← Chapters

နတ်ဆိုးဂိုဏ်းချုပ်က ပိုတောင်လှလာသေးတယ်

Vol. 30 Ch. 417

နတ်ဆိုးဂိုဏ်းချုပ်က ပိုတောင်လှလာသေးတယ်

Vol. 30 Ch. 417

မကြာမီတွင် မသေမျိုးမဟာမိတ်တပ်ဖွဲ့သည် ညာသံပေါင်းစုံပေးလျက် ဟွမ်ကျိုးသို့ အပြင်းအထန်ချီတက်လာပြီး နေရာတိုင်းတွင် မသေမျိုး စွမ်းအင်များကို ထုတ်လွှတ်ခဲ့သဖြင့် လမ်းတစ်လျှောက်ရှိ သတ္တဝါများမှာ အသက်ရှူရန်ပင် ခက်ခဲလာခဲ့ကြသည်။

ရွှယ်ထျန်းဂိုဏ်းနှင့် တဖြည်းဖြည်း ပိုပိုနီးကပ်လာသည်ကို မြင်သောအခါ ဖုန်ချင်းယန်၏ မျက်လုံးများတွင် ဒေါသအခိုးအငွေ့များ ပြည့်နှက်လာလျက် ရင်ထဲမှ သတ်ဖြတ်လိုစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ကြွေးကြော်သံပေးလိုက်သည်။

“သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့၊ အခုချက်ချင်း ထွက်လာပြီး သေလိုက်!!!”

ထိုကြွေးကြော်သံသည် နတ်သိကြား၏ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာထွက်ပေါ်လာပြီး ကျယ်ပြောလှသော ကောင်းကင်ယံတစ်လွှားသို့ ဖြန့်ကျက်ကာ မိုင်ထောင်ချီရှည်လျားသော တောင်များနှင့် မြစ်များအနှံ့ ပဲ့တင်ထပ်သွားသည်။

“ဘာတွေဖြစ်နေတာလဲ?!”

ရေတွက်မရနိုင်သော ကျင့်ကြံသူတို့၏ နားစည်များထဲ ကျယ်လောင်စွာ မြည်ဟိန်းသွားပြီး နှလုံးခုန်သံ တဒိုင်းဒိုင်းဖြင့် ကြောက်ရွံ့တုန်လှုပ်လာကာ အထိတ်တလန့် မော့ကြည့်မိကြ၏။

“ဘုရားရေ၊ ဟိုလူက ဟုန်ချန်ယဲ့ကို ထွက်လာပြီးသေဖို့ အော်ပြောနေတာ။ သူက အကြီးအကဲယဲ့ရဲ့ အကြီးဆုံးတပည့်ပဲ။ အဲ့လူသေချင်နေတာလား?

“ငါတော့ အရမ်းထူးဆန်းတယ်လို့ ထင်မိတယ်။ သူက သွေးနီနတ်ဆိုး သေရမယ်လို့ အော်ပြောနေတာလေ၊ ငါတို့နတ်သမီးလေးဟုန်နဲ့ ဘာဆိုင်လို့လဲ?”

“တာအိုရောင်းရင်းကလည်း ဒါမျိုးကျ အထာနပ်တဲ့သူတွေမှ နားလည်နိုင်မှာလေ!”

...

ရွှယ်ထျန်းဂိုဏ်း။

သောင်းနှင့်ချီသော မသေမျိုးအရှင်များ၏ ဖိနှိပ်မှုနှင့်ရင်ဆိုင်ရသောအခါ ဂိုဏ်းမှတပည့်နှင့် အကြီးအကဲများစွာ အမလေးဘတေး လန့်ဖျပ်သွားခဲ့ကြသေး၏။ သို့သော် ထိုကြွေးကြော်သံကိုကြားပြီးနောက် သူတို့၏အမူအရာများ ထူးဆန်းလာသည်။

မင်း တကယ်ကြီးစိန်ခေါ်နေတာလား?

စေတနာနဲ့ပြောမယ်။ အခုမှလှည့်ပြီးပြေးရင် သိပ်နောက်မကျသေးဘူးနော်!

ဝုန်း...

ဤအချိန်တွင် မသေမျိုးမဟာမိတ်တပ်ဖွဲ့သည် ပစ်မှတ် လွတ်မပြေးနိုင်အောင် ရွှယ်ထျန်းဂိုဏ်းကို ထွက်ပေါက်မရှိ ဝန်းရံပိတ်ဆို့လိုက်ကြသည်။

သူတို့၏အမြင်တွင် သွေးနီနတ်ဆိုးနှင့် ဆက်နွယ်နေသော ရွှယ်ထျန်းဂိုဏ်းမှ ကျင့်ကြံသူများအားလုံး ဒုက္ခရောက်ရပေလိမ့်မည်။

မည်သို့ပင်ဆိုစေ၊ ၎င်းသည် အသွင်ယူထားသော နတ်ဆိုးဂိုဏ်း တစ်ခုသာဖြစ်၏။

ထိုအပြစ်သားကို လွှတ်ပေးလိုက်ရခြင်းထက် အပြစ်မရှိသူတစ်ဦးကို မှားသတ်လိုက်ရခြင်းက တော်‌သေးသည်ဟု သူတို့ခံယူထားကြသည်။

လုလီတာအိုဂိုဏ်းချုပ် ယန်ဝေ့က မျက်နှာကိုမော့ချီကာ နှစ်ထောင်းအားရစွာ ရယ်မောလိုက်သည်။ “ဟားဟား၊ ဒီပုရွက်ဆိတ်တွေ အခုဆို အရမ်းကြောက်နေကြမှာပဲ”

“ဒါပေမယ့် ဘာလို့ သူတို့ရဲ့အကြည့်တွေက နည်းနည်းထူးဆန်းနေသလို ခံစားနေရတာလဲ?” ချန်ယွမ်တာအိုဂိုဏ်းချုပ် ရွှီပေါ် ချီက မျက်မှောင်ကြုတ်လိုက်သည်။ ရွှယ်ထျန်းဂိုဏ်းမှ ကျင့်ကြံသူများ သူတို့ကို ကြည့်နေသောမျက်လုံးများတွင် သနားဂရုဏာများ ပြည့်နေသည်ဟု သူအကြောင်းပြချက်မရှိ ခံစားနေရ၏။

ထူးဆန်းလိုက်တာ!

ပုံမှန်ဆိုရင် အကြောက်လွန်ပြီး သတိလစ်လဲကျသွားတာတို့၊ ဟိုဟိုဒီဒီ အော်ပြေးနေတာတို့ ဖြစ်နေရမှာ မဟုတ်ဘူးလား?

အခုက ဘာလုပ်ဖို့ ခပ်အေးအေးမော့ကြည့်နေကြတာလဲ?

ဒါကဘာလဲ? လှည့်ကွက်တစ်မျိုးလား?

ဖုန်ချင်းယန်၏မျက်လုံးများသည် ကောင်းကင်ယံရှိ နေမင်းနှင့်အပြိုင် အလင်းရောင်များ တောက်ပဖြာထွက်နေပြီး သတ်ဖြတ်လိုစိတ်များဖြင့် ထပ်မံကြွေးကြော်လိုက်သည်။ “သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့၊ မင်းဒီမှာ ပုန်းနေတာ ငါသိတယ်။ ထွက်လာပြီးသေလိုက်စမ်း!”

ထိုကြွေးကြော်သံသည် နားကွဲမတတ်ကျယ်လောင်လွန်းသဖြင့် လေဟာနယ်တွင် လှိုင်းတွန့်များပင် ဖြစ်ပေါ်လာသည်။

မြူခိုးတောင်ထိပ်တွင်...

ယဲ့ကျွင်းလင်သည် နေ့လယ်စာအတွက် ခေါက်ဆွဲပူပူတစ်ပွဲကို မြည်းစမ်းနေ၏။ ခေါက်ဆွဲများသည် ဝါးရလွယ်ပြီး အရည်ရွှမ်းကာ ဟင်းချိုသည် မှိုဟင်းချိုဖြစ်၍ လတ်ဆတ်ပြီး မွှေးကြိုင်သည်။

မသေမျိုး မဟာမိတ်တပ်ဖွဲ့ ရောက်ရှိလာသည်ကို သူအစောကြီးကတည်းက သတိထားမိခဲ့သော်လည်း မလှုပ်မယှက်သာ ဆက်စားနေခဲ့သည်။ ဒီလူဆိုးအုပ်စုက သူ့ခေါက်ဆွဲထက် ပိုအရေးကြီးမတဲ့လား?

ထို့အပြင် သူသည် ယခုလေးတင် အော်ဟစ်စိန်ခေါ်သံကို ရှင်းလင်းစွာ ကြားခဲ့ရသည်။ အကြီးဆုံးတပည့်၏ ရန်သူဟောင်းများ လာရောက်စာရင်းရှင်းခြင်းပင် ဖြစ်ရမည်။

“အစ်ကိုကြီးဟုန်၊ ကျွန်တော်ကြားသလောက် အစ်ကိုကြီးကို လာတွေ့တာတဲ့ဆို!” လီဝူကျယ် က စပ်စုစွာ မေးမြန်းလိုက်သည်။

ဟုန်ချန်ယဲ့သည် တည်ငြိမ်စွာဖြင့် တူကိုချကာ ငွေရောင်ဆံပင်ရှိသော လူငယ်ကို ဦးညွှတ်လျှောက်တင်လိုက်၏။ “ဆရာသခင်၊ ကျွန်တော်ချက်ချင်းသွားရှင်းလိုက်ပါ့မယ်”

“မြန်မြန်ရှင်းပြီး မြန်မြန်ပြန်လာခဲ့နော်။ ခေါက်ဆွဲတွေပွသွားရင် စားမကောင်းတော့ဘူး”

“ဟုတ်ကဲ့!”

ဟုန်ချန်ယဲ့သည် မတ်တပ်ရပ်လိုက်ပြီး ရွှယ်ထျန်းဂိုဏ်းကို ဝန်းရံထားသော မသေမျိုးသောင်းချီအား တစ်ပတ်လှည့်ကြည့်လိုက်သည်။ လှပသော ဖီးနစ် မျက်လုံးများက ခပ်ထေ့ထေ့ ခပ်မြူးမြူး အမူအရာကို ပြသနေ၏။

အရင်ကလိုသာဆို ဒီလောက်ကြီးတဲ့တပ်ဖွဲ့နဲ့ ရင်ဆိုင်ရရင် ငါတစ်ခါတည်း သေသွားမှာပေါ့။

အခုတော့... ဟဲဟဲ

ဖုန်ချင်းယန် နောက်တစ်ခွန်းထပ်အော်ရန် ပြင်ဆင်နေစဉ် သူရင်းနှီးသော အနီရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခု မျက်စိရှေ့တွင် ပေါ်လာသည်။

မှတ်မိနေခဲ့တဲ့အတိုင်းပဲ။ အဲ့ဒီ နှစ်ယောက်မရှိတဲ့ မျက်နှာ။ အရမ်းလှနေတုန်းပါပဲလား...

“သွေးနီနတ်ဆိုး ပေါ်လာပြီ!”

ရုတ်တရက် အာမေဋိတ်ပြုသံများ နေရာတိုင်းမှ ပေါ်ထွက်လာသည်။

ရေတွက်မရနိုင်သော ပုရိသယောက်ျားတို့၏ မျက်လုံးများသည် တစ်ချိန်က ဒဏ္ဍာရီလာ ဗီလိန်ဟောင်းဆီသို့ တည့်တည့်ဆိုက်ရောက်ငေးမောနေခဲ့ကြ၏။

“ဘုရားရေ၊ သူ ပိုချောလာပြန်တာပဲ” သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ချစ်ခင်စွဲမက်စွာ ရေရွတ်လိုက်သည်။

“အဟမ်း၊ ဆန္ဒကို သိက္ခာနဲ့ထိန်းပါ!” ဘေးနားရှိ မိတ်ဆွေတစ်ဦးက ချောင်းဟန့်ကာ သတိပေးလိုက်သည်။

သူတို့အားလုံး ဟုန်ချန်ယဲ့အား အသေသတ်ဖြတ်သုတ်သင်ရန် ကြီးမားသော တပ်ဖွဲ့ကို စုစည်းလာခဲ့ကြသည်မှာ အမှန်ဖြစ်၏။ သို့သော် ဟုန်ချန်ယဲ့ ပြန်လည်ကိုယ်ထင်ပြလာသည့် အခိုက်အတန့်တွင် ထိုနတ်ဘုရားဆန်ဆန် အလှတရားဝယ် သူတို့အားလုံး နောက်တစ်ဖန် ချစ်မေတ္တာသက်ဝင်သွားမိကြပြန်၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာနှင့် ပြန်လည်နှိုင်းယှဥ်ရပါလျှင် တစ်ဖက်လူ၏ ရုပ်ရည်နှင့် အရှိန်အဝါမှာ ပို၍ပင်ထူးခြားသန့်စင်လာခဲ့သေး၏။

ထိုသူသာ အလယ်ပိုင်းဒေသသို့ ပြန်လာခဲ့လျှင် ပုရိသအမြောက်အများကို ရူးသွပ်စွဲလမ်းအောင် ထပ်မံဆွဲဆောင်နိုင်ပေဦးမည်လား။

ဖုန်ချင်းယန်သည် မျက်လုံးများကို အနည်းငယ်မှေးကျဉ်းလိုက်ပြီး သူ၏မျက်လုံးများတွင် ပြတ်သားသောထက်မြက်သောအရောင်များ လင်းလက်သွားကာ အေးစက်စွာပြောလိုက်သည်။ “နတ်ဆိုး၊ မင်းနောက်ဆုံးတော့ ကိုယ့်သေလမ်းကိုယ်ခင်းဖို့ ထွက်လာခဲ့ပြီပဲ”

ဟုန်ချန်ယဲ့က ခပ်လှောင်လှောင်တစ်ချက်ရယ်ပြီး တုံ့ပြန်သည်။“မင်းကို ငါမှတ်မိတယ်။ ဝူကျီတာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်။ မင်းရဲ့သားက ငါ့လက်ထဲမှာ သေခဲ့တာလေ”

ဤစကားများသည် ဖုန်ချင်းယန်၏နှလုံးသားထဲသို့ ဓားတစ်စင်းအလား ထိုးဖောက်ဝင်ရောက်သွားခဲ့ကြသည်။

ဖုန်ချင်းယန်၏မျက်လုံးများ ချက်ချင်းနီရဲလာပြီး ရင်ထဲတွင် ဒေါသများပြည့်နှက်သွားသည်။ “ငါ့သား ဖုန်အာကို ပြာမှုန့်ဖြစ်အောင် ကြိတ်ချေခဲ့တာ မင်းပဲ၊ နတ်ဆိုးကောင်၊ မင်းနှလုံးသားက အရမ်းယုတ်မာရက်စက်လွန်းတယ်!”

သားဖြစ်သူ မရှုမလှသေဆုံးရသည့် သတင်းကို ကြားလိုက်ရချိန်အခါက သူသည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားခဲ့ရပြီး တရားခံအား ယနေ့အချိန်ထိ နာနာကျည်းကျည်း မုန်းတီးနေမိဆဲပင်။

ဟုန်ချန်ယဲ့က ခပ်မဲ့မဲ့ဆိုသည်။ "မင့်သားရဲ့ ပါးစပ်‌ပေါက်ကို မထိန်းချုပ်ခဲ့တဲ့ မင်းအပြစ်ပဲ။ သူက အခြေအနေ အချိန်အခါမသိ အဓိပ္ပာယ်မရှိတဲ့စကားတွေ လျှောက်ပြောနေတာလေ၊ ဒီလိုကံကြမ္မာမျိုးနဲ့ အဆုံးသတ်ရမှာ ထိုက်တန်တာပဲ”

သွေးနီနတ်ဆိုးသည် ထိုမျှ အရင်းအမြစ်ရှားပါးပြတ်လပ်ခဲ့သော ကာလတစ်ခုတွင်ပင် ကိုယ့်အားကိုယ်ကိုးကာ မသေမျိုးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး နတ်ဆိုးလောကတွင် အသိအမှတ်ပြုခံရသော အထွတ်အထိပ် နတ်ဆိုးဂိုဏ်းချုပ် တစ်ဦးဖြစ်သည်။ ထိုကောင်လေးမှာမူ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်တွင်သာ ရှိသေးရုံမက ဖခင်၏ ကျောထောက်နောက်ခံကို အားကိုးအားထားပြု၍ နတ်ဆိုးဂိုဏ်းချုပ်အား လက်လွတ်စပယ် ဝေဖန်ပြောဆိုခဲ့ခြင်းပင်။

ဟုန်ချန်ယဲ့သည် အကြွားသန်လေလုံးထွားရမှ နေသာထိုင်သာရှိသောသူများအကြောင်း ကောင်းကောင်းသိပါ၏။ သို့သော် သူ့အကြောင်းကိုမှ လေလုံးထွားချင်လျှင်တော့ အကျိုးဆက်ကို လက်ခံရမည်ပင်။

ထို့ကြောင့် သူကိုယ်တိုင် ထိုလူကို ဖမ်းဆီးကာ နောက်ဆုံးထွက်သက်အထိ အကြမ်းတမ်းဆုံးနည်းလမ်းပေါင်းစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ ထို့နောက် သူ့ကို သွေးနီမီးလျှံဖြင့် ပြာကျသည်အထိ မီးလောင်တိုက်သွင်းခဲ့လေ၏။

လုပ်ငန်းစဉ်တစ်ခုလုံးသည် အလွန်စိတ်ကျေနပ်ဖွယ်ကောင်းလှကြောင်း သူအမှတ်ရနေဆဲပါပင်။

All Chapters