← Chapters

အခန်း (၄၁၅)

Vol. 30 Ch. 415

အခန်း (၄၁၅)

Vol. 30 Ch. 415

ထိုက်ချူအရှင်သခင်၏ တုန်လှုပ်နေသော အကြည့်အောက်တွင် သွေးသားရုပ်ခန္ဓာတစ်ခုသည် သွေးအရှင်၏ မူရင်းခန္ဓာထံမှ ဖြည်းဖြည်းချင်း ခွဲထွက်လာခဲ့သည်။ ထိုသွေးသားများသည် အသက်ဝင်နေသကဲ့သို့ တလှုပ်လှုပ်ဖြစ်နေကာ တဖြည်းဖြည်းနှင့် သွေးအရှင်၏ ပုံစံအတိုင်း ချွတ်စွပ်ပုံပေါ်လာတော့၏။

မသေမျိုးအုပ်စိုးသူအဆင့် စွမ်းအင်!

“ငါ့ရဲ့ကိုယ်ပွား အရှေ့ပိုင်းဒေသဆီ ခြေဆန့်ချည်စမ်း” သွေးအရှင်က အေးစက်စွာအမိန့်ပေးလိုက်ပြီးနောက် ထိုကိုယ်ပွားသည် နေရာမှ ပျောက်ကွယ်သွားလေတော့၏။

ထိုက်ချူအရှင်သခင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ ကိုယ်ပွား တစ်ခုသည်ပင် မသေမျိုးအုပ်စိုးသူအဆင့် ကျင့်ကြံမှုရှိသည်ဆိုလျှင် ပင်မကိုယ်ခန္ဓာ၏ အဆင့်သည် မည်မျှမြင့်မားလိမ့်မည်နည်း။

တွေးလေလေ ပို၍ ကြောက်စရာကောင်းလေလေဖြစ်သည်။

“ကျေးဇူးတင်ပါတယ်၊ သွေးအရှင်!” ဟု ထိုက်ချူအရှင်သခင်က ရိုသေစွာပြောလိုက်သည်။

“ဟဲဟဲ၊ ဒီ ကမ္ဘာရဲ့ အဓိကစည်းမျဥ်းတစ်ချက်ကို ငါကျော်လွန်ပြီးတာနဲ့ အဲဒီလူအိုကြီးတွေကို ရင်ဆိုင်ဖို့ ငါယုံကြည်မှုရှိလာလိမ့်မယ်” သွေးအရှင်က အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်သည်။

ထိုက်ချူအရှင်သခင် နှလုံးခုန်နှုန်း မြန်လာခဲ့ပြီး သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားသည်။

ဤသွေးအရှင်ပင်လျှင် သတိထားနေရသည်ဆိုလျှင် အလယ်ပိုင်းဒေသတွင် သူမသိသော စွမ်းအားရှင်တွေများ ရှိနေနိုင်သေးသည်လား။

ထိုက်ချူအရှင်သခင် အလွန်စိတ်ဓာတ်ကျသွားရသည်။ စကြဝဠာတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာပြီးနောက် သူတို့လို ထိပ်တန်းရောက်ပြီးသား စွမ်းအားရှင်များလည်း အတူလိုက်ပါတိုးတက်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ပြီးသာပင်။ သို့သော် တိုးတက်ဖွံ့ဖြိုးမှုများက သူမျှော်လင့်ထားသည်ထက် ပိုမိုကျယ်ပြန့်များပြားနေခဲ့သည်။

ဤမသိကျွမ်းသော စွမ်းအားရှင်များ မည်သည့်နေရာမှ လာခဲ့ကြပါသနည်း?

သို့သော် ကံကောင်းထောက်မစွာပင် ဤအစွမ်းထက်သော ကျောထောက်နောက်ခံကို အချိန်မီ မှီတွယ်နိုင်ခဲ့သည်။

အနာဂတ်တွင် မုန်တိုင်းကြီးများ မည်မျှမာန်ဖီတိုက်ခတ်နေပါစေ၊ သူကိုယ်တိုင်ကတော့ တွယ်ကုပ်ယူထားသည့် ဤသင်္ဘောနှင့်အတူ တည်ငြိမ်စွာ ရွက်လွှင့်နိုင်လိမ့်မည်။

အလယ်ပိုင်းဒေသရှိ အခြားအင်အားစုများ၏ ကံကြမ္မာမှာမူ မသေချာလှပေ။

ထို့အပြင် သူသာ သွေးအရှင်ကျေနပ်အောင် ကောင်းကောင်းတာဝန်ထမ်းဆောင်ပေးနိုင်ပါက အနာဂတ်တွင် အလယ်ပိုင်းဒေသ၏ အရှင်သခင် ဖြစ်လာနိုင်ပေမည်။

ရွှယ်ထျန်းသူတော်စင်နယ်မြေ၏ အရှင်သခင်ကျန်းထျန်းမင်တစ်ယောက် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့စဥ်ကပင် ဤမျှ စွမ်းအားမကြီးခဲ့ဖူးပေ!

“မင်းမှာပြောစရာရှိသေးလို့လား?” သွေးအရှင်က လူအိုကြီး၏ မျက်နှာအမူအရာများ အဆက်မပြတ်ပြောင်းလဲနေသည်ကို မြင်နေရသဖြင့် စိတ်အနှောင့်အယှက်ဖြစ်ကာ တစ်ချက်ငေါက်လိုက်သည်။

ထိုက်ချူအရှင်သခင်သည် အတွေးများကို ပြန်လည်စုစည်းလိုက်ပြီး ချက်ချင်းပင် မေးခွန်းတစ်ခုထပ်မေးလိုက်၏။ “သွေးအရှင်၊ ရိုးရိုးသားသားပြောရရင် အရှင်က ကျွန်တော့်ကို မသေနိုင်တဲ့ ရုပ်ခန္ဓာ ပေးပြီးနောက်ပိုင်း ကျွန်တော်အများကြီး အကျိုးကျေးဇူးရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဒီရက်ပိုင်းအတွင်း လူ့သွေးကို တောင့်တနေတဲ့ ထူးဆန်းတဲ့ ခံစားချက်တစ်ခု ခံစားနေရပါတယ်။ ဘာကြောင့်လဲလို့ သိပါရစေ”

ဤလိုအင်တောင့်တမှုသည် မကြာသေးမီက ပိုမိုပြင်းထန်လာခဲ့သည်။ ဥပမာအားဖြင့် မနေ့က သူ၏အိပ်ဆောင်တွင် လှပသော အမျိုးသမီး ကျင့်ကြံသူအချို့နှင့် ပျော်ပါးနေစဉ် လူ့သွေးတောင့်တမှုသည် အထွတ်အထိပ်သို့ ထိုးတက်လာခဲ့သည်နှင့် မထိန်းနိုင်တော့ဘဲ ထိုအမျိုးသမီး ကျင့်ကြံသူများကို ခြောက်သွေ့ပါးကပ်သော လူ့အရေခွံများအဖြစ် တိုက်ရိုက်ပြောင်းလဲသည်အထိ စုပ်ယူခဲ့မိလိုက်၏။

ခြောက်ကပ်နေသည်အထိ စုပ်ယူပြီးနောက် သူ့တစ်ကိုယ်လုံး ချက်ချင်းလန်းဆန်းသွားခဲ့သည်။

ဤဖြစ်ရပ်နှင့်ပတ်သက်၍ ထိုက်ချူအရှင်သခင်သည် ဖြစ်နိုင်ချေတစ်ခုကို မှုန်ဝါးဝါးတွေးမိခဲ့သော်လည်း အတည်မပြုရဲလှပေ။

ဤအချင်းအရာကို ကြားသောအခါ သွေးအရှင်သည် သူ၏ချွန်ထက်သော အစွယ်များကို ဖော်ပြကာ လှောင်ပြောင်ပြုံးရယ်လိုက်ရင်း ဆို၏။ “ငါက မင်းရဲ့ ရုပ်ခန္ဓာကို မသေနိုင်တဲ့ ထာဝရရုပ်ခန္ဓာအဖြစ် ပြောင်းလဲပေးခဲ့တာ၊ ဒါက မင်းအတွက် ကြီးမားတဲ့ကံကောင်းခြင်းပဲ။ အခုကစပြီး မင်းက ငါတို့ရဲ့ ထာဝရသွေးမျိုးနွယ်စုဝင် ဖြစ်သွားပြီ။ လူ့သွေးနည်းနည်းစုပ်ချင်တာ ဘာများထူးဆန်းလို့လဲ?”

“ဘာ?!” ထိုက်ချူအရှင်သခင်သည် နောက်သို့ အနည်းငယ်ယိုင်ကျသွားပြီး မျက်နှာတွင် ထိတ်လန့်မှုအပြည့်ဖြင့် ထပ်မေးလိုက်မိ၏။ “ကျွန်တော် လူသားမျိုးနွယ် မဟုတ်တော့ဘူးလား?”

ခန္ဓာပြောင်းလဲသည် ဆိုသော်ငြား သူ၏ လူသားမျိုးနွယ် ရင်းမြစ်ကိုတော့ အမှန်တကယ် ဆုံးရှုံးရလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။

“လူသားမျိုးနွယ်က နဂိုကတည်းက နိမ့်ကျတယ်။ ငါက မင်းကို မြင့်မြတ်တဲ့ ထာဝရသွေးမျိုးနွယ်စုအဖြစ် ပြောင်းလဲပေးခဲ့တာ၊ ဒါက မင်းအတွက် အမြင့်ဆုံးဂုဏ်ပုဒ်ပဲ။ ကန့်ကွက်ချင်လို့လား?” သွေးအရှင်က အေးစက်စက်မေးလိုက်သည်။

ထိုက်ချူအရှင်သခင်၏ နဖူးတွင် ချွေးများစီးကျလာပြီး သူအမြန် ပြန်ပြောလိုက်ရ၏။ “မဝံ့ရဲပါဘူး။ တကယ်တော့ ကျွန်တော် ဒီမျိုးနွယ်အသစ်ကို အရမ်းကျေနပ်ပါတယ်”

ထို့နောက် သူတွေးလိုက်မိသည်မှာ လက်ရှိအခြေအနေအရ လူသားမျိုးနွယ် မဟုတ်တော့ခြင်းသည် အတော်ပင်ကောင်းသည်ဟု။ သွေးမျိုးနွယ်စု၏ ဝမ်းတွင်းပါအရည်အချင်းသည် အမှန်တကယ်ပင် အကျိုးရှိကြောင်း သူခံစားမိပါသည်။

“အဲ့လိုမှပေါ့!” သွေးအရှင်သည် ဤလူအို၏ ရိုးသားသော နှစ်သက်ဟန်ကို မြင်သဖြင့် သူ၏စိတ်ပျက်နေသော အမူအရာမှ တဖြည်းဖြည်း ပြန်လည်ကြည်လင်လာခဲ့သည်။

“အရမ်းမပျော်လိုက်နဲ့ဦး။ ဒီလိုမျိုး ပြန်လည်မွေးဖွားခြင်းက မင်းကို တရားဝင် ထာဝရသွေးမျိုးနွယ်စုဖြစ်စေမှာမဟုတ်ဘူး။ သွေးနှောမျိုးနွယ်စုအဖြစ်ပဲ ကန့်သတ်ထားတယ်၊ ဒါပေမယ့် သွေးကျွန်ထက်တော့ အဆင့်မြင့်တယ်။”

“မင်းတို့ လူသားမျိုးနွယ်စကားနဲ့ပြောရရင် မင်းက အခု မျိုးမစစ်ကောင်ပေါ့ကွာ!”

“မျိုး...မျိုးမစစ်ကောင်?”

ထိုက်ချူအရှင်သခင် တုန်လှုပ်သွားပြီး ရင်တော်တော်နာသွားရ၏။

“ဟုတ်တယ်၊ မျိုးမစစ်တောင်မှ အိုမင်းရွတ်တွနေတဲ့ မျိုးမစစ်ကောင်!” ပိတ်ချောဝတ်စုံဝတ်ထားသော လူအိုကိုကြည့်ကာ သွေးအရှင်က အလွန်ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ယခင်ကသာဆိုလျှင် ဤသို့စော်ကားမော်ကားစကားအား ကြားလိုက်မိပါက ဒေါသအလျောက် တုံ့ပြန်မိလောက်ပေမည်။

သို့သော် ယခုရင်ဆိုင်နေရသူမှာ ပြိုင်ဘက်ကင်းစွမ်းအားရှင်တစ်ပါး ဖြစ်နေသဖြင့် အောင့်သက်သက်ပြုံးကာသာ တုံ့ပြန်လိုက်ရသည်။ “ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ အရှင်ပြောတာ မှန်ပါတယ်”

ထိုက်ချူအရှင်သခင်သည် မိမိ အခွင့်ကောင်းယူကာ တမင်စော်ကားခံနေရသည်လားဟု သံသယရှိမိပေသည့် ကျော်သွားဖို့သာ ဆုံးဖြတ်လိုက်တော့၏။

“ဪ၊ ဒါနဲ့နေပါဦး၊ သွေးအရှင်၊ အရှင်ပြောခဲ့တဲ့ သွေးကျွန်ဆိုတာ ဘာလဲ?” ထိုက်ချူအရှင်သခင် သည် အစောပိုင်းက စကားလုံးအဆန်းတစ်ခုကို သတိရကာ စိတ်ဝင်တကား မေးလိုက်သည်။

“သွေးကျွန်ဆိုတာက သွေးအဆိပ်မိပြီး ပြောင်းလဲသွားတဲ့ အဆင့်နိမ့် သွေးမျိုးနွယ်စုပဲ။ လုပ်ဆောင်ရတာက လွယ်တယ်၊ ဆွဲကိုက်လိုက်ရုံပဲ။ ဒါပေမယ့် ရှေ့ပြေးလိုအပ်ချက်တစ်ခုရှိတယ်။ ပစ်မှတ်ရဲ့ ကျင့်ကြံဆင့်က မင်းထက်နိမ့်ရမယ်”

သွေးအရှင်က ထပ်မံလှောင်ပြောင်လိုက်သည်။ “ဘာလဲ? မင်းရဲ့နယ်မြေက လူတွေကို လက်နက်ချခိုင်းပြီး သွေးကျွန်တွေအဖြစ် ပြောင်းလဲချင်တာလား? အဲဒါလည်း ကောင်းတယ်။ မျိုးမစစ်ကောင်အိုကြီးဦးဆောင်တဲ့ မျိုးမစစ်ကောင်ပေါက်လေးတစ်အုပ်စုပေါ့”

သွေးအရှင်က တစ်ခုထပ်ပြောလာသည်။ “ဒါပေမယ့် ငါသတိပေးရဦးမယ်၊ သူတို့က မင်းကို အလိုအလျောက် နာခံလိမ့်မယ်ဆိုပေမယ့် မင်းရဲ့သွေးကို ဖြေဆေးအဖြစ် မှန်မှန်ပေးဖို့ လိုသေးတယ်။ မဟုတ်ရင် သွေးကျွန်တွေဟာ မခံမရပ်နိုင်အောင် နာကျင်ခံစားရပြီး ရူးသွပ်သွားလိမ့်မယ်”

ထိုက်ချူသခင်မှာတော့ တစ်ခေါက်ပြီးတစ်ခေါက် အနှိမ်ခံနေရသဖြင့် စိတ်ထဲတွင် သောင်းကျန်းဆဲဆိုနေသ‌သော်ငြား အပြင်ပန်းတွင်မူ အတင်းအကျပ်ပြုံးကာ ရိုရိုသေသေ ပြန်ဖြေလိုက်သည်။ “သွေးအရှင်က တော်တော်နောက်တတ်တယ်နော်။ ကျွန်တော် အရှင့်ရဲ့အဆုံးအမတွေကို မှတ်သားထားပါ့မယ်”

“အေးအေး ကောင်းတယ်”

“ငါ့ကိုယ်ပွားက အရှေ့ပိုင်းဒေသမှာ မင်းအတွက် ကိစ္စတွေကို ကိုယ်စားဖြေရှင်းပေးလိမ့်မယ်။ တခြားဘာမှမရှိရင် မင်းပြန်လို့ရပြီ” သွေးအရှင်က အမိန့်ပေးသည့်လေသံဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့၊ ကျွန်တော် အခုပဲ ပြန်ပါတော့မယ်” ထိုက်ချူအရှင်သခင်သည် ရိုသေစွာ ကျေးဇူးတင်စကားပြောပြီးနောက် နောက်သို့လှည့်လိုက်ရာ နှုတ်ခမ်းထက်မှအပြုံး ချက်ချင်းပျောက်ကွယ်သွားပြီး မျက်နှာအရောင်သည် မိုးရွာတော့မည့်အတိုင်း မှိုင်းညို့သွားတော့၏။

ထိုသူ၏ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ရင်း သွေးအရှင်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာပြီး ရေရွတ်လိုက်သည်။

“တကယ့် မျိုးမစစ်အဘိုးအိုကြီး!”

ထိုသို့ပြောပြီးနောက် သူသည် သွေးကန်ထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။

All Chapters