လျိုချင်းမင် အပြုစားခံလာရ
Vol. 30 Ch. 411
ယဲ့ကျွင်းလင်က ဂုဏ်ပုဒ်အသစ်ကို လက်ခံလိုက်သောအခါမှ ရှယိုနျန် သက်ပြင်းချနိုင်တော့သည်။
တစ်ခါတရံ တစ်ဖက်လူက မလိုချင်လောက်ပေသည့် ကိုယ်ကတော့ တာဝန်အရ ပေးကိုပေးရမည်။
ရာထူးမြင့်မြင့် တာဝန်ကြီးကြီး လက်ခံထားရသောသူများမှာ ထိုအချက်ကို သေချာနားလည်ထားရမည် ဖြစ်၏။
ခမ်းနားထည်ဝါသော ဟော့ပေါ့စားသောက်ပွဲအပြီးတွင် လျိုချင်းမင်လည်း အစီရင်ခံစာတင်ပြဖို့အတွက် ဂိုဏ်းဆီ ပြန်ရတော့ပေမည်။
ဒီတစ်ခေါက် အရှေ့ပိုင်းဒေသ ခရီးစဉ်ကတော့ လုံးဝကို မျက်စိပွင့်နားပွင့် ဗဟုသုတအပြည့်ပဲ။
"ရှောင်လျို၊ ဂရုစိုက်ပြန်နော်" ယဲ့ကျွင်းလင်က ဗိုက်ပြည့်သွားပြီးနောက် ပက်လက်ကုလားထိုင်ထက် အေးအေးဆေးဆေးမှီချလိုက်ရင်း နှုတ်ဆက်လာသည်။
ထိုသူသည် ပုံပြင်ထဲတွင်ဖော်ပြထားသည့် ကောင်းကင်ဧကရာဇ်ယဲ့ကဲ့သို့ မိမိလမ်းကြောင်းအား လာရောက်ပိတ်ဆို့ဖြတ်ထုတ်သူတိုင်းကို မနားရှင်းလင်းပစ်ကာ အာဏာပြတတ်သော စွမ်းအားရှင်တစ်ဦးနှင့် လားလားမှမတူ။
သို့သော် လျိုချင်းမင် သိနေခဲ့သည်။ ထိုအချင်းအရာများကား အကြီးအကဲယဲ့အား လူတွေထင်မြင်ကြသည့် ပုံရိတစ်ခုသာ ဖြစ်ပေမည်။
ဤမျှ အဆင့်အတန်းမြင့်ကာ အားကောင်းသည့် ကျင့်ကြံသူတစ်ဦးသည် လူတို့၏စိတ်နှလုံးထဲတွင် ကြောက်စရာကောင်းသော ပုံရိပ်တစ်ခု ထည့်သွင်းပေးရန် တမင်တကာ ကြိုးစားနေစရာ မလိုအပ်တော့။
အဆုံးစွန်သော ကြီးမြတ်မှုအထိ တက်လှမ်းပြီးသွားသည့် လူတစ်ဦးသည် အဆုံးတွင်တော့ ရိုးရှင်းမှုထံသို့သာ ပြန်လည်ဆိုက်ရောက်လာမည်ဖြစ်၏။ စစ်မှန်သော အဆင့်အတန်း၊ အပြစ်အနာအဆာကင်းသော ပြည့်စုံမှုနှင့် ထူးကဲသော ခွန်အားဗလတို့၏ ပိုင်ရှင်မှာ ဤသို့ ရိုးရှင်းလွတ်လပ်နေရမည်။
"အကြီးအကဲယဲ့၊ နောက်မှတွေ့ကြပါဦးမယ်!"
လျိုချင်းမင်က ရိုသေစွာ ဦးညွတ်လိုက်သည်။
ထို့နောက် သူသည် တောက်ပသည့် မသေမျိုးအလင်းတန်းလေးအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ထက်ပျံတက်သွားကာ ထောင်ချီသော တောင်တန်းမြစ်ချောင်းများကို မျက်စိတစ်မှိတ်အတွင်း ကျော်ဖြတ်သွားခဲ့သည်။
"အယ်? မင်းတို့ ဟော့ပေါ့စားနေကြတာလား"
ထိုအချိန်တွင် သီးသန့်ကျင့်ကြံရာ မသေမျိုးဂူထဲမှ ယခုလေးတင်ထွက်လာသော ဓားဝှက်တောင်ထိပ်သခင် သည် မြူခိုးတောင်ထိပ်ထက် အလွန်စည်ကားနေသည်ကို သတိပြုမိသဖြင့် လာရောက်အကဲခတ်လေသည်။
ဟော့ပေါ့အိုးထဲတွင် အရည်သာကျန်နေသည်ကို မြင်သောအခါ နောင်တရသွားဟန်ဖြင့် မျက်နှာရှုံ့မဲ့သွားသည်။
"ဆရာတူညီလေးယဲ့၊ မင်းတကယ်မတရားဘူး၊ ဟော့ပေါ့စားတာကို ဆရာတူအစ်ကိုကျန်းကိုတောင် မခေါ်ဘူး" ဓားဝှက်တောင်ထိပ်သခင်က စူပုပ်နေသောမျက်နှာဖြင့် ရန်တွေ့လာသည်။
ကုလားထိုင်တွင် ပျင်းရိစွာမှီနေသော ယဲ့ကျွင်းလင်က ချက်ချင်းပင် ပြန်ပက်လိုက်သည်။
"အဲ့မှာ အရည်ကျန်သေးတယ်လေ အရည်သောက်"
ဓားဝှက်တောင်ထိပ်သခင်: "..."
ဒါ ဘာစကားလဲ?
ငါကဘာလို့ ကျန်တဲ့အရည်တွေပဲ သောက်ရမှာလဲ?
နေစမ်းပါဦး၊ ဒီအရည်တွေလည်း အရသာရှိတဲ့ပုံပဲ။
ငါမြည်းကြည့်ဦးမယ်။
"ဆရာတူညီလေးကျန်း၊ မင်းကို ငါ အလေးအနက် သတိပေးထားမယ်၊ အခုကစပြီး ငါတို့အားလုံး ဆရာတူညီလေးယဲ့ကို လေးစားမှုပြသဖို့ အကြီးအကဲယဲ့လို့ ခေါ်ရမယ်" ရှယိုနျန်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"အကြီးအကဲယဲ့?" ဓားဝှက်တောင်ထိပ်သခင်က တအံ့တသြ ရေရွတ်လာသည်။
"ဟုတ်တယ်" ရှယိုနျန်က ခေါင်းညိတ်လိုက်သည်။
"သိပြီ သိပြီ၊ ဘယ်လိုခေါ်ခေါ် အဆင်ပြေတယ်"
ဓားဝှက်တောင်ထိပ်သခင်က သဘောတူလိုက်ပြီး ဟော့ပေါ့အိုးထဲမှ ကျန်သမျှအဆာပလာများကို တူဖြင့်ထိုးညှပ်လျက် ပါးစပ်ထဲသို့ ဖြစ်သလိုထိုးထည့်လိုက်ပြီး အားရပါးရ ဝါးစားလိုက်သည်။
"ဆရာတူညီလေးယဲ့၊ မင်းတို့ဟော့ပေါ့အရည်က အတော်လေးအရသာရှိတာပဲ!"
ရှယိုနျန် စိတ်ပျက်လက်ပျက်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
ထားလိုက်တော့၊ ပျော်သလိုသာနေပါစေ။
ရက်အနည်းငယ်ကြာပြီးနောက် အလယ်ပိုင်းဒေသ၊ ရွှယ်ထျန်းသူတော်စင်နယ်မြေ၏ ပင်မခန်းမအတွင်းတွင် ခန့်ညားထည်ဝါသော အလယ်အလတ်ပိုင်းအမျိုးသားတစ်ဦး ရပ်နေသည်။ ထိုသူသည် အရှေ့မှ အခစားဝင်နေသော လူငယ်ကို ပြုံးပြုံးရွှင်ရွှင်ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ "မင်းအသက်ရှင်လျက် ပြန်လာနိုင်တယ်ဆိုတော့ တာဝန်က အဆင်ပြေပြေ ပြီးဆုံးခဲ့ပုံပဲ"
လျိုချင်းမင်က လက်သီးဆုပ်အရိုအသေပြုရင်း လျှောက်တင်လာသည်။ "အရှင်သခင်ကြီးကို အစီရင်ခံပါတယ်၊ ဒီတပည့် တာဝန်ကို ပြီးစီးအောင် ထမ်းဆောင်ခဲ့ပါတယ်။ ရွှယ်ထျန်းဂိုဏ်းထဲကို အောင်မြင်စွာဝင်ရောက်ပြီး အခြေအနေကို စုံစမ်းစစ်ဆေးနိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ အကြီးအကျယ် အကျိုးအမြတ်ရခဲ့တယ်လို့ ဆိုရမှာပါပဲ!"
"ဟုတ်သလား?"
ရွှယ်ထျန်းသူတော်စင်နယ်မြေ၏ အရှင်သခင် ကျန်းထျန်းမင်က စိတ်ဝင်စားသွားဟန်ဖြင့် ထပ်မေးလိုက်သည်။ "အသေးစိတ်ရှင်းပြစမ်းပါဦး!"
"သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့က အရှေ့ပိုင်းဒေသရဲ့ ရွှယ်ထျန်းဂိုဏ်းမှာ တကယ်ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ထင်ထားသလို ရွှယ်ထျန်းဂိုဏ်းကို လျှို့ဝှက်ထိန်းချုပ်ထားတာ လုံးဝမဟုတ်ပါဘူး။ သူက အခု ရွှယ်ထျန်းဂိုဏ်းရဲ့ တရားဝင်တပည့်တစ်ယောက်ဖြစ်ပြီး ဆရာသခင် တစ်ယောက်တောင် ရှိနေပါသေးတယ်" လျိုချင်းမင်က အမှန်အတိုင်း အစီရင်ခံလိုက်သည်။
"အဲ့သလိုလား ဟုတ်ပါ့မလားကွာ"
ကျန်းထျန်းမင် အနည်းငယ်အံ့ဩသွားသည်။ သူ၏ သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့အပေါ် အရင်က သိမြင်ထားခဲ့သမျှအရ ထိုသူသည် ခေါင်းငုံ့ရိုကျိုးရန် အင်မတန်ခက်ခဲသော မောက်မာသူတစ်ဦးဖြစ်၏။
ဒီလိုလူက ဘာလို့ ဒီလောက်ခေတ်နောက်ကျနေတဲ့ အရှေ့ပိုင်းဒေသကိုသွားပြီး ဆန္ဒအလျောက် တပည့်ခံမှာတဲ့လဲ? သူ့ရဲ့ ဆရာသခင်ဆိုတာကရော ဘယ်လောက်တောင် အစွမ်းထက်နေလို့လဲ?
ကျန်းထျန်းမင်က တစ်ခုခုကို စဉ်းစားမိပြီး တွေးတွေးဆဆ မေးလိုက်သည်။ "ဒါက ငါတို့ရဲ့အမြင်ကို လှည့်စားဖို့အတွက် နတ်ဆိုးဂိုဏ်းချုပ်ကိုယ်တိုင် တမင်တကာဖန်တီးထားတာလား? ဆရာသခင် ဆိုတာ သူကြိုးကိုင်ထားတဲ့ ရုပ်သေးတစ်ရုပ်လား"
လျိုချင်းမင်က သက်ပြင်းချလိုက်သည်။ "အစကတော့ ကျွန်တော်လည်း အဲ့လိုပဲ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂိုဏ်းဆီရောက်သွားတဲ့အခါ ဟုန်ချန်ယဲ့က ဆရာသခင်ဖြစ်သူ ယဲ့ကျွင်းလင်ဟာ အတိုင်းအဆမဲ့ စွမ်းအားရှင်တစ်ပါးဖြစ်တာကြောင့် တပည့်အဖြစ် ဆန္ဒအလျောက် လက်ခံခဲ့တဲ့အကြောင်း သိရှိခဲ့ရပါတယ်"
"ယဲ့ကျွင်းလင်?" ကျန်းထျန်းမင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"အရှင်သခင်ကြီး၊ အရင်က နယ်ခြားမသေမျိုး သန်းတစ်ရာလောက် အရှေ့ပိုင်းဒေသကို ကျူးကျော်ခဲ့တုန်းက သူက ဓားတစ်ချက်တည်းနဲ့ မသေမျိုးဆယ်သန်းကို ခုတ်သတ်နိုင်ခဲ့ပါတယ်။ ဓားဆယ်ချက်လောက်ပဲ သုံးပြီး နယ်ခြားကနေလာတဲ့ မသေမျိုး သန်းတစ်ရာလုံးကို သုတ်သင်နိုင်ခဲ့တာပါ"
"ဒါ့အပြင် ဟုန်ချန်ယဲ့ မသေမျိုးအဖြစ်တက်လှမ်းဖို့ လျှပ်စီးဒုက္ခကို ကျော်လွှားနေတုန်း သေလုနီးပါးဖြစ်ခဲ့ပေမဲ့ အကြီးအကဲယဲ့က အချိန်မီဝင်ရောက်ကူညီခဲ့တဲ့အတွက် လျှပ်စီးဒုက္ခ ကြောက်လန့်ထွက်ပြေးခဲ့ရပါတယ်"
စကားအဆုံးတွင် ကျန်းထျန်းမင်မှာ နားကြားများ မှားလေသလားဟု သံသယဝင်မိစွာဖြင့် နေရာတွင်ပင် ကြောင်ရပ်နေခဲ့မိသည်။
ထို့နောက် သူသတိပြန်ဝင်လာပြီး လျိုချင်းမင်ကို အရူးတစ်ယောက်အား ကြည့်နေသလို ငုံ့ကြည့်လိုက်သည်။
နယ်ခြားမသေမျိုး သန်းတစ်ရာ?
သန်းတစ်ရာ!!!
ဓားတစ်ချက်တည်းနဲ့ ဆယ်သန်းကို သတ်နိုင်ပြီး ဓားဆယ်ချက်နဲ့ အားလုံးကို ရှင်းလင်းလိုက်တယ်ပေါ့?
မသေမျိုးကို အဲ့လောက်ခုတ်ရလွယ်နေရအောင် သစ်သားတုံးများမှတ်နေလား!
သစ်သားတုံးကိုခုတ်ရတာတောင် အဲ့လောက်လွယ်မနေဘူးကွ!
လျှပ်စီးဒုက္ခကို ကြောက်လန့်ထွက်ပြေးစေတယ်ဆိုတာကရော၊ မင်းကိုယ့်စကားကို ပြန်နားထောင်ကြည့်ဦး။ ဒါက လူတစ်ယောက်ပြောသင့်တဲ့ စကားလား?
လျှပ်စီးဒုက္ခ ဆိုတာဘာလဲ? ကျင့်ကြံသူ သန်းပေါင်းများစွာရဲ့ မသေမျိုးအဖြစ်တက်လှမ်းခြင်းကို ကြီးစိုးထားတဲ့ ကြောက်မက်ဖွယ် စည်းမျဥ်းတစ်ခု။ အလယ်ပိုင်းဒေသမှာရှိတဲ့ သုံးနှစ်အရွယ်ကလေးတွေတောင် လျှပ်စီးဒုက္ခကို နှုတ်နဲ့တောင်မစော်ကားသင့်မှန်း သိတတ်ကြတယ်။ စော်ကားမိရင်လည်း အဲ့ဒီလူ နေရာမှာတင် မိုးကြိုးစာမိပြီး ပြာကျသွားလိမ့်မယ်။ နားလည်လား?
မင်း၊ လျိုချင်းမင်၊ မင်းနှုတ်ကနေ ယဲ့ကျွင်းလင်ဆိုတဲ့ကောင်က လျှပ်စီးဒုက္ခကို လိုက်ပြီး ရိုက်နှက်နိုင်တယ်လို့ ထုတ်ပြောနေတာလား?
ဒါဟာ ငါကြားဖူးသမျှထဲ အကြီးမားဆုံး ပြက်လုံးတစ်ခုပဲ!
မင်းပြောသလိုသာ တကယ်မှန်ကန်နေခဲ့ရင် ငါ့ရဲ့ သူတော်စင်နယ်မြေအရှင်သခင်ရာထူးကို အဲဒီ ယဲ့ကျွင်းလင်ဆီ ချက်ချင်းလွှဲလိုက်မဟေ့!
"အရှင်သခင်ကြီး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အဲဒီလိုအကြည့်မျိုးနဲ့ မကြည့်ပါနဲ့၊ ဒါက ကျွန်တော့်ကို ဉာဏ်ရည်မမီတဲ့လူလို ခံစားရစေတယ်"
လျိုချင်းမင်လည်း ပြောရတာ ခပ်ရှက်ရှက်ပင်။
ထိုစကားများကိုကြားပြီးနောက် ဖြစ်ပေါ်လာသည့် အရှင်သခင်ကြီး၏ တုံ့ပြန်မှုကို သူ ကောင်းစွာနားလည်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း ကြားခါစက မယုံကြည်မိခဲ့သောကြောင့်ပင်။
"အခုလည်းမင်းက ဉာဏ်ရည်မမီနေတာ မဟုတ်ဘူးလား" ကျန်းထျန်းမင်က အေးစက်စွာ ပြန်ပြောလိုက်သည်။
လျိုချင်းမင်၏ မိမိကိုယ်ကို လေးစားစိတ်လေးမှာ ပြင်းပြင်းထန်ထန် ထိခိုက်သွားရပြီး အမြီးနင်းခံရသော ကြောင်တစ်ကောင်ကဲ့သို့ အလျင်အမြန် ပြန်ချေပလိုက်သည်။
"အရှင်သခင်ကြီး၊ ကျွန်တော်ကောင်းကင်ဘုံကို ကျိန်ဆိုပါတယ်၊ ကျွန်တော်ပြောခဲ့တဲ့ စကားတိုင်းဟာ အမှန်ပါ!"
"နောက်လာမဲ့ အကြောင်းအရာတွေကို အရှင်သခင်ကြီဂ လုံးဝခန့်မှန်းနိုင်မှာမဟုတ်ဘူး၊ ဟုန်ချန်ယဲ့ရဲ့ ဆရာသခင်မှာ တခြား အံ့ဩစရာကောင်းတဲ့ နောက်ခံတစ်ခု ရှိနေသေးတယ်! အရှင်သခင်ကြီး လုံးဝစိတ်ကူးနိုင်မှာကို မဟုတ်ပါဘူး"
ကျန်းထျန်းမင်က သူ၏ဒေါသကို မျိုချလိုက်ပြီး "ဆက်ပြော" ဟု ပြောလိုက်သည်။
"အကြီးအကဲယဲ့ဟာ တကယ်တော့ တစ်ခေတ်တစ်ခါတုန်းက ခွင်းလွင်ရဲ့ အားအကောင်းဆုံး မသေမျိုးဧကရာဇ်တစ်ပါးပါ! ကောင်းကင်ဧကရာဇ်ယဲ့လို့ လူသိများပါတယ်။ သူဟာ တစ်ချိန်က ကမ္ဘာကို လွှမ်းမိုးခဲ့တဲ့ ကပ်ဆိုးကြီးတစ်ခုကို နှိမ်နင်းခဲ့ရတာပါ။ အမှောင်မျိုးနွယ် ခုနှစ်ခုရဲ့ ခေါင်းဆောင်တွေကို တစ်ဦးတည်းတိုက်ခိုက်ခဲ့ရပြီး သာမန်ပြည်သူပြည်သားအားလုံးကို ကာကွယ်ပေးခဲ့ပါတယ်!"
လျိုချင်းမင်က စိတ်လှုပ်ရှားစွာ ပြောပြလိုက်သည်။
ကျန်းထျန်းမင်၏ နဖူးထက်မှ သွေးကြောများဖောင်းကြွလာပြီး ဒေါသသည် အမြင့်ဆုံးအဆင့်သို့ရောက်ရှိကာ ဝမ်းခေါင်းသံကြီးဖြင့် ထအော်သည်။ "တော်လောက်ပြီ!!!!!"
ကောင်းကင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည့် ကြိမ်းမောင်းသံတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများပါဝင်နေပြီး ရွှယ်ထျန်းသူတော်စင်နယ်မြေ တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့၏။
"အရှင်သခင်ကြီး!" လျိုချင်းမင်သည် ကြောက်လန့်တကြား တောင့်ခဲသွားပြီး ခေါင်းထဲတွင် တဝီဝီမြည်နေခဲ့သည်။ အလွန်အမင်း ဒေါသထွက်နေသော ထိုလူရွယ်မှ ဖိနှိပ်မှုအပြည့်ဖြင့် သူ့ထံသို့ တစ်လှမ်းချင်းလျှောက်လာသည်အား မတတ်သာစွာ ကြည့်နေခဲ့ရ၏။
"ဘာ ကပ်ဆိုးကြီးကို နှိမ်နင်းခြင်း၊ အမှောင်မျိုးနွယ်ခုနှစ်ခုကို သုတ်သင်ခြင်းလဲ? ဒီလိုချဲ့ကားထားတဲ့ ပုံပြင်ဇာတ်လမ်းတွေကို မင်းဘယ်ကကြားခဲ့တာလဲ"
"လျိုချင်းမင်၊ မင်းစိတ်ရူးပေါက်နေပြီထင်တယ်၊ ဟုတ်တယ်မလား"
"အရှင်သခင်ကြီး မှားမယ်နော်! အကြီးအကဲယဲ့ဟာ အရင်က ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်ခဲ့တာ အမှန်ပါ၊ ပြီးတော့ သူ့ရဲ့ ကိုယ်ကျိုးစွန့်တဲ့ အောင်မြင်မှုတွေကို ကမ္ဘာသူကမ္ဘာသားတွေအနေနဲ့ မေ့မထားသင့်ပါဘူး! ကျေးဇူးပြုပြီး လေးစားမှုရှိပါ!"
"ဪ၊ မင်းက ပြန်ပြောရဲသေးတယ်ပေါ့"
ကျန်းထျန်းမင် ထိန်းမရအောင် ဒေါသထွက်နေခဲ့သည်။ သူ့ဘဝတွင် ဤမျှထူးဆန်းသော အဖြစ်အပျက်တစ်ခုကို မကြုံဖူး မကြားဖူးလှ။
ကိစ္စတစ်ခုကို စုံစမ်းစစ်ဆေးရန် သံတမန်တစ်ဦးအား အထူးတလည်စေလွှတ်လိုက်သည်။ သို့သော် ထိုသံတမန်က တစ်ဖက်အဖွဲ့၏ စကားလုံးများဖြင့် ဦးနှောက်ဆေးခံခဲ့ရပုံပင်။
ဒါဘယ်လို ဇာတ်လမ်းမျိုးလဲ?
ကောင်းကင်ဧကရာဇ်ယဲ့က ကမ္ဘာ့ကပ်ဆိုးကြီးကို နှိမ်နင်းခဲ့တယ်တဲ့။ ဖန်တီးနိုင်စွမ်းကိုတော့ အသိအမှတ်ပြုရမှာပဲ!
"ငါထင်တာတော့ မင်းကို သွေးနီနတ်ဆိုးဟုန်ချန်ယဲ့က စုန်းကဝေပညာနဲ့ လှည့်စားထားတာပဲ ဖြစ်ရမယ်"
"လာကြစမ်း၊ အကြီးအကဲလျိုကို ဖမ်းပြီး အချုပ်ထဲ ထည့်ထားလိုက်ကြ"
ကျန်းထျန်းမင်က အမိန့်ပေးလိုက်သည်။
အကြီးအကဲအချို့ ပေါ်လာပြီး လျိုချင်းမင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြ၏။
လျိုချင်းမင်လည်း ကူကယ်ရာမဲ့ ဖြစ်သွားရသည်။
မိမိမှာ ဤခရီးစဉ်မှ ဟော့ပေါ့တစ်နပ်စာသာ အမြတ်ရခဲ့သည်ပင်။ ပြန်လာသောအခါ ဆုလာဘ်ချီးမြှင့်ခံရမည် ထင်ထားသော်လည်း ယခုတော့ အကျဥ်းချခံရလေပြီလော။
ဒါက ဘယ်လိုအခြေအနေမျိုးလဲ!
"အရှင်သခင်ကြီး၊ ကျွန်တော်ပြောသမျှ စကားတိုင်းဟာ အမှန်တရားပါ! ခင်ဗျား ကျွန်တော့်ကို ယုံကြည်ရမယ်၊ အရှင်သခင်ကြီး!"
"အီးဟီးဟီး..."