#ကြာပွတ်ဖြူသူတော်စင်သရုပ်ပြစွမ်းရည်၊ ထန်ကျုံ့ကျောက်၏စွမ်းအား#
Vol. 90 Ch. 1262
ချန်ကျီးနှင့် ရှောင်ဟိုင်၏အရင်ပြိုင်ဘက်များအားလုံးက လုံးဝမတူညီကြပေ။
တူညီသည့်နယ်ပယ်က သို့မဟုတ် အဓိကနယ်ပယ်ကြီးတစ်ခုမြင့်သည်ဖြစ်စေ နယ်ပယ်သေးနှစ်ခုမြင့်သောသူများပင်ဖြစ်စေ၊ သူတို့ကိုရင်ဆိုင်ရသောအခါ ရှောင်ဟိုင်အမြဲလိုလို အပြည့်အ၀ကိုင်တွယ်နိုင်ပြီး တစ်ခါတစ်လေ အရမ်းလွယ်ကူသည်။
သို့စေကာမူ ချန်းကျီက သူ့ထက်နယ်ပယ်အသေးလေးတစ်ခုသာ ပိုမြင့်သည်။
ချန်းကျီထုတ်လွှတ်သည့် တိုက်ခိုက်မှုတိုင်းက ရှောင်ဟိုင်ကို သေခြင်းတရားက ကျူးကျော်နေသည်ဟု ခံစားရစေသည်။
သူ့သွေးကြောစွမ်းရည်ကြောင့်သာ မဟုတ်ပါက ရှောင်ဟိုင် ချန်းကျီကို ကျော်လွှားရန်အတွက် အနည်းငယ်ခက်ခဲလောက်သည်။
တခြားတစ်ဘက်တွင် ချန်းကျီတွင် အပြည့်အ၀ထုတ်လွှတ်ရန် အခွင့်အရေးဘယ်တော့မှ မရခဲ့တာလည်းဖြစ်နိုင်သည်။
သို့သော်သူတို့၏တိုက်ပွဲက မူလကတည်းက မသေချာ၊ မရေရာမှုများနှင့် ပြည့်နှက်နေသည်။ တစ်ဦးဦး၏ ဖုံးကွယ်ထားသည့်ဝှက်ဖဲများကို အချိန်ကိုက်ထုတ်လွှတ်နိုင်ခြင်းက ရလဒ်ကို သက်ရောက်မးနိုင်ပေသည်။ အသက်ရှူကြိမ်ရေတစ်ကြိမ်၊ သို့မဟုတ် မျက်တောင်တစ်ခတ်မျှ နောက်ကျသွားခြင်းကပင် တိုက်ပွဲဒီရေကို တိုက်ရိုက်လွှမ်းမိုးနိုင်သည်။
နယ်ပယ်များအကြားကွာဟချက်ကို ပိတ်ဆို့တားဆီးရန်အတွက် သွေးကြောကျင့်ကြံခြင်းနည်းစနစ်များ သို့မဟုတ် ပြင်ပအကူပစ္စည်းများကိုပင် မှီခိုအားကိုးရသည်။
ဒီအရာများကို ထုတ်လွှတ်နိုင်ရန်အတွက် ကိုယ်ပိုင်စွမ်းအားကို အားကိုးနိုင်ခြင်းက ကိုယ်ပိုင်ခွန်အားရှိသောကြောင့်သာ။
ထို့ကြောင့် ရှုံးနိမ့်ခြင်းက ရှုံးနိမ့်ခြင်းဖြစ်ပြီး အနိုင်ရခြင်းက အနိုင်ရခြင်းသာ။
တခြားဆင်ခြေများပေးစရာမလို။
ချန်းကျီကလည်း ဒါကိုကောင်းစွာနားလည်သဖြင့် ရှောင်ဟိုင်ကို စိုက်ကြည့်နေသည့် သူ့အကြည့်က တွန့်ဆုတ်မှု၊ အံ့ဩသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"မင်းဘယ်လိုလုပ်ခဲ့တာလဲ၊ နောက်ဆုံးတိုက်ခိုက်မှုက သေချာပေါက် နတ်ဧကရာဇ်အစောပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက် ထုတ်လွှတ်နိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး" တစ်ခဏအကြာတွင် ချန်းကျီမေးသည်။ သူ့အသံက လေးလံနေသည်။
ရှောင်ဟိုင်၏ အားတစ်ခုတည်းကိုကြည့်ရုံဖြင့် ထုတ်လွှတ်လိုက်သည့်စွမ်းအားက လူတိုင်းကို ထိတ်လန့်စေသည်။
ထန်ကျုံ့ကျောက်နှင့် ကောတာလဲ့တို့ ငါးယောက်အဖွဲ့ပင်လျှင် သူတို့၏တိုက်ခိုက်မှုကို တစ်ခဏမျှရပ်ပြီး ဒီမြင်ကွင်းကို ကြည့်ရင်း သူတို့၏ အမူအရာများက လေးနက်နေကြ၏။
ရှောင်ဟိုင်ထူးမခြားနားစွာဖြေသည်။
"ငါ့စွမ်းအားကို တစ်နေရာတည်းမှာ စုဆုံစေပြီး ပေါက်ကွဲစေရုံပါပဲ"
ချန်းကျီခေါင်းညိတ်သည်။
"မင်းမှာတကယ်သတ္တိရှိသားပဲ"
သူတို့အဆင့်တွင် စွမ်းအားကို တိုက်ခိုက်မှုတစ်ခုတည်းအဖြစ် စုစည်းပစ်ရန်ဟူသည် မခက်ခဲပေ။
သို့သော် ဒီလိုတိုက်ခိုက်မှုမျိုးကို ထုတ်လွှတ်ပြီးနောက် ကိုယ်ခန္ဓာက မလွှဲမသွေ အားနည်းသည့်အခြေအနေတစ်ခုသို့ ၀င်ရောက်သွားပေလိမ့်မည်။
အကယ်၍ဟာကွက်တစ်ခုခုချန်ထားခဲ့သည် သို့မဟုတ် ပြိုင်ဘက်ကို ဒီတိုက်ခိုက်မှုနှင့် အနိုင်ယူရန်ကျရှုံးခဲ့ပါက သူတို့က ရန်သူ၏ ပြိုင်ဘက်မဟုတ်နိုင်တော့ဘဲ လုံး၀အကာအကွယ်မဲ့သွားကာ ရန်သူ၏ သနားညှာတာမှုအောက် ကျရောက်သွားပေလိမ့်မည်။
"ဒီတော့ မင်းအခုအားနည်းတဲ့အခြေအနေတစ်ခုမှာ ရှိနေမှာပဲ၊ ငါမင်းကိုအခုအချိန် တိုက်ခိုက်လိုက်မယ်ဆိုရင် ဘယ်သူနိုင်မယ်လို့ထင်လဲ" ချန်းကျီပြန်မေးသည်။
ရှောင်ဟိုင် လက်ထဒက ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးတင်းပုတ်ကို ရှေ့သို့ ရွှေ့လိုက်ပြီး တင်းပုတ်ထိပ်နှင့် ချန်းကျီ၏နဖူးကို အနည်းငယ် ဖိထားသည်။ နဖူးပေါ်က အရေပြားက ပေါက်ပြဲသွားပြီး သွေးများက စတင်စီးတွေလာကာ ချန်းကျီ၏ ပါးပြင်ပေါ်ထိ စီးကျရင်း ကြောက်စရာကောင်းသည့် အသွင်အပြင်တစ်ခုကို ဖြစ်ပေါ်စေသည်။
"မင်းပိုမြန်မြန်လှုပ်ရှားနိုင်မလား၊ ဒါမှမဟုတ် မင်းနဖူးကိုထိုးနေတဲ့ ငါ့တင်းပုတ်ကပဲ ပိုမြန်မလားဆိုတာ မင်းကြိုးစားကြည့်လို့ရတယ်"
ချန်းကျီခေါင်းညိတ်သည်။
"မင်းလိုလူတစ်ယောက်က နောက်ဆုံးမှာ ခေးအောစ့်နယ်မြေကို လာတော့လာရမှာပဲ၊ အဲချိန်ကျရင် အဲဒီက ရတနာခုနှစ်သွယ်သူတော်စင်ဂိုဏ်းရဲ့ ပုံရိပ်ကို နားလည်သွားလိမ့်မယ်"
ခြိမ်းခြောက်မှုတစ်ခု!
ဒီအလွန်အမင်းရက်စက်သည့် ခြိမ်းခြောက်မှုနည်းလမ်းက ပုံမှန်အချိန်တွင် ၉၉ရာခိုင်နှုန်းအလုပ်ဖြစ်သော်လည်း ရှောင်ဟိုင်က ကျန်သောတစ်ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။
"မင်းအရှုံးကို ၀န်မခံဘူးဆိုရင်တော့ ငါ့မှာမင်းကို သတ်ပစ်ရုံကလွဲပြီး တခြားရွေးချယ်စရာမရှိဘူး" ရှောင်ဟိုင်ပြောရင်း မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။
ဒါကိုကြားသောအခါ ချန်းကျီ၏မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်သွားသည်။
အရင်က ဒါကိုမထီမဲ့မြင်ပြုမှုတစ်ခုဟု ဆို၍ရသော်လည်း ယခုကမူ အထည်ဒြပ်ပင်ပေါ်နေပုံရသည့် သတ်ဖြတ်ခြင်းဆန္ဒပင်။
"ဒီလိုဆိုမှတော့ ငါမင်းကို ခေးအောစ့်နယ်မြေမှာ စောင့်နေမယ်...." ချန်းကျီ၏ အကြည့်က ပြတ်သားနေပြီး သူ့အသံက လေးနက်ကာ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်၏။
"ငါအရှုံးကို၀န်ခံတယ်....."
ဒီစကားလုံးများကိုပြောပြီးသည်နှင့်တစ်ပြိုင်နက် ချန်းကျီ အပေါက်ဖောက်ထားသည့် ဘောလုံးတစ်လုံးပမာ လေလျှော့သေးသွယ်သွားသည်။
ဒီအခိုက်အတန့်မှာပင် ရှိနေသောမည်သူမှ မတားဆီးနိုင်သည့် နက်ရှိုင်းလှသောအားတစ်ခုက သူတို့အား တိုက်ခတ်သွားကာ ချန်းကျီ၏ပုံရိပ်က ဒီနေရာကနေ ပျောက်ကွယ်သွားသည်။
သူပြန်အပို့ခံလိုက်ရသည်မှာ ရှင်းနေသည်။
ဒီမြင်ကွင်းကို မျက်မြင်တွေ့ရသောအခါ လူအုပ်စုက အကြည့်များဖလှယ်လိုက်ကြပြီး ကောတာလဲ့နှင့် ကျန်သောသူများကမူ မျက်လုံး၌ မယုံနိုင်မှုကိုပင် ပြသကြသည်။
ရှောင်ဟိုင်က ချန်းကျီကို အနိုင်ယူသွားလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။
တခြားတစ်ဘက်တွင် ထန်ကျုံ့ကျောက်တစ်ခဏကြာ အံ့ဩသင့်နေပြီးနောက် တိတ်တိတ်လေးပြုံးရသည်။
ကြည့်ရသည်မှာ သူ လူမှားယွင်းစွာ လောင်းကြေးမထပ်မိခဲ့ပုံပင်။
သို့စေကာမူ ချန်းကျီပျောက်ကွယ်သွားပြီးနောက် ရှောင်ဟိုင် ချက်ချင်းခြေချင်းခတ်ထိုင်လိုက်စဉ် သူ့ကိုယ်ပေါ်၌ ပေါ်နေသည့် သွေးကြောများက တဖြည်းဖြည်း အတွင်းဘက်သို့ ပြန်ဆုတ်သွား၏။
သူ့သွေးကြောအမျက်ဒေါသကို ယခုလေးတင် အဆုံးစွန်ထိ တွန်းအားပေးရသဖြင့် ယခုသူအားနည်းသည့်ကာလတစ်ခုကို ရင်ဆိုင်ရတာက သဘာ၀ကျပါသည်။
ထန်ကျုံ့ကျောက် ရှောင်ဟိုင်ရှေ့တွင်ရပ်ပြီး ပြုံးသည်။
"မင်းအချိန်ဘယ်လောက်လိုအပ်လဲ"
ကိုယ်တွင်းက အလျင်အမြန်သက်သာမှုကို ခံစားမိသောအခါ ရှောင်ဟိုင်မျက်လုံးမှိတ်ထားရင်း ပြန်ဖြေသည်။
"အမွေးတိုင်တစ်တိုင်အချိန်"
ထန်ကျုံ့ကျောက်ခေါင်းညိတ်သည်။
"ဒီအမွေးတိုင်တစ်တိုင်စာအချိန်ကို ငါနဲ့လွှဲထားခဲ့၊ ဘယ်သူမှ မင်းကို မထိခိုက်စေရဘူး"
"ကျေးဇူးပါ"
ဒီအချိန်မှာပင် ကောတာလဲ့နှင့်ကျန်လေးယောက်က ထန်ကျုံ့ကျောက်ထံ လျှောက်လာကြသည်။
"အမွေးတိုင်တစ်တိုင်စာအချိန်လား၊ မင်းကနည်းနည်းမောက်မာပုံပဲ"
ထိုသို့ပြောပြီးနောက် ကြောက်စရာကောင်းသည့်အော်ရာတစ်ခုက သူတို့တစ်ယောက်ချင်းစီကနေ ပေါက်ကွဲထွက်လာသည်။
သူတို့အော်ရာက ချန်းကျီ၏အော်ရာထက် ဘယ်လိုနည်းနှင့်မှ မနိမ့်ကျပေ။
ဒီကိုရောက်လာနိုင်ပြီး ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်၏ ရွေးချယ်ခြင်းကို ခံရသူများက အားနည်းကြသူများမဟုတ်။
သူတို့ထဲကတစ်ယောက်ချင်းစီက ထိပ်တန်းအဆင့်ပါရမီရှင်များဖြစ်သည်။
ထန်ကျုံ့ကျောက် ခပ်ယဲ့ယဲ့ရယ်မောလိုက်ပြီးနောက် သူ့လက်ထဲတွင် မြင်းမြီးကြာပွတ်တစ်ချောင်းပေါ်လာပြီး ပေါ့ပေါ့လေးလွှဲယမ်းလိုက်၏။
အဖြူရောင်အမျှင်သုံးထောင်က ထန်ကျုံ့ကျောက်အနီး၀န်းကျင်၌ ရိုင်းစိုင်းစွာ ကခုန်နေကြသည်။
သိပ်သည်းကာမထိုးဖောက်နိုင်သည့် အဖြူရောင်အလင်းက ထန်ကျုံ့ကျောက်နှင့် ရှောင်ဟိုင်ကို လွှမ်းခြုံပစ်သည်။
"ထပ်ကြိုးစားပါဦး"
ကောတာလဲ့အေးစက်စွာ နှာမှုတ်ရင်း လက်ထဲတွင် ဆေဘာဓားကြီးကိုကိုင်ပြီး မြေကြီးကို ပြင်းထန်စွာ တက်နင်းလိုက်စဉ် ဓားအလင်းတန်းတစ်ခု ပေါက်ကွဲသွားပြီး ဓားတာအိုနိယာမက မြေကြီးကို ဖြတ်သန်းသွား၏။
မြေကြီးကကွဲအက်ကာပွင့်သွားပြီး ကောတာလဲ့အနီးတစ်ဝိုက်တွက် ဧရာမအက်ကြောင်းများစွာကို ဖန်တီးခဲ့သည်။
ချက်ချင်းဆိုသလို သူဓားကို ထန်ကျုံ့ကျောက်ဆီ လွှဲယမ်းပစ်လိုက်သည်။
ဧရာမဓားအလင်းက ဓားချက်တစ်ချက်အဖြစ် ပြောင်းသွားပြီး လေဟာနယ်ကို ဆုတ်ဖြဲကာ မြေကြီးကို ဖြတ်တောက်ရင်း ထန်ကျုံ့ကျောက်ဆီသို့ ပိုင်းဖြတ်လာသည်။
ကျန်လေးယောက်ကလည်း ထိန်ချန်မထားဘဲ အားအပြည့်တိုက်ခိုက်မှုများဖြင့် ထန်ကျုံ့ကျောက်အား တိုက်ရိုက်တိုက်ခိုက်သည်။
ရှောင်ဟိုင်သာ ပြန်လည်ကောင်းမွန်သွားပါက အနည်းငယ်ဒုက္ခရောက်သွားပေလိမ့်မည်။
လောလောဆယ် သူတို့နှစ်ယောက်၌ တစ်ယောက်တည်းသာရှိသည်ဆိုသော အချက်ကို အခွင့်ကောင်းယူပြီး အမြန်ဖြေရှင်းခြင်းက တစ်ခုတည်းသောမျှော်လင့်ချက်ပေတည်း။
ဒါကိုမြင်သော် ထန်ကျုံ့ကျောက်၏ အပြုံးက မှေးမှိန်သွားပြီး သူ့အမူအရာက လေးနက်လာကာ လက်နက်ထဲက မြင်းမြီးကျာပွတ်ကို လွှဲယမ်းရင်း ညင်သာစွာ ပြောသည်။
"နတ်ဆိုးချိုးဖျက်ခြင်းအစစ်အမှန်ဧကရာဇ်၊ သရုပ်ပြစမ်း"
ဒီအခိုက်အတန့်၌ မြင်းမြီးကြာပွတ်အမျှင်သုံးထောင်က အရူးအမူးလိမ်ယှက်ကာ ပုံရိပ်တစ်ခုအဖြစ် သိပ်သည်းသွား၏။
ကိုးထပ်စေတီတစ်ခုကို ကိုင်ထားသည့် ပုံရိပ်က တိုက်ခိုက်သူငါးဦး၏ တိုက်ခိုက်မှုများကို ဖိနှိပ်ပစ်သည်။
အဖြူရောင်အလင်း တစ်ချက်လက်သွားစဉ် စေတီက လေထဲတွင် တုံ့ပြန်သည့်အသွင် ဖောင်းလာခဲ့သည်။
တိုက်ခိုက်မှုငါးခုစလုံးက ချက်ချင်းဆိုသလို စေတီကို ဗုံးကြဲပစ်သည်။
တစ်ခဏအတွင်းမှာပင် စေတီပေါ်၌ အက်ကြောင်းများပေါ်လာသည်။ ပေါ်လာသည့်ကွက်လပ်များက မြင်းမြီးကျာပွတ်အမျှင်သုံးထောင်အဖြစ် ပြောင်းသွားပြီး စေတီပေါ်က အက်ကြောင်းများကို ချက်ချင်းဖြည့်ပေးကာ ပြုပြင်ပေးနေသည်။
ဒါကထပ်တလဲလဲဖြစ်ပျက်နေသည်။
ငါးယောက်စလုံး၏တိုက်ခိုက်မှုများက အဖြူရောင်အမျှင်စများ၏ လိမ်ယှက်မှုအကြားတွင် အားအင်ကုန်ခမ်းသွားရသည်။
ကောတာလဲ့ဆေဘာဓားကို မြှောက်ပြီး လေးနက်စွာပြောသည်။
"ဝိဉာဉ်အနှစ်သာရကျောင်းတော်က နတ်ဆိုးချိုးဖျက်အကြီးအကဲရဲ့ ကြာပွတ်ဖြူသူတော်စင်သရုပ်ပြစွမ်းရည်က တကယ်ပဲ ဂုဏ်သတင်းအတိုင်း ကျော်ကြားပါပေတယ်"
နတ်ဆိုးချိုးဖျက်အကြီးအကဲက ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ မဟာအကြီးအကဲဖြစ်သည်။
"တပည့်တွေဘယ်တော့မှ လက်မခံခဲ့တဲ့ နတ်ဆိုးချိုးဖျက်အကြီးအကဲက မင်းကို သူ့နောက်ဆုံးတပည့်အဖြစ် လက်ခံဖို့ ခြွင်းချက်တစ်ခုလုပ်ခဲ့တာ အံ့ဩသင့်စရာမရှိပါဘူးလေ"
ထန်ကျုံ့ကျောက်ရယ်မောသည်။
"ကံကောင်းသွားလို့ပါ"
"ဒါပေမယ့်....၊ မင်းရဲ့ကြာပွတ်ဖြူသူတော်စင်သရုပ်ပြစွမ်းရည်က ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့"
ကောတာလဲ့၏ ဆေဘာဓားထဲတွင် တောက်ပသည့်ဓားအလင်းတစ်ခု စတင် လင်း၀င်းလာကာ သူ့ကိုယ်ထဲမှ အဆုံးမဲ့ဓားတာအိုနိယာမက ပေါက်ကွဲသွားခဲ့သည်။
ပတ်၀န်းကျင်က လေဟာနယ်က ပြိုကွဲသွား၏။
"လူကြီးမင်းတို့၊ အားလုံးအတူတူတက်ကြရအောင်" ကောတာလဲ့ကျယ်လောင်စွာ ရယ်မောသည်။
"ဒီတိုက်ခိုက်မှုကတောင် မထိရောက်ဘူးဆိုရင်တော့ ငါတို့အရှုံးကို ၀န်ခံရလောက်တယ်"
ဒီတိုက်ခိုက်မှုကသာ ထန်ကျုံ့ကျောက်၏ အကာအကွယ်ကို မချိုးဖျက်နိုင်ပါက ရှောင်ဟိုင်ပြန်ကောင်းလာသောအခါ ဒါက အမှန်တကယ် ရှောင်လွှဲ၍မရပေ။
ရှောင်ဟိုင်ပြန်လာပြီး ထန်ကျုံ့ကျောက်နှင့် ပူးပေါင်းလိုက်နိုင်တာနှင့် ထန်ကျုံ့ကျောက် အစွမ်းကုန်တိုက်ခိုက်ရန်အတွက် နှောင့်နှေးနေတော့မည်မဟုတ်ဘဲ သူတို့က သူ့ပြိုင်ဘက်ဖြစ်နိုင်မည်မဟုတ်။
သူတို့ရှောင်ဟိုင်ကိုအနိုင်ယူပြီး ဒီနေရာတွင် ရပ်နေသည့်ဒုတိယလူဖြစ်လာနိုင်လျှင်ပင် ပဉ္စမမြောက်စမ်းသပ်မှုဖြစ်သည့် တစ်ဦးချင်းစိန်ခေါ်မှုတွင် သူတို့သေချာပေါက် ထန်ကျုံ့ကျောက်ကို ယှဉ်နိုင်မည်မဟုတ်ပါ။
ယင်းအစား ဒီတိုက်ခိုက်မှုတွင် သူတို့စွမ်းအင်အကုန်လုံးကို သုံးစွဲတာက ပိုကောင်းသည်။ အကယ်၍ ထန်ကျုံ့ကျောက်သာ ရှုံးနိမ့်သွားပါက စမ်းသပ်မှုကို အောင်မြင်ရန်အတွက် သူတို့တွင် မျှော်လင့်ချက်ရှိနေဆဲပင်။
(တင်းပုတ်ဟူသည် စစ်ပုဆိန်သွားပါလှံရှည်ကို ခေါ်ဆိုခြင်းဖြစ်သည်)
အပိုင်း(1263) coming။