← Chapters

အခန်း (၄၁၃)

Vol. 30 Ch. 413

အခန်း (၄၁၃)

Vol. 30 Ch. 413

တဖြည်းဖြည်းနှင့် ယဲ့ဝူရှန်း၏ ရယ်သံများ ရပ်တန့်သွားပြီး သူထရပ်လိုက်သည်။ အရှေ့ရှိ အကြီးအကဲဝေ့၏ ပုံတူကားချပ်ကို အေးစက်စက်ဖြင့်စိုက်ကြည့်ကာ ပြောလိုက်သေး၏။

“ဒီရက်တွေအတွင်း မင်းပုံကြီးပဲမြင်နေရတာ တော်တော်လည်းရွံနေပါပြီ"

ပြောပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သောအခါ ပုံတူသည် ဖုန်မှုန့်များအဖြစ် ချက်ချင်းပြောင်းလဲသွားပြီး လေထဲတွင် လှစ်ခနဲပျောက်ကွယ်သွားသည်။ ဈာပနပွဲအတွက် ပြင်ဆင်ထားသည့် အရာအားလုံးသည်လည်း အစအနမကျန် ပျောက်ကွယ်သွားတော့၏။

ယဲ့ဝူရှန်းသည် တစ်ချိန်လုံး ခံစားခဲ့ရသော မှိုင်းမှိုင်းညို့ညို့နှင့် စိတ်ပျက်ငြီးငွေ့မှုများအားလုံးကို ဖယ်ထုတ်ကာ အားအင်အပြည့်ဖြင့် သူ့အစွမ်းအစများကို ပြသရန် စိတ်အားထက်သန်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုကြီးမားသော မသေမျိုးမဟာမိတ်တပ်မတော်သည် အရှေ့ပိုင်းဒေသစစ်ဆင်ရေး လမ်းကြောင်းကို စတင်လိုက်သည်နှင့် ဘယ်တော့မှ ပြန်မလာနိုင်တော့မည်ကို ယဲ့ဝူရှန်း ကောင်းစွာသိနေခဲ့သောကြောင့် ဖြစ်သည်။

ဤရှားပါးသော အခွင့်အရေးကို အသုံးချပြီး စန်းမင်တာအိုဂိုဏ်း ဆုံးရှုံးခဲ့သည့် အရင်းအမြစ်များကို ပြန်လည်ရယူနိုင်ရုံသာမက အခြား မဟာတာအိုဂိုဏ်းခုနစ်ခု၏ ပိုင်နက်များကိုလည်း စိတ်ရှိသလို လုယက်သိမ်းပိုက်နိုင်ပေမည်။

“ဟဲဟဲ၊ မင်းတို့အားလုံး ငါ့ကို အရင်က အားနည်းတယ်ဆိုတဲ့အမြင်နဲ့ အနိုင်ကျင့်ချင်တိုင်း ကျင့်ခဲ့ကြတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ငါ ယဲ့မျိုးရိုးဟာ ထိပ်ဆုံးမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ပြီ!”

တစ်ချိန်တည်းမှာပင် ထိုက်ချူသူတော်စင်နယ်မြေရှိ ရိုးရှင်းသော ဖျင်မိုးအိမ်လေးအတွင်း၌ အဖြူရောင်ပိတ်ချောဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် သနားကြင်နာတတ်ဟန် အမူအရာဖြင့် တိတ်ဆိတ်စွာ တင်ပျဥ်ခွေထိုင်နေပြီး ပတ်ပတ်လည်လေထဲတွင် တာအိုစွမ်းအင်များ ပြည့်နှက်နေသည်။

ရုတ်တရက် အပြင်ဘက်မှ အကြီးအကဲတစ်ပါး၏ ရိုသေသော အစီရင်ခံသံကို ကြားလိုက်ရသည်။ "အရှင်သခင်ကြီး၊ ဝူကျီတာအိုဂိုဏ်းနဲ့ အခြားသူများ လှုပ်ရှားစပြုနေပါပြီ”

ဝှစ်!

ထိုက်ချူသူတော်စင်နယ်မြေ၏ အရှင်သခင်က ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်ရာ ကြယ်တံခွန်များ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသလို အလားတူမြင်ကွင်းများ‌ ကြောက်မက်ဖွယ် မြင်တွေ့လိုက်ရ၏။

အဘိုးအို၏ နှုတ်ခမ်းပါးပါး အနည်းငယ်လှုပ်ရှားသွားပြီး စကားတစ်ခွန်း ထွက်ပေါ်လာသည်။ “လိုက်သွားလိုက်”

“ဟုတ်ကဲ့!”

ဖျင်မိုးအိမ်လေးအတွင်းတွင် ထိုက်ချူသူတော်စင်နယ်မြေ၏ အရှင်သခင်သည် ကျောက်ရုပ်တုကဲ့သို့ လှုပ်ရှားမှုမရှိဘဲ ကျန်ရစ်ခဲ့ပြီး အတွေးနက်နက်ထဲ နစ်မြုပ်နေခဲ့သည်။

ယခင်က မသေမျိုးစစ်ပွဲဖြစ်ပွားခဲ့စဥ် သူသည် ဟုန်ချန်ယဲ့ကို စစ်ချီနှိမ်နင်းရာတွင် မသေမျိုးမှော်လက်နက်ကို ကိုင်ဆောင်ကာ ပါဝင်ခဲ့သော အားအကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။

အပြင်လောကက ထိုက်ချူသူတော်စင်နယ်မြေ၏ အရှင်သခင်ကြီးသည် နတ်ဆိုးလမ်းစဥ်ကို မုန်းတီးဆန့်ကျင်သူတစ်ဦးဖြစ်သည်ဟု သိထားကြသော်လည်း တကယ်တမ်းတွင် ထိုနောက်ကွယ်၌ အခြားလျှို့ဝှက်အကြောင်းရင်းတစ်ခုရှိနေသေးသည်။

ဟုန်ချန်ယဲ့၏ အလှအပကို ရူးသွပ်သော ယုံကြည်သူအုပ်စုအပြင် ထိုက်ချူသူတော်စင်နယ်မြေ၏ အရှင်သခင်ကြီးဖြစ်သော ဤအဘိုးအိုသည်လည်း ဟုန်ချန်ယဲ့၏အလှအား တပ်မက်ခဲ့ပါသေး၏။

သူ့တွင် ထူးဆန်းသော စိတ်ဆန္ဒတစ်ခုရှိသည်။ လှပသောလူများကို လိင်မခွဲခြားဘဲ နှစ်သက်တတ်ခြင်းဖြစ်ပြီး အထူးသဖြင့် အမျိုးသမီးရှုံးလောက်အောင်လှသော အမျိုးသားများကို ပိုမိုစွဲမက်တတ်ခြင်းပင်။

ထိုအချိန်က ထိုက်ချူသူတော်စင်နယ်မြေ၏ အရှင်သခင်ကြီးသည် ဟုန်ချန်ယဲ့သာ သူ၏ကျင့်ကြံရေးရင်းမြစ်ကိုဖျက်ဆီးပြီး မိမိဆီ လိုလိုလားလား အလုပ်အကျွေးပြုရန် ဆန္ဒရှိပါက ဤဝိုင်းရံပိတ်ဆို့မှုမှ လွတ်လမ်းရအောင်ရှာပေးမည်ဟု အရိပ်အမြွက်ဖြင့် ကမ်းလှမ်းခဲ့ဖူး၏။

နတ်ဆိုးလမ်းစဥ်၏ အုပ်စိုးချုပ်ကိုင်သူဖြစ်သော မီးလျှံနတ်ဆိုးဂိုဏ်းချုပ်ဟုန်ချန်ယဲ့သည် အလယ်ပိုင်းဒေသတွင် မသိသူမရှိ ကျော်ကြားလွှမ်းမိုးနိုင်သူပင်။

ထိုကဲ့သို့သောစွမ်းအားရှင်ကို မိမိလက်အောက်တွင် မွေးမြူထားနိုင်ခြင်းက ကြီးမားသော‌ အောင်မြင်မှုခံစားချက်တစ်ခုကို ပေးစွမ်းနိုင်လိမ့်မည်။

ထိုက်ချူသူတော်စင်နယ်မြေ အရှင်သခင်၏ အမြင်တွင် သူသည် ထိုက်ချူသူတော်စင်နယ်မြေ၏ ခေါင်းဆောင်ဟူသော မြင့်မြတ်သောအဆင့်အတန်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ဤနတ်ဆိုးဂိုဏ်းချုပ်အား ခိုလှုံခွင့်ပေးခြင်းမှာ အလွန်စွန့်စားရာကျကာ မိမိ၏ခံစားချက်ကို အတတ်နိုင်ဆုံး ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့ခြင်းပေဟု ယူဆခဲ့သည်။

သို့သော် မထင်မှတ်ဘဲ ဟုန်ချန်ယဲ့က ယတိပြတ်ငြင်းဆိုခဲ့ရုံသာမက သူ့ကို ပန်းသေနေသောနှာဘူးအိုဟုပင် လှောင်ပြောင်ခဲ့သေးရာ ထိုက်ချူသူတော်စင်နယ်မြေ အရှင်သခင်မှာ အကြီးအကျယ် ဒေါသထွက်ခဲ့ရပြီး ဆက်လက်၍ သည်းခံနိုင်စွမ်းမရှိတော့။

မကြာမီ မသေမျိုးစစ်ပွဲ ဖြစ်ပွားခဲ့ရာတွင် ထိုက်ချူသူတော်စင်နယ်မြေ အရှင်သခင်သည် မသေမျိုးမှော်လက်နက်ကို ကိုင်ဆောင်ကာ စစ်ပွဲထဲသို့ ကိုယ်တိုင်ဝင်ရောက်ခဲ့ပြီး ဟုန်ချန်ယဲ့အား ဖိအားပေးလျက် တစ်ဆင့်ပြီးတစ်ဆင့် နောက်ဆုတ်စေခဲ့သည်။

တစ်ဖက်လူကို စိတ်နာနာဖြင့် သတ်ပစ်ရန်အထိပင် စိတ်ဆုံးဖြတ်ထားခဲ့၏။

ကံမကောင်းစွာဖြင့် စီစဥ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ဘဲ ထိုသွေးနီနတ်ဆိုးမှာ နောက်ဆုံးတော့ ပြန်ပေါ်လာခဲ့လေပြီ။

ထိုက်ချူသူတော်စင်နယ်မြေ အရှင်သခင် သက်ပြင်းချလိုက်သည်။

သူသည် ဟုန်ချန်ယဲ့၏ လက်စားချေတတ်သော စရိုက်ကို ကောင်းကောင်းနားလည်၏။ ထိုသူသာ အောင်အောင်မြင်မြင် ပြန်လာနိုင်ခဲ့ပါက သူ့ကို လုံးဝအလွတ်ပေးလိမ့်မည်မဟုတ်ကြောင်းလည်း သိသည်။

ဖုန်ချင်းယန်တို့ စုပေါင်းစီစဥ်ထားကြသည့် ထို စစ်ဆင်ရေးကြီးကို ထိုက်ချူသူတော်စင်နယ်မြေ အရှင်သခင်မှာ သိပ်အထင်မကြီးခဲ့ပေ။

လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာကတည်းက ဟုန်ချန်ယဲ့သည် ထူးခြားသော ပါရမီစွမ်းရည်ဖြင့် စစ်မှန်သောမသေမျိုး နဝမအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့ပြီး သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အတုမရှိဖြစ်ခဲ့သည်။

သူကိုယ်တိုင် မသေမျိုးလက်နက်ကိုင်စွဲ၍ ဝင်ပါခြင်းမရှိခဲ့ပါက တိုက်ပွဲရလဒ် အပြောင်းအလဲဖြစ်နိုင်ပေမည်။

ယခု ကမ္ဘာကြီးတွင် စွမ်းအင်ရင်းမြစ်ဆိုင်ရာ အပြောင်းအလဲများ ရှိလာခဲ့သည်ဖြစ်ရာ တစ်ချိန်က လေနှင့်မိုးကို အမိန့်ပေးခိုင်းစေနိုင်လောက်သည်အထိ အာဏာကြီးခဲ့သော နတ်ဆိုးဂိုဏ်းချုပ်၏ ကျင့်ကြံမှု သည် မည်သည့်အဆင့်သို့ ရောက်နေပြီလဲဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။

ထို့ကြောင့် ထိုက်ချူးသူတော်စင်နယ်မြေ အရှင်သခင်၏ ရင်ထဲတွင် မတင်မကျ ခံစားချက်ကြီးတစ်ခု ရှိနေခဲ့၏။

"အင်း၊ ငါ့မှာ အကူအညီတောင်းစရာလည်း ဒီတစ်ယောက်ပဲ ရှိတော့တယ်" ပင်ပန်းနွမ်းနယ်နေသော အဘိုးအိုတစ်ဦး၏ သက်ပြင်းချသံသည် ကူကယ်ရာမဲ့မှုနှင့်အတူ ပဲ့တင်ထပ်လာခဲ့သည်။

ထို့နောက် ဖျင်မိုးအိမ်လေးအတွင်းတွင် ထိုင်ခုံပေါ်တွင် တင်ပျဥ်ခွေထိုင်နေသော ပိတ်ချောဝတ်စုံဝတ် အဘိုးအိုသည် လေထဲတွင် ချက်ချင်းပျောက်ကွယ်သွားခဲ့၏။

သူပြန်ပေါ်လာသောအခါ ထိုက်ချူသူတော်စင်နယ်မြေအောက်တွင် တည်ဆောက်ထားသော မြေအောက်နန်းတော်အတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။

နန်းတော်အတွင်းတွင် ယင်စွမ်းအင်များ ပြည့်နှက်နေပြီး သွေးနံ့အေးစက်စက်က အလွန်ပြင်းထန်နေသည်။

ထိုက်ချူးသူတော်စင်နယ်မြေ အရှင်သခင်သည် နန်းတော်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားပြီး အတွင်းသို့ ရောက်ရှိလာသည်နှင့်အမျှ သူ၏မျက်နှာအမူအရာသည် ပိုမိုရှုပ်ထွေးလာခဲ့၏။

နောက်ဆုံးတွင် သူမြင်လိုက်ရသည်ကား ပူဖောင်းများ တပွက်ပွက်ထနေသော အလွန်ကြီးမားသည့် သွေးကန်ကြီးတစ်ခုဖြစ်ပြီး ထိုကန်၏မျက်နှာပြင်ပေါ်တွင် အသားအရည်များ ခြောက်ကပ်နေသော အလောင်းများဖြစ်သည့် အမျိုးသား၊ အမျိုးသမီး၊ အဘိုးအဘွားအရွယ်များကအစ ပေါလောပေါ်နေကြသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြီးတစ်ခုပင်။

“သွေးအရှင်၊ ကျွန်တော့်မှာ တောင်းဆိုမှုတစ်ခုရှိပါတယ်” ထိုက်ချူးသူတော်စင်နယ်မြေ အရှင်သခင်ကြီး၏ အိုမင်းနေသောမျက်နှာက လေးစားမှုအပြည့်ဖြင့် ရိုကျိုးနေကာ လက်သီးဆုပ်လျက် ဦးညွတ်လိုက်သည်။

သူ့စကားဆုံးသည်နှင့်တစ်ပြိုင်နက် သွေးကန်သည် ဆူပွက်လာခဲ့၏။

ထို့နောက် ကျောပေါ်တွင် အသွေးအသားတို့ဖြင့် ပြုလုပ်ဖွဲ့စည်းထားသော အတောင်ပံများပါရှိသည့် အရပ်ရှည်ရှည် လူတစ်ဦးသည် သွေးကန်ထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။

သူ၏ ဆံပင်နက်များမှာ ပုခုံးမှတစ်ဆင့် ရင်ဘတ်ပေါ်အထိ ကျဆင်းနေပြီး အသားအရေမှာ ဖြူဖျော့နေကာ မျက်နှာသည် ပိန်ချုံးခြောက်ကပ်နေသည်။ ပါးရိုးများက အထင်းသားချွန်းထွက်နေပြီး သူ၏မျက်လုံးများသည် သွေးနီရောင်ဖြစ်ကာ အေးစက်စက်ခံစားချက်တစ်ခုအား ပေးစွမ်းနေ၏။

အသွင်အပြင်မှတစ်ဆင့် သိနိုင်သည်မှာ ဤလူသည် လူသားမျိုးနွယ် မဟုတ်ပေ။

ဝုန်း!

သူပေါ်လာသည်နှင့်တစ်ပြိုင်နက် နန်းတော်အတွင်းမှ ဖိအားသည် တောင်တစ်လုံးဖြင့် ဖိချလိုက်သကဲ့သို့ လေးလံလာပြီး ထိုက်ချူသူတော်စင်နယ်မြေ အရှင်သခင်ကြီးကို အသက်ရှူကျပ်လုနီးပါး ဖြစ်စေခဲ့၏။

ထိုက်ချူသူတော်စင်နယ်မြေအရှင်သခင် စိတ်ထဲမှ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ဒီတစ်ယောက်ရဲ့စွမ်းအားက ဘယ်အတိုင်းအတာထိ ပြန်ကောင်းနေပြီလဲ?

All Chapters