← Chapters

မျိုးမစစ်ကောင်

Vol. 30 Ch. 414

မျိုးမစစ်ကောင်

Vol. 30 Ch. 414

ထိုက်ချူအရှင်သခင်သည် စကြဝဠာကြီးတွင် အပြောင်းအလဲများ စတင်ဖြစ်ပေါ်စဉ်က အဖြစ်အပျက်တစ်ခုကို ရုတ်တရက် ပြန်ပြောင်းသတိရလိုက်သည်။ ထိုစဥ်က လျှို့ဝှက်ဆန်းကြယ်သော အမျိုးသားတစ်ဦးက သူ့ထံ တိတ်တဆိတ် ချဉ်းကပ်လာပြီး သူနှင့် ပူးပေါင်းပါက မသေနိုင်သော ရုပ်ခန္ဓာကိုပေးကာ အလယ်ပိုင်းဒေသ၏ အနာဂတ်အရှင်သခင်ဖြစ်စေရမည်ဟု ကတိပေးခဲ့၏။

ထိုအချိန်က ထိုက်ချူအရှင်သခင်သည် ထိုကမ်းလှမ်းချက်ကိုရော လူကိုပါ မယုံကြည်သဖြင့် ထိုသူအား ဖိနှိပ်တိုက်ထုတ်ရန် ကြိုးစားခဲ့သော်ငြား သူ၏ခွန်အားသည် ပြိုင်ဘက်ကို တစ်ချက်လှုပ်အောင်ပင် တွန်းအားပေးနိုင်စွမ်းမရှိခဲ့။ ထိုအခါမှ ပြိုင်ဘက်၏ စွမ်းအားသည် သူစိတ်ကူးထားသည်ထက် အဆများစွာ သာလွန်နေကြောင်း သဘောပေါက်ခဲ့ရ၏။

ကြီးစွာသောဖိအား၏ အောက်တွင် တုန်လှုပ်မှုအပြင် ထိုက်ချူအရှင်သခင်သည် ကြောက်ရွံ့မှုကိုပါ ခံစားခဲ့ရသည်။ အလယ်ပိုင်းဒေသ တစ်ခုလုံးတွင် ရွှယ်ထျန်းသူတော်စင်နယ်မြေ၏ အရှင်သခင်ကြီး ကျန်းထျန်းမင်ပင် ဤအဆင့်သို့ မရောက်နိုင်သည်ကို သိထားသဖြင့် ဤပြိုင်ဘက်ကင်းသော စွမ်းအားရှင်တစ်ဦး မည်သည့်နေရာမှ ရောက်လာခဲ့ကြောင်း သူစိတ်ဝင်စားခဲ့မိသည်ပင်။

ရွေးချယ်စရာမရှိတော့သဖြင့် ထိုက်ချူအရှင်သခင်သည် အစပိုင်းတွင် လိုက်လျောဟန်ဆောင်ခဲ့ရသည်။ သို့သော် ထိုသူက ပေးသောအကျိုးကျေးဇူးများကား အလွန်များပြားလှသဖြင့် သူ၏ ပုန်ကန်ခုခံလိုစိတ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တော့၏။

ထိုသူပြောသမျှ စကားများထဲမှ ဟိုတစ်စဒီတစ်စကောက်လျက် ဆက်စပ်ကြည့်ရပါလျှင် ထိုသူသည် နယ်ခြားမျိုးနွယ်စုတစ်ခုဖြစ်သော ထာဝရသွေးမျိုးနွယ်စုဝင်တစ်ဦးဖြစ်ပြီး ထိုမျိုးနွယ်စုမှာ မရဏမျိုးနွယ်၏ မျိုးနွယ်စုကြီးများထဲမှ တစ်ခုဖြစ်သည်ကို သိခဲ့ရသည်။ ခွင်းလွင်ကမ္ဘာသို့ ဝင်ရောက်ရန် ကြီးမားသော စွမ်းအင်အဖိုးအခတစ်ခု ပေးဆပ်ခဲ့ရပြီး သူတို့၏ မူလစွမ်းအင်ကို ဖြည်းဖြည်းချင်း ပြန်လည်ရယူရန် ကြိုးစားနေကြောင်းလည်း သိခဲ့ရ၏။

ပြန်လည်ကောင်းမွန်ရန် အမြန်ဆုံးနည်းလမ်းမှာ အသက်ဓာတ်ပါဝင်သည့် သွေးလတ်လတ်ဆတ်ဆတ်ကို စုပ်ယူခြင်းဖြစ်သောကြောင့် နောက်ပိုင်းတွင် သူကိုယ်တိုင်၏ ပူးပေါင်းဆောင်ရွက်မှုများပါ ပါဝင်လာခဲ့ရသည်။

ထိုက်ချူအရှင်သခင်သည် မိမိ၏ကူညီမှုမှာ နတ်ဆိုးလမ်းစဥ်အား ပံ့ပိုးအားပေးခြင်းသာဖြစ်သောကြောင့် အဖြစ်မှန်သာ ပေါ်ပေါက်သွားပါက သူ့လက်ရှိဂုဏ်သိက္ခာနှင့် ရရှိထားသောနေရာ လုံးဝပျက်စီးသွားမည်ကို ကောင်းစွာသိနားလည်ထားသည်။

သို့သော် နယ်ခြားမျိုးနွယ်စုများနှင့် အဆက်အသွယ်ရှိနေသောကြောင့် စွမ်းအင်နာလန်ထူခေတ် စတင်သည်နှင့် အနာဂတ် ခွင်းလွင်ကမ္ဘာသည် ကောင်းကင်ဘုံအစည်းအရုံးနှင့် မရဏမျိုးနွယ်အကြား ပဋိပက္ခထဲသို့ မလွဲမသွေ ဆွဲသွင်းခံရမည်ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထိုအချိန်တွင် ခွင်းလွင်ကမ္ဘာ၏ အားနည်းပြီး ကျောထောက်နောက်ခံမရှိသော သတ္တဝါများသည် ခုခံနိုင်စွမ်းရှိမည် မဟုတ်ပေ။ နောက်ထပ်အစီအစဉ်များမချမီ လက်ရှိအခွင့်အရေးကို အရယူကာ အစွမ်းထက်သော ကျောထောက်နောက်ခံကို ဦးစွာရှာဖွေထားနိုင်ပါမှ အဆင်ပြေမည်ဟု သူယူဆခဲ့လိုက်၏။

ထို့နောက် ထိုက်ချူအရှင်သခင်သည် သူ၏လက်ရှိရာထူးဂုဏ်သိမ်အား အပေါ်ယံတစ်ခုအဖြစ် အသုံးချဖို့ သဘောတူလိုက်တော့၏။ ထိုသွေးမျိုးနွယ်စုအား မြေအောက်နန်းတော်တွင် လျှို့ဝှက်စွာနေထိုင်ခွင့်ပြုပြီး လူသားမျိုးနွယ်၏ အနှစ်သာရသွေးကို စုပ်ယူခြင်းဖြင့် ထိုသူ၏ ကျင့်ကြံမှုစွမ်းရည် ပြန်လည်ကောင်းမွန်ဖို့ရာတွင်လည်း ကူညီပေးခဲ့သည်။

တစ်ချိန်က ဖြောင့်မတ်သောလမ်းစဥ်၏ မျှော်လင့်ချက်အလင်းရောင်အဖြစ် လူသိများခဲ့ပါသော ထိုက်ချူသူတော်စင်နယ်မြေသည် ယခုအခါ နယ်ခြားမျိုးနွယ်စု နတ်ဆိုးခေါင်းဆောင်၏ အသိုက်တစ်ခုဖြစ်လာခဲ့ပြီး ကိုယ်တိုင်၏မျိုးနွယ်ကို ထိုးကျွေးကာ မိမိ၏တစ်ကိုယ်တော်အနာဂတ်နှင့် လဲလှယ်ခဲ့လေသည်။

ထို့အပြင် ထိုက်ချူအရှင်သခင်သည် မသေနိုင်သော ထာဝရရုပ်ခန္ဓာကိုလည်း ရရှိခဲ့၏။ ဤအကျိုးကျေးဇူးဖြင့် ကျင့်ကြံမှု အရှိန်အဟုန်သည် ပိုမိုမြန်ဆန်လာရုံသာမက ရုပ်ခန္ဓာ၏ အလိုအလျောက် ပြန်လည်ကုသနိုင်စွမ်းသည်လည်း သာမန်မသေမျိုးများ၏ ရုပ်ခန္ဓာထက် များစွာသာလွန်နေသေးသည်။

သူသည် ယခုလက်ရှိ ကောင်းကင်မသေမျိုး နဝမအဆင့်သာ ရှိပါသေးသော်ငြား အဆင့်မြင့် ဉာဏ်အလင်းမသေမျိုး မှော်လက်နက်များဖြင့် ထိခိုက်ဒဏ်ရာရခဲ့လျှင်ပင် ထိုဒဏ်ရာမှာ အလိုအလျောက် လျင်မြန်စွာ ပြန်လည်ကောင်းမွန်ပေလိမ့်မည်။ ဤ ပြန်လည်ကုသနိုင်စွမ်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သည်ဟု ဆိုနိုင်သည်။

ထာဝရရုပ်ခန္ဓာဟူသော အမည်နာမနှင့် လိုက်ဖက်လှပါပေ၏။

ထိုက်ချူအရှင်သခင်သည် အလယ်ပိုင်းဒေသကို တစ်ချိန်က ကြီးစိုးခဲ့ဖူးသည့် ရှစ်ထျန်းကြွယ် အမည်ရှိ နတ်ဆိုးခေါင်းဆောင်ကြီးတစ်ဦးကို ရုတ်တရက် သတိရမိသည်။ ထိုသူ၏ဂုဏ်သတင်းသည်လည်း သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့ထက် မနိမ့်ခဲ့ပေ။ သူဖန်တီးခဲ့သော မသေနိုင်သော သွေးခန္ဓာသည်လည်း ထိုအချိန်က ပုံမှန်ထက်သာလွန်သော အလိုအလျောက် ပြန်လည်ကုသနိုင်စွမ်းရှိသည်ကို သူမှတ်မိသေးသည်။

သို့သော် သူ့၏လက်ရှိ မသေနိုင်သောရုပ်ခန္ဓာနှင့် နှိုင်းယှဉ်လျှင် စုန်းမပေါက်စလေးမှ အိုမင်းရွတ်တွနေသော ဝါရင့်စုန်းမကြီးနှင့် တွေ့ဆုံရသကဲ့သို့ ခံစားရပေလိမ့်မည်။

ဤ ရုပ်ခန္ဓာကြောင့် ထိုက်ချူအရှင်သခင်သည် ကောင်းကင်မသေမျိုးဘုံတွင် ပြိုင်ဘက်ကင်း ထိပ်တန်းအဆင့်ဝင်ဖြစ်ပြီး ဉာဏ်အလင်းမသေမျိုးတစ်ပါးနှင့်ပင် တိုက်ခိုက်နိုင်လောက်မည်ဟု ယုံကြည်မှုရှိနေသည်။

သို့သော် ထိုသို့ပင်ဖြစ်လင့်ကစား သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့ကိုတော့ လက်လွတ်စပယ် သွားမစရဲလှပေ။

သူ့အလိုလိုသိစိတ်၏ သတိပေးမှုကို သူယုံကြည်သည်။ တစ်ဖက်ရန်သူသည် သူထင်ထားသလောက် မရိုးရှင်းပေ။ လုံခြုံမှုအတွက် ဤအရှင်သခင်ထံမှ အကူအညီတောင်းခံခြင်းက ပို၍စိတ်ချယုံကြည်ရပေမည်။

“ဘာလဲ? ပြော!” သွေးအရှင်က အေးစက်စွာ ပြောလိုက်သည်။

ထိုက်ချူအရှင်သခင် ရင်နည်းနည်းတုန်သွားပြီး မိမိအကူအညီတောင်းလိုသော အကြောင်းရင်းအား အလျင်အမြန် ရှင်းပြလိုက်သည်။

နားထောင်ပြီးနောက် သွေးအရှင်၏ မျက်လုံးများတွင် အရောင်တောက်တောက်တစ်ချက် လက်ခနဲ ဖြစ်သွားပြီး တွေးလိုက်မိသည်။ “စိတ်ဝင်စားစရာပဲ။ ငါလည်း အခုချိန် အစွမ်းထက်တဲ့လူတွေရဲ့ သွေးအသက်ဓာတ်တွေ အများကြီးလိုနေတာနဲ့ အတော်ပဲ။ ဒီအရှေ့ပိုင်းဒေသက တော်တော်လေးသင့်တော်မဲ့ပုံရတယ်"

လက်ရှိတွင် ခွင်းလွင်ကမ္ဘာသည် စကြဝဠာတွင် အလွန်ထူးခြားသော အနေအထားတစ်ခုကို ရရှိထား၏။ တစ်ချိန်က ကောင်းကင်ဘုံအစည်းအရုံး၏ ဒုတိယမြောက် အဆင့်အမြင့်ဆုံး ထာဝရတည်မြဲသော၊ မပျက်စီးနိုင်သော ကမ္ဘာတစ်ခုအနေဖြင့် ပြန်လည်နာလန်ထူသောကာလတွင် အစိတ်အပိုင်းတိုင်းမှာ ပစ်ရက်စရာမရှိအောင် တန်ဖိုးကြီးလာမည်ဖြစ်သည်။

ထိုအချိန်က ခွင်းလွင်ကမ္ဘာကြောင့် ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည့် မရဏမျိုးနွယ်သည် အမြဲတစေ မကျေမနပ်ဖြစ်နေခဲ့သည်သာ။

မသေမျိုးဘုံ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့မရသေးသည့် ကြားကာလများတွင် မရဏမျိုးနွယ်၏ မျိုးနွယ်စုအားလုံးသည် ခွင်းလွင်ကမ္ဘာကို လိုချင်တပ်မက်ကာ သူ့ထက်ငါ ခြေတစ်လှမ်းဦးရန် စိတ်အားထက်သန်နေခဲ့ကြသည်။

သို့သော် ကမ္ဘာကို ထိုးဖောက်ဝင်ရောက်ရန်အတွက် နယ်နိမိတ်အတားအဆီးကို ဦးစွာဖြတ်ကျော်ရဦးမည်ဖြစ်သည်။ မရဏမျိုးနွယ်မှ သတ္တဝါများသည် နယ်ခြားမျိုးနွယ်စုများဖြစ်ကြသောကြောင့် ခွင်းလွင်ကမ္ဘာထဲသို့ အတင်းအကျပ်ဝင်ရောက်ရန်မှာ အလွန်ခက်ခဲပြီး မဖြစ်နိုင်သလောက်ဟု ဆိုရပေမည်။ သတ်မှတ်ထားသော ဥပဒေသများ၏ သက်ရောက်မှုဖြင့် စွမ်းအင်များအားလုံး ချိုးချေခံရကာ သေလုနီးပါး အပြစ်ပေးဖိနှိပ်ခံရပြီးမှ ဝင်ရောက်နိုင်ကြမည်ဖြစ်၏။

ထာဝရသွေးမျိုးနွယ်စုသည် မရဏမျိုးနွယ်တွင် ထိပ်တန်းအဆင့်ရှိသော မျိုးနွယ်စုကြီးများထဲမှ တစ်ခုဖြစ်သည်။ သူတို့၏ မျိုးနွယ်စုဆိုင်ရာ ဝမ်းတွင်းပါရမီသည် ရုပ်ခန္ဓာ အလိုအလျောက်ပြန်လည်ကုသနိုင်စွမ်း ဖြစ်သောကြောင့် နယ်နိမိတ်ကို အတင်းအကျပ် ဖြတ်ကျော်လို့ရနိုင်ချ ပိုမိုမြင့်မား၏။

ထိုသို့ဖြစ်လင့်ကစား၊ အမျိုးမျိုးသော မှော်ရတနာတို့၏ ဖိနှိပ်တားဆီးမှုအောက်တွင် သွေးအရှင်တစ်ဦးတည်းသာ အဆင်ပြေပြေ ဝင်ရောက်နိုင်ခဲ့ပြီး အခြား သွေးမျိုးနွယ်စုမှ စွမ်းအားရှင်အချို့မှာ ဖိနှိပ်မှုဒဏ်ကို မခံနိုင်ဘဲ ချက်ချင်းပင် ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

သွေးအရှင် ဝင်ခွင့်ရပြီးချိန်တွင် ဆိုက်ရောက်ရာနေရာသည် အလယ်ပိုင်းဒေသဖြစ်ပြီး ကမ္ဘာမြေပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်နေသည့် ကာလဖြစ်သောကြောင့် သွေးအရှင်သည် တိတ်တဆိတ် ပုန်းအောင်းကာ ဒေသခံစွမ်းအားအခြေအနေများကို စတင်လေ့လာခဲ့သည်။

သူမျှော်လင့်မထားသည်မှာ ခွင်းလွင်ကမ္ဘာသည် ကြားဖူးသလောက် အားနည်းမနေခြင်းပင်။ မသေမျိုး တာအို စွမ်းအားရှင်များ၊ ရှေးခေတ်မှ ပြန်လည်ရှင်သန်လာပုံရသည့် ပုဂ္ဂိုလ်ထူးများသည် အလယ်ပိုင်းဒေသတွင် ဇာတ်မြှုပ်ကာ ပုန်းအောင်းနေကြကြောင်းကို သိသိသာသာ ခံစားသိရှိခဲ့ရ၏။

ခွင်းလွင်ကမ္ဘာအတွင်း သူ၏အစီအစဥ်များကို အန္တရာယ်သက်ရောက်လာနိုင်သော အခြေအနေပင်။

ဤသို့ဖြင့် ကျင့်ကြံမှုကို ပိုမိုလျင်မြန်စွာ ပြန်လည်ကောင်းမွန်စေရန်နှင့် စီမံကိန်းအား အမြန်အကောင်အထည်ဖော်နိုင်ရန်အတွက် သွေးအရှင်သည် ထိုက်ချူသူတော်စင်နယ်မြေ၏ အရှင်သခင်နှင့် ပူးပေါင်းရန် နည်းလမ်းရှာခဲ့သည်။

လျှို့ဝှက်စောင့်ကြည့်လေ့လာရာမှတစ်ဆင့် သိလာရသည်မှာ ထိပ်တန်းသူတော်စင်နယ်မြေလေးခုမှ အရှင်သခင်များအနက် ဤဖြောင့်မတ်ကြင်နာပုံရသော အဘိုးအိုသည် အမှန်တကယ်တွင် နှာဘူးအကြီးစားတစ်ကောင်သာ ဖြစ်နေခြင်းပင်။

ထိုသို့သောသူမျိုးသည် လှုံ့ဆော်သွေးဆောင်ရန် အလွယ်ကူဆုံးဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း အစီအစဉ်တစ်ခုလုံး အဖုအထစ်မရှိ ချောမွေ့ခဲ့သည်ပင်။

ဤကာလအတွင်း သွေးအရှင်သည် ထိုက်ချူသူတော်စင်နယ်မြေ၏ လွှမ်းမိုးမှုကို အသုံးချကာ လူသားမျိုးနွယ် စွမ်းအားရှင်များစွာကို စုပ်ယူနေရင်း သူ့လုပ်ရပ်များအား ကောင်းကောင်းကြီး ဖုံးကွယ်ထားနိုင်ခဲ့၏။ ကျင့်ကြံမှုသည် လျင်မြန်စွာ ပြန်လည်သက်သာတိုးတက်လာခဲ့သော်လည်း အနာဂတ်တွင် ထိပ်ဆုံးတစ်နေရာ၌ မားမားမတ်မတ် ရပ်တည်ရန်အတွက်မူ မလုံလောက်သေးပေ။

ထိုက်ချူအရှင်သခင်ထံမှ ထိုတောင်းဆိုချက်ကို ကြားလိုက်ရချိန်၌ သွေးအရှင်သည် ချက်ချင်းပင် အကြံတစ်ခုရသွားခဲ့၏။

ထိုသွေးနီနတ်ဆိုး ဟုန်ချန်ယဲ့ မည်မျှပင် အစွမ်းထက် မထက်သည် ထားပါဦး၊ မဟာတာအိုဂိုဏ်းခုနှစ်ခု၏ မသေမျိုးတပ်မတော် အရေအတွက်သုံးသောင်းဟူသည့် ပမာဏကား သူ့အတွက် အလွန်ဆွဲဆောင်မှုရှိသည်။

ထို့အပြင် အရှေ့ပိုင်းဒေသရှိ သာမန်ပြည်သူများလည်း ရှိသေးသည်။ ၎င်းတို့အားလုံးသည် သူ့အတွက်တော့ အလွန်အရသာရှိသော အာဟာရဖြည့်စွက်စာများသာ။

အတွေးနယ်ချဲ့နေချိန်တွင် သွေးအရှင်၏ ဆံပင်များ တရမ်းရမ်းလှုပ်ရှားလာပြီး သူ့ကိုယ်ခန္ဓာတစ်ခုလုံးမှ ထူးဆန်းသော စွမ်းအင်များ ဖြာထွက်လာသည်။

All Chapters