← Chapters

ရှေ့ဖြစ်ဟောဆရာ ရွှယ်ဝူဟန်

Vol. 30 Ch. 416

ရှေ့ဖြစ်ဟောဆရာ ရွှယ်ဝူဟန်

Vol. 30 Ch. 416

မသေမျိုးအရှင် အရေအတွက်သုံးသောင်းပါဝင်သော မဟာမိတ်တပ်ဖွဲ့ကြီးသည် ပြည်သူပြည်သားတို့၏ ကြောက်လန့်တကြား အကြည့်များစွာအောက်တွင် အလယ်ပိုင်းဒေသ၏ ပြည်နယ်မြို့ရွာတို့အား ခမ်းနားထည်ဝါစွာ ဖြတ်သန်းခဲ့သည်။ မကြာမီပင် သူတို့သည် အရှေ့ပိုင်းဒေသသို့ ဆိုက်ရောက်လာ‌တော့၏။

လေတိုက်သံပြင်းပြင်းနှင့်အတူ မူလက ကြည်လင်နေသော ကောင်းကင်ယံသည် ချက်ချင်း မှောင်မိုက်မှုန်မှိုင်းသွားပြီး သဲစ ဖုန်စများနှင့် ကျောက်စကျောက်နများသည် နေရာအနှံ့သို့ ပျံသန်းကာ ကောင်းကင်တစ်ပြင်လုံး အမှိုက်သရိုက်များဖြင့် ထကြွဖုံးလွှမ်းသွားတော့လေ၏။ အစုအပြုံလိုက် ချီတက်လာသည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို လွှမ်းခြုံသွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် သစ်ရွက်သစ်ခတ်သံပင် မရှိလောက်အောင် တိတ်ကျသွားပြီး ငှက်များနှင့် သားရဲတိရစ္ဆာန်များ နေစရာမရှိအောင် ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

မသေမျိုးသုံးသောင်း၏ ပုံရိပ်များ အလုံးအရင်းလိုက် ပေါ်လာချိန်တွင် သူတို့၏ကိုယ်ခန္ဓာများကို မြင့်မြတ်သော မသေမျိုးစွမ်းအင်များက ဖုံးလွှမ်းထားကာ ရောင်ဝါအမျိုးမျိုးဖြင့် တောက်ပနေသော မသေမျိုးအလင်းတန်းများဖြင့် ဝန်းရံထားသဖြင့် အဝေးမှကြည့်လျှင် အလွန်လှပခမ်းနားလှသည်။

သူတို့ဝတ်ဆင်ထားသော အဝတ်အစားများသည်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတူကွဲပြားသဖြင့် မည်သူက မည်သည့်ဂိုဏ်းမှ လာသည်ကို အလွယ်တကူ ခွဲခြားသိရှိနိုင်သည်။

ထိုအထဲတွင် ဝူကျီတာအိုဂိုဏ်းမှ မသေမျိုးများက အင်အားအတောင့်ဆုံးဖြစ်ပြီး ဂိုဏ်း၏ အခြေခံအုတ်မြစ် မည်မျှနက်ရှိုင်းခိုင်ခံ့သည်ကို ပြသနေသကဲ့သို့။ ထို့ကြောင့် မဟာတာအိုဂိုဏ်းရှစ်ခု၏ ခေါင်းဆောင်ဖြစ်လာနိုင်ခြင်းသည် အဆန်းတော့မဟုတ်ပေ။

“သြော်၊ ဒါ အရှေ့ပိုင်းဒေသလား?”

“ဒီဘက်ပိုင်းမှာရှိတဲ့ မသေမျိုးစွမ်းအင်ပမာဏနဲ့ အရည်အသွေးက ငါတို့ရဲ့ အလယ်ပိုင်းဒေသနဲ့ တကယ်ကိုယှဉ်လို့မရဘူးပဲ။”

“ဒီကိုထွက်ပြေးလာတဲ့ သွေးနီနတ်ဆိုးအတွက်တော့ တိုးတက်စရာတောင် မရှိနိုင်ဘူးထင်တယ်။”

“တစ်ချိန်က အလယ်ပိုင်းဒေသတစ်ခုလုံးကို လှုပ်ခတ်စေခဲ့တဲ့ သွေးနီနတ်ဆိုးက အခုလိုမျိုး ဆိတ်သုဉ်းညှိုးငယ်စရာ အခြေအနေထိ ရောက်သွားတာ အရမ်းစိတ်မကောင်းစရာပဲ!”

မဟာတာအိုဂိုဏ်းခုနစ်ခုမှ မသေမျိုးမဟာမိတ်အဖွဲ့သည် အရှေ့ပိုင်းဒေသ၏ ကောင်းကင်ယံထက် ဆက်လက်ခရီးနှင်လာကြသည်။ သူတို့၏မျက်နှာများမှာ မာန်မာနအပြည့်ဖြင့် မော့ချီနေပြီး သူတို့၏စကားလုံးများက အရှေ့ပိုင်းဒေသကို မည်မျှအထင်သေးကြောင်း ဖော်ပြနေသည်။ ထို့အပြင် ပစ်မှတ်ရန်သူကိုလည်း နည်းနည်းမှစိုးရိမ်နေစရာမရှိဟု သဘောထားကြဟန်ရှိ၏။

သူတို့၏အမြင်တွင် သွေးနီနတ်ဆိုးဆိုသည်မှာ ယခင်က မည်မျှပင် အစွမ်းထက်ခဲ့စေကာမူ ယခုလို တောခေါင်ခေါင်နေရာမျိုးသို့ ထွက်ပြေးပုန်းအောင်းနေရသဖြင့် တစ်နေ့နေ့တွင် ပြန်ပေါ်လာခဲ့လျှင်ပင် အလယ်ပိုင်းဒေသကို မည်မျှလောက် အနှောင့်အယှက်ပေးနိုင်ဦးမည်နည်း။

“ဒီအခြေအနေကိုကြည့်ရသလောက် စန်းမင်တာအိုဂိုဏ်းရဲ့ပြောစကားက လုံးဝကိုအဓိပ္ပာယ်မရှိဘူးဆိုတာ ငါပိုပြီးသေချာသွားပြီ။ သွေးနီနတ်ဆိုးသာ အခုငါ့ရှေ့မှာ ရှိနေရင် တာအိုရောင်းရင်းတို့တောင် လှုပ်ရှားဖို့ မလိုဘူး။ ငါ့လက်သီးတစ်ချက်တည်းနဲ့ သူ့ကိုသတ်နိုင်တယ်!” လုလီတာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ယန်ဝေ့က နှုတ်ခမ်းမွေးစစကို လက်ဖြင့်ဟန်ပါပါသပ်ရင်း ခပ်ထေ့ထေ့‌ လေလုံးထွားလိုက်သည်။

“ဂိုဏ်းချုပ်ယန် ပြောတာ လုံးဝမှန်တယ်” ဘေးနားတွင်ရှိသော ချန်ယွမ်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ် ရွှီပေါ် ချီကလည်း ပြုံးရွှင်သောမျက်နှာဖြင့် ထောက်ခံလိုက်သည်။

ရုတ်တရက် သူတစ်ခုခုကို သတိရသွားပြီး မထီမဲ့မြင်ပြောလိုက်သည်။ “စန်းမင်တာအိုဂိုဏ်းဆိုမှ ဟိုယဲ့မျိုးရိုးလည်း ဘာအတွေးတွေဝင်နေလဲမသိဘူး။ ဒီရက်တွေအတွင်း အသုဘပွဲပဲ တောက်လျှောက်ကျင်းပနေတယ်။ ဒီကြောင်သူတော်ဇာတ်လမ်းကြီးက နည်းနည်းတော့ လွန်လွန်းတယ်မလား?”

ယဲ့ဝူရှန်း၏ ဒီရက်ပိုင်းအတွင်း ထူးထူးဆန်းဆန်းပြုမူနေပုံများကြောင့် စန်းမင်တာအိုဂိုဏ်းမှာ အလယ်ပိုင်းဒေသ၏ အထက်တန်းလွှာလူ့အသိုင်းအဝိုင်းတွင် ရယ်စရာတစ်ခုသက်သက် ဖြစ်နေခဲ့လေပြီ၊

ဤအရာကိုကြားသောအခါ အခြားဂိုဏ်းချုပ်များအားလုံးသည်လည်း ထူးဆန်းသည့်အမူအရာများ ပြသလာကြသည်။

အကြောင်းမှာ ထိုဂိုဏ်းချုပ်၏ ယခုတလော အပြုအမူများမှာ သူတို့စိတ်ထဲ မှန်၏၊မှား၏ ရှင်းရှင်းလင်းလင်း ခွဲခြားလို့ မရနိုင်သောကြောင့်ပင်။

ထိုသူသည် လေးစားအတုယူဖွယ်ကောင်းလောက်အောင် သစ္စာရှိ၍ ဖြောင့်မတ်သည်ဟုဆိုရဖို့အတွက်လည်း နည်းနည်းအပိုလုပ်လွန်းနေသည်။ သို့သော် သူရဲဘောကြောင်ကာ တိုက်ပွဲကိုပတ်ရှောင်သည်ဟု ဆိုရအောင်ကလည်း တစ်ဖက်လူမှာ အသုဘပွဲ ကျင်းပလျက်သား အခြေအနေကြီးဖြစ်နေပြန်၏။

ချီးကျူးစရာဟု မထင်မြင်မိလျှင်တောင်မှ အပြစ်ဆိုဖို့လည်း မသင့်တော်သော အငြင်းပွားဖွယ် အခြေအနေတစ်ခုပင်။

“တာအိုရောင်းရင်းတို့၊ ယဲ့ဝူရှန်းနဲ့ပတ်သက်ပြီး ကျွန်တော်နားလည်ထားသလောက်တော့ ဒီလူက ဒီလိုသေးနုပ်တဲ့ ကိစ္စတွေလောက်နဲ့ လချီအောင်အချိန်ဖြုန်းမယ့်လူစားမျိုး မဟုတ်ပါဘူး။ အရေးကြီးကိစ္စတစ်ခုခုရှိလို့သာ သူဒီလို မဖြစ်မနေလုပ်နေရတာ ဖြစ်မယ်”

ဟောင်ယွဲ့တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ချင်ရှို့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူ့မျက်ခုံးပေါ်တွင် လခြမ်းပုံသဏ္ဌာန် အမှတ်အသားတစ်ခုရှိပြီး စကားဆိုနေရင်း တစ်ခါတစ်ရံ တောက်ပလင်းလက်လာတတ်၏။

“ဟားဟား၊ အဲ့အဘိုးကြီးက ငါတို့စုပေါင်းခွန်အားနဲ့ သွေးနီနတ်ဆိုးကို မနိုင်လောက်ဘူးလို့များ စိုးရိမ်နေတာလား?” ယန်ဝေ့က လှောင်ရယ်လိုက်သည်။

အခြားဂိုဏ်းချုပ်များလည်း တစ်ဦးနှင့်တစ်ဦးလှမ်းကြည့်ကာ ခေါင်းခါမိလိုက်ကြသည်။ ဤပြောစကားသည် လုံးဝအဓိပ္ပာယ်မရှိကြောင်း သူတို့ရှင်းရှင်းလင်းလင်း ယုံကြည်ထားကြ၍ပင်။

အရင်တစ်ချိန်က သွေးနီနတ်ဆိုး၏ ကျင့်ကြံရေးဘုံသည် စစ်မှန်သော မသေမျိုး နဝမအဆင့်ဖြစ်ခဲ့ပြီး သူ၏ရှားပါးထက်မြက်သောသော တိုက်ခိုက်ရေးစွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ အလယ်ပိုင်းဒေသတွင် ပြဿနာများတစ်ပုံတစ်ပင် ဖန်တီးနိုင်ခဲ့သည် အမှန်ပင်။ နောက်ပိုင်းတွင် လျှို့ဝှက်ကျင့်စဥ်တစ်ခုကို အသုံးပြု၍ ထွက်ပြေးလွတ်မြောက်သွားသဖြင့် ကျင့်ကြံဆင့်ကျဆင်းသွားမည်မှာတော့ သေချာ၏။ နောက်ဆုံးမှထုတ်သုံးဖို့ချန်ထားသော လျှို့ဝှက်ကျင့်စဥ်များမှာ အမြဲတစေ တစ်စုံတစ်ခုတော့ ပေးဆပ်ရသည်သာပင်။

ထိုသူသည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ကံမ၍ အခွင့်အရေးကောင်းကောင်းတချို့ ရရှိခဲ့ပြီး ယခင်ကျင့်ကြံဆင့်ဆီသို့ ပြန်လည်တက်ရောက်နိုင်ခဲ့လျှင်ပင် အချိန်ကာလများကား ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ စစ်မှန်သော မသေမျိုး ထိပ်တန်းအဆင့် ကျင့်ကြံသူဆိုသည်မှာ ရှားပါးပါရမီရှင်များ ဟုတ်မနေတော့။ သူတို့လက်ရှိ မသေမျိုးအရှင် တပ်ဖွဲ့ထဲတွင်ပင် ထိပ်တန်းအဆင့် နှစ်ထောင်မှ သုံးထောင်ခန့်အထိ ပါရှိ၏။

ထို့အပြင် သူတို့ ဂိုဏ်းချုပ် ခုနစ်ဦးစလုံးသည် ကောင်းကင်အဆင့် မသေမျိုးများဖြစ်ကြသည်။ အရှေ့ပိုင်းဒေသ တစ်ကြောလုံးကို တစ်ယောက်တည်းအားဖြင့် စိတ်ရှိသလို မွှေနှောက်သောင်းကျန်းနိုင်ပေမည်။

ထိုသို့သောအခြေအနေများအောက်တွင် သွေးနီနတ်ဆိုးတစ်ယောက်လေးကို မည်သို့မနိုင်ဘဲရှိနိုင်မည်နည်း။ တွေ့တွေ့ချင်း နေရာတွင်ပင် ဇောက်ထိုးဆွဲရိုက်နှက်နိုင်ပေမည်။

“ဂိုဏ်းချုပ်ယဲ့က အကြီးအကဲဝေ့အတွက် ဝမ်းနည်းပူဆွေးနေရတာ အမှန်ပါ။ ကျွန်တော် ဒါကို အာမခံနိုင်ပါတယ်။ ဒါကြောင့် တာအိုရောင်းရင်းတို့ သူ့ကိုယ်ကျင့်တရားကို လက်လွတ်စပယ် မှတ်ချက်ချတာမျိုး ရပ်တန်းကရပ်ပေးကြပါ” ရုတ်တရက် ဖုန်ချင်းယန်က တင်းမာသောအမူအရာဖြင့် ပြောလိုက်သည်။

ဤရက်များအတွင်း စန်းမင်တာအိုဂိုဏ်းတွင် သူစေလွှတ်ထားသော သူလျှိုများက ယဲ့ဝူရှန်းတစ်ယောက် အကြီးအကဲဝေ့၏ ပုံတူပန်းချီရှေ့တွင် တစ်ချိန်လုံး ဒူးထောက်နေပြီး နက်ရှိုင်းသော ဝမ်းနည်းပူဆွေးမှုကို ဖော်ပြနေကြောင်း သတင်းပို့ခဲ့သည်။

ဤသို့နက်ရှိုင်းသော ချစ်ခြင်းမေတ္တာနှင့် သစ္စာတရားသည်ကား ကြားရရုံဖြင့်ပင် စိတ်ထိခိုက်ဖွယ်ကောင်းလှ၏။

“ဪ...”

အခြားဂိုဏ်းချုပ်များ တအံ့တသြဖြင့် အချင်းချင်း မသိမသာ မျက်စပစ်လိုက်ကြသည်။

သူတို့သည် သူတော်ကောင်းတစ်ဦးကို သေးနုပ်သော စံနှုန်းများဖြင့် အမှန်တကယ်ပုတ်ခတ်ခဲ့မိသည်လား။

ဝူကျီတာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ကိုယ်တိုင် အာမခံလာသဖြင့် ထိုအကြောင်းအရာကို ဆက်လက်ဆွေးနွေးဖို့ မသင့်လျော်ဟု သူတို့ယူဆခဲ့လိုက်သည်။

ဝှစ် ဝှစ် ဝှစ် ~

ထိုအချိန်တွင် ဂိုဏ်းချုပ်ခုနစ်ဦးစလုံးသည် သူတို့၏ ကျယ်ပြန့်သော နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်ပြီး မုန်တိုင်းတစ်ခုကဲ့သို့ နေရာတိုင်းကို ဖြတ်သန်းစစ်ဆေးခဲ့သည်။

ကြီးမားအဖိုးထိုက်သော မသေမျိုးတောင် တစ်သောင်းကို မြင်သောအခါ သူတို့အားလုံး အံ့သြသွားကြဟန်ရှိကြီး လောဘစိတ်နှင့်အတူ မျက်နှာများ ဝင်းပလာကြတော့၏။

“ခမ်းနားလိုက်တာ! အရှေ့ပိုင်းဒေသမှာ ဒီလိုပွပေါက်မျိုး ရှိနေလိမ့်မယ်လို့ ငါမထင်ထားဘူး!” လုလီတာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ယန်ဝေ့က လက်ခုပ်လက်ဝါးတီးကာ အားရပါးရ ရယ်မောလိုက်သည်။

“ဒီလောက်များတဲ့ မသေမျိုးတောင်တွေမှာ အရင်းအမြစ်တွေ ပေါကြွယ်ဝနေမယ်ဆိုတာ သေချာတယ်။ ဒီနေရာက ကျင့်ကြံသူတွေကတော့ ဒါတွေကိုခံစားပျော်မွေ့ဖို့ ကံမပါလာဘူးထင်ပါ့ကွာ” အခြားဂိုဏ်းချုပ်တစ်ဦးက အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

ဖုန်ချင်းယန်ကသာ အရင်ဆုံးစိတ်ငြိမ်အောင် ထိန်းလိုက်နိုင်ပြီး လေးနက်စွာသတိပေးလိုက်သည်။ “ဒီအကြောင်းကို နောက်မှဆွေးနွေးကြတာပေါ့။ ငါတို့ခရီးရဲ့ အဓိကရည်ရွယ်ချက်ကို မမေ့နဲ့”

ရွှယ်ထျန်းသူတော်စင်အရှင်သခင်သည် လွန်ခဲ့သောလပိုင်းလောက်က အရှေ့ပိုင်းဒေသသို့ သံတမန်များစေလွှတ်ခဲ့ခြင်းကို သူစဉ်းစားမိ၏။ အကယ်၍ ထိုသူကိုယ်တိုင် မသေမျိုးတောင် တစ်သောင်း၏ တည်ရှိမှုကို သိထားပါက မဟာတာအိုဂိုဏ်းခုနစ်ခု ဝင်ရောက်စွက်ဖက်နိုင်မည် မနိုင်မည် မသေချာလှ။

“ဂိုဏ်းချုပ်ဖုန်က အဓိကနဲ့သာမညကို သေချာခွဲခြားသိမြင်တတ်သူပေပဲ” ချန်ယွမ်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ် ရွှီပေါ် ချီက ထောက်ခံချီးကျူးလိုက်သည်။

“ဟုတ်ပါ့၊ ဟုတ်ပါ့” အခြားဂိုဏ်းချုပ်များလည်း ခေါင်းငြိမ့်၍ သဘောတူခဲ့ကြသည်။

ဤလူအုပ်ထဲတွင် ဖုန်ချင်းယန်သည်သာ တရားဝင်ခေါင်းဆောင်ဖြစ်သဖြင့် ချော့မော့မြှောက်ပင့်ထားပါမှ တော်ကာကျပေမည်။

“နောက်ပြီး လမ်းမေးဖို့ ဒေသခံတစ်ယောက်လောက် ရှာရဦးမယ်။ လမ်းကြောင်းကိုအတည်ပြုပြီး သွေးနီနတ်ဆိုး မပြေးနိုင်အောင် ဝန်းရံကြမယ်!”

ဖုန်ချင်းယန်၏လေသံတွင် သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။ ဤတစ်ကြိမ်တွင် သူသား၏ သေဆုံးမှုအတွက် မလွဲမသွေ လက်စားချေရန် သူစိတ်ပိုင်းဖြတ်ထားသည်ပင်။

“အနောက်မြောက်ဘက်မှာ ဂိုဏ်းတစ်ခုရှိနေတယ်လို့ ငါခံစားမိတယ်။ အဲဒီက ကျင့်ကြံသူတွေတစ်ခုခုကို သိကြမှာပဲ”

"သွားစို့!"

ဝုန်း ~

စွမ်းအင်အပြည့်ဖြင့် မသေမျိုးအဖွဲ့သည် ရွှမ်ကျီးဓားဂိုဏ်းဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့၏။

“ငိုးတဲ့မှ...”

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများစွာ ဆင်းသက်လာသည်ကို ခံစားမိသောအခါ ရွှမ်ကျီးဓားဂိုဏ်းမှ ကျင့်ကြံသူများမှာ အကြောအချဥ်များ ဆတ်ခနဲတောင့်တင်းသွားရပြီး အံ့သြထိတ်လန့်စွာဖြင့် မော့ကြည့်မိကြ၏။။

ဒီရက်ပိုင်း မသေမျိုးတွေ အုပ်စုလိုက် ဟိုသွားဒီသွားလုပ်ရတာ အတော်ကြိုက်နေကြပုံပဲနော်။

“ဟမ့်၊ ငါမေးမယ်...” ဖုန်ချင်းယန်သည် အောက်ဘက်မှကျင့်ကြံသူများအား အထင်တသေး ငုံ့ကြည့်ရင်း ခန့်ညားသောအမူအရာဖြင့် စကားစလိုက်သည်။ သို့သော် သူ့‌မေးခွန်းမဆုံးမီပင် အောက်ဘက်မှစကားတစ်ခွန်းက ချက်ချင်းဝင်ရောက်ဖြတ်တောက်လိုက်သည်။

“တောင်ဘက်ကို လီသန်းရှစ်ဆယ်သွားပါ၊ ရွှယ်ထျန်းဂိုဏ်းကို ဒုတ်ဒုတ်ထိရောက်ပါလိမ့်မယ်! ကျေးဇူးမတင်ပါနဲ့တော့ ရပါတယ်! ကြွ ကြွ!”

ဖုန်ချင်းယန်:“???”

ငါဘာမေးမယ်ဆိုတာ မင်းဘယ်လိုကြိုသိလဲ? မင်းက ရှေ့ဖြစ်ဟောဆရာလား?!

အခြား ဂိုဏ်းချုပ်များလည်း အံ့ဩသွားကြသည်။ ဤသေးငယ်သော ဓားကျင့်ကြံသူဂိုဏ်းတွင် သူတို့၏ရည်ရွယ်ချက်များကို ခန့်မှန်းနိုင်သော ရှေ့ဖြစ်ဟောကျွမ်းကျင်သူတစ်ဦးရှိမည်ဟု မမျှော်လင့်ခဲ့ကြပေ။

ဖုန်ချင်းယန်သည် ရင်ထဲမှ ပွားများလာသော သံသယများကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး ရိုသေစွာ ဦးညွှတ်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း!”

သူ့ဘက်က စကားပင်မဆုံးသေးဘဲ တစ်ဖက်လူက သူ့မေးခွန်းကို ကြိုတင်ခန့်မှန်းနိုင်လိုက်သည်။

စောက်ရမ်းမိုက်တယ်ဟေ့။

မည်သည့်နေရာမှ ဒေသခံပင်ဖြစ်စေ ကံကြမ္မာလမ်းကြောင်းကို ကြိုတင်သိမြင်ပြီး တိကျစွာ ခန့်မှန်းတွက်ချက်နိုင်သော ရှေ့ဖြစ်ဟောဆရာဆိုပါက ထိုက်သင့်သော လေးစားသမှုကိုတော့ ပြသရမည်ပင်။

“သွားကြစို့၊ ရွှယ်ထျန်းဂိုဏ်းဆီ!” ဖုန်ချင်းယန်သည် လက်ကိုဝှေ့ယမ်းအချက်ပြလိုက်ပြီး မသေမျိုးတစ်ဖွဲ့လိုက်နှင့်အတူ ခရီးပန်းတိုင်ဆီသို့ အလျင်အမြန်ပြေးသွားကြလေသည်။

သူတို့ပျောက်ကွယ်သွားသည့် လမ်းကြောင်းကို လှမ်းမျှောက်ကြည့်ရင်း မျှော်စင်၏ အပေါ်ဆုံးထပ်တွင် ရပ်နေသော ရွှယ်ဝူဟန်၏ အေးစက်စက်မျက်နှာထားမှာ အနည်းငယ် ရှုံ့မဲ့လျက်ရှိ၏။

ထိုမြင်ကွင်းမျိုးကို တလောလေးကမှ ပုံစံတူ မြင်ဖူးပြီးသားပင်။

ပြဿနာက မင်းတို့ ဘယ်ကလာမှန်းမသိတဲ့ကောင်တွေ၊ ဘာကိစ္စ ငါတို့ဂိုဏ်းကိုပဲ လမ်းလာလာမေးနေရတာလဲ?

စိတ်ဓာတ်ကျနေသော ရွှယ်ဝူဟန်မှာ နက်နက်နဲနဲစဉ်းစားပြီး အမိန့်တစ်ခုထုတ်ရန် ဆုံးဖြတ်ခဲ့လိုက်သည်။

“တစ်ယောက်ယောက်လာစမ်း၊ ဆိုင်းဘုတ်တစ်ခုလုပ်ပြီး ရွှယ်ထျန်းဂိုဏ်းရဲ့ တည်နေရာကိုရေး၊ လူတိုင်းမြင်နိုင်မယ့် အမြင့်ဆုံးတစ်နေရာမှာ ချိတ်ထားလိုက်ပါ!”

All Chapters