← Chapters

အခန်း (၄၁၈)

Vol. 30 Ch. 418

အခန်း (၄၁၈)

Vol. 30 Ch. 418

သားဖြစ်သူ၏ အလောင်းပင်မကျန်သော အသေဆိုးနှင့် နာကျင်ခံစားခဲ့ရပုံကို ပြန်တွေးရင်း ဖုန်ချင်းယန် ၏စိတ်ခံစားချက်များ ထိန်းမနိုင်သိမ်းမရဖြစ်သွားသည်။ သူ့တစ်ကိုယ်လုံး ဒေါသကြောင့် တုန်ခါနေပြီး မျက်နှာကြွက်သားများလည်း တဆတ်ဆတ်တုန်နေသည်။ ဒေါသကိုကြာမြင့်စွာ ထိန်းချုပ်ထားပြီးနောက် မခံနိုင်တော့ဘဲ အော်ဟစ်ပေါက်ကွဲလိုက်၏။

“ငါ့သားက ကလေးလေးပဲ ရှိသေးတာကွ!!!”

ဝမ်းနည်းပူဆွေးမှုအပြည့်ဖြင့် ငိုချတော့မည့်ဟန် အက်ကွဲနေသော လေသံပင်။

ဟုန်ချန်ယဲ့ ငြိမ်ကျသွားသည်။

သူ့စိတ်ထဲတွင် ဘောလုံးတစ်လုံးကဲ့သို့ ဝဖီးနေပြီး နှုတ်ခမ်းမွှေးထူလပျစ်ဖြင့် ရုပ်ဆိုးဆိုးလူကြီးတစ်ယောက်၏ ပုံသဏ္ဍာန်ကို ပြန်တွေးလိုက်သည်။

ဟုန်ချန်ယဲ့၏ နှုတ်ခမ်းထောင့်များ ရယ်ချင်ပက်ကျိဖြင့် တတွန့်တွန့်ဖြစ်သွားရသည်။ ကလေးပဲရှိသေးတာတဲ့လား? သေချာရဲ့လား?

“ဂိုဏ်းချုပ်ဖုန်၊ အရမ်းဒေါသမထွက်ပါနဲ့! ဒါက သွေးနီနတ်ဆိုးရဲ့ စိတ်လှုပ်ရှားအောင် တမင်ရန်စတဲ့ လှည့်ကွက်တစ်ခု ဖြစ်နိုင်ပါတယ်"

“မှန်တယ်၊ ရန်သူက မျက်စိရှေ့မှာပဲ။ ငါတို့က သူ့ကို ဘယ်အချိန်မဆို ဖယ်ရှားနိုင်တယ်!”

“ဒီလောက်သင့်လျော်တဲ့ အချိန်၊ နေရာ၊ လူအင်အားနဲ့ဆိုရင် သူထွက်ပြေးနိုင်မှာမဟုတ်ပါဘူး!”

ဂိုဏ်းချုပ်များစွာက တစ်ဦးပြီးတစ်ဦး နှစ်သိမ့်လိုက်ကြသည်။

ဖုန်ချင်းယန်သည် မျက်လုံးများကိုမှိတ်ကာ ဝင်သက်တစ်ချက်ကို နက်နက်ရှိုင်ရှိုင်း ရှူသွင်းလိုက်သည်။ သူ၏မျက်လုံးများ ပြန်ပွင့်လာသောအခါ တောက်ပသောအဖြူရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာခဲ့၏။

“သွေးနီနတ်ဆိုး၊ ခေတ်ကာလတွေပြောင်းသွားပြီ။ မင်းကိုယ်မင်း အရင်ကလို ပြိုင်ဘက်ကင်းနိုင်သေးတယ်လို့ ထင်နေတုန်းပဲလား?”

“ဒီနေ့ ငါ့သားအတွက် မဖြစ်မနေ သွေးကြွေးဆပ်မယ်!!”

ထိုသို့ပြောပြီးနောက် ဖုန်ချင်းယန်သည် သူ၏ညာဘက်လက်ကိုမြှောက်လိုက်ရာ မသေမျိုးအလင်းများဝန်းရံထားသော ခန့်ညားသည့် အစိမ်းရောင်သတ္တုလက်အိတ်တစ်စုံ ပေါ်လာသည်။ ထိုမှော်ရတနာအား မသေမျိုးစွမ်းအင် ပေါပေါများများ ထိုးသွင်းလိုက်သောအခါ လက်အိတ်များသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အရှိန်အဝါဖြင့် တောက်ပလာတော့၏။

ဝှစ်!

ထိုလက်မှ အနက်ရောင်လေမုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးခြိမ်းသံနှင့် လျှပ်စီးများက ဝန်းရံထားသည်။ ၎င်းသည် အလွန်အစွမ်းထက်ပြီး မိုင်ထောင်ချီရှိသော တောင်တန်းမြစ်ချောင်းများကိုပင် အပိုင်းပိုင်းဖြတ်တောက်နိုင်လောက်သည်။

“သေလိုက်တော့!”

ဖုန်ချင်းယန် ကြွေးကြော်လိုက်သည်။

ကောင်းကင်မသေမျိုး ပဥ္စမအဆင့်တွင်ရှိသော ကျင့်ကြံဆင့်ကြောင့် ယုံကြည်မှုအပြည့်ရှိနေသည်။ သူ၏ထူးခြားသော စွမ်းရည်များနှင့် မသေမျိုးလက်နက်၏ အစွမ်းများပါ ပေါင်းစပ်လိုက်သောအခါ လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် သွေးနီနတ်ဆိုးကို သတ်ဖြတ်လိုက်နိုင်ပြီး ရန်ငြှိုးဒေါသများကိုလည်း ငြှိမ်းသတ်နိုင်ပေမည်။

ဟုတ်ပါတယ်၊ သူစိတ်ကူးတွေ ယဥ်နေတာပါ။

ဟုန်ချန်ယဲ့သည် ‌ပေါ့ပေါ့ပါးပါး လက်ဖျောက်တစ်ချက်တီးလိုက်ရာ ပိုးချည်မျှင်ကဲ့သို့ အနီရောင်လက်ညိုးအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် အနက်ရောင်လေမုန်တိုင်းကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်။

အုံး!

ဖုန်ချင်းယန်သည် မိုးကြိုးပစ်ခံရသကဲ့သို့ တောင့်ခနဲဖြစ်သွားပြီးမှ သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ မျက်လုံးများတွင် ထိတ်လန့်မှုများပြည့်နှက်နေပြီး အထစ်ထစ်အငေါ့ငေါ့ ရေရွတ်လိုက်မိ၏။

“မင်းရဲ့ခွန်အားက...”

သူ၏ အားကုန်ထည့်သွင်းထားသော တိုက်ကွက်ကို လက်တစ်ချောင်းဖြင့် အလွယ်တကူ ချေဖျက်ပစ်လိုက်သည်လား? မင်းနောက်နေတာလား?

“အရင်တုန်းကတော့ ငါမင်းကို လက်တစ်ဖက်တည်းနဲ့ ဖိနှိပ်နိုင်တယ်။ အခုတော့ လက်တစ်ချောင်းတည်းနဲ့ပဲ"

ဟုန်ချန်ယဲ့က ခပ်နောက်နောက်ဟန်ဖြင့် ပြက်ရယ်ပြုသည်။

“မင်းပြောတာမှန်တယ်၊ ခေတ်တွေပြောင်းသွားပြီ"

ဝုန်း!

နောက်တစ်စက္ကန့်တွင် အဆင့်အတန်းမြင့်မားသော ကျင့်ကြံမှု အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး ရုတ်တရက် ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ လူတိုင်းကို ဖိနှိပ်ထိန်းချုပ်လိုက်သဖြင့် အသက်ရှူမရလုနီးပါး ခံစားလိုက်ကြရ၏။

ဖုန်ချင်းယန်၏မျက်လုံးများ အံ့ဩစွာပြူးကျယ်လာခဲ့ပြီး ကြက်သီးမွေးညင်းတို့က ခေါင်းထိပ်တည့်တည့်သို့ ထိုးတက်သွားကာ တစ်ကိုယ်လုံးအေးစက်သွားပြီး သွေးစီးကြောင်းများ ခြောက်ခဲသွားသည်ဟုပင် ခံစားလိုက်ရသည်။

ဤ နတ်ဆိုးဂိုဏ်းချုပ်သည် ဉာဏ်အလင်းမသေမျိုးအဆင့်သို့ ရောက်ရှိနေမည်ဟု သူလုံးဝမထင်မှတ်ခဲ့ပေ!

ဒီလိုနေရာမှာ ဒီအဆင့်ထိ ဘယ်လိုများတက်နိုင်ခဲ့တာလဲ?

ကျိုးကြောင်းမဆီလျော်လိုက်တာ။

...

ပတ်ဝန်းကျင်မှ စိတ်ဖိစီးသွားကြသည့် သက်ပြင်းရှိုက်သံများ အဆက်အပြတ် ထွက်ပေါ်လာသည်။

မဟာတာအိုဂိုဏ်းခုနစ်ခုမှ မသေမျိုးများသည် နောက်စေ့တည့်တည့်သို့ တစ်ချက်ပြင်းပြင်း ရိုက်ချခံလိုက်ရသည့်အလား မူးဝေသွားကြရ၏။

ထိုနှစ်က အလယ်ပိုင်းဒေသမှ ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသော သွေးနီနတ်ဆိုးသည် ဉာဏ်အလင်းအဆင့် မသေမျိုးတစ်ပါး ဖြစ်နေခဲ့လေပြီ။

သာမန် ဉာဏ်အလင်းမသေမျိုးတစ်ပါးသည်ပင် သောင်းနှင့်ချီသော ကောင်းကင်မသေမျိုးများကို တစ်ပြိုင်တည်း သတ်ဖြတ်နိုင်သည်။

ဤနေရာတွင် ကောင်းကင်မသေမျိုး ခုနစ်ဦးသာရှိပြီး ကျန်သူများမှာ စစ်မှန်သော မသေမျိုးများသာဖြစ်ကြလေသည်။

ဒီတိုက်ပွဲကို ဘယ်လိုတိုက်ကြမလဲ?

“မိုက်ရိုင်းလိုက်တာ၊ ဟိုခွေးမသားယဲ့ လိုက်မလာရတဲ့အကြောင်းရင်းက သွေးနီနတ်ဆိုးရဲ့ ခွန်အားအစစ်အမှန်ကို သူသိနေပြီးသားမလို့ ငါတို့ကို သက်သက် ကိုယ့်သေတွင်းကိုယ်တူးဖို့ လှည့်စားလိုက်တာပဲ!” ရွှီပေါ် ချီက သတိပြန်ဝင်လာပြီး ဒေါသတကြီးပြောလိုက်သည်။

အခြား ဂိုဏ်းချုပ်များလည်း ဒေါသကြောင့် သွေးအန်ချင်စိတ်ပေါက်သွားရ၏။

ထို မြေခွေးအိုကြီးက သူတို့အားလုံးကို တစ်ပတ်ရိုက်ခဲ့သည်ပင်!

ဒါကြောင့် စန်းမင်တာအိုဂိုဏ်းတစ်ခုလုံး အသုဘရက်ရှည်ချနေပြီး ဘယ်မှာမှပေါ်မလာခဲ့တာပဲ။ ပြိုင်ဘက်တာအိုဂိုဏ်းခုနှစ်ခုလုံး ညက်ညက်ကျေသွားမယ့်အချိန်ကို တမင်စောင့်နေခဲ့တာ။ ဘယ်လောက်ယုတ်မာလိုက်သလဲ?

“ဂိုဏ်းချုပ်ဖုန်၊ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ…” ယန်ဝေ့၏ တစ်ကိုယ်လုံး ချွေးများရွှဲနေပြီး ခြေလှမ်းများက ဆုတ်ကန်ဆုတ်ကန်ဖြစ်လာသည်။ ထို အင်အားကြီးသော အနီရောင်ပုံရိပ်ရှေ့တွင် သူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားနေရသည်။

ဖုန်ချင်းယန်၏ နဖူးတွင် ချွေးအေးများ အပြည့်ဖုံးနေပြီး အတော်လေးအကျပ်ရိုက်နေဟန်ရှိ၏။

ခဏအကြာတွင် ဖုန်ချင်းယန်သည် အပြုံးတစ်ခုကို တောင့်တောင့်ကြီးညှစ်ထုတ်လိုက်ပြီး ဆိုသည်။ “ဂိုဏ်းချုပ်ဟုန်၊ ခုနကစကားတွေက ဒီတိုင်း စနောက်ရုံသက်သက်ပါ။ စိတ်ထဲမထားပါနဲ့”

ရုတ်တရက် လူတိုင်းသည် ကြက်သေသေသွားရသည်။

တိုက်ပွဲက တရားဝင်မစသေးဘူး၊ အဓိကခေါင်းဆောင်က အရင်လက်နက်ချနေပြီလား?

သို့သော် ခွန်အားကွာခြားမှုကို ထည့်တွက်ပြီး နားလည်ပေးရမည်သာ။

ဟုန်ချန်ယဲ့က လှောင်ရယ်သည်။ “မင်း,သားအတွက် သွေးကြွေးမဆပ်တော့ဘူးလား? ဘာလို့စိတ်ပြောင်းသွားတာလဲ?”

ဖုန်ချင်းယန်၏မျက်လုံးများက လေးနက်တည်ကြည်နေပြီး ခန့်ညားစွာဖြင့် တုံ့ပြန်လိုက်သည်။ “ကျွန်တော့်ရဲ့ ဆိုးသွမ်းတဲ့သားက ဂိုဏ်းချုပ်ဟုန်ကို နှုတ်ထွက်စော်ကားခဲ့တာ၊ သူ့အပြစ်နဲ့သူ ခံသင့်ပါတယ်။ ဒီကောင် သေထိုက်တယ်!”

ပြောနေရင်း သူ့နှလုံးသားက သွေးစက်လက်ဖြင့် နာကျင်နေခဲ့သည်။

“မှန်တယ်၊ ဂိုဏ်းချုပ်ဖုန်ရဲ့သားက သေထိုက်တယ်။ ဂိုဏ်းချုပ်ဟုန်ကို စော်ကားပြောဆိုမှသော သေသင့်တာပဲ!”

“ဟုတ်ပါတယ်၊ ဟုတ်တယ်၊ မှန်တယ်”

အခြား ဂိုဏ်းချုပ်များလည်း လျင်မြန်စွာ သဘောတူထောက်ခံခဲ့ကြပြီး မျက်နှာရဖို့အရေး အတတ်နိုင်ဆုံး ကြိုးစားလာကြ၏။

ဖုန်ချင်းယန်၏ မျက်နှာကြွက်သားများ တဆတ်ဆတ်တုန်ခါသွားပြီး သူတို့ကို တိတ်ဆိတ်စွာ လှည့်ကြည့်လာသည်။

“ငါ့သားငါဆူတာ မင်းတို့နဲ့ဘာဆိုင်လဲ?”

All Chapters