ရင်းနှီးတော့ နောက်ဖေးတံခါးဖွင့်ခိုင်းလို့ ရတယ်လေ
Vol. 30 Ch. 408
လျိုချင်းမင် ကျောရိုးတစ်လျှောက်လုံး ကြက်သီးဖြန်းဖြန်းထလျက် အေးစိမ့်သွားခဲ့ရသည်။ လက်ဖက်ရည်ဆိုင်တွင် သူကြားခဲ့ရသည့် ပုံပြင်များသည် လုံးဝအမှားများဖြစ်သည်ဟုသာ တစ်လျှောက်လုံး ယုံကြည်ထားခဲ့သည်ပင်။
အရှေ့ပိုင်းဒေသမှ ကျင့်ကြံသူများ၏နှုတ်ဖျား အလွန်တရာရေးပန်းစားသော ထိုအကြီးအကဲယဲ့မှ လျှပ်စီးဒုက္ခအား စေလိုရာစေခိုင်းနိုင်သည်ကို မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးနောက် လျိုချင်းမင်၏ နားလည်သိမြင်နိုင်စွမ်းအားလုံး ပျက်စီးပြိုလဲသွားသလို ခံစားလိုက်ရ၏။
ကောင်းကင်ပေါ်တွင် ကြီးမားသော အနက်ရောင် ဘေးဒုက္ခတိမ်တိုက်များက ပျောက်ကွယ်တော့မလို ဟန်ပြင်နေသည်။ လျှပ်စီးဒုက္ခမှာ အနိုင်ကျင့်ခံလိုက်ရပြန်သောကြောင့် အလွန်နာကြည်းလျက်ရှိပြီး မထိန်းနိုင်အောင် မျက်စိမျက်နှာပျက်ကာ ဤနေရာတွင် တစ်စက္က့န်လေးမှ ထပ်နေလိုစိတ်ရှိဟန်မတူတော့။
"အဟမ်း၊ အဟမ်း"
ထိုအချိန်တွင် ယဲ့ကျွင်းလင်က ချောင်းအနည်းငယ်ဟန့်လိုက်ပြီး ထွက်ခွာတော့မည့် လျှပ်စီးဒုက္ခအား အော်ခေါ်လိုက်ကာ ရဲရဲတင်းတင်းပင် ပြောလိုက်သည်။
"မိုးကြိုးလေး၊ မင်းလည်း ဒီအထိရောက်နေမှတော့ အလျင်စလိုမပြန်ပါနဲ့ဦး။ တစ်လက်စတည်း ငါ့ရဲ့တခြား တပည့်နှစ်ယောက်နဲ့ စီးတော်ယာဉ်ကိုပါ မသေမျိုးဖြစ်အောင် တစ်ခါတည်းလုပ်ပေးသွားလိုက်"
ဘုန်း!
ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ထက်တွင် ကမ္ဘာပျက်တော့မတတ် အားပြင်းသော လျှပ်စီးပေါင်း သန်းနှင့်ချီ၍ ဝဲပျံလာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုသည် အရှေ့ပိုင်းဒေသတစ်ကြော၏ နေရာအများစုကို လွှမ်းခြုံသွားခဲ့ပြီး ရေတွက်မရနိုင်သော ပြည်သူပြည်သားများစွာ လျှပ်စီးအရှိန်အဝါကြောင့် မျက်နှာများ ဖြူဖျော့ကာ ကိုယ်ခန္ဓာများ အေးစက်သွားခဲ့ရ၏။
လျှပ်စီးအရှင် အလွန်ဒေါသထွက်နေခဲ့သည်။ မင်းကိစ္စက ပြီးပဲမပြီးနိုင်တော့ဘူးလား?
ငါ့စိတ်ကိုလာစမ်းလို့ မဝသေးဘူးပေါ့လေ?
လျှပ်စီးဒုက္ခမှာ လွန်လွန်ကျူးကျူး အနိုင်ကျင့်ခံနေရလေပြီ။
ရွှယ်ထျန်းဂိုဏ်းမှ ကျင့်ကြံသူများ အားလုံး တောင်ထိပ်သခင်ယဲ့၏ တောင်းဆိုမှုကြောင့် မှင်တက်သွားကြသည်။
"အဲ့လိုကြီးလုပ်ဖို့ကျ အဆင်ပြေပါ့မလား? မသေမျိုးအဖြစ်တက်လှမ်းရာမှာ အခက်အခဲတချို့မပါဝင်ရင် မသေမျိုးအစစ်အမှန်ဖြစ်တယ်လို့ မမှတ်ယူသင့်ဘူးမဟုတ်လား" ထူထဲသောမျက်ခုံးမွှေးများနှင့် မျက်လုံးအကြီးကြီးရှိသော တပည့်တစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
သူစကားပြောပြီးသည်နှင့် ဆရာတူညီအစ်ကိုအချို့က ချက်ချင်းပြန်ပက်လာကြသည်။
"မင်းက ဘာသိလို့လဲ။ မိုးကြိုးပစ်တာခံဖူးလို့ လေကျယ်နေတာလား?"
"ပြောရရင် ဒီခေတ်မှာ ဘေးဒုက္ခကိုကျော်လွှားရင်း ထိခိုက်မှုမရှိဘဲ မသေမျိုးအဖြစ်တက်လှမ်းနိုင်တာဟာ ငါတို့လို ကျင့်ကြံသူတွေအတွက် ဘယ်လောက်ကံကောင်းပြီး အံ့သြစရာကောင်းလိုက်သလဲ!"
"ဟုတ်တယ်၊ ဒီလောက်နာကျင်ခံစားရတဲ့ ဘေးဒုက္ခကျော်လွှားခြင်းကို ကောင်းချီးလို့ခံယူနေကြရင် အဲ့လူတွေ နေ့တိုင်းမိုးကြိုးပစ်ခံရပါစေလို့ပဲ ငါဆုတောင်းပေးလိုက်မယ်!"
...
မြေတွင်းထဲတွင် ထိုင်နေသော မှိုဘုရင်သည်လည်း အံ့သြနေဟန်ရှိသည်။ သူကိုယ်တိုင်လည်း ထိုအကျိုးအမြတ်ဖြင့် ဆွဲဆောင်ခံလိုက်ရသည်သာ။ သူ၏မူလအသွင်မှာ အဆင့်မြင့် ဆေးပင်ဘုရင်တစ်ပါးသာ ဖြစ်သည်။ သူသာ မသေမျိုးအဖြစ်သို့တက်လှမ်းခြင်း ဘေးဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့ပါက စစ်မှန်သော မသေမျိုးဆေးဘုရင်တစ်ပါး ဖြစ်လာနိုင်ပေမည်။
သိပ်မဝေးသောတစ်နေရာတွင် ပုရှောက်ရှီးမှာတော့ မသေမျိုးအဖြစ်သို့တက်လှမ်းခြင်းတွေဘာတွေ တစ်ခုကိုမှ ဂရုစိုက်ဟန်မရှိဘဲ လောကကြီးအကြောင်း မသိနားမလည်သော ကလေးမလေးတစ်ဦးကဲ့သို့ သူ့ကိုယ်ပိုင်ကမ္ဘာထဲတွင်သာ နစ်မြုပ်နေ၏။ သူမသည် လတ်ဆတ်သော ပေါင်မုန့်လုံးကြီးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး တစ်ကိုက်ကိုက်ချလိုက်သည်။ ထူပျစ်သော အဖြူရောင်ခရင်မ်များ စီးကျလာပြီး ပါးစပ်တစ်ခုလုံး ပေပွကုန်သည်အထိ။
"မသေမျိုးအဖြစ်သို့တက်လှမ်းခြင်း၊ ကျွန်တော်လည်း မသေမျိုးအဖြစ် တက်လှမ်းချင်တယ်လေ!" ခွင်းဖန်း၏ လူသားအသွင်ဖြစ်သော ဆံပင်အလယ်ခွဲဖြင့် ကောင်လေးတစ်ဦးသည်လည်း အလောတကြီး ပြေးလာပြီး ကောင်းကင်ကို မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်လိုက်သည်။ မသေမျိုးအဖြစ်သို့သာ တိုက်ရိုက်တက်လှမ်းနိုင်လျှင် သူ၏ခန္ဓာကြီးထွားမှုနှင့် စွမ်းရည်တိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်ပေမည်။
လျှပ်စီးဒုက္ခမှာမူ ပြုံးရွှင်နေသော ဆံပင်ငွေဖြူရောင်လူငယ်ကိုကြည့်ပြီး လူသတ်ချင်နေခဲ့သည်။
စိတ်ရင်းဖြင့်ပြောရရင် သူသည် ထပ်ပြီးအလျှော့ပေးလိုခြင်းမရှိ။ ကောင်းကင်ကိုယ်စားပြု အုပ်စိုးသူတစ်ဦးအနေဖြင့် အလွန်အမင်း စည်းကမ်းမဲ့ရာ ရောက်သွားပေလိမ့်မည်။ သို့သော် တစ်ဖက်လူကို မျက်နှာသာမပေးဘဲလည်း မနေရဲပေ။ ထိုသူကို ထပ်ပြီးစော်ကားပြုမူမိပါက သေသည်အထိ အရိုက်ခံရဖို့သာ ရှိတော့သည်ပင်။
မသေမျိုးဧကရာဇ်ထက်ပင် အဆင့်မြင့်နိုင်ချေရှိသော ပုဂ္ဂိုလ်တစ်ဦးကိုတော့ အစ်ကိုကြီးဖြစ်သူ ကောင်းကင်တာအို ရောက်လာလျှင်ပင် ရိုသေလေးစားစွာ ဆက်ဆံရလိမ့်မည်။
ထိုကြောင့် လျှပ်စီးဒုက္ခမှာ ဤပြဿနာကို မည်သို့ဖြေရှင်းရမှန်းမသိ ဖြစ်နေခဲ့၏။
"မိုးကြိုးလေး၊ ငါတို့ အချင်းချင်း ဒီလောက်ရင်းနှီးနေတာပဲကို၊ မင်း ငါ့ကို နည်းနည်းလောက် မျက်နှာသားပေးပါဦး" ယဲ့ကျွင်းလင်က ထိုဗလောင်းဗလဲစကားကို မျက်တောင်တစ်ချက်မခတ် တည်တံ့စွာပြောလာသည်။
လီဝူကျယ် စိတ်ထဲမှ တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။
ဒါမှ ငါတို့ဆရာ!
ဒုန်း! ဂျိန်း! ဂွမ်း!
မိုးခြိမ်းသံများ နားကွဲမတတ် ဆူညံနေခဲ့သည်။
လျှပ်စီးဒုက္ခ စိတ်ခံစားချက်များ မတည်မငြိမ်ဖြစ်နေသော လက္ခဏာပင်။
မင်းပါးစပ်ပိတ်လိုက်တော့! ငါတို့ဘယ်တုန်းက ရင်းနှီးဖူးလို့လဲ?
ပြီးတော့ ငါ့ကို မိုးကြိုးလေးလို့ ထပ်မခေါ်စမ်းနဲ့!
"ဟင်?"
ယဲ့ကျွင်းလင်က မျက်ခုံးပင့်လိုက်ပြီး ပြောလာသည်၊ "ကြည့်ရတာ မိုးကြိုးလေးကက ငါ့ရဲ့ သင့်လျော်တဲ့ တောင်းဆိုချက်ကို မကျေနပ်ဘူးထင်တယ်။ ဒီတိုင်းသာဆို စကားနည်းနည်းပါးပါး ပြောရတော့မှာပဲ"
ထို့နောက် ယဲ့ကျွင်းလင်သည် ကောင်းကင်သို့ တက်လှမ်းလိုက်သည်။ အဓိပ္ပာယ်အပြည့်ပါသော အပြုံးဖြင့် လျှပ်စီးဒုက္ခရှိရာသို့ တစ်လှမ်းချင်းစီ ချဉ်းကပ်လာခဲ့၏။
ထိုလုပ်ရပ်က လျှပ်စီးဒုက္ခကို အလွန်အမင်း ကြောက်လန့်စေခဲ့ပြီး ထိုနေရာတွင်ပင် သတိလစ်လဲကျလုနီးပါး ဖြစ်သွားစေခဲ့သည်။
အရင်ကအပေးခံခဲ့ရသော စိတ်ဒဏ်ရာမှာ အနာမကျက်သေးဟန်တူ၏။
အနားမလာပါနဲ့!!!
ထိတ်လန့်နေသော လျှပ်စီးဒုက္ခသည် မသေမျိုးအလင်းတန်း သုံးခုကို အလောတကြီး လျင်မြန်စွာ ပေးပို့လိုက်သည်။ ၎င်းတို့က မှိုဘုရင်၊ ပုရှောင်ရှီးနှင့် ခွင်းဖန်းတို့ထံ အသီးသီး ကျရောက်သွားကြတော့၏။
ချက်ချင်းဆိုသလိုပင်၊
ကောင်းကင်တစ်ခုလုံး မင်္ဂလာအလင်းတန်းများဖြင့် ပြည့်နှက်သွားပြီး နတ်ဘုံနတ်နန်းမှ ဆင်းသက်လာသကဲ့သို့ သာယာနာပျော်ဖွယ် တေးသံစဥ်များ နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။
ရေတွက်မရနိုင်သော လူအများ၏ မျက်စိရှေ့တွင် ကောင်းကင်မသေမျိုးသုံးပါး ထပ်မံပေါ်ပေါက်ဖြစ်ထွန်းလာခဲ့၏။
"ဟာ၊ ခြိမ်းခြောက်လိုက်တော့ အလုပ်ဖြစ်သားပဲ!"
ရွှယ်ထျန်းဂိုဏ်းမှ ကျင့်ကြံသူများ အားလုံး မှင်တက်သွားကြပြီး တောင်ထိပ်သခင်ယဲ့ အပေါ် လေးစားကြည်ညိုစိတ်သည် အဆုံးမရှိသော မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေသည်။
ကျင့်ကြံရေးသမိုင်းတစ်လျှောက်တွင် မည်သူက ဤသို့ပြုလုပ်နိုင်ခဲ့ဖူးသနည်း?
တောင်ထိပ်သခင်ယဲ့ကို နတ်ဘုရားတစ်ပါးအဖြစ် တင်စားသင့်ပေသည်။
"အရမ်းကောင်းတယ်၊ အခြေအနေပေါ်မူတည်ပြီး အလိုက်သင့်နေထိုင်တတ်မှသာ အရည်အချင်းပြည့်မီတဲ့ လျှပ်စီးအရှင်တစ်ပါးလို့ သတ်မှတ်နိုင်မပေါ့" ယဲ့ကျွင်းလင်က သူ၏ မကောင်းဆိုးဝါးခြေလှမ်းများကို ရပ်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
လျှပ်စီးဒုက္ခမှာ မျက်ရည်ကျလုနီးပါး။
ဒီလူက အရမ်းကိုလွန်နေပြီ၊ ငါ့မျက်နှာလေးကိုရော နည်းနည်းပါးပါးမထောက်ထားချင်ဘူးလား?
ထားလိုက်ပါတော့၊ သူတို့အားလုံးက ဘေးဒုက္ခကျော်လွှားခြင်းနယ်ပယ် ပြီးပြည့်စုံခြင်းအထိ ရောက်နေကြပြီးသား။ အချိန်တန်ရင် မသေမျိုးအဆင့် တက်လှမ်းကြမယ့်သူတွေမှန်း သေချာပြီးသားပဲ။ ပြီးတော့ ဒီလို မသေမျိုးဧကရာဇ်အဆင့် အကောင်ကြီးကြီးတစ်ယောက်က ကာကွယ်ပေးနေမှတော့ ငါသူတို့ကို ဘာလုပ်နိုင်မှာလဲ?
ရှုပ်ရှုပ်ယှက်ယှက်တွေနဲ့ တတ်နိုင်သမျှ ကင်းကင်းနေလိုက်တာပေါ့။
လျှပ်စီးဒုက္ခသည် သူ့ကိုယ်သူ ဖြေသိမ့်ပြီးသည်နှင့် နေရာမှ အမြန်ဆုံး ထွက်ခွာသွားလေတော့၏။
ဖိနှိပ်မှုပြင်းသော ဘေးဒုက္ခတိမ်တိုက်များ လုံးဝပျောက်ကွယ်သွားပြီး ကောင်းကင်သည် ပြန်လည်ကြည်လင်လာကာ အရှေ့ပိုင်းဒေသ၏ နေရာအများစုကို လွှမ်းခြုံထားသော ဖိအားသည်လည်း အစအနပင်မကျန်ရှိစွာ ပျောက်ကွယ်သွားခဲ့သည်။ ကျင့်ကြံသူ အများသည်လည်း ဘေးအန္တရာယ်ကြီးတစ်ခုမှ လွတ်မြောက်လိုက်ရသော ခံစားချက်ဖြင့် နောက်ဆုံးမှ သက်ပြင်းချနိုင်ကြတော့၏၊
တစ်ချိန်တည်းမှာပင် သူတို့၏မျက်နှာအမူအရာများက ထူးဆန်းနေသည်။ အဘယ်ကြောင့်ဆိုသော် ဖြာထွက်လာသော လျှပ်စီးဒုက္ခစွမ်းအင်၏ ရင်းမြစ်ကိုကြည့်လိုက်သောအခါ ၎င်းသည် ရွှယ်ထျန်းဂိုဏ်းမှ ဖြစ်ပုံရသောကြောင့်ပင်။
အကြီးအကဲယဲ့ ပြဿနာတွေ ထပ်ရှာနေပြန်တာလား?
ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသော လျိုချင်းမင်မှာတော့ စကားမပြောနိုင်လောက်အောင် ထိတ်လန့်သွားခဲ့ရသည်။
သူ လျှပ်စီးဒုက္ခကို ကျော်လွှားခဲ့စဥ်တုန်းက ထိုလျှပ်စီးဒုက္ခ မည်မျှမောက်မာပြီး မချိုးဖောက်နိုင်လောက်အောင် အစွမ်းထက်ခဲ့သည်ကို အမှတ်ရနေသေး၏။ စိတ်ရှိတိုင်း ထင်တိုင်းကြဲနိုင်ကာ ဤကမ္ဘာတွင် သတ်လိုသူကို နှစ်ခါမစဥ်းစားဘဲ သတ်ပစ်နိုင်သည့် စွမ်းအင်မျိုးပင်။
ထိုအချိန်က သူသည် ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ မျက်နှာငယ်ခဲ့ရပြီး ၎င်း၏စမ်းသပ်မှုကို အောင်မြင်စွာ ခံနိုင်ရည်ရှိရန် နှိမ့်ချစွာ ဆုတောင်းခဲ့ရသည်။ ကံကောင်းထောက်မစွာ သူ့အဆင့်နှင့်ကိုက်ညီသော အလွယ်ကူဆုံးဖြစ် အဆင့်နှစ်လျှပ်စီးကိုသာ ရင်ဆိုင်ခဲ့ရသောကြောင့် အခက်အခဲ ဘေးအန္တရာယ် ကြီးကြီးမားမား မရှိခဲ့ပေ။
ယခုတစ်ကြိမ် လျှပ်စီးဒုက္ခကို ပြန်လည်တွေ့မြင်ရသောအခါ လုံးဝကွဲပြားခြားနားသော မြင်ကွင်းတစ်ခုဖြစ်နေခဲ့သည်။ ယဲ့ကျွင်းလင်၏ရှေ့တွင် ၎င်းသည် လွန်စွာ ရိုကျိုးနာခံနေခဲ့၏။ တစ်ခုခု အမှားအယွင်းလုပ်မိပါက အမေ့ထံမှ ဆော်ပလော်တီးခံရတော့မည့် ကလေးငယ်တစ်ဦးအလား။
ဒါက သူသိခဲ့တဲ့ လျှပ်စီးဒုက္ခမှ ဟုတ်ရဲ့လား?
မင်းရဲ့ မောက်မာတဲ့ စိတ်သဘောထားက ဘယ်ရောက်သွားလဲ?
မင်းရဲ့ တင်းကျပ်လှတဲ့ စည်းမျဥ်းစည်းကမ်းတွေ ဘယ်မှာလဲ?
မင်းရဲ့သမာဓိတရားကိုရော ခွေးကျွေးလိုက်ပြီလား?
လျိုချင်းမင်တစ်ယောက် တစ်စုံတစ်ခုကို နက်နက်နဲနဲ နားလည်သွားခဲ့သည်။
"စည်းမျဉ်းစည်းကမ်း" ဆိုတာ ချိုးဖျက်လို့ရတဲ့အရာတွေပါပဲ။
အားနည်းနိမ့်ကျသူများကတော့ အန္တရာယ်ကင်းရှင်းဖို့အရေး စည်းမျဥ်းစည်းကမ်းများအတိုင်း တသွေမတိမ်း နာခံဆောင်ရွက်ရမှာ ထုံးစံဖြစ်ပြီး စည်းမျဥ်းစည်းကမ်းသတ်မှတ်သူထက် ပိုမိုအင်အားကြီးသွားသူများကတော့ စည်းမျဥ်းအသစ်ကို သူတို့လက်ဖြင့် ကိုယ်တိုင်ရေးဆွဲသတ်မှတ်နိုင်သည်ဟု။
နောက်တစ်ကြိမ် တစ်စုံတစ်ယောက်က သူ့အနားလာပြီး လျှပ်စီးဒုက္ခ မည်မျှအားကောင်းပြတ်သားကြောင်း၊ သူတို့မှာ စမ်းသပ်မှုကြားတွင် မည်မျှခက်ခက်ခဲခဲ ရှင်သန်ကျော်ဖြတ်ခဲ့ရကြောင်း လာရောက်ညည်းသူပါက လျိုချင်းမင် ဤသို့ ပြန်လည်လှောင်ပြောင်ဖြစ်လိမ့်မည်။
"ဟဲဟဲ၊ အဲ့ဒါ သူနဲ မရင်းနှီးသေးလို့ပါ!"
အဆုံးသတ်တွင်၊
မျက်နှာလိုက်မှု မရှိရာတွင် နာမည်ကြီးသော လျှပ်စီးဒုက္ခပင်လျှင် နောက်ဖေးတံခါးဖွင့်ပေးရန် အတင်းအကျပ် ဖိအားပေးခံရသည့် မြင်ကွင်းကို ကိုယ်တိုင်တွေ့မြင်ခဲ့ရလေသည်။
လူသားတစ်ဦး၏ ဖိအားပေးမှုကြောင့် လျှပ်စီးပစ်ခြင်း၏ လုပ်ငန်းစဉ်ကို တိုက်ရိုက်ကျော်လွှားပြီး ပစ်မှတ်ကို ထိုနေရာတွင်ပင် ၁၀၀% အောင်မြင်စွာ မသေမျိုးအဖြစ် တက်လှမ်းချီးမြှောက်ပေးခဲ့ရ၏။
ဤနတ်ဘုရားဆန်သော အရှိန်အဝါက သူ့ဦးနှောက်တစ်ခုလုံးအား ထုံကျဥ်သွားအောင် လွှမ်းမိုးနိုင်ခဲ့သည်။
"ဂုဏ်ပြုပါတယ်၊ ဂုဏ်ပြုပါတယ်၊ ကျွန်တော်တို့အားလုံး မသေမျိုးအဖြစ်သို့တက်လှမ်းခြင်းကို ရရှိခဲ့ပါပြီ" လီဝူကျယ်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ဦးညွှတ်ရင်း ဂုဏ်ပြုစကားဆိုလိုက်သည်။
"ဒါက... နည်းနည်းတော့ ရုတ်တရက်ဆန်သွားတယ်" မှိုဘုရင်က ခေါင်းကိုကုတ်လိုက်ပြီး ရှက်ကိုးရှက်ကန်းပြုမူနေပုံမှာ ဤကဲ့သို့ ကြီးမားသောပြောင်းလဲမှုကို မလက်ခံနိုင်သေးကြောင်း သိသာနေသည်။
"အရမ်းကောင်းတယ်!" ပုရှောင်ရှီးကမူ ဘာတစ်ခုကိုမှ ဂရုမစိုက်ဘဲ ပေါင်မုန့်လုံးတစ်လုံးပြီးတစ်လုံး စားသုံးရင်း အစားအသောက်ကမ္ဘာထဲတွင်သာ နစ်မြုပ်နေသည်။ သူမ၏ ချစ်စဖွယ် နူးညံ့သော မျက်နှာ လေးတွင် ကျေနပ်မှုများ ပြည့်နှက်နေ၏။
"ဟားဟား၊ ငါ ကလေးတစ်ယောက်မဟုတ်တော့ဘူး!" ပြောသူမှာ လူသားသဏ္ဍာန်ပြောင်းလဲထားသော ခွင်းဖန်းဖြစ်ပြီး ကလေးတစ်ဦးအရွယ်မှ ဆယ်ကျော်သက်တစ်ဦးအဖြစ် တိုက်ရိုက်ကြီးပြင်းလာခဲ့သည်ပင်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် ဟန်ပါပါခါးထောက်ကာ အားရပါးရ တဟားဟား ရယ်မောလိုက်သည်။
ယဲ့ကျွင်းလင်က ထိုဆယ်ကျော်သက်လေး၏ ခေါင်းကို ပုတ်လိုက်ပြီး သူ့မျက်နှ ကို အလေးအနက်ထားကြည့်ကာ-
"အာခွင်း၊ ဘာကြောင့်မှန်းတော့ မသိဘူး၊ မင်းက ငါသိတဲ့မိတ်ဆွေဟောင်းတစ်ယောက်နဲ့ ပိုပိုတူလာသလိုမျိုး အမြဲခံစားနေရတယ်"
ဆံပင်အလယ်ခွဲထားသည့် ဆယ်ကျော်သက်သည် ရုတတရတ်ကြောင်အသွားပြီး သူ၏ကြည်လင်သော မျက်ဆံနက်လေးများကို မှိတ်တုတ်မှိတ်တုတ် လုပ်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။ ၏
"ဆရာသခင်၊ ဘယ်သူ့ကို ကျွန်တော်နဲ့တူတယ်လို့ ပြောနေတာလဲ"
ယဲ့ကျွင်းလင်၏ မျက်နှာတွင် နက်နဲသော အမူအရာတစ်ခု ပေါ်လာသည်။
"ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေကို သေချာထိန်းသိမ်းထားရမယ်"