ခွေးအချင်းချင်းကိုက်
Vol. 30 Ch. 419
ဖုန်ချင်းယန်သည် ဒေါသထွက်နေသော်လည်း လက်ရှိအခြေအနေကြောင့် စိတ်ကိုထိန်းချုပ်ထားရသည်။ ရလဒ်အနေဖြင့် ထိုလူများက ပို၍ပြင်းပြင်းထန်ထန်ပြောဆိုလာကြပြီး စင်ထွက်လာသောတံတွေးစများပင် ပျံဝဲနေလျက်။
“လူယုတ်မာကောင်၊ သေတာကောင်းတယ်။ သေမှပဲအေးမှာ။ သူသေမှပဲ ဒီကမ္ဘာကြီးက သာယာနာပျော်ဖွယ်ကောင်းပြီး သန့်စင်လှပလာတော့မှာ!”
“သူက တကယ်ကိုခွေးမသားပဲ။ သူ့အဖေက သူ့ကိုကောင်းကောင်းမသွန်သင်လို့ အပြင်လူတစ်ယောက်က သင်ခန်းစာပေးလိုက်ရတာ ဘာဆန်းလို့လဲ! ငါသာဆိုရင် အဲဒီကောင်လေးကို အစိတ်စိတ်အမြွှာမြွှာလှီးပြီး ခွေးကျွေးပစ်မယ်၊ နောက်ပြီး အဲ့ခွေးတွေရဲ့ချီးတုံးတွေကို နောက်ခွေးတွေဆီပြန်ကျွေးမယ်!”
“ဂိုဏ်းချုပ်ဖုန်၊ ကျွန်တော့်အမြင်အရတော့ ခင်ဗျားက တော်တော်လေးဦးနှောက်မရှိတာပဲ။ အဲဒီလိုသားမိုက်ကို နံရံနဲ့ပစ်ရိုက်ပြီး အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ညှင်းပန်းရမှာ! အနာဂတ်မှာ ဘယ်သူ့ကိုမှ ဒုက္ခမပေးနိုင်တော့အောင်!”
...
အမျိုးမျိုးသော စော်ကားမော်ကားစကားများ အဆဲအဆိုများကို နားထောင်ရင်း ဖုန်ချင်းယန်၏နဖူးရှိသွေးကြောများ ဖောင်းကြွလာပြီး မျက်လုံးတစ်ဝိုက်ရှိ ကြွက်သားများ တုန်ခါနေကာ အသက်ရှူသံ ပိုမိုပြင်းထန်လာသည်။
ရုတ်တရက် မထိန်းချုပ်နိုင်သော ဒေါသတစ်ခု ပေါက်ကွဲထွက်လာတော့၏။
ဖုန်ချင်းယန်၏မျက်လုံးများ နီရဲလာပြီး စိတ်တည်ငြိမ်မှုကို ချိုးဖျက်ချကာ အားကုန်အော်ဟစ်လိုက်သည်။ “မင်းတို့အားလုံး ပါးစပ်ပိတ်ကြ!”
ဒေါသတကြီးအော်သံသည် မိုးခြိမ်းသံကဲ့သို့ ထိတ်လန့်စရာကောင်းပြီး ဆူညံသံများကို တိတ်ကျသွားစေတော့၏။
ကျန်ဂိုဏ်းချုပ်များ၏ မျက်နှာပေါ်မှ အမူအရာများ တောင့်တင်းသွားပြီး ပြူးတူးကြောင်တောင်ဖြစ်ကုန်ကြသည်။
ပထမဆုံး သတိပြန်ဝင်လာသူမှာ ယန်ဝေ့ဖြစ်ပြီး ဒေါသထွက်နေသော ဖုန်ချင်းယန်ကို လက်ညှိုးထိုးကာ မီးလျှံနတ်ဆိုးဂိုဏ်းချုပ်ကို တိုင်ကြားသည့်လေသံဖြင့် ပြောဆိုလာသည်။
“သွေးနီနတ်ဆိုးဂိုဏ်းချုပ်၊ ဒီလူ့ရဲ့အပြုအမူနဲ့ စိတ်သဘောထားကို ကြည့်ပါဦး! သူက ကျွန်တော်တို့အပေါ် အကြီးအကျယ်ကို မကျေနပ်နေတာပဲ!”
“အမိန့်စကားလေးတစ်ခွန်းပဲ ဟလိုက်ပါ၊ ကျွန်တော်တို့ ချက်ချင်းပဲ သူ့ကိုသင်ခန်းစာပေးလိုက်ပါ့မယ်!” ရွှီပေါ် ချီကလည်း လေးနက်စွာဝင်ရောက်ထောက်ခံ၏။
“မှန်ပါတယ်၊ သွေးနီနတ်ဆိုးဂိုဏ်းချုပ်အနေနဲ့ ကျွန်တော်တို့အပေါ် တစ်ခါလောက် စိတ်သဘောထားကြီးမားပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့လည်း အဲဒီအဘိုးကြီးဖုန်ကြောင့် ကျွန်တော်တို့ လမ်းလွဲခဲ့ရတာ။ ပါလာတဲ့ဦးနှောက်ကိုမသုံးဘဲ နတ်ဆိုးသုတ်သင်အမိန့်ကို ထုတ်ပြန်ခဲ့တဲ့ သူ့အပြစ်ပဲ! အားလုံးသူ့အပြစ်ပဲ!”
“သွေးနီနတ်ဆိုးဂိုဏ်းချုပ်ရဲ့ ကောင်းချီးကံကြမ္မာလမ်းက အဆုံးမရှိပါဘူး။ ကျွန်တော်တို့ မဟာတာအိုဂိုဏ်းခြောက်ခုက ဂိုဏ်းချုပ်ကို ခေါင်းဆောင်အဖြစ်တင်မြှောက်ပြီး အမိန့်မှန်သမျှ တသွေမတိမ်းလိုက်နာပါ့မယ်။ အနာဂတ်မှာ ဂိုဏ်းချုပ်အနေနဲ့ အလယ်ပိုင်းဒေသကို အုပ်ချုပ်တဲ့အခါ လူတိုင်းရဲ့မျှော်လင့်ချက်တွေနဲ့အညီ တိုးတက်ဝေဆာအောင် စီစဥ်ပေးနိုင်မှာ သေချာပါတယ်!”
“ကျေးဇူးပြုပြီး သနားညှာတာပေးပါ သွေးနီနတ်ဆိုးဂိုဏ်းချုပ်ခင်ဗျာ!”
ဂိုဏ်းချုပ်ခြောက်ဦးသည် သွေးနီနတ်ဆိုးဂိုဏ်းချုပ်ကို အပြိုင်အဆိုင်ချီးမွမ်းနေကြပြီး ဖုန်ချင်းယန်ကို လုံးလုံးလျားလျား အပြစ်ပုံချကြသည်။ ဖုန်ချင်းယန်နှင့် အတတ်နိုင်ဆုံး ခပ်ကင်းကင်းနေပြီး အပြစ်ကိုရအောင်လွှဲနိုင်မှ ဟုန်ချန်ယဲ့ကစိတ်ပြောင်းကာ အနည်းဆုံးတော့သူတို့ကို အသက်ချမ်းသာပေးလောက်မည်။
အဆင့်အတန်းကို ခွန်အားကပဲသတ်မှတ်တယ်။
လက်ရှိ သူတို့၏အမြင်တွင် မီးလျှံနတ်ဆိုးဂိုဏ်းချုပ်သည် ဤကမ္ဘာမြေတစ်ခွင်၏ အာဏာရှင်သာဖြစ်၏။ ထိပ်တန်းသူတော်စင်နယ်မြေလေးခု ပေါင်းစည်းလျှင်တောင်မှ ယှဉ်နိုင်မည်မဟုတ်။ အခြားတာအိုဂိုဏ်းများမှာထဲ စကားထဲထည့်ပြောစရာ အနေအထားတွင်ပင် မရှိတော့ချေ။
တစ်နည်းပြောရရင် အလယ်ပိုင်းဒေသအတွက် အာဏာစက်ပြောင်းလဲချိန်တန်လေပြီ!
ဂိုဏ်းချုပ်တို့၏ ဂုဏ်သိက္ခာနှင့် မာနတရားမှာလည်း သေရေးရှင်ရေးထက်အရေးမကြီး။ လောလောဆယ်တော့ အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ထိုအသစ်တက်လာမည့် စွမ်းအားရှင်အား အမိအရတွယ်ကပ်ထားရမည်ဖြစ်၏။
ပတ်ဝန်းကျင်ရှိ တာအိုဂိုဏ်းအကြီးအကဲများသည်လည်း တုတ်တုတ်ပင်မလှုပ်ရဲလောက်အောင် ကြောက်လန့်နေကြပြီး စကားဝင်မပြောရဲကြပေ။ ဂိုဏ်းချုပ်များ၏ အရှက်မဲ့သော အထက်ဖားအောက်ဖိလုပ်ရပ်များအတွက် ပါးပြင်များပူထူအောင် ရှက်ရွံ့နေကြသည်။
သို့သော် သူတို့၏အသက်ကလေး ချမ်းသာရာရဖို့အတွက် ဆောင်းရာသီတွင် ညှိုးငယ်တိတ်ဆိတ်သွားရတတ်သည့် ပုစဉ်းကောင်များကဲ့သို့ ငြိမ်ကုပ်၍သာ နေပေးခဲ့ကြသည်။
အနီရောင်ဝတ်စုံနှင့် ထိုပုံရိပ်သည် တပ်မကြီးတစ်ခုလုံးထံမှ ဝန်းရံခံထားရသူဖြစ်သော်ငြား သူကိုယ်တိုင်က ထိုတပ်မကြီးကို ထောင်ချောက်ဆင်ပိတ်ဆို့ထားသကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေသည်။
ဤအချိန်တွင် ရဲရဲတင်းတင်းပြုမူရဲသူ မည်သူမဆို အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည်!
လူအင်အားဘယ်လောက်များနေပါစေ ရန်သူ၏ရှေ့တွင် သူတို့တစ်အုပ်မှာ ပိုးဖလံတစ်အုပ်ထက် မပိုခဲ့ပေ။
နောက်ကျောကို ဓားဖြင့်တည့်တည့်ထိုးခံရချိန်တွင် ဖုန်ချင်းယန်၏မျက်လုံးများ ပြူးကျယ်လာပြီး သူ၏မျက်နှာသည် ဝက်အသည်းကဲ့သို့ ခရမ်းနီရောင်ပြောင်းသွားခဲ့သည်။ ထို့နောက် တုန်တုန်ယင်ယင်ဖြင့် ထိုလူအုပ်ကို လက်ညှိုးထိုးကာ စိုက်ကြည့်နေရင်း ပြောစရာစကားလုံးများ ထောင်သောင်းချီရှိသော်ငြား လည်ချောင်းတွင်ပိတ်ဆို့ပြီး ထွက်မလာနိုင်ခဲ့တော့ပေ။
ငါ ဖုန်မျိုးရိုး လူမပီသဘူးဆိုရင်တောင် မင်းတို့တစ်သိုက်ကတော့ ခွေးမှ ခွေးစစ်စစ်တွေပဲ!
“ဟဲဟဲ”
ဟုန်ချန်ယဲ့က လက်ပိုက်ကာပွဲကြည့်နေရင်း အတော်လေးနှစ်ခြိုက်သဘောကျဟန်ဖြင့် ပျော်ပျော်ကြီးပြုံးနေသည်။
ယန်ဝေ့တို့ခြောက်ဦး လက်နက်ချသည်မချသည်က သူ့အတွက်အရေးမပါပါ။ ခွေးချင်းကိုက်သည့်ပွဲက အတော်လေးအပျင်းပြေ၍သာ ဆက်ကြည့်နေခြင်းဖြစ်သည်။
ရုတ်တရက်။
အေးစက်စက်လေတစ်သုတ်က ကောင်းကင်နှင့်မြေကမ္ဘာကို ဖြတ်သန်းရောက်ရှိလာပြီး တစ္ဆေသရဲတို့၏ ငိုကြွေးသံသဲ့သဲ့ပါ အတူစီးမျောလိုက်ပါလာသည်။
လေဟာနယ်တွင် သွေးများစွန်းပေနေသော လေဝဲဂယက်ကြီးတစ်ခု ပုံပေါ်လာပြီး အနီရောင် လျှပ်စီးများက ၎င်း၏မျက်နှာပြင်ပေါ်တွင် ယှက်နွှယ်နေကာ လေသံမိုးသံနှင့်မိုးခြိမ်းသံများ အဆုံးမရှိ ပဲ့တင်ထပ်နေသည်။
နောက်ကျောတွင် အသွေးအသားတို့ဖြင့် ဖွဲ့စည်းထားသော တောင်ပံတစ်စုံပါရှိသည့် အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ဝဲဂယက်တွင်းမှ ထွက်ပေါ်လာသည်။ သူ၏ဆံပင်များ လေထဲတွင်လွင့်ပျံနေပြီး မျက်နှာအသားအရည်သည် အလွန်ခြောက်သွေ့နေကာ လူနှင့်မတူလောက်အောင် ဖြူဖျော့ဖျော့ဖြစ်နေသည်။
ထို ထက်ရှအေးစက်သော သွေးနီရောင်မျက်လုံးများသည် လွတ်လမ်းမရှိသောသားကောင်ကို ကြည့်နေသကဲ့သို့ လောဘအပြည့် ခပ်မြူးမြူးအကြည့်ဖြင့် နေရာတစ်ခုလုံးအား လှည့်ပတ်ကြည့်လိုက်တော့၏။
“ကျစ် ကျစ် တော်တော်လေးပွဲစည်နေပုံပဲ”
ကြမ်းရှခြောက်သွေ့သော လေသံက လူတိုင်း၏နားနားတွင် တိုးတိုးလေးကပ်ပြောသွားသကဲ့သို့ ပျံ့နှံ့မြည်ဟီးလာသည်။
“ဒါဘယ်သူလဲ?”
ဟုန်ချန်ယဲ့၏မျက်လုံးများ အနည်းငယ်မှေးကျဉ်းသွားပြီး မျက်ခုံးများတွန့်တက်သွားသည်။ သတိထားရမည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရသော အလိုလိုသိစိတ်က မြင့်တက်လာ၏။
သူ့စိတ်ထဲ တော်တော်ထူးဆန်းသည်ဟု ခံစားရသည်။ ဤမျှအဆင့်မြင့်သော မသေမျိုးအုပ်စိုးသူအဆင့် ကျွမ်းကျင်သူမျိုးကို အလယ်ပိုင်းဒေသတွင် တစ်ခါမှ မမြင်ဖူးခဲ့ပါ။
ထို့အပြင် သူ၏ရုပ်ရည်သွင်ပြင်ကိုကြည့်ရလျှင် လူသားမျိုးနွယ်မဟုတ်သည်မှာ ရှင်းလင်းနေပြီး နတ်ဆိုးမျိုးနွယ်လည်း ဟုတ်ပုံမရပြန်။
ပတ်ဝန်းကျင်ကို တစ်ချက်လှည့်စစ်ဆေးပြီးနောက် သွေးအရှင်၏အကြည့်သည် ဟုန်ချန်ယဲ့ အပေါ်တွင် ရောက်ရှိသွားသည်။ ထို့နောက် အတော်လေးစိတ်ဝင်စားသွားဟန်ဖြင့် တစ်ကိုယ်လုံးကို လောဘအပြည့်နှင့် စေ့စေ့စပ်စပ်ကြည့်လာသည်။
“မင်းရဲ့သွေးက အရမ်းအရသာရှိမှာ သေချာတယ်”
ထိုစကားကိုကြားသောအခါ ဟုန်ချန်ယဲ့ ချက်ချင်းမျက်မှောင်ကြုတ်သွားသည်။ သူသည် အခြေအမြစ်မသိရသော သားကောင်ရိုင်းကြီးတစ်ကောင်ထံမှ ပစ်မှတ်ထားခံနေရသကဲ့သို့ ခံစားရပြီး သူ၏ကိုယ်ပေါ်ရှိ အမွေးများ အနည်းငယ်ထောင်ထသွားသည်။ မိမိ၏အလိုလိုသိစိတ်အရ ထိုသတ္တဝါမှာ အတော်ရက်စက်ကြမ်းကြုတ်ပေမည်။
ထိုအချင်းအရာကို မြင်သောအခါ လုလီတာအိုဂိုဏ်းချုပ် ယန်ဝေ့သည် အခွင့်အရေးကိုအရယူယူ၍ သွေးအရှင်အား လက်ညှိုးငေါက်ငေါက်ထိုးလျက် အော်ဟစ်လိုက်သည်။ “မိုက်ရိုင်းလိုက်တာ! ဒီနတ်ဆိုးမျိုးနွယ်က ဘယ်ကလာတာလဲ? သွေးနီနတ်ဆိုးဂိုဏ်းချုပ်ကို ဒီလိုမလေးမစားလုပ်ရဲတယ်!”
ဤစကားကိုပြောပြီးနောက် ယန်ဝေ့သည် သူ၏လိမ္မာပါးနပ်မှုအတွက် ဂုဏ်ယူနေဟန်ရှိ၏။ ဒီအတိုင်းသာဆက်ပြီး လိမ္မာပါးနပ်နေပါက အိမ်ကို ဘေးကင်းကင်းဖြင့် ပြန်ရောက်နိုင်ပေမည်။
ထိုစဥ် သွေးအရှင်က ခေါင်းလှည့်ကာ သူ့ကိုစိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် ပြင်းထန်သောအရောင်အဝါများ ပေါက်ကွဲထွက်လာပြီး တစ်ခွန်းမေးသည်။
“သေချင်နေတာလား!”
ဝုန်း!
ယန်ဝေ့ မတုံ့ပြန်နိုင်လိုက်မီပင် သူ၏တစ်ကိုယ်လုံးသည် အနီရောင်သွေးမှုန်များအဖြစ် ဖြုန်းခနဲ ပေါက်ကွဲထွက်သွားတော့၏။
“ဂိုဏ်းချုပ်!!!”
လုလီတာအိုဂိုဏ်းမှ အကြီးအကဲများသည် ဝမ်းနည်းစွာအော်ဟစ်ငိုယိုကြပြီး သူတို့၏မျက်လုံးများတွင် နက်ရှိုင်းသောကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။
အခြားဂိုဏ်းချုပ်များလည်း မျှော်လင့်မထားသောဖြစ်ရပ်ကြောင့် ထိတ်လန့်သွားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကာ မြင်ကွင်းကို ကြောင်ကြည့်မိနေကြသည်။
ကောင်းကင်မသေမျိုးအဆင့် ကျွမ်းကျင်သူတစ်ဦးသည် တစ်ချက်စိုက်ကြည့်ခံလိုက်ရပြီး ချက်ချင်းကြီးသေဆုံးသွားရသည်လား?
ကြောက်စရာအကောင်းဆုံးကတော့…
ယန်ဝေ့ပေါက်ကွဲ၍ ဖြစ်ပေါ်လာသော သွေးမှုန်များသည် မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့်ဖြင့် ဆွဲငင်ခံရသကဲ့သို့ ထိုလျှို့ဝှက်ဆန်းကြယ်သောသတ္တဝါ၏ ပါးစပ်နှင့် နှာခေါင်းပေါက်များထဲသို့ လျင်မြန်စွာ ဝင်ရောက်စီးဆင်းသွားကြသည်ပင်။
ဟုန်ချန်ယဲ့ အလွန်အံ့ဩသွားသည်။ တစ်ဖက်ရန်သူ၏ ကျင့်ကြံမှုအရှိန်အဝါသည် သူ၏ ဉာဏ်အလင်းမသေမျိုး အဆင့်ထက်များစွာ မြင့်မားနေသည်ပင်။ မသေမျိုးအုပ်စိုးသူအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်နိုင်သည်လား!?
“မလုံလောက်ဘူး၊ မလုံလောက်သေးဘူး”
သွေးမှုန်များကို အကုန်အစင်စုပ်ယူပြီးနောက် သွေးသခင်သည် လျှာနီနီကြီးဖြင့် သူ၏နှုတ်ခမ်းများကို လျက်လိုက်ပြီး မျက်လုံးများတွင် ထူးဆန်းသောအနီရောင်အလင်းများ လင်းလက်သွားရာ လူတိုင်းကြက်သီးမွေးညင်းထသွားရသည်။
“မင်းတို့ သက်ရှိလူသားတွေအားလုံးက ငါ့ရဲ့အသွေးနဲ့အသားအဖြစ် ပေါင်းစည်းဖွဲ့တည်ပေးရလိမ့်မယ်!”