ငါ့ညီ ဂိုဏ်းချုပ်လုပ်မလား
Vol. 30 Ch. 410
လျိုချင်းမင်၏ အဆက်မစပ်မရှိသော စကားများကြောင့် ယဲ့ကျွင်းလင် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။
ငါ အရင်က အဲ့လိုတွေလုပ်ဖူးသလား?
လုပ်ဖူးရင် ဘာလို့မမှတ်မိရတာလဲ?
လီဝူကျယ်က ဝင့်ကြွားစွာပြောလိုက်သည်။ "တာအိုရောင်းရင်း၊ ခင်ဗျားလည်း ကျွန်တော့် ဆရာသခင် ရဲ့ သမိုင်းကြောင်းအစစ်အမှန်ကို သိပုံရတယ်။ ဘယ်လိုလဲ၊ အံ့ဩစရာမကောင်းဘူးလား"
လျိုချင်းမင်က သက်ပြင်းချလိုက်သည်။ "အင်း၊ အစကတော့ ကျွန်တော် သံသယဖြစ်မိတယ်၊ ဒါပေမယ့် အခုတော့ ဒီလိုလူမျိုး ဒီကမ္ဘာမှာ တကယ်ရှိနေတယ်ဆိုတာကို လုံးဝယုံကြည်သွားပြီ"
ယဲ့ကျွင်းလင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မယုံကြည်နိုင်စွာ အတွေးများရှုပ်ထွေးသွားတော့၏။
ဘာတွေဖြစ်နေတာလဲ?
ငါက ခန္ဓာကူးပြောင်းလာသူတစ်ယောက်ဆိုတာ ပေါ်သွားတာလား?
ဒါမှမဟုတ် သူတို့က ငါ့မှာ စနစ် ရှိတယ်ဆိုတာကို သိသွားတာလား?
မဖြစ်နိုင်ပါဘူး!
ဒီကမ္ဘာကလူတွေ ဒီလိုအကြောင်းအရာမျိုးကို ခန့်မှန်းနိုင်ကြပါ့လား?
"ဆရာသခင်၊ ဆရာသခင်ရဲ့ မူလဇာတိ သမိုင်းကြောင်းသတင်းတွေက အပြင်မှာ ပျံ့နေပုံရတယ်" လီဝူကျယ်က တအံ့တသြပြောသည်။
ရှယိုနျန် မျက်မှောင်ကြုတ်လိုက်သည်။ ဆရာတူညီလေးယဲ့မှာ တခြားနောက်ခံအကြောင်းအရာတွေ ရှိနေသေးတာလား?
သို့သော် သူ၏အတိတ်က အတွေ့အကြုံများအားလုံးကို ပြန်လည်စဉ်းစားလိုက်သောအခါ ဆရာတူညီလေးယဲ့တွင် ကြီးမားသည့် နောက်ခံတစ်ခု ရှိလောက်ဦးမည်ဟု ခံစားလာရသည်။
ယဲ့ကျွင်းလင် တစ်ယောက်သာ အူကြောင်ကြောင်ဖြစ်လျက်။
ဤကမ္ဘာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ခန္ဓာကူးပြောင်းလာသူ သို့မဟုတ် စနစ်ပိုင်ရှင် စသည်တို့ကို သိနိုင်ကြမည်မဟုတ်ဟု သူအမြဲတမ်း ယုံကြည်ခဲ့သည်။
အကြောင်းမှာ ဤသဘာဝလွန် အရာများသည် သူတို့၏နားလည်နိုင်စွမ်းကို လုံးဝကျော်လွန်နေသော အယူအဆများဖြစ်သောကြောင့်ပင်။
အခုတော့ ဘာတွေဖြစ်လို့ဖြစ်ကုန်မှန်း သူလည်းမသိ။
ယဲ့ကျွင်းလင်၏ မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားပြီး လျိုချင်းမင်အား ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ ရှင်းပြလို့မရနိုင်သော ဖိအားတစ်ခုပါဝင်သည့် လေသံဖြင့် မေးလိုက်သည်။ "မင်း... မင်း ငါ့ရဲ့ နောက်ခံအကြောင်းအရာတွေကို တကယ်သိနေတာလား"
လျိုချင်းမင်၏ဆံပင်များ ဖြန်းခနဲထောင်ထသွားပြီး တစ်ဖက်လူ အထင်လွဲမည်စိုးသောကြောင့် အလျင်အမြန် ရှင်းပြလိုက်သည်။ "အကြီးအကဲယဲ့၊ ဒေါသကို ထိန်းပါ။ ကျွန်တော်သိလာတာက အကြီးအကဲဟာ ဟိုးအရင် တစ်ခေတ်တစ်ခါတုန်းက ကောင်းကင်ဧကရာဇ်ယဲ့ လို့ လူသိများတဲ့ အားအကောင်းဆုံး မသေမျိုးဧကရာဇ် ဖြစ်ခဲ့တယ်ဆိုတာကို မတော်တဆ ကြားခဲ့ရတာပါ!"
"ဝန်ခံရမှာတော့ ရှက်စရာပါပဲ၊ ကျွန်တော် အစကတော့ အမြင်ကျဉ်းမြောင်းပြီး သံသယဝင်ခဲ့ဖူးတယ်လို့ ဆိုရမှာပေါ့။ ဒါပေမဲ့ အခုတော့ ကျွန်တော် လုံးဝယုံကြည်သွားပါပြီ!"
ယဲ့ကျွင်းလင်: "???"
မင်းတို့အားလုံး ဇာတ်လမ်းထွင်တဲ့နေရာမှာ ဘာလို့အဲ့လောက်တော်နေကြတာလဲကွာ။
ငါဘယ်တုန်းက မသေမျိုးဧကရာဇ် ဖြစ်သွားပြန်တာလဲ?
ပြီးတော့ အားအကောင်းဆုံး မသေမျိုးဧကရာဇ်၊ ကောင်းကင်ဧကရာဇ်တဲ့!
အင်း၊ ဒါပေမယ့် အဲဒီဘွဲ့နာမည်ကတော့ ကြားရတာ အတော်လေး ဩဇာကြီးပြီး ခန့်ညားပုံရတာပဲ။
"ဆရာတူညီလေးယဲ့၊ ဒါဆို မင်းကတကယ်..." ရှယိုနျန်မှ အံ့သြတုန်လှုပ်သွားရပြီး သူ၏စိတ်နှလုံးမှာ မုန်တိုင်းထန်နေသည့် ပင်လယ်ကဲ့သို့ အုန်းအုန်းခတ်နေခဲ့သည်။
ဤစကားများက တခြားသူတစ်ဦးတစ်ယောက်အကြောင်းသာဆိုလျှင် သူ့အနေဖြင့် အဓိပ္ပာယ်မရှိ၊ လုံးဝမဖြစ်နိုင်၊ ဟာသသက်သက်ဟုသာ သတ်မှတ်လိုက်မည်ဖြစ်၏။
သို့သော် ပြဿနာမှာ ဆရာတူညီလေးယဲ့၏ ဒဏ္ဍာရီဆန်ဆန် တိုးတက်မှုနှင့် လျှပ်စီးဒုက္ခကိုပင် နှိမ်နင်းနိုင်သော ကောင်းကင်ဘုံအား ဆန့်ကျင်စိန်ခေါ်နေသည့် လုပ်ရပ်များကို မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ရပြီးနောက် သူ့အတွက် ထိုအကြောင်းအရာမှာ မယုံကြည်နိုင်စရာ မရှိတော့ချေ။
အဆုံးတွင် သူ့မျက်စိရှေ့တွင် သန်မာအားကောင်းလာခဲ့သော ထိုလူငယ်၏ တောက်ပမှုသည် မျက်စိကျိန်းလောက်အောင် ထူးကဲနေခဲ့ပြီး လုပ်ရပ်တိုင်းမှာ အလွန်အမင်းထူးခြားဆန်းကြယ်ကာ ကမ္ဘာကို အစဥ်အမြဲ လှုပ်ခါနိုင်ခဲ့သောကြောင့် မယုံကြည်ဖို့ရာက ပိုမဖြစ်နိုင်လေသည်။
တစ်ဖွဲ့လုံးတွင် အများဆုံး ထိတ်လန့်နေရသူမှာ ယဲ့ကျွင်းလင်ကိုယ်တိုင်ပင်ဖြစ်ပြီး မျက်ခုံးကို တွန့်ကွေးနေအောင်ချိုးလျက် နှုတ်ခမ်းထောင့်မှာ တစ်တွန့်တွန့်ဖြင့် လှုပ်ခါနေရလေသည်။
မြတ်စွာဘုရား၊ တော်သေးလို့ပေါ့၊ ငါကအတွေးလွန်နေခဲ့မိတာပဲ။
ဒါပေမယ့် အခုကျတော့ ငါဘယ်လိုတုံ့ပြန်သင့်လဲ?
"အကြီးအကဲယဲ့၊ အကြီးအကဲရဲ့ ခမ်းနားထည်ဝါတဲ့ လုပ်ရပ်တွေအတွက် ကျွန်တော့်စိတ်ထဲမှာဖြင့် လေးစားမှုတွေနဲ့ပဲ ပြည့်နှက်နေပါတယ်။ အထူးသဖြင့် အကြီးအကဲဟာ သက်ရှိသတ္တဝါအားလုံးကို ကျောခိုင်းပြီး အမှောင်မျိုးနွယ်ခုနှစ်ခုရဲ့ ခေါင်းဆောင်တွေကို တိုက်ထုတ်နှိမ်နင်းအပြီးမှာ 'ငါသည် ကောင်းကင်ဧကရာဇ် ဖြစ်တဲ့အတွက် လောကရှိ အဖျက်သမား ရန်သူအားလုံးကို နှိမ်နင်းသုတ်သင်မည်' လို့ကြေညာလိုက်တဲ့အချိန်မှာ စိတ်လှုပ်ရှားလွန်းလို့ သွေးတွေဆူပွက်ကုန်တဲ့အထိပါပဲ!"
ပုံပြင်ပြောသူ၏ ဇာတ်ကြောင်းကို ပြန်လည်အောက်မေ့ရင်း လျိုချင်းမင်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် နစ်မျောနေကာ မျက်လုံးများမှာလည်း ရူးသွပ်နေသကဲ့သို့။
ဇာတ်ကြောင်းတစ်ခုလုံး၏ အဓိကဇာတ်ကောင်ကား သူ့မျက်စိရှေ့တည့်တည့်တွင် ရောက်ရှိနေသည် မဟုတ်ပါလော။
"ဆရာတူညီလေးယဲ့၊ ဒါတွေအားလုံးက တကယ်ပဲလား" ရှယိုနျန်သည် မိမိ၏ဆရာတူညီလေးတွင် ကမ္ဘာနှင့်ချီသော စစ်ပွဲအတွေ့အကြုံများပါ ရှိနေခဲ့လိမ့်မည်ဟု လုံးဝမထင်ထား။
ယဲ့ကျွင်းလင်လည်း ခေါင်းမူးနေခဲ့သည်။
မဟုတ်သေးပါဘူး၊ အခုခေတ်လူငယ်တွေ စိတ်ကူးဉာဏ်တွေ ဖွံ့ဖြိုးလှချည်လား?
ငါ့ရဲ့နောက်ခံသမိုင်းကြောင်းကို သူတို့စိတ်ကြိုက် ရှင်းရှင်းလင်းလင်းကို ဖန်တီးထားကြတာပါလား။ ဒီလိုတွေသတင်းပျံ့နေတာ ဘယ်လောက်တောင်ကြာသွားပြီလဲ?
လျိုချင်းမင်၏ လေးစားကြည်ညိုသောအကြည့်ကို ရင်ဆိုင်ရင်း ယဲ့ကျွင်းလင် တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။
လူအများစု၏ ထင်မြင်ချက်တစ်ခု ပုံပေါ်လာပြီး ထိုထင်မြင်ချက်က တစ်စထက်တစ်စ ပျံ့နှံ့ကူးစက်သွားပါက အခြေအမြစ်မရှိသော သတင်းမှားများပင် အမှန်တရား ဖြစ်လာနိုင်ပေ၏။
ယခုမူ အပြင်လောကမှလူများသည် သူ့ကို တစ်ချိန်က ခွင်းလွင်အား ကယ်တင်ခဲ့သော သူရဲကောင်းကြီး ကောင်းကင်ဧကရာဇ်ယဲ့အဖြစ် သတ်မှတ်ထားပြီးဖြစ်လေသည်။
အခုမှ အသည်းအသန်ရှင်းပြလို့ရော ဘာအကျိုးရှိမှာလဲ?
အမှားအတိုင်း မျှောလိုက်နေခြင်းက ပိုသက်သာမည်။ မည်သို့ပင်ဆိုစေကာမူ သူ့အတွက် ဆုံးရှုံးမှုမရှိနိုင်ပေ။
စိတ်ဆုံးဖြတ်ပြီးနောက် ယဲ့ကျွင်းလင်တစ်ယောက် မျက်နှာကို ပြန်မော့လိုက်သောအခါ သူ၏မျက်လုံးများတွင် နာကျင်မှုအရိပ်အယောင်တစ်ခုပါဝင်နေပြီး ဝမ်းနည်းဖွယ်လေသံလေးဖြင့် ပြောလိုက်သည်။ "အားလုံးပဲ၊ အရင်က အဲ့ဒီကာကွယ်ရေးတိုက်ပွဲအပြီးမှာ ငါအပြင်းအထန် ဒဏ်ရာရခဲ့တယ်။ ခွင်းလွင်ရဲ့ ပတ်ဝန်းကျင်ပြောင်းလဲမှုတွေနဲ့အတူ ငါဟာ အချိန်အကြာကြီး အိပ်စက်နေခဲ့ရတယ်။ ဒီခေတ်အချိန်အထိ နိုးမလာနိုင်ခဲ့တာကိုပဲ ကြည့်ပါတော့၊ ငါနိုးထလာချိန်မှာ ကမ္ဘာကြီးဟာလည်း မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့ပြီလေ"
"ကျွန်တော် သိနေခဲ့တယ်!" လီဝူကျယ်က သူ့ပေါင်သူ ဖြန်းခနဲရိုက်ချလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဟုတ်ပါ့ကွာ" ဟုန်ချန်ယဲ့က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
လျိုချင်းမင်၏မျက်လုံးများတွင် မျက်ရည်များပြည့်လျှံလာပြီး ပြင်းစွာသော စိတ်ခံစားချက်များကို သယ်ပိုးလျက် ပြောလိုက်သည်။ " အကြီးအကဲယဲ့၊ ခင်ဗျားရဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို အနာဂတ်မျိုးဆက်တွေက ထာဝရအမှတ်ရနေကြမှာပါ"
သူသည် ခွင်းလွင်ကို တစ်ချိန်က ကာကွယ်ခဲ့သည့် ကောင်းကင်ဧကရာဇ်ယဲ့၏ လေးလံခဲ့လှမည်ဖြစ်သော နှလုံးသားအား စိတ်ကူးဖြင့် ခံစားကြည့်လိုက်သည်။ လောကအကျိုးအတွက် ဒဏ်ရာများစွာကို ရင်စည်းခံခဲ့ရပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာညောင်းပြီးမှ နိုးထလာနိုင်ခဲ့သောအခါ သူ၏ ကိုးကွယ်ယုံကြည်သူများ၊ မိသားစုဆွေမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းများအားလုံး သေဆုံးသွားခဲ့ကြပေမည်။ ထိုခံစားချက်မှာ သည်းမခံနိုင်လောက်သော အထီးကျန်ဆန်ခြင်း၊ ဝမ်းနည်းခြင်းတို့နှင့် ရှုပ်ထွေးနေခဲ့မည် ဖြစ်လေရာ...
ယဲ့ကျွင်းလင်က စိတ်ကူးထဲမျောပါနေသော လျိုချင်းမင်အား ဆွံ့အမိတယ် ဟူသောအကြည့်ဖြင့် ကြည့်နေသည်။
ဒီကောင် ဝတ္ထုရေးစားသင့်တယ်။
"ဆရာတူညီလေးယဲ့၊ အဲဒီလိုဆိုရင် မင်းဘယ်တုန်းက ရွှယ်ထျန်းဂိုဏ်းကို ရောက်လာခဲ့တာလဲ? နောက်ပြီး ဘာကြောင့်ဝင်ခဲ့တာလဲ? ပြီးတော့ ကျင့်ကြံမှုပိုင်းရော ဘယ်လိုဆက်ဖြစ်ခဲ့လဲ" ရှယိုနျန်က အတိတ်ဖြစ်ရပ်များကို ပြန်စဥ်းစားရင်း တွေးတွေးဆဆ မေးလိုက်သည်။
ကျင့်ကြံဆင့်ကို ဖုံးကွယ်ခဲ့တာကရော တမင်တကာလား၊ ဒါမှမဟုတ် တခြားအကြောင်းပြချက်ရှိသေးသလား?
ယဲ့ကျွင်းလင် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"တကယ်တော့ ငါနိုးထလာပြီးနောက် ငါ့ရဲ့မှတ်ဉာဏ်အများစုကို ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့်လည်း ရွှယ်ထျန်းဂိုဏ်းကို သာမန်လူ တစ်ယောက်အဖြစ် ဝင်ရောက်ခဲ့တာပါ။ နောက်တော့ ရွှေအမြုတေဆင့်ထိရောက်အောင် ကြိုးစားကျင့်ကြံခဲ့ပေမယ့် မတော်တဆမှုတစ်ခုကြောင့် ခြေချော်လက်ချော်ဖြစ်ပြီး ကျင့်ကြံဆင့် ပျက်စီးခဲ့ရပြန်တယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ အကြီးအကျယ်ထိခိုက်ခဲ့ရပြီး အနားယူနေချိန်မှာ ငါ့ရဲ့အရင်က ကျင့်ကြံရေးအမြစ်ကို တဖြည်းဖြည်းပြန်ရှာတွေ့ခဲ့ပြီး ဒီခန္ဓာကိုယ်ရဲ့ စွမ်းအားကို ဖြည်းဖြည်းချင်း ပြန်ဖွင့်နိုင်ခဲ့တယ်"
ဤရှင်းပြချက်ကိုကြားသောအခါ။
ရှယိုနျန်က တစ်ဖက်လူ စိတ်ဓာတ်ခိုင်မာတက်ကြွစွာဖြင့် ရွှေအမြုတေအဆင့်ကို ရရှိခဲ့ကြောင်း၊ ထို့နောက် ပြင်ပတာဝန်တစ်ခု ထမ်းဆောင်ရာမှာ နတ်ဆိုးကျင့်ကြံသူတစ်ဦး၏ ချုံခိုတိုက်ခိုက်မှုကို ခံခဲ့ရပြီး ကျင့်ကြံရေးသွေးကြောများ ပျက်စီးခဲ့ရကြောင်းအား ချက်ချင်းပြန်သတိရလိုက်သည်။ ထို့နောက် ထိုသူသည် မိုးပြာဂဠုန် နတ်ဆိုးဘုရင် ပေါ်မလာခင်အထိ ဆယ်စုနှစ်များစွာ တောင်ပေါ်ဝယ် ခိုအောင်းနေခဲ့သည်ပင်။ ပြန်ထွက်လာပြီးနောက်ပိုင်းမှ ကျင့်ကြံမှုစွမ်းရည်သာမက စရိုက်လက္ခဏာအချို့ပါ ပြောင်းလဲသွားကြောင်း သတိထားမိလိုက်၏။
သေချာစဉ်းစားကြည့်ပါက သဲလွန်စများကို သူတို့ရိပ်မိခဲ့သင့်သည်ပင်။
"ဒါဆို... အနာဂတ်မှာ ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ? အစ်ကိုကြီးယဲ့လို့ ခေါ်ရမလား၊ ဒါမှမဟုတ် ကောင်းကင်ဧကရာဇ်ယဲ့လို့ ခေါ်ရမလား" ရှယိုနျန်က ကျိုးကြောင်းဆင်ခြင်ရင်း ထိုမေးခွန်းကို ဖြတ်မေးလိုက်သည်။
အရင်ကတော့ ဘယ်သူမဆို ဘယ်လောက်ပဲ အားကောင်းလာပါစေ ဆရာတူညီအစ်ကိုအချင်းချင်း ဂိုဏ်းကိုဝင်ခါစ ရာထူးအတိုင်း ဆက်ခေါ်နိုင်သည်ဟု သူမှတ်ယူခဲ့သည်။ သူတို့ကြားက ရင်းနှီးမှုကို ပျောက်ကွယ်မသွားစေလိုသည့် ရည်ရွယ်ချက်ဖြင့်။
သို့သော် ယခုတော့ ဆရာတူညီလေးယဲ့၏ စစ်မှန်သောသမိုင်းကြောင်းကို သိရှိပြီးနောက် ရှယိုနျန်သည် အရင်ကသတ်မှတ်ထားသည့်အတိုင်း ဆက်သွားရန် မဝံ့ရဲတော့ပေ။
ရှယိုနျန်တစ်ယောက် ရုတ်တရက် ရိုသေကျိုးနွံလာသည်ကို မြင်သောအခါ ယဲ့ကျွင်းလင်လည်း ကူကယ်ရာမဲ့ဖြစ်သွားရသည်။ မင်းလည်း ဇာတ်ဝင်ခန်းထဲ မျောသွားပြန်ပြီလား?
"ဟုတ်ပြီ ခင်ဗျားပဲ ဂိုဏ်းချုပ်လုပ်လိုက်ရင်ရော?" ရှယိုနျန်က အကြံပေါက်သွားသကဲ့သို့ ဝမ်းသာအားရ ထပြောလာသည်။
"အယ်"
ယဲ့ကျွင်းလင် သူ့ကို ထူးထူးဆန်းဆန်း စိုက်ကြည့်လိုက်သည်။ ဤဇာတ်လမ်းအား အသာမျှောလိုက်ရင်း ပေါ့ပေါ့ပါးပါးလေး ဖြတ်ကျော်ဖို့သာ ရည်ရွယ်ခဲ့သော်လည်း တစ်ဖက်လူက ချက်ချင်းပင် ဂိုဏ်းချုပ် ရာထူးကို စွန့်လွှတ်လိုက်မည်ဟု ထင်မထားခဲ့ပေ။
သို့သော် သူနားလည်နိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ မသေမျိုးဧကရာဇ်တစ်ပါး၏ နောက်ကြောင်းဆိုသည်ကား ဘေးမှလူများအပေါ် ဖိအားတစ်ခုတော့ ခံစားရစေမည်သာ။
ယဲ့ကျွင်းလင်က လက်ကိုဝှေ့ယမ်းလိုက်သည်။ "ဂိုဏ်းချုပ်ရာထူးကို ကျွန်တော် စိတ်မဝင်စားဘူး၊ ဂိုဏ်း ရဲ့ကိစ္စတွေကိုလည်း ကျွန်တော် ဝင်မစွက်ဖက်ချင်ဘူး။ ခင်ဗျားပဲ ဆက်ပြီးတာဝန်ယူပါ"
ရှယိုနျန်က ခပ်ရွံ့ရွံ့ ပြုံးလိုက်သည်။
ရွှယ်ထျန်းဂိုဏ်းသည် ယခုအခါ အရှေ့ပိုင်းဒေသ၏ နံပါတ်တစ် မသေမျိုးဂိုဏ်း ဖြစ်နေပြီး ဂိုဏ်းချုပ်ရာထူးမှာလည်း ဂုဏ်သိက္ခာ အလွန်မြင့်မားသည် မှန်သော်လည်း အပြင်လောကမှ လူတိုင်းသိကြသည်မှာ ဤဂိုဏ်း၏ စစ်မှန်သော ပင်မထောက်တိုင်သည် ဂိုဏ်းချုပ် မဟုတ်ဘဲ မြူခိုးတောင်ထိပ်၏ တောင်ထိပ်သခင် ဖြစ်နေခြင်းပင်။
သူရာထူးစွန့်သည်ဖြစ်စေ မစွန့်သည်ဖြစ်စေ ဘာများကွာခြားပါ့မလဲ။
"ဒါဆိုရင်တော့ ရှေ့လျှောက် ကျွန်တော် ခင်ဗျားကို အကြီးအကဲယဲ့လို့ ခေါ်ပါမယ်။ အခုကစပြီး ခင်ဗျားရဲ့ရာထူးဟာ ရွှယ်ထျန်းဂိုဏ်းရဲ့ မဟာအကြီးအကဲ ဖြစ်ပါလိမ့်မယ်။ ဒီရာထူးဟာ ဂိုဏ်းချုပ် ရာထူးထက်တောင် ပိုမြင့်ပြီး လုံးဝထူးခြားသာလွန်ပါတယ်!"
ရှယိုနျန်သည် ဇွဲမလျှော့စွာပင် ယဲ့ကျွင်းလင်အား မသေမျိုးဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာနှင့် ကိုက်ညီသော ဘွဲ့နာမည်တစ်ခုကို ပေးအပ်ရန် အတင်းအကျပ် ကြိုးစားတော့၏။
"သဘောပဲ"
ယဲ့ကျွင်းလင် ခွင့်ပြုလိုက်ရသည်။
သူတကယ်ကို ပြောစရာစကားမရှိတော့ပေ။ အဲ့လောက်ထိလုပ်ဖို့ လိုအပ်လို့လား?
လျိုချင်းမင်က ရှယိုနျန်၏ စိတ်သဘောထားကို အကဲခတ်နေရင်း သူ့မျက်လုံးများတွင် နှစ်လိုသဘောကျဟန်များ ပြသနေခဲ့သည်။
"သူက လူတွေအကြောင်းအတော်သိပြီး ကိုင်တွယ်ဖြေရှင်းရာမှာလည်း တော်တာပဲ။ စိတ်ခံစားမှုဉာဏ်ရည်စာအုပ် ဖတ်ဖူးလောက်မယ်ထင်တယ်"