အရှေ့ပိုင်းဒေသသို့ စစ်ချီပြီ
Vol. 30 Ch. 412
လျိုချင်းမင် အလွန်နာကျင်ခံစားနေရသည်။ သူ အစကတည်းက ရွှယ်ထျန်းဂိုဏ်းကိုသာ ဝင်ရောက်ခဲ့သင့်သည်ပင်။
ပေးခဲ့သမျှတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပြီး ပြန်လာကာ အစီရင်ခံစာတင်ပြဖို့ လုပ်ခဲ့ပေမဲ့ အရူးတစ်ယောက်လို ဆက်ဆံခံရပြီး ထောင်ထဲအပိတ်ခံခဲ့ရပြန်လေသည်။
သူ့လောက်သနားဖို့ကောင်းတဲ့သူ ရှိပါဦးမလား?
သို့ပေမဲ့ သူဘယ်လိုပဲ အော်ဟစ်တောင်းပန်နေပါစေ၊ အကျဉ်းချခံရမည့် ခါးသီးလှသည့်ကံကြမ္မာကိုတော့ မပြောင်းလဲနိုင်ခဲ့ပေ။
အပြင်ဘက်မှ အော်ဟစ်သံများ တဖြည်းဖြည်းတိတ်ဆိတ်သွားသောအခါမှ ကျန်းထျန်းမင်၏ ဒေါသထွက်နေသော မျက်နှာသည် ပြန်လည်တည်ငြိမ်သွားရသည်။
"ဟမ့်! ခေါင်းမာလိုက်တဲ့ကောင်!" သူဝတ်ရုံလက်ဖျားစကို ဖျတ်ခနဲ ဝှေ့ယမ်းလိုက်သည်။
ကျန်းထျန်းမင်၏ အကြည့်သည် တစ်စုံတစ်ခုကို အသည်းအသန်စဥ်းစားနေသကဲ့သို့ မရပ်မနားရွေ့လျားနေပြီး အေးစက်စက် ရေရွတ်လိုက်သည်။ "ရွှယ်ထျန်းဂိုဏ်းဟာ သွေးနီနတ်ဆိုးရဲ့ ထိန်းချုပ်မှုအောက် လုံးလုံးကျရောက်နေပြီ ဖြစ်ရမယ်။ ငါကိုယ်တိုင် စေလွှတ်လိုက်တဲ့လူရဲ့ အသိစိတ်ကိုတောင် နတ်ဆိုးနည်းနဲ့ လှည့်စားထိန်းချုပ်ထားသေးတယ်။ ဘယ်လောက်တောင် ယုတ်မာလိုက်တဲ့ နည်းလမ်းလဲ"
လျိုချင်းမင် ပြောပြခဲ့သော အဓိပ္ပာယ်မရှိသည့် ပုံပြင်ဇာတ်လမ်းများကို သူမယုံကြည်ပေ။ ထိုပုံပြင်များသည် အလယ်ပိုင်းဒေသ ပုံပြောဆရာများ ဖန်တီးသည်ထက်ပင် ပိုမိုဆိုးရွားနေသေး၏။
တစ်ခုတည်းသော ဖြစ်နိုင်ချေမှာတော့ သွေးနီနတ်ဆိုးက အကြီးအကဲယဲ့ဟုခေါ်သော လူတစ်ဦးကို အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေအောင် အမြင့်သို့တင်ပြီး အလယ်ပိုင်းဒေသအား ခြိမ်းခြောက်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။
ကံမကောင်းစွာဖြင့် ဤလှည့်ကွက်ကား အလွန်ညံ့ဖျင်းလှသည်ဟု ဆိုရပေမည်။ ဖြဲခြောက်တိုင်းကြောက်ရအောင် သူတို့တွေက အရူးတွေမှ မဟုတ်တာပဲ။
တခြားသူတွေကို လှည့်စားနိုင်ရင်တောင် ကိုယ်တိုင်ကတော့ အမှန်တရားကို သိနေရဦးမယ်လေ!
ကျန်းထျန်းမင်က လှောင်ပြုံးပြုံးလိုက်သည်။ "အဲ့လောက် ကစားချင်တယ် ဆိုမှတော့လည်း မင်းတို့အချင်းချင်းကြား ကစားပွဲလေးတစ်ခု ဖန်တီးပေးရသေးတာပေါ့လေ"
ထို့နောက် အမိန့်စကားများ စတင်ထုတ်ပြန်ညွှန်ကြားလိုက်တော့၏။
ဝူကျီတာအိုဂိုဏ်း၏ ဂိုဏ်းချုပ် ဖုန်ချင်းယန်သည် ရွှယ်ထျန်းသူတော်စင်နယ်မြေ၏ အရှင်သခင်ကြီး ထံမှ အမိန့်တော်ကို လက်ခံရရှိသောအခါ သူ၏ရင်ဘတ်ထဲ တင်းခံနေသော လေးလံသောကျောက်တုံးကြီး နောက်ဆုံးတွင် ပြုတ်ကျသွားခဲ့သလို ခံစားလိုက်ရသည်။
ယခုတော့ သူယခင်က ကြေညာခဲ့သည့်အတိုင်း သွေးနီနတ်ဆိုးကို နှိမ်နင်းရန် အရှေ့ပိုင်းဒေသသို့ တရားဝင် စစ်ချီနိုင်တော့မည်ဖြစ်သည်။
သို့မဟုတ်ပါက အလောတကြီးနိုင်ကာ ခမ်းနားစွာ ထုတ်ပြန်ခဲ့သော နတ်ဆိုးသုတ်သင်နှိမ်နင်းရေးအမိန့် သည် အချည်းနှီးသာ ဖြစ်သွားပေလိမ့်မည်။
အမိန့်ထုတ်ပြန်ပြီး ဂိုဏ်းတစ်ခုလုံး အချိန်ကြာမြင့်စွာ ငြိမ်ကျနေခဲ့ခြင်းကြောင့် အပြင်ဘက်တွင် ကောလဟာလများ ပိုမိုပျံ့နှံ့နေခဲ့သည်။ လူတိုင်းက ဝူကျီဂိုဏ်းချုပ် အကောင်အထည်ဖော်ခါနီးမှ ကြောက်စိတ်ဝင်ပြီး နောက်ဆုတ်သွားလေပြီဟုသာ ယူဆကုန်ကြ၏။
"အမိန့်ထုတ်ပြန်၊ ဂိုဏ်းရဲ့တပ်မတော်ကို စတင်စုစည်းပြင်ဆင်ကြ!"
"ငါ့ဦးဆောင်မှုနောက်ကနေ အရှေ့တိုင်းဒေသစစ်ဆင်ရေးကို အကောင်အထည်ဖော်ဖို့ ချီတက်လိုက်ကြ၊ နတ်ဆိုးတွေကို နှိမ်နင်းကြ!" ခမ်းနားပြီး ပဲ့တင်ထပ်သော အသံတစ်ခုက ဝူကျီတာအိုဂိုဏ်း၏ ကောင်းကင်တစ်ခုလုံးတွင် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားခဲ့သည်။
ကလန် ကလန် ကလန်!
အရေးပေါ်ခေါင်းလောင်းသံများ ထွက်ပေါ်လာခဲ့သည်။
ဝူကျီတာအိုဂိုဏ်းသာမက အလယ်ပိုင်းဒေသ၏ တာအိုဂိုဏ်းများ တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း စတင်လှုပ်ရှားလာခဲ့ကြသည်။
ဝှစ်၊ ဝှစ်၊ ဝှစ်
မသေမျိုးအရေအတွက် အများအပြား ကောင်းကင်ထက် ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေခဲ့သည်။
ဝုန်း!
အလယ်ပိုင်းဒေသတစ်ခုလုံး ဗုံးကွဲသကဲ့သို့ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ကြ၏။
ကျင့်ကြံသူများဟာ ကြောက်စိတ်နှင့် တက်ကြွစိတ်တို့ပေါင်းပြီး ဦးရေပြားများ စပ်ဖျင်းဖျင်းဖြစ်သည်အထိ အထိမခံ စိတ်လှုပ်ရှားကုန်ကြသည်။ သူတို့တုန်လှုပ်နေကြပေသည့် သွေးနီနတ်ဆိုး၏ အချိန်သိပ်မလိုတော့သော ကျဆုံးမှုအတွက်လည်း ယုံကြည်မှုအခိုင်အမာ ရှိထားကြ၏။
"ဘုရား ဘုရား မသေမျိုး အယောက်သုံးသောင်းလောက်ရှိမှာပဲ၊ ဟုတ်တယ်မလား"
"အလိုလေးလေး ဒါက မဟာတာအိုဂိုဏ်းရှစ်ခုရဲ့ အခြေခံအင်အားလား"
"စန်းမင်တာအိုဂိုဏ်းတစ်ခုပဲ မလှုပ်ရှားသေးတာနော်။ သူတို့က အကြီးအကဲဝေ့အတွက် ဈာပနပွဲလုပ်နေတယ်လို့ ကြားတယ်"
"ဘုရားရေ! ဘယ်နှရက်တောင်ကြာနေပြီလဲ၊ အဲဒီဈာပနပွဲက မပြီးသေးဘူးလား"
နတ်ဆိုးနှိမ်နင်းရေးစစ်ပွဲ ရုတ်တရက်စတင်လိုက်သည်ကို မြင်သော် အလယ်ပိုင်းဒေသရှိ တာအိုပြည်နယ်အားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပြီး အသံလွှင့်ကျောက်တုံးများ အားလုံးမှာလည်း ထိုအရေးကြီးသတင်းကိုသာ အရေးပေါ်ထုတ်လွှင့်နေခဲ့ကြသည်။
နောက်ဆုံးတော့လည်း ဤစစ်ဆင်ရေး၏ပစ်မှတ်မှာ မီးလျှံနတ်ဆိုးဂိုဏ်း၏ ပဲ့ကိုင်ရှင် အလယ်ပိုင်းဒေသအား တစ်ချိန်က အကြီးအကျယ် စိုးမိုးချုပ်ကိုင်ခဲ့ဖူးသော သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့သာ ဖြစ်သည်မဟုတ်လော။
ဈာပနပွဲတွင် ယဲ့ဝူရှန်းသည် အကြီးအကဲဝေ့၏ ပုံတူပန်းချီကားရှေ့ဝယ် တစ်ယောက်တည်း ဒူးထောက်နေပြီး ရင်ထဲတွင် ခါးသီးမှုအပြည့်ဖြင့် ပြောမပြတတ်လောက်အောင် ခံရခက်နေသည်။
စစ်ပွဲက ဝရုန်းသုန်းကားနှင့် မြန်မြန်စကာ မြန်မြန်အဆုံးသတ်လိမ့်မည်ဟုသာ မျှော်လင့်ထားသောကြောင့် ဈာပနပွဲအား အရမ်းကြီး အလေးအနက်မထားမိခဲ့။
သို့ပေမဲ့ ဘာကြောင့်ရယ်မသိ ဝူကျီတာအိုဂိုဏ်းက စစ်ဆင်ရေးကို စတင်ဖို့ရာ နှေးကွေးနေခဲ့၏။ ဤသို့ဖြင့် အပြင်လောကကို ပိပိရိရိလှည့်စားဖို့ရာ ဈာပနပွဲအား အမှန်တကယ် ခမ်းခမ်းနားနား ကျင်းပခဲ့ရလေသည်။။
ရက်အနည်းငယ်မျှကြာလျှင် ဝူကျီတာအိုဂိုဏ်းမှ တစ်ပြန်လှုပ်ရှားလိမ့်မည်ဟု တွေးခဲ့သော်ငြား ထိုနှောင့်နှေးမှုက လေးဆယ့်ကိုးရက်အထိ ကြာမြင့်သွားလိမ့်မည်ဟု သူလည်းမတွေးခဲ့မိချေ။
တစ်ဖက်မှ လွှတ်ထားသော သူလျှိုများ ရိပ်မိသွားမည်ကိုလည်း ကြောက်သောကြောင့် တမင်လုပ်ယူထားရသော မျက်နှာညှိုးငယ်ငယ်ဖြင့် ဈာပနပွဲတွင် နေ့ညမရွေး ရှိနေခဲ့ရသည်။
ယဲ့ဝူရှန်းက ဖုန်ချင်းယန်၏ သံသယများတတ်သော စရိုက်လက္ခဏာအရ သူ့ကို လျှို့ဝှက်စောင့်ကြည့်ဖို့ အတွင်းလူများ စေလွှတ်လိမ့်မယ်ဆိုတာကိုလည်း ကောင်းကောင်းသိသည်။
စောင့်ကြည့်ခံကာလတွင် အားနည်းချက်တစ်ခုခု လစ်ဟာသွားခဲ့ပါလျှင် တစ်ဖက်လူကို သံသယဖြစ်စေပြီး သွေးနီနတ်ဆိုးနှိမ်နင်းရေးအား ပြန်လည်စစ်ဆေးကောင်း စစ်ဆေးလာနိုင်သည်။
သို့ဆိုလျှင် သူရင်းနှီးထားသော အရင်းအမြစ်များလည်း အလကားဖြစ်ကုန်ပေမည်။
"မဖြစ်ဘူး" ယဲ့ဝူရှန်း ရေရွတ်လိုက်သည်။
"ငါသည်းခံရမယ်!"
စကားပုံရှိတယ်လေ၊ စိတ်ရှည်ရှည်ထားပါမှ အစီအစဥ်ကြီးကို အထမြောက်အောင်မြင်နိုင်မယ် မဟုတ်လား?
ဒါက သရုပ်ဆောင်ရုံသက်သက်ပဲလေ၊ ဘာများပင်ပန်းမှာမလို့လဲ? ကိုယ့်ဇာတ်ကိုယ် နိုင်အောင်ကကြတာပေါ့!
ဤသို့ဖြင့် ယဲ့ဝူရှန်းမှာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ဈာပနပွဲအတွင်း လေးဆယ့်ကိုးရက်လုံးလုံး မညည်းမညူ စောင့်ဆိုင်းနေခဲ့ရလေသည်။
သူ့ရှေ့ရှိ ကြီးမားသော ပုံတူကားချပ်ကြီးကိုကြည့်ရင်း အကြီးအကဲဝေ့၏ ပြုံးနေသောမျက်နှာကိုမြင်သောအခါ တစ်ဖက်လူက သူ့ကို လှောင်ပြောင်နေသကဲ့သို့ ခံစားလာရပြီး ရင်ထဲတွင် ပိုမိုတင်းကျပ်လာခဲ့၏။
စိတ်ပျက်စရာ ကောင်းလိုက်တာနော်။
သို့သော် ဒီအချိန် သူလုပ်နိုင်တာမရှိ။ ဝူကျီတာအိုဂိုဏ်းဘက်က မလှုပ်ရှားသရွေ့ ဤဈာပနပွဲကို ဆက်လက်လုပ်ဆောင်နေရပေဦးမည်။
ထိုအချိန်တွင် သူ့နောက်မှ စိတ်လှုပ်ရှားနေသော အသံတစ်ခု ထွက်ပေါ်လာသည်။ “ဂိုဏ်းချုပ်ကို အစီရင်ခံပါတယ်! မဟာတာအိုဂိုဏ်းခုနစ်ခု စတင်လှုပ်ရှားလာပါပြီ! မသေမျိုး တပ်မတော်ဟာ အရှေ့ပိုင်းဒေသကို အလုံးအရင်းနဲ့ ချီတက်နေပါပြီ!”
ယဲ့ဝူရှန်းက ရုတ်တရက် ခေါင်းထောင်လာပြီး သူ၏အသက်ရှူသံ ချက်ချင်းမြန်ဆန်လာခဲ့သည်။
တကယ်ပြောနေတာလား?
နောက်ဆုံးတော့ အရူးတစ်ယောက်လို ဈာပနပွဲတွင် ဒူးထောက်ပြီး အပြင်လောကအတွက် စံပြဖြစ်သယောင် ဟန်ဆောင်နေစရာမလိုတော့ပေ။
ကြီးမားသောပျော်ရွှင်မှုကြောင့် ယဲ့ဝူရှန်း၏ စိတ်ခံစားမှုများသည် အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ ချက်ချင်းထိုးတက်သွားခဲ့ပြီး တိမ်မည်းများလွင့်ပြယ်ကာ နေရောင်ခြည်ဖြင့် လင်းထိန်သာယာသွားသကဲ့သို့ ချိုမြိန်သည့်ခံစားချက်ဖြင့် မြူးပျော်သွားရသည်။
နောက်တစ်စက္ကန့်တွင် ခေါင်းကို အနောက်သို့မော့လှန်ကာ ပုခုံးများတုန်ယင်သည်အထိ တဟားဟားတဟီးဟီး ရယ်မောလေတော့၏။
အနောက်မှ အကြီးအကဲမှာ ဂိုဏ်းချုပ်တစ်ယောက် ဝမ်းသာလွန်း၍ စိတ်လွတ်သွားပြီလားဟုပင် ထင်မိလိုက်သည်။