာပဲ!"
ရွှယ်ထျန်းဂိုဏ်း တစ်ဝန်းလုံး ဆူညံနေပြီး နေရာတိုင်းတွင် ဆွေးနွေးသံများ ပြည့်နှက်နေကာ ရေတွက်မရနိုင်သော တပည့်များနှင့် အကြီးအကဲများမှာ လေးစားမှုဖြင့် ဒူးထောက်ဦးညွှတ်နေကြသည်။
ထိုအချိန်တွင် လျိုချင်းမင်မှာ ပါးစပ်အဟောင်းသား။
သူ ဘဝတစ်လျှောက်လုံး လေ့လာမှတ်သားခဲ့ရတဲ့ အသိပညာဗဟုသုတတွေ အကုန်မှားနေခဲ့တာလား?
မသေမျိုးအဖြစ်သို့တက်လှမ်းရာတွင် ရေတွက်မရနိုင်သော ကျင့်ကြံသူများ၏ ကံကြမ္မာကို လွှမ်းမိုးထားသည့် လျှပ်စီးဒုက္ခက အမှန်တကယ်ပင် ယဲ့ကျွင်းလင်၏စကားကို စောဒကတစ်ခွန်းမရှိ နာခံခဲ့လေသည်။
နောက်ပြီး သူ့တပည့်အတွက်ပါ နောက်ဖေးတံခါးကို ဖွင့်ပေးလိုက်သေးတယ်ပေါ့?
(နောက်ဖေးတံခါးကနေဝင်တယ်ဆိုတာ လာဘ်ပေးလာဘ်ယူလုပ်တာ မျက်နှာကြီးရာဟင်းဖတ်ပါတာ အဲ့လိုသဘောပါပဲ)
ငါများ စိတ်တွေမမှန်တော့ဘဲ ထင်ယောင်ထင်မှား လျှောက်မြင်နေတာလား?
မင်းတို့နေထိုင်တဲ့ကမ္ဘာကြီးက ဘယ်လိုကြီးလဲကွာ။
ရုတ်တရက် လျိုချင်းမင်သည် လက်ဖက်ရည်ဆိုင်တွင် ကြားခဲ့ရသော ပုံပြင်အကြောင်းအရာကို ပြန်သတိရလိုက်သည်။ ထိုအကြောင်းအရာသည် လက်ရှိဖြစ်ရပ်နှင့် လုံးဝကို ကိုက်ညီနေသည်မဟုတ်လော။
သူ၏နဖူးမှ ချွေးစက်ကြီးများ စိမ့်ထွက်လာပြီး ကိုယ်ခန္ဓာတစ်ခုလုံး ချွေးများဖြင့် ရွှဲစိုသွားရသည်။ မျက်ဆံနက်များ ဟိုဟိုသည်သည် ဂနာမငြိမ်ပြေးလွှားနေပြီး သွားချင်းရိုက်သံ တဂတ်ဂတ်ထွက်ပေါ်လျက်။
ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု သူ၏စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်။
ဆရာကြီးယဲ့ရဲ့ ဒဏ္ဍာရီထဲက ဇာတ်လမ်းတွေအားလုံးဟာ အမှန်တရားတွေ ဖြစ်နေနိုင်မလား?
ငါလခွေး