← Chapters

အခန်း (၄၂၀)

Vol. 30 Ch. 420

အခန်း (၄၂၀)

Vol. 30 Ch. 420

ဝုန်း!

အရွယ်အစား ကြီးမားလှသော သွေးနီရောင် အလင်းတန်းကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်အရှိန်အဝါသည် ရေလှိုင်းကဲ့သို့ တိုက်ပွဲပတ်ဝန်းကျင်တစ်ခုလုံးဆီ ပျံ့နှံ့သက်ရောက်သွား‌တော့၏။

“မကောင်းတော့ဘူး!”

ဖုန်ချင်းယန်နှင့် အခြားသူများသည် အချိန်မီထွက်ပြေးလိုသော်လည်း သူတို့တွင် လှုပ်ဖို့ရာပင်အားမရှိတော့ကြောင်း သိရှိပြီး ထိတ်လန့်သွားကြရသည်။ သွေးရောင်အလင်းတန်း၏ သက်ရောက်ဖုံးလွှမ်းမှုအောက်တွင် သူတို့၏ကိုယ်ခန္ဓာများသည် သွေးအိုင်များအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားရ၏။

“အား အား အား အား!”

မဟာတာအိုဂိုဏ်းခုနစ်ခုမှ မသေမျိုးအရှင် သုံးသောင်းမှာ ထူးဆန်းသော သွေးရောင်အလင်းစက်ဝန်းအတွင်းတွင် ကူကယ်ရာမဲ့စွာ အကြိမ်ကြိမ်အော်ဟစ်ညည်းညူနေကြရ၏။

ဤ အလယ်ပိုင်းဒေသခံ ကျင့်ကြံသူများမှာ သူတို့၏ ကြီးကျယ်ခမ်းနားသော အရှေ့ပိုင်း နတ်ဆိုးသုတ်သင်စစ်ဆင်ရေးသည် လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါတစ်ကောင်၏ လက်ချက်ဖြင့် အဆုံးသတ်ရကာ အသက်နှင့်ခန္ဓာကိုပါ ပေးဆပ်လိုက်ရလိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့ကြပေ။

သွေးနီရောင်အလင်းသည် ကောင်းကင်တစ်ပြင်လုံးကို ဖုံးလွှမ်းသွားပြီး မြင်ကွင်းတစ်ခုလုံး သွေးမှုန်များဖြင့် ပြည့်နေခဲ့သည်။

ဝှစ်၊

သောင်းနှင့်ချီသော မသေမျိုးများထံမှ ဖောက်ခွဲစစ်ထုတ်ထားသည့် သွေးမှုန်များသည် သွေးမြစ်တစ်ခုအဖြစ်သို့ ပေါင်းစည်းသွားပြီး လေထဲတွင် တရွေ့ရွေ့စီးဆင်းနေခဲ့၏။ သွေးသခင်မှ သူ၏ပါးစပ်ကိုဖွင့်လိုက်ရာ ချွန်ထက်သောသွားများ ပေါ်လွင်လာသည်။ ရက်စက်သော နတ်ဆိုးသားရဲတစ်ကောင်၏ပုံစံကို အပြည့်အဝဖော်ပြလိုက်ပြီး မျက်လုံးများမှာလည်း စိတ်လှုပ်ရှားမှုဖြင့် စူးလက်တောက်ပနေခဲ့၏။

ဝှစ်!

ဤသွေးမြစ်တစ်စင်းလုံးသည် ဝေလငါးတစ်ကောင် ရေမျိုသကဲ့သို့ သူ၏ပါးစပ်ထဲထိ အကုန်အစင်စုပ်ယူခံလိုက်ရသည်။

မကြာမီတွင် သွေးရောင်အလင်းစက်ဝန်းကြီးသည် အလင်းတန်းအဖြစ် ပြန်လည်စုစည်းကာ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

ဖုန်ချင်းယန်တို့ မဟာမိတ်တပ်မတော်ကြီးမှာ ဤမြေတွင် တစ်ခါမှမရှိခဲ့ဖူးသကဲ့သို့ ဟုတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် လေထဲတွင်ကျန်ရှိနေသော သွေးနံ့ပြင်းပြင်းမှာ ယခုလေးတင်ဖြစ်ပေါ်ခဲ့သော အစုလိုက်အပြုံလိုက်လူသတ်ပွဲအကြောင်း သတင်း‌‌ပေးနေသကဲ့သို့ရှိ၏။

ဤအချိန်တွင် သွေးအရှင်သည် သွေး၏အရသာကို အချိန်ယူခံစားနေပြီး ရှားရှားပါးပါးရရှိထားသော ခံစားမှုလေးတွင် ပျော်မွေ့နေသည်။

ယခုတလော သူ့အာခံတွင်းအား အတော်လေးချေးများလာသည်ပင်။ မသေမျိုးအဆင့် သတ္တဝါများ၏ သွေးသည်သာလျှင် သူ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည်။

ထို့ကြောင့် မဟာတာအိုဂိုဏ်းခုနစ်ခုမှ စုစည်းထားသော မသေမျိုး မဟာမိတ်တပ်ဖွဲ့လိုက်ကြီးသည်ကား သူ့အတွက် အောင်ပွဲညစာတစ်ခုနှင့်မခြား။ အလွန်အရသာရှိသည်။ ဤခရီးမှာ အလဟဿမဖြစ်ခဲ့ပေ။

“ဟင်?”

ရုတ်တရက် သွေးအရှင်သည် တစ်စုံတစ်ခုကို ခံစားမိသကဲ့သို့ အရှိန်အဝါ၏ရင်းမြစ်ရှိရာသို့ ကြည့်လိုက်ရာ သူ၏ ကြက်သွေးရောင် မျက်လုံးများမှာ အံ့သြမိသကဲ့သို့ ပြူးကျယ်သွားခဲ့သည်။

သူ့မြင်ကွင်းတွင် ပြိုကွဲနေသော မီးလျှံအတားအဆီးတစ်ခု ရှိနေပြီး ထိုမီးတောက်များကြားမှ ဟုန်ချန်ယဲ့၏ပုံသဏ္ဌာန်ကို မှုန်ဝါးစွာမြင်နိုင်ပေသည်။

သွေးရောင်အလင်းတန်းဖြင့် ဖုံးလွှမ်းထားသော မည်သူမဆို မသေမျိုးအုပ်စိုးသူအဆင့်သို့ မရောက်သေးသရွေ့ သွေးမှုန်အဖြစ် ‌ပြောင်းကိုပြောင်းလဲရမည်ပင်။

ဤသူသည် သာမန် ဉာဏ်အလင်းမသေမျိုးတစ်ပါးသာဖြစ်သော်လည်း သူ၏တိုက်ခိုက်မှုကို ခုခံနိုင်သေးသည်လား?!

နောက်တစ်စက္ကန့်တွင် ဟုန်ချန်ယဲ့သည် လက်ကိုဝှေ့ယမ်းပြီး မီးလျှံအတားအဆီးကို ဖယ်ရှားလိုက်သည်။ သို့သော် ဖီးနစ်မျက်လုံးများမှာ အတော်လေးစိုးထိတ်ပူပန်နေဟန်ရှိ၏။

ယခုလေးတင်ဖြစ်ပွားခဲ့သော တစ်ဖက်လူ၏ လှုပ်ရှားမှုက သူ၏ဆုံးဖြတ်ချက်ကို အတည်ပြုပေးလိုက်သည်။ ရန်သူမှာ မသေမျိုးအုပ်စိုးသူအဆင့် ကျွမ်းကျင်သူဖြစ်လေ၏။

ဤမျှအစွမ်းထက်သော ဂြိုဟ်သားတစ်ကောင်က သူတို့အချင်းများနေသည့် နေရာကိုမှ လူသတ်ရန် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခြင်းသည် ဘယ်လိုပင်ကြည့်ကြည့် အတော်သံသယဖြစ်စရာကောင်းနေသည်သာပင်။

“ဒီလိုအရည်အချင်းရှိတဲ့ ကျွမ်းကျင်သူတွေ ဘယ်လောက်များများ အလယ်ပိုင်းဒေသမှာ ပုန်းကွယ်နေကြဦးမလဲ?”

ဟုန်ချန်ယဲ့၏အကြည့်သည် စိတ်ခံစားချက်အလိုက် အဆက်မပြတ်ပြောင်းလဲနေခဲ့သည်။ မိမိ၏ လက်ရှိစွမ်းအားဖြင့် အလယ်ပိုင်းဒေသသို့ပြန်သွားလျှင် ပြိုင်ဘက်ကင်းအသန်မာဆုံးသာ ဖြစ်လိမ့်မည်ဟု တွေးထင်ခဲ့၏။

သို့သော် ယခုမူ အရာအားလုံးသည် သူ၏မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့ပြီ။ အလယ်ပိုင်းဒေသကား အမြင်တွင်နိမ့်ပါးပြီး ဆင်းသက်လိုက်မှသာ နက်ရှိုင်းကြောင်းသိရနိုင်သည့် ရေအိုင်ငယ်အလား။

ရွှယ်ထျန်းဂိုဏ်း။

ကျင့်ကြံသူများသည် သူတို့ထက် များစွာမြင့်မားထောင်လွှားသော အရှိန်အဝါ၏ သက်ရောက်မှုကြောင့် ဦးရေပြားများ ထုံကျဥ်လာပြီး ရုတ်တရက်ပြောင်းလဲသွားသည့်အခြေအနေကြောင့် အံ့ဩတုန်လှုပ်နေကြသည်။

လူစိမ်းတစ်ဦးက ဘယ်ကနေဘယ်လို ရုတ်တရတ်ပေါ်လာမှန်းမသိ ပေါ်ထွက်လာခဲ့ပြီး သောင်းနှင့်ချီသောမသေမျိုးများ၏ သွေးကို တစ်ကျိုက်တည်းသောက်သုံးသွားခဲ့သည်လေ။

“ဆရာသခင်၊ မြန်မြန်ကြည့်ပါဦး၊ အစ်ကိုကြီးဟုန် ဒုက္ခရောက်နေပုံရတယ်!” လီဝူကျယ်က ကောင်းကင်ထက်ကို လက်ညှိုးကိုထိုးပြကာ အံ့ဩစွာ ပြောလိုက်သည်။

ယဲ့ကျွင်းလင်က ငါးဖယ်လုံးတစ်လုံးကို တူနှင့်ညှပ်ပြီး ပါးစပ်ထဲသို့ထည့်ကာ အရသာခံဝါးစားနေချိန်ပင်။ တစ်ချိန်တည်းမှာပင် သူသည်လည်း အခြေအနေ၏ပြောင်းလဲမှုကို သတိထားမိလိုက်ကာ ရုတ်တရက်ပေါ်လာပြီး လူသတ်ပွဲစတင်ခဲ့သော အခြေအမြစ်မသိနိုင်သည့် ထိုသတ္တဝါအပေါ် အလွန်စိတ်ဝင်စားမိသည်။

“စနစ်၊ ဒါက သွေးစုပ်ဖုတ်ကောင်တစ်ကောင်လား?” ယဲ့ကျွင်းလင်သည် သွေးအရှင်၏ လုပ်ရပ်များကို စောင့်ကြည့်ရင်း ရုတ်တရက်စိတ်ထဲဝင်လာသော အတွေးတစ်ခုကြောင့် မေးလိုက်သည်။

【တင်၊ ပိုင်ရှင်၊ တိတိကျကျပြောရရင် ဒါက ထာဝရသွေးမျိုးနွယ်ပါ။ သူတို့က မရဏမျိုးနွယ်ထဲမှာ ရှေးအကျဆုံး မျိုးနွယ်ကြီးများထဲက တစ်ခုဖြစ်ပြီး သူတို့၏ဘိုးဘေးဂြိုဟ်ကသွေးရင်းမြစ်ဘုံ ဖြစ်ပါတယ်၊ မသေမျိုးအဆင့်သတ္တဝါတွေရဲ့သွေးကိုသောက်သုံးပြီး သက်တမ်းရောအင်အားပါ ပိုတိုးလာနိုင်တဲ့ အမျိုးအစားတွေပါရှင်။】

စနစ်၏ ပျော်ရွှင်တက်ကြွသောလေသံလေး ထွက်ပေါ်လာသည်။

“မရဏမျိုးနွယ်?”

ဤအဓိကစကားလုံးကို ဖမ်းမိလိုက်သောအခါ ယဲ့ကျွင်းလင်၏မျက်လုံးများ လင်းလက်သွားပြီး အစီအရင် မဟာအကြီးအကဲလျိုဟွမ်းရှုထံမှ သူသိရှိခဲ့သော မရဏမျိုးနွယ်၏ဇာစ်မြစ်ကို ပြန်ပြောင်းသတိရလိုက်သည်။

စကြာဝဠာတွင် အဓိက စူပါအုပ်စု နှစ်ခုရှိသည်- ကောင်းကင်ဘုံအစည်းအရုံးနှင့် မရဏမျိုးနွယ်။

ခွင်းလွင်ကမ္ဘာသည် ယခင်က ကောင်းကင်ဘုံအစည်းအရုံး၏ ဒုတိယအကြီးဆုံးကမ္ဘာဖြစ်ပြီး အလွန်မြင့်မားသော အဆင့်အတန်းရှိခဲ့သည်။ နောက်ပိုင်းတွင် ၎င်း၏ ကြယ်အမြုတေသည် မုန်တိုင်းအမည်ရှိ ကျင့်ကြံသူတစ်ဦးကြောင့် ညစ်ညမ်းသွားခဲ့ပြီး ကမ္ဘာတစ်ခုလုံး အရည်အသွေးကျဆင်းလာခဲ့သည်။

အန္တရာယ်နှင့်ကြုံတွေ့နေရသောအချိန်တွင် မရဏမျိုးနွယ်မဟာမိတ်တပ်ဖွဲ့သည် ခွင်းလွင်ကမ္ဘာကို တိုက်ခိုက်ရန် အခွင့်အရေးယူခဲ့ကြ၏။ သို့သော် အဆုံးအရှုံးနည်းအောင် သေမင်းမြစ်ဆင့်ခေါ်ခြင်း နည်းလမ်းသစ်ကို ရွေးချယ်လိုက်ပါမှ ဆိုးဆိုးရွားရွားဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်ပင်?

ယခုမူ… မရဏမျိုးနွယ်အုပ်စု၏ အဓိကမျိုးနွယ်စုတစ်ခုဖြစ်သော ထာဝရသွေးမျိုးနွယ်သည် ခွင်းလွင်ကမ္ဘာသို့ ကျွမ်းကျင်သူတစ်ဦးကို လျှို့ဝှက်စေလွှတ်ပြန်လေပြီ။

အတွေးများနယ်ချဲ့ဆက်စပ်နေရင်း သွေးသခင်၏နောက်ကျောမှ ထိုးထွက်နေသော အနီရောင်သွေးကြောများ ဖုံးလွှမ်းနေသည့် အသားတောင်ပံတစ်စုံကိုကြည့်ရင်း ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လိုက်ပြီး ရွံရှာစွာဖြင့် ရေရွတ်လိုက်မိ၏။

“စားချင်စိတ်တောင်ပျောက်တယ်"

ကောင်းကင်ယံထက် မီတာတစ်သောင်းအမြင့်၌ သွေးသခင်သည် အစားအသောက်ချစ်မြတ်နိုးသူတစ်ဦးက သူ့ကိုကဲ့ရဲ့ပုတ်ခတ်နေကြောင်း မသိသေးပေ။ အနက်ရောင်ဆံပင်များ လေထဲတွင်ရိုင်းစိုင်းစွာကခုန်နေပြီး မျက်နှာအမူအရာမှာ အတော်လေးယုတ်မာကြမ်းကြုတ်ဟန်ရှိ၏။

သွေးဆာနေသော မျက်လုံးများက အနီရောင်ဝတ်စုံနှင့်ပုံရိပ်ကို စူးစိုက်ကြည့်နေပြီး လှောင်ရယ်လိုက်သည်။ “ဟေ့ လူသားမျိုးနွယ်၊ မင်းတော်တော်စိတ်ဝင်စားဖို့ကောင်းပါလား"

အလိုလိုသိစိတ်အရ ထိုသူ၏သွေးကို စားသုံးနိုင်ပါက အံ့မခန်းအကျိုးအမြတ် ရရှိပေလိမ့်မည်!

"ရွံစရာကောင်းတဲ့မျက်နှာကြီးကို ဟိုဘက်လှည့်ထားစမ်းပါ။ ဒီအရှင်မမြင်ချင်ဘူး"

ဟုန်ချန်ယဲ့၏မျက်နှာသည် ကျောက်စိမ်းရုပ်တုလေးကဲ့သို့ ချောမွေ့ပြေပြစ်နေသည်။ လက်များကို ကျောနောက်ပစ်ထားကာ လေထဲတွင်ရပ်နေပုံမှာ ညီညာသောမြေပြင်ထက်ရပ်နေသကဲ့သို့ တည်ငြိမ်အေးဆေးနေပြီး ဝတ်ရုံနီက တဖျပ်ဖျပ်လွင့်ပျံနေသည်။

ထိုသတ္တဝါနှင့် မျက်နှာချင်းဆိုင်ရပ်နေရင်း သူ၏ကိုယ်ပေါ်တွင် သတ်ဖြတ်လိုစိတ်များဖြင့် ရစ်ပတ်ချုပ်နှောင်ခံထားရသည်ကို ခံစားရသောအခါ ဟုန်ချန်ယဲ့သည် မကြောက်ရွံ့ရုံသာမက ရင်ထဲတွင် တိုက်ပွဲဝင်လိုစိတ်များ မြင့်တက်လာသည်။

သူကိုယ်တိုင်လည်း သူ့ခွန်အားသူ အစွမ်းကုန်စမ်းသပ်ချင်နေတာကြာပြီ။

မသေမျိုးအုပ်စိုးသူဖြစ်နေတော့ရော ဘာအရေးလဲ?

တော်တော်ကြာမှ တိုက်ပွဲအစစ်တစ်ခု စလိုက်ကြတာပေါ့!

စာစဉ်ပြီး၏

All Chapters