← Chapters

အခန်း (၄၀၉)

Vol. 30 Ch. 409

အခန်း (၄၀၉)

Vol. 30 Ch. 409

"ဆရာတူညီလေးယဲ့၊ ဂုဏ်ယူပါတယ်! ဘယ်လောက်မှတောင် မကြာသေးဘူး၊ မြူခိုးတောင်ထိပ် ကတပည့်တွေအကုန် မသေမျိုးအဖြစ် တက်လှမ်းနိုင်သွားကြပြီ" ဂိုဏ်းချုပ် ရှယိုနျန်က အားကျစွာ ချီးကျူးလိုက်သည်။

ယဲ့ကျွင်းလင်က လက်ကိုဝှေ့ယမ်းလိုက်သည်။ "ပြောပလောက်စရာ မဟုတ်ပါဘူး"

"လာ၊ သေချာမိတ်ဆက်ပေးပါရစေဦး။ ဒီ မသေမျိုးအရှင်က အလယ်ပိုင်းဒေသမှာရှိတဲ့ ရွှယ်ထျန်းသူတော်စင်နယ်မြေကလာတာလေ။ ငါတို့ရွှယ်ထျန်းဂိုဏ်းဆီ အထူးတလည်လာရောက်လည်ပတ်တာပေါ့" ဂိုဏ်းချုပ် ရှယိုနျန်က ခင်မင်ဖော်ရွေစွာ မိတ်ဆက်ပေးလိုက်သည်။

"အကြီးအကဲယဲ့၊ ကျွန်တော့်ကို ရှောင်လျိုလို့ပဲ ခေါ်နိုင်ပါတယ်" လျိုချင်းမင်ခမျာ မျက်ခုံးမွှေးလေးများ ကုပ်ကျသည်အထိ ချွေးများရွှဲစိုနေပြီး တစ်ဖက်လူ၏အကြည့်ကို ရဲရဲတင်းတင်းရင်မဆိုင်ဘဲ လေသံပျော့လေးဖြင့် မိတ်ဆက်လိုက်သည်။ ဤကဲ့သို့ ကြောက်စရာစွမ်းအားရှင်၏ရှေ့တွင် မတ်တပ်ရပ်နေရချိန်၌ မကြုံစဖူး စိတ်လှုပ်ရှားနေခဲ့ရလေ၏။

ဒီအဆင့်အထိ အကုန်မြင်ဖူးပြီးချိန်၌ လျိုချင်းမင်မှာ အရင်ကလို ပြန်လည်ပြုမူပြောဆိုနိုင်ခြင်း မရှိတော့ပါချေ။

ယခုမူ ယဲ့ကျွင်းလင်ဆိုသူမှာ မသေမျိုးဧကရာဇ်တစ်ပါးသာဖြစ်ကြောင်း သူ အတိအလင်း ယုံကြည်သွားခဲ့ရသည်။

မျက်စိရှေ့မှ ဤပုဂ္ဂိုလ်သည် ပုံပြောဆရာ၏ စကားအတိုင်း ကောင်းကင်ဧကရာဇ် အရှင်ယဲ့၊ တစ်ချိန်က တားမြစ်မျိုးနွယ်စု ခုနှစ်ခုအား တစ်ဦးတည်း ရင်ဆိုင်တွန်းလှန်ခဲ့ပြီး အမှောင်ကပ်ဆိုးကြီးကို အပြီးတိုင်ငြှိမ်းသတ်သုတ်သင်ခဲ့သော အားအကောင်းဆုံး မသေမျိုးဧကရာဇ် ဖြစ်သည်။

"ရွှယ်ထျန်းသူတော်စင်နယ်မြေ?" ယဲ့ကျွင်းလင်က မျက်ခုံးပင့်လိုက်သည်။ အမည်ဖြင့်ပင် ရွှယ်ထျန်းဂိုဏ်းနှင့် တစ်နည်းနည်း ဆက်စပ်နေပုံရ၏။

ယဲ့ကျွင်းလင် အတွေးရှုပ်သွားသည်ကို သတိထားမိသောအခါ လျိုချင်းမင်က မသေမျိုးအရှင် ဆရာသခင်ယန်၏ ရွှယ်ထျန်းသူတော်စင်နယ်မြေ၌ ကြုံတွေ့ဖြတ်သန်းခဲ့ရသော အဖြစ်အပျက်များအကြောင်း အလျင်အမြန် ရှင်းလင်းပြောပြလိုက်သည်။

ဂိုဏ်းချုပ် ရှယိုနျန်ကလည်း ဘေးမှ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံနေသည်။

"ဒီလိုကိုး" ယဲ့ကျွင်းလင် အကြောင်းစုံ နားလည်သွားသည်။

ခွင်းလွင်၏ အားအကောင်းဆုံး သူတော်စင်နယ်မြေ အကြောင်းကို သူသိပ်မသိသော်လည်း ဤမျှ ဝေးလံခေါင်ဖျားဒေသမှ ရွှယ်ထျန်းဂိုဏ်းနှင့် ဆက်စပ်နေခြင်းကြောင့် အနည်းငယ်တော့ အံ့ဩမိ၏။

"ဒါဆို ခင်ဗျားဒီရောက်လာတာက ကျွန်တော်တို့ဂိုဏ်းကို လေ့လာစစ်ဆေးဖို့ပေါ့"

ထိုစကားကိုကြားသောအခါ လျိုချင်းမင် အလိုလို ခေါင်းညိတ်လိုက်ပြီးမှ မိုးကြိုးပစ်ခံလိုက်ရသလို ဆတ်ခနဲတုန်တက်ကာ ခေါင်းကို အသည်းအသန်ခါလိုက်သည်။

"မဟုတ်ဘူး၊ မဟုတ်ပါဘူးခင်ဗျာ၊ ဒီကျွန်တော်မျိုးက နယ်မြေအရှင်သခင်ကြီးကိုယ်စား ကျွန်တော်တို့ရဲ့ ရွှယ်ထျန်းဂိုဏ်း ဘာများလိုအပ်နေသေးလဲ လာကြည့်ရုံပါ။ အကြီးအကဲယဲ့နဲ့ ဆရာတူရောင်းရင်း အားလုံး သက်သောင့်သက်သာနေထိုင်နိုင်ကြတာကို မြင်ရတော့ ကျွန်တော့်စိတ်က အေးချမ်းသွားပါပြီ..."

လျိုချင်းမင်၏စိတ်ထဲတွင် အဆင့်အတန်းကွာခြားမှုက အလွန်ရှင်းလင်းနေခဲ့သည်။ ဒီလူ့ရှေ့မှာတော့ ဘာအကြောင်းနဲ့မှ အစွမ်းပြအမောက်ထောင်ဖို့ မရဲလှ။

"ဟားဟား၊ ကျွန်တော်တို့ရဲ့ ရွှယ်ထျန်းဂိုဏ်းနဲ့ ရွှယ်ထျန်းသူတော်စင်နယ်မြေရဲ့ ဆက်စပ်မှုက ပြောရရင် ညီအစ်ကိုတွေလိုပါပဲ!" ဂိုဏ်းချုပ် ရှယိုနျန်က ဝမ်းသားအားရ ထောက်ခံလာသည်။

"တကယ်လား" ယဲ့ကျွင်းလင်က လျိုချင်းမင်၏မျက်နှာကို စိုက်ကြည့်ကာ အလေးအနက်မေးလိုက်သည်။ "ခင်ဗျားတို့ ရွှယ်ထျန်းသူတော်စင်နယ်မြေက ရွှယ်ထျန်းဂိုဏ်းအပေါ် တောင်းဆိုခိုင်းလိုက်တာတွေ မရှိဘူးလား?"

လျိုချင်းမင်၏တစ်ကိုယ်လုံး ချွေးအေးများရွှဲစိုနေပြီး ခေါင်းကိုတွင်တွင်ငုံ့ထားကာ အကြည့်ချင်းမဆုံရဲခဲ့ပေ။ "မရှိပါဘူး မရှိပါဘူး" ဟုသာ မလုံမလဲ အကြောက်အကန်ငြင်းလာသည်။

"တကယ်လား"

"လုံးဝအမှန်ပါ!"

"ငါမယုံဘူး"

"..."

လျိုချင်းမင်သည် အလွန်အမင်း စိတ်ဓာတ်ကျလာခဲ့သည်။

ယဲ့ကျွင်းလင်၏စွမ်းရည်များကို မျက်မြင်ကိုယ်တွေ့ သိရှိရပြီးနောက် အရှင်သခင်ကြီးပေးလိုက်သော ညွှန်ကြားချက်များအကြောင်း ထုတ်ပြောဖို့ရာ သူ့တွင်သတ္တိမကျန်တော့ပေ။

ဒီမလာခင်ကတော့ သူတို့နှစ်ဖွဲ့ကြား ဆက်ဆံရေးကို အထက်အောက်သေချာခွဲခြားထားပြီးသားဟု ထင်ခဲ့သည်။ တစ်ဖက်ဂိုဏ်းမှာ လက်အောက်ငယ်သားအဆင့်သာ။

ယခုမူ ရွှယ်ထျန်းသူတော်စင်နယ်မြေကသာ ရွှယ်ထျန်းဂိုဏ်းကို မှီခိုသင့်သည်ဟု သူခံစားနေရ၏။

ထိုအချိန်တွင် အားကောင်းသည့် မသေမျိုး စွမ်းအင်လှိုင်းတစ်ခု ရောက်ရှိလာသည်။

လျိုချင်းမင်၏အံ့အားသင့်နေသော အကြည့်အောက်တွင် အနီရောင်ဝတ်ရုံဖြင့် ထင်သာမြင်သာရှိလှသော အမျိုးသားတစ်ဦးသည် တဖျတ်ဖျတ်လွင့်နေသော ဝတ်ရုံလက်စရှည်နှင့်အတူ မသေမျိုးဂူတစ်လုံးအတွင်းမှ ထွက်လာခဲ့သည်။

မျက်နှာအသွင်အပြင်မှာ အလွန်လှပပြီး သူ၏မျက်ခုံးပေါ်တွင် မီးတောက်အမှတ်အသားတစ်ခုရှိကာ စူးရှကြည်လင်သော ထို ဖီးနစ်မျက်လုံးများက ဆွဲဆောင်မှုတစ်ခုအား ထုတ်လွှတ်လျက်ရှိ၏။

အမလေးလေး သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့ပါလားးး

လျိုချင်းမင်၏ဦးရေပြား ထုံကျဉ်သွားခဲ့သည်။ နှစ်ပေါင်းများစွာကြာလွန်ခဲ့ပြီဖြစ်သော ထိုတစ်ချိန်က အလယ်ပိုင်းဒေသတစ်ခုလုံးကို ကျွမ်းထိုးမှောက်ခုံ ကမောက်ကမဖြစ်စေခဲ့သော နတ်ဆိုးဂိုဏ်းချုပ်အား နောက်ဆုံးတွင် တွေ့လိုက်ရလေပြီ။

ထိုနတ်ဆိုးသည် ဉာဏ်အလင်းမသေမျိုးအဆင့်အထိ ချိုးဖျက်တက်ရောက်နိုင်ခဲ့ပြီးနောက် စိတ်အခြေအနေကောင်းနေခဲ့သည်။ အေးအေးသက်သက်သာ လျှောက်လာရင်း တစ်ခုခုကို မြင်လိုက်ရသလို နေရာတွင်ပင် ရပ်တန့်သွားခဲ့သည်။

သူ့မျက်လုံးထဲတွင် လီဝူကျယ်၊ ပုရှောင်ရှီး၊ မှိုဘုရင်နှင့် ခွင်းဖန်းတို့သည် ကောင်းကင်မသေမျိုးပဉ္စမအဆင့်သို့ တစ်ပြေးညီရောက်ရှိနေကြသည်။ ဤရုတ်တရက်ဖြစ်ရပ်က သူ့အား အလွန်အံ့ဩစေခဲ့၏။

ဘာတွေဖြစ်နေတာလဲ?

သူတို့အားလုံး လျှပ်စီးဒုက္ခကို တစ်စုတစ်စည်းတည်း ကျော်လွှားခဲ့ကြတာလား?

လီဝူကျယ်က လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး အလေးအနက်ထား ရှင်းပြလိုက်သည်။ "ဆရာတူအစ်ကိုဟုန်၊ ခင်ဗျားမြင်တဲ့အတိုင်း ကျွန်တော်လည်း ကောင်းကင်မသေမျိုး တစ်ယောက်ဖြစ်ဖို့အတွက် ရေတွက်မရနိုင်တဲ့ ဒုက္ခတွေကို ကျော်ဖြတ်ခဲ့ရပါတယ်!"

ဟုန်ချန်ယဲ့: "ဟဟ"

ယုံချင်စရာကြီးကွာ။

တစ်ယောက်တည်းသာဆိုလျှင် လက်ခံနိုင်ဖွယ်ရှိသေးသည်၊ နှစ်ယောက်ဆိုလျှင်လည်း ဖြစ်နိုင်ချေရှိသည်ဟု သတ်မှတ်လို့ရပါသေး၏။ သို့သော် ရုတ်တရက် လူလေးယောက် တစ်ပြိုင်နက် ကောင်းကင်မသေမျိုး ဖြစ်သွားသည်ဆိုတော့ လျှပ်စီးဒုက္ခကို ကျော်လွှားခြင်းက ဒီလောက်မြန်ဆန်လွယ်ကူနေသတဲ့လား?

မင်း ဘယ်သူ့ကို လာလှည့်စားနေတာလဲ!

ဟုန်ချန်ယဲ့က လက်ပိုက်ပြီး လီဝူကျယ်ကို ခပ်တည်တည်ပြန်စိုက်ကြည့်နေလိုက်သည်။ လီဝူကျယ်မှာ ပြောင်မြောက်လှသော မထီမဲ့မြင်အကြည့်ကို မခံနိုင်တော့ဘဲ အမှန်အတိုင်းပြောပြဖို့သာ ဆုံးဖြတ်လိုက်ရတော့၏။

သို့သော် ဟုန်ချန်ယဲ့မှ သူ့ကို အထင်သေးမည်ကို စိုးရိမ်သောကြောင့် အလေးအနက် ပြောပြလိုက်သည်။ "ကျွန်တော် ဖြတ်လမ်းနည်းကို အသုံးပြုခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမယ့် မသေမျိုးအဖြစ်တက်လှမ်းပြီး တာအိုရဲ့လမ်းစဥ်ကို သက်သေပြချင်တဲ့ ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ အစစ်အမှန်ပါ"

ဟုန်ချန်ယဲ့မှာတော့ အစောကရွှင်ပျနေသောဟန်မှ ချက်ချင်းစိတ်ဓာတ်ကျသွားရတော့၏။ သူ့မှာတော့ ကယ်တင်မခံရခင် လျှပ်စီးဒုက္ခထံမှ သေလုမျောပါးဖြစ်အောင် အပြစ်ပေးခံခဲ့ရသည်မဟုတ်လော။ သို့သော် ကျန်တပည့်များကတော့ ၎င်းကို သက်သက်သာသာ ရရှိခဲ့ကြသည်ပင်။

"ရှောင်ဟုန်၊ မင်းရောက်လာတာ အချိန်ကိုက်ပဲ။ ဒီ ကျင့်ကြံသူက အလယ်ပိုင်းဒေသရဲ့ ရွှယ်ထျန်းသူတော်စင်နယ်မြေကလာတာ။ သူက ငါတို့ ရွှယ်ထျန်းဂိုဏ်းဆီ အထူးတလည် လာရောက်လည်ပတ်တာဆိုပဲ။ ငါတို့ဂိုဏ်းနဲ့ အဲ့သူတော်စင်နယ်မြေမှာ အဆက်အနွယ်တစ်ခုရှိနေတယ်လို့ ဆိုတယ်" ယဲ့ကျွင်းလင်က မိတ်ဆက်ပေးလိုက်သည်။

"ရွှယ်ထျန်းသူတော်စင်နယ်မြေ?"

ဤစကားလုံးလေးလုံးကိုကြားသောအခါ ဟုန်ချန်ယဲ့၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လျိုချင်းမင် အား သေချာကြည့်လိုက်ရာတွင် မျက်လုံးထဲမှ အလင်းရောက်တစ်ချက်လက်သွားခဲ့သည်။

"မီးလျှံဂိုဏ်းချုပ်" လျိုချင်းမင်သည် ချွေးများရွှဲစိုနေပြီး သူ၏ခြေထောက်များ တုန်ယင်နေသည်။ ဤနတ်ဆိုးဂိုဏ်းချုပ်၏ အတိတ်တစ်ချိန်ကထက်ပင် ပိုမိုသာလွန်လာသော တည်ရှိမှုနှင့် ရင်ဆိုင်ရသောအခါ သူ့မျက်နှာရှိ လုပ်ပြုံးမှာ ငိုနေသည့်ရုပ်ထက်ပင် အခြေအနေဆိုးလာလေပြီ။

ဟုန်ချန်ယဲ့က မပြုံးတပြုံးဖြင့် တုံ့ပြန်လိုက်သည်။ "အလယ်ပိုင်းဒေသရဲ့ နံပါတ်တစ် သူတော်စင်နယ်မြေ ကလူတွေက ဒီလိုဝေးလံခေါင်သီတဲ့နေရာအထိ အရောက်လာရအောင် ဘယ်တုန်းကများ ဒီလောက်နှိမ့်ချတတ်သွားပါလိမ့်?"

"မီးလျှံဂိုဏ်းချုပ်ကတော့ နောက်နေပြန်ပါပြီ။ ကျွန်တော်တို့ရဲ့ ရွှယ်ထျန်းသူတော်စင်နယ်မြေနဲ့ ရွှယ်ထျန်းဂိုဏ်းက ညီအစ်ကိုရောင်းရင်းတွေလို ဆက်ဆံရေးရှိကြပါတယ်။ မီးလျှံဂိုဏ်းချုပ်ကလည်း ရွှယ်ထျန်းဂိုဏ်းအဖွဲ့ဝင်တစ်ယောက်ဆိုတော့ ကျွန်တော်တို့ ပိုတောင်ရင်းနှီးကြရမှာပေါ့ဗျာ!" လျိုချင်းမင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဟမ့်၊ အဲဒီတုန်းကတော့ ရွှယ်ထျန်းသူတော်စင်နယ်မြေက သူတို့ရဲ့ကြီးမြတ်တဲ့အဆင့်နဲ့ ငါ့ရဲ့မီးလျှံနတ်ဆိုးဂိုဏ်းကို တိုက်ရိုက်ဆင်းပြီးတိုက်ခိုက်ဖို့ မလိုဘူးလို့ လေသံပစ်ခဲ့သေးတာလေ။ အဲ့တုန်းကအကန့်တွေ လိုက်ရှင်းချင်စိတ် မရှိတော့ပါဘူး၊ ဒါပေမယ့် ငါနဲ့ရင်းနှီးဖို့တော့ မကြိုးစားနဲ့!" ဟုန်ချန်ယဲ့က တည့်တည့်သာပြောလိုက်သည်။

စစ်ပွဲအငွေ့အသက်တို့ သက်ဝင်လှုပ်ရှားနေချိန်က ရွှယ်ထျန်းသူတော်စင်နယ်မြေသည် မီးလျှံနတ်ဆိုးဂိုဏ်းတော့ အဆုံးသတ်လမ်းကိုရောက်နေပြီဟုသာ ယူဆခဲ့ကာ မိမိတို့၏စွမ်းအင်ရင်းမြစ်တို့ မဖြုန်းတီးလိုသောကြောင့် စစ်ပွဲတွင်ဝင်မပါဘဲ ဘေးကသာ စောင့်ကြည့်နေခဲ့သည်ပင်။

ဟုန်ချန်ယဲ့စိတ်ထဲ အငြှိုးအတေးအကြီးဆုံးအဖြစ် ကျန်ရစ်ခဲ့သည်ကတော့ ဒုတိယအဆင့်ဖြစ်သော ထိုက်ချူသူတော်စင်နယ်မြေ ဖြစ်၏။

ယနေ့တိုင်အောင်ပင် မိမိကိုတိုက်ခိုက်ခဲ့သော ထိုဂိုဏ်းသားများအား မှတ်ဉာဏ်ထဲတွင် ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

"ဟုတ်၊ ဟုတ်၊ ဟုတ်ကဲ့" လျိုချင်းမင်က အလောတကြီး ပြန်ဖြေလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ၌ အကြီးအကျယ် မနာလိုဖြစ်နေခဲ့သည်။ တစ်ချိန်က အရှေ့ပိုင်းဒေသသို့ ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသည့် နတ်ဆိုးဂိုဏ်းချုပ်က ဒီလိုအခြေအနေထိတောင် တိုးတက်နေခဲ့ပြီလား။ နောက်ခံကောင်းသော ဆရာသခင်တစ်ဦးအား ရှာတွေ့ခဲ့သည့် အကျိုးအမြတ်ပင်။

စကားလုံးနဲ့တောင် ဖော်ပြလို့မရနိုင်တဲ့ ကံကောင်းမှုမျိုး။

အလယ်ပိုင်းဒေသမှလူများမှာတော့ အမှောင်ထဲတွင် ပိတ်မိနေဆဲဖြစ်ပြီး ဤနတ်ဆိုးဂိုဏ်းချုပ်အား အရင်ကလို ပြန်လည်ဖိနှိပ်နိုင်ဦးမည်က ယူဆနေကြသည်မှာ သနားစရာကောင်းလှ၏။

သူတို့မသိလိုက်ချိန်မှာပင် ကမ္ဘာကြီးက ခေတ်နှင့်အညီ ‌ပြောင်းလဲနေခဲ့လေပြီ။

ဂိုဏ်းချုပ်ရှယိုနျန်နှင့် အခြားတောင်ထိပ်သခင်များမှာလည်း ထိုနှစ်ဦးကြားမှ စကားဝိုင်းကိုကြားပြီး တိတ်တိတ်လေး အံ့သြနေခဲ့ရ၏။ ဆရာတူညီလေးယဲ့၏ အကြီးဆုံးတပည့်သည် စရောက်လာကတည်းက အဘယ်ကြောင့် ဤမျှထူးခြားနေခဲ့သည်ကို သူတို့နားလည်သွားခဲ့ကြသည်။ နောက်ခံသမိုင်းကြောင်းမှာ အလယ်ပိုင်းဒေသတွင် လွှမ်းမိုးနိုင်စွမ်းကြီးခဲ့သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့သည်ပင်။

"ခင်ဗျားလည်း ခရီးဝေးကနေလာတာဆိုတော့ ကျွန်တော်တို့ ဧည့်ဝတ်ပြုရဦးမှာပေါ့။ ဒီတစ်ကြိမ်မှာ ရွှယ်ထျန်းဂိုဏ်းက မသေမျိုးများစွာ တက်ရောက်နိုင်ခဲ့တာကိုလည်း ဂုဏ်ပြုပွဲကျင်းပရမယ်"

ယဲ့ကျွင်းလင် အလေးအနက် အကြံပြုလိုက်သည်။ "ဒီလိုအခြေအနေမျိုးမှာ ကျွန်တော် ဟော့ပေါ့စားဖို့ အကြံပြုချင်တယ်"

"ရှောင်ဟေး၊ မင်းကတော့ အဓိကဟော့ပေါ့အနှစ် ဖြစ်ရလိမ့်မယ်"

မှိုဘုရင်: "!!!"

မသေမျိုးဖြစ်ခဲ့ပါသော်ငြား ဟင်းရည်အိုးထဲဝင်ရသော ကံကြမ္မာမှ ရှောင်လွှဲမရနိုင်သေးပေ။

"ဝူးဝူး၊ ရေချိုးတယ်လို့ပဲ သဘောထားလိုက်၊ ခဏလောက်သည်းခံပြီးရင် ပြီးသွားလိမ့်မယ်" မှိုဘုရင်မှာ မျက်ရည်မကျဘဲ ကြိတ်ငိုနေရင်း သူ့ကိုယ်သူဖြေသိမ့်လိုက်သည်။

မှိုဘုရင် ပြင်ဆင်ပေးသော ကြည်လင်သည့် ဟော့ပေါ့ဟင်းရည် မကြာခင်မှာပင် အသင့်ဖြစ်သွားခဲ့၏။ ပုရှောင်ရှီးသည် အတွေ့အကြုံရှိစားဖိုမှူးတစ်ဦးကဲ့သို့ ပါဝင်ပစ္စည်းအမျိုးမျိုးကို ဟော့ပေါ့အိုးကြီးထဲသို့ ပစ်ထည့်လိုက်သည်။ သူမ၏ဘေးတွင် ဟုန်ချန်ယဲ့က အပူချိန်ကို အတိအကျထိန်းချုပ်ပေးနေပြီး လီဝူကျယ်က သူတို့ကို အားပေးနေခဲ့သည်။ လူတိုင်းသည် ၎င်းတို့၏ တာဝန်များကို ရှင်းရှင်းလင်းလင်းခွဲဝေကာ အကောင်းဆုံးလုပ်ဆောင်ခဲ့ကြ၏။

လျိုချင်းမင်ကတော့ ဘေးမှ မှင်တက်စွာ ငေးကြည့်နေခဲ့သည်။

တပည့်တွေမွေးထားတာ ‌ဟော့ပေါ့ချက်ခိုင်းဖို့တဲ့လား?

သို့သော် ရိုးရိုးသားသားပြောရလျှင် လျိုချင်းမင်မှာ သံတမန်တစ်ဦးအနေဖြင့် ဤသို့နွေးနွေးထွေးထွေးလက်ခံကြိုဆိုခြင်းအား အလွန်နှစ်သက်ကျေနပ်မိလေ၏။ ရွှယ်ထျန်းဂိုဏ်းအပေါ် သူ၏နှစ်လိုစိတ်သည်လည်း များစွာတိုးပွားလာခဲ့ပြီး ပြန်ရောက်သည့်အခါ နယ်မြေအရှင်သခင်ကြီးအား သူတို့အကြောင်း ကောင်းကောင်းပြန်ပြောပြရန် စဥ်းစားထားလိုက်သည်။

မကြာမီ သူတို့အားလုံး ဝိုင်းဖွဲ့ကာ ဟော့ပေါ့အတူစားကြသည်။

ဟော့ပေါ့အိုးကြီးသည် အငွေ့တထောင်းထောင်းထွက်နေပြီး လောလောလတ်လတ် ပစ်ထည့်ထားသော ပါဝင်ပစ္စည်းများမှာ လတ်ဆတ်ချိုမြန်လှ၏။ အထူးသဖြင့် မသေမျိုးစွမ်းအင်အပြည့်ပါသော မှိုဟင်းရည်ကြည်ကြည်ကြောင့် အရသာသည် ပိုမိုထူးကဲစွဲဝင်စေကာ လူတိုင်းအား လေပေါ်ပျံတက်သွားသကဲ့သို့ ခံစားချက်ကို ရရှိစေသည်။

စားသောက်နေစဥ် အချိန်အတွင်း လျိုချင်းမင်သည် ဤပတ်ဝန်းကျင်မှာ အလွန်တရာ နွေးထွေးလုံခြုံလှပါလားဟု ခံစားမိရ၏။ သူသည် မျက်ရည်ကျလောက်အောင် စိတ်လှုပ်ရှားနေပြီး ရွှယ်ထျန်းမူရင်းကျင့်စဥ်၏ ပြီးပြည့်စုံသောဗားရှင်းကို ဂိုဏ်းချုပ်ရှယိုနျန်အား ချက်ချင်းပေးအပ်လိုက်သည်။

ဂိုဏ်းချုပ် ရှယိုနျန်သည်လည်း ကျင့်စဥ်အား လက်ခံရယူဖို့ အလွန်စိတ်လှုပ်ရှားခဲ့သည်။ ရွှယ်ထျန်းမူရင်းကျင့်စဥ်၏ ပြီးပြည့်စုံသောဗားရှင်းသည် မပြီးပြည့်စုံသော အပိုင်းအစများထက် များစွာပိုမိုအားကောင်းလှသည်ပင်။

ကောင်းကင်နှင့်မြေကြီးတမျှ ကွာခြားသည်ဟု ဆိုရပေမည်။ ရွှယ်ထျန်းသူတော်စင်နယ်မြေ၏ ကိုယ်စားပြုရတနာကျင့်စဥ်တစ်ရပ်သဖွယ် သတ်မှတ်ခံထားရသည်မှာ အံ့သြစရာမဟုတ်တော့။

နောက်တစ်ဆင့်မှာ ရွှယ်ထျန်းမူရင်းကျင့်စဥ်ကို ဂိုဏ်းအတွင်း ပြန်လည်ပို့ချပေးရမည်ဖြစ်ပြီး ဤနည်းဖြင့် ဂိုဏ်း၏အင်အားမှာလည်း အလုံးအရင်း တိုးတက်လာပေလိမ့်မည်။

ထိုအကြောင်းကို စဉ်းစားရုံဖြင့် ဂိုဏ်းချုပ်ရှယိုနျန်မှာ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

ယဲ့ကျွင်းလင် ဟော့ပေါ့စားနေသည်ကိုကြည့်ပြီး လျိုချင်းမင်သည် လက်ဖက်ရည်ဆိုင်မှ ပုံပြောဆရာ ပုံဖော်ပြောကြားခဲ့သော ဇာတ်လမ်းဇာတ်ကွက်များကို ရုတ်တရက် သတိရသွားခဲ့ပြီး စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။

"အကြီးအကဲယဲ့၊ အကြီးအကဲအနေနဲ့ မှောင်မိုက်သောကပ်ဆိုးကြီးကို တစ်ယောက်တည်းအားနဲ့ ဖယ်ရှားပြီး တားမြစ်အမှောင်မျိုးနွယ်စု ခုနှစ်ခုက ခေါင်းဆောင်တွေကို နှိမ်နင်းခဲ့ကြောင်း သိလိုက်ရတုန်းက ကျွန်တော် အလွန်အမင်း အံ့အားသင့်ခဲ့ရပါတယ်။ ခွင်းလွင်မှာ ခင်ဗျားတည်ရှိနေတာဟာ သက်ရှိသတ္တဝါအားလုံးအတွက် ကံကောင်းခြင်းဖြစ်ပြီး ကမ္ဘာလောကအတွက် ကြီးမားတဲ့ ဆုလာဘ်တစ်ခုပါ!"

ထိုစကားကိုကြားသောအခါ ယဲ့ကျွင်းလင် စားရင်းသောက်ရင်း မှင်တက်သွားခဲ့ရသည်။ "ဘာပြောလိုက်တာလဲ?!"

All Chapters