← Chapters

#နတ်ဆိုးဘုရင်သွေးသန့်စင်ဆေးလုံး#

Vol. 90 Ch. 1266

#နတ်ဆိုးဘုရင်သွေးသန့်စင်ဆေးလုံး#

Vol. 90 Ch. 1266

လက်ကြီးတစ်ဖက်က အရာတိုင်းကို အရိပ်ထဲကနေ ထိန်းချုပ်နေသည့်အလား မြူများက ထူထပ်နေသည်။

ယခုလိုခံစားချက်မျိုးကို ကြုံသူတိုင်းက သေချာပေါက် မသက်မသာဖြစ်မည်သာ။

ရှောင်ဟိုင့်မျက်နှာပေါ်က လေးနက်သည့် အမူအရာကို မြင်ရသောအခါ ကျိလိန်ပြုံးသည်။

"ကောင်းပြီ၊ အရမ်းကြီးတွေးမနေနဲ့၊ ဒါက သိပ်ဆိုးတဲ့အရာမဟုတ်လောက်ဘူး၊ မင်းခွန်အားက အဲဒီအဆင့်ကို ရောက်တဲ့အခါကျရင် မင်းနားလည်လာမှာပါ"

"အခုမင်းမြေအောက်ကမ္ဘာအရှင်သခင်အမွေခံဖြစ်လာပြီမို့ မင်းနားလည်ဖို့လိုတဲ့ အရာတွေရှိတယ်" ကျိလိန်ဆက်ပြောသည်။

ဒါကိုကြားသောအခါ ရှောင်ဟိုင်လှည့်ကြည့်လိုက်၏။

"ပထမဆုံးအနေနဲ့ မြေအောက်ကမ္ဘာအရှင်သခင်နေရာကို ရယူဖို့အတွက် မင်းဘိုးဘေးနယ်ပယ်ကို ရောက်ဖို့လိုတယ်၊ မဟုတ်ဘူးဆိုရင် မင်းအောက်ကလူတွေကို ဖိနှိပ်ဖို့ခက်ခဲလိမ့်မယ်" ကျိလိန်အပြုံးဖြင့် ပြောသည်။

"ဒါ့အပြင် ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်က ယန်နယ်မြေရဲ့ကိစ္စရပ်တွေကို စိတ်ကြိုက်၀င်ရောက်စွက်ဖက်လို့မရဘူး၊ သေမျိုးနယ်မြေက လက်ရှိမှာ ငရဲနတ်ဆိုးဒေသရဲ့ တိုက်ခိုက်မှုအောက်မှာရှိတာကို ငါသိပါတယ်၊ ဒီတော့ ငါတို့မင်းကို ပွင့်လင်းစွာ မကူညီနိုင်ဘူး၊ ဘာပဲဆိုဆို မင်းက ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်အမွေခံဖြစ်လာပြီဆိုတော့ ငါတို့ မြေအောက်ကမ္ဘာရဲ့အရှင်သခင် အပြင်မှာသေဆုံးသွားတာကိုလည်း ကြည့်မနေနိုင်ဘူးလေ"

ပွင့်ပွင့်လင်းလင်းမဟုတ်ဘူးဆိုတာက သူတို့လျှို့ဝှက်စွာ ထောက်ပံ့ပေးနိုင်မည်ဟု ဆိုလိုခြင်းပင်။

ဒါ့အပြင် ဒီလုပ်ရပ်မျိုးကို အဆုံးစွန်သော အခြေအနေမှသာ လုပ်ဆောင်ပေမည်။

ရှောင်ဟိုင်ခေါင်းညိတ်ကာတုံ့ပြန်သည်။

"နားလည်ပါတယ်"

"ဒါပေမယ့် ငါတို့လက်ရှိ အကူအညီမပို့နိုင်ပေမယ့် မြေအောက်ကမ္ဘာအရှင်သခင်ရဲ့ တစ်ဦးတည်းသော ဆက်ခံသူအနေနဲ့ မင်းအချိန်မီအခွင့်ထူးတစ်ချို့ကို ခံစားနိုင်ပါသေးတယ်" ကျိလိန်ဆန်းကြယ်စွာပြုံးရင်း ပြောပြီး နောက်လှည့်ကာ အတွင်းဘက်ခန်းမနောက်သို့ လျှောက်သွားသည်။

"ငါ့နောက်လိုက်ခဲ့"

ရှောင်ဟိုင်အလျင်အမြန်လိုက်သွားသည်။

အတွင်းခန်းမနောက်တွင် အပေါက်မရှိသည့် နံရံတစ်ခုရှိနေသော်လည်း ကျိလိန် ငရဲကမ္ဘာစွမ်းအားကို နေရာတစ်ခုသို့ ပို့လွှတ်လိုက်သောအခါ နံရံအစိတ်အပိုင်းကြီးတစ်ခုက သူတို့မျက်လုံးရှေ့တွင်ပင် ပျောက်ကွယ်သွားပြီး လမ်းကြောင်းတစ်ခုကို ဖော်ပြလာသည်။

သူတို့၀င်လာစဉ် ကျိလိန်ရှင်းပြသည်။

"ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်က ယန်နယ်မြေရဲ့ ကိစ္စတွေမှာ ၀င်မစွက်ဖက်ပေမယ့် အားကောင်းတဲ့ဝိဉာဉ်အများစုက ဒီနေရာမှာ အဆုံးသတ်ကြပြီး သူတို့ပြန်လည်မွေးဖွားခြင်းထဲ ၀င်လိုက်တာနဲ့ သူတို့ရဲ့ အတိတ်ဘ၀မှတ်ဉာဏ်တွေကို ဆုံးရှူံးလိုက်တယ်လို့ ဆိုလိုနေတာပဲ၊ တစ်နည်းအားဖြင့် ဘယ်အားကောင်းတဲ့ စိတ်ဝိဉာဉ်ကမှ လက်မခံချင်တဲ့ ကံကြမ္မာပေါ့"

"အဲဒါကြောင့် ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်ကနေ လွတ်မြောက်ဖို့အတွက် ခုခံကြိုးစားကြတဲ့ အားကောင်း‌တဲ့ဝိဉာဉ်တွေ ဆိုတာအမြဲရှိတယ်၊ ငါတို့လူတွေမှာသာ စွမ်းအားမရှိဘူးဆိုရင် အဲဒီအစွမ်းထက်ဝိဉာဉ်တွေကို သူတို့ဖိနှိပ်ထားနိုင်မှာမဟုတ်ဘူး" သူဆက်ပြောသည်။

စကားပြောနေရင်း သူတို့ခပ်မှိန်မှိန်လင်းနေသည့် နေရာတစ်နေရာသို့ ရောက်လာကြ၏။

ဒီနေရာ၌ စာအုပ်စင်များ၊ ခိုင်ခံ့သည့်သေတ္တာများ သို့မဟုတ် လက်နက်မျိုးစုံရှိမနေဘဲ ယင်းအစား အပြာရောင်ဝိဉာဉ်ခန္ဓာစီးကြောင်းများက ဒီအကန့်အသတ်မဲ့နေရာ၌ လွင့်မြောနေကြသည်။

ထိုဝိဉာဉ်ခန္ဓာများကို လက်ညိုးထိုးပြရင်း ကျိလိန်ပြုံးသည်။

"ဒီနေရာက ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်မှာ အမြဲနေထိုင်သူတွေရဲ့ ခွန်အားကို တိုးမြှင့်ပေးဖို့အတွက် လုပ်ဆောင်တယ်၊ ဝိဉာဉ်ကိုယ်ထည်တစ်ခုစီမှာ ကျင့်ကြံခြင်းနည်းစနစ်တွေ၊ ဝိဉာဥ်ဆေးလုံးတွေနဲ့ အစီအရင်အဆောင်တွေပါ၀င်ပြီး အားလုံးကို အရင်က မြေ‌အောက်နန်းတော်အရှင်တွေ စုဆောင်းထားတာတွေပဲ"

ထိုသို့ပြောပြီးနောက် ကျိလိန် ရှောင်ဟိုင်ကို လှည့်ကြည့်ပြီး လက်အစုံကိုဖြန့်လိုက်၏။

"မင်းမြေအောက်ကမ္ဘာအရှင်သခင်ရဲ့ ဆက်ခံသူဖြစ်လာပြီဆိုမှတော့ ဒါအားလုံးက နောက်ဆုံးမှာမင်းအပိုင်ဖြစ်လာတော့မှာပဲ၊ ဒီတော့ မင်းအလိုရှိတာကို ယူလိုက်"

"သေချာတာပေါ့၊ လိုအပ်ချက်ကတော့ မင်းခွန်အားက ဒီ၀ိဉာဉ်ခန္ဓာတွေရဲ့ ထိန်းချုပ်မှုကို အမီလိုက်နိုင်ဖို့လိုတာပေါ့" ကျိလိန် ရွှတ်နောက်နောက်ပြုံးသည်။

"ပစ္စည်းက ပိုအဖိုးတန်လေလေ၊ ရယူဖို့ ပိုခက်လေလေပဲ"

ရှောင်ဟိုင်မော့ကြည့်လိုက်စဉ် သူ့အကြည့်က ခပ်မှိန်မှိန်နေရာတစ်ခု၌ လွင့်မျောနေသည့် ထူထဲသိပ်သည်းနေသော ဝိဉာဉ်ခန္ဓာများထံ ကျရောက်သွားပြီး ရှေ့တိုးလိုက်၏။

သူ့ခွန်အားကိုတိုးမြှင့်ခြင်းက သူ့စီနီယာများနှင့် ဂျူနီယာများအား သူတို့၏၀န်ထုပ်၀န်ပိုးကို လျှော့ချဖို့ ကူညီရန်အတွက် မရှိမဖြစ် လိုအပ်သည်။

ရှောင်ဟိုင်၏တုံ့ပြန်မှုကို မြင်သောအခါ ကျိလိန်တိတ်တိတ်လေးရယ်ပြီး ဘေးသို့ ရှောင်ထွက်ကာ ရှောင်ဟိုင်အား ဆန္ဒရှိသလို လုပ်ဆောင်ခွင့်ပေးထားသည်။

ဝိဉာဉ်ခန္ဓာများက မယုံနိုင်စရာကောင်းလောက်သည့် အမြန်နှုန်းများဖြင့် ရွေ့လျားနေကြ၏။

၎င်းတို့၏ပါ၀င်မှုများကို အနှီမျက်စိနှင့် မြင်နိုင်ရန်ဟူသည် မဖြစ်နိုင်ပေ။

ဝိဉာဉ်စွမ်းအားဖြင့်သာ ၎င်းတို့ကို စူးစမ်းနိုင်သည်။

သူ့ဝိဉာဉ်စွမ်းအားက ဂျူနီယာညီလေးမုလောက် အားမကောင်းသည့်တိုင် လုံလောက်သည်ဟု ရှောင်ဟိုင်ခံစားရသည်။

ကျင့်ကြံခြင်းနည်းစနစ်များအတွက် ထာ၀ရနတ်ဆိုးခန္ဓာက လုံလောက်သည်။

သူ့တွင်လက်နက်အဖြစ် ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးတင်းပုတ်ရှိသည်။

အစီအရင်အဆောင်များကို ဂျူနီယာညီလေးမုနှင့် ဂျူနီယာညီလေးဖန်တို့ ကိုင်တွယ်ကြလေရာ ဒီအကြောင်းကို သူအရမ်းကြီးစိုးရိမ်နေစရာမလို။

ထို့ကြောင့် သူလိုအပ်နေတာက ကိုယ်ခန္ဓာကို ပြုပြင်မွမ်းမံပေးနိုင်သည့် ဝိဉာဉ်ဆေးလုံးတစ်လုံးပင်။

လိုချင်တာကို ဆုံးဖြတ်ပြီးနောက်တွင် ရှာဖွေမှုက အများကြီးပိုရိုးရှင်းလာသည်။

ကောင်းကင်ဘုံသန့်စင်ဆေးလုံး! ဒီဆေးလုံးက ရုပ်ခန္ဓာအားနည်းချက်များကို ပြုပြင်ပေးပြီး မွေးရာပါပါရမီကို တိုးစေသည်။

ဒီဆေးလုံးမျိုးက သဘာ၀တရားကို ဖီဆန်နေသော်လည်း ရှောင်ဟိုင် ယခုအချိန် အလိုအပ်ဆုံးအရာမဟုတ်သေး။

နတ်ခြေလှမ်းဆေးလုံးက အမြန်နှုန်းကို ထာ၀ရတိုးစေသည်။

ဗုဒ္ဓအစစ်အမှန်ချီဆေးလုံးက သုံးစွဲသူ၏ကိုယ်ထဲက ဝိဉာဉ်စွမ်းအင်ကို သိမ်းဆည်းကာ အဆက်မပြတ်လည်ပတ်စေနိုင်ပြီး ကုသမှုအရှိန်ကို မြှင့်တက်ပေးနိုင်သည်။

ပုံစံရှစ်သွယ်ကောင်းကင်တ‌စ္ဆေဆေးလုံး၊ မူလထာ၀ရရောင်ပြန်ဟပ်ဆေးလုံး.....!

အစရှိသည့် သေမျိုးနယ်မြေတွင်ပင် မကြားဖူးသော ထိပ်တန်းဆေးလုံးများ၏ တောက်ပသည့်အလင်းတန်းနှင့်အတူ ဆေးလုံးတစ်လုံးကို ထုတ်ပေးခြင်းကပင် သွေးထွက်သံယိုမုန်တိုင်းတစ်စင်းကို ဖြစ်သွားစေနိုင်သည်။

ဒါကပင် ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်၏ အခြေခံအုတ်မြစ်က ဘယ်လောက်ထိ မယုံနိုင်စရာကောင်းလောက်အောင် အားကောင်းသလဲဆိုတာ ပြသနေသည်။

သို့စေကာမူ နတ်ခြေလှမ်းဆေးလုံးကလွဲပြီး တခြားဆေးလုံးများက အရမ်းကြီးအသုံးမ၀င်ပုံပင်။

ဒါ့အပြင် ဆရာသန့်စင်ပေးထားသည့် ဆေးလုံးများလည်းရှိသဖြင့် ရှောင်ဟိုင်ဆေးလုံးများစွာကို သောက်သုံးရန်ဆန္ဒမရှိပေ။

မည်သို့ပင်ဆိုစေကာမူ ဆရာသန့်စင်ဖော်စပ်ထားသည့်ဆေးလုံးများက ဘေးထွက်ဆိုးကျိုးမရှိသလို မြန်ဆန်စွာတိုးတက်မှုကြောင့် တာအိုအခြေခံ မတည်မငြိမ်ဖြစ်စေမှာကိုလည်း စိုးရိမ်စရာမလိုပါ။

ဤသည်သာမက ဆေးလုံးများကို အလွန်အကျွံအားကိုးခြင်းက အနာဂတ်ကျင့်ကြံခြင်း၌ ပျင်းရိမှုကို ဖြစ်စေနိုင်သည်။

ဘေးကနေကြည့်ရင်း ကျိလိန် ထောက်ခံသည့်အသွင် ခေါင်းညိတ်သည်။

သဘာ၀ရတနာများစွာကို ရင်ဆိုင်ရသောအခါ တခြားသူများသာဆိုပါက အရာတိုင်းကို ယူရန်အတွက် သည်းခံနိုင်ကြမည်မဟုတ်။

သို့သော်ရှောင်ဟိုင်ကတော့ မတူပေ။ သူကလောဘမကြီးဘဲ သူ့အတွက် အထိရောက်ဆုံးကိုသာရွေးချယ်နေသည်။

ဒီလိုစရိုက်လက္ခဏာမျိုးက ကျင့်ကြံခြင်းလမ်းကြောင်း၌ နောက်ထပ်ခြေလှမ်းတစ်လှမ်းသို့ ခေါ်ဆောင်သွားစေနိုင်သည်။

ရုတ်တရက် ရှောင်ဟိုင်၏အကြည့်က အမြင့်တစ်နေရာသို့ရောက်သွား၏။ မိုင်ရာချီအထက်တွင် ဝိဉာဉ်ကိုယ်ထည်တစ်ခုက နတ်ဆိုးနက်ဆန္ဒဖြင့် ၀န်းရံနေသည့် အနက်ရင့်ရောင်ဆေးလုံးတစ်လုံးကို လွှမ်းခြုံထားသည်။

ကျိလိန် ရှောင်ဟိုင့်အကြည့်အတိုင်း လိုက်ကြည့်ပြီးနောက်ပြုံးကာ ပြောသည်။

"ဒီဆေးလုံးက မင်းနဲ့အတော်လေးလိုက်ဖက်တယ်၊ သူ့နာမည်က နတ်ဆိုးဘုရင်သွေးသန့်စင်ဆေးလုံးဖြစ်ပြီး မင်းရဲ့လက်ရှိနတ်ဆိုးစွမ်းအားကို အကြီးအကျယ်တိုးမြှင့်ပေးနိုင်သလို နတ်ဆိုးကျင့်ကြံသူတွေရဲ့ သွေးကြောနဲ့ ခန္ဓာပြုပြင်မွမ်းမံခြင်းအတွက် သိသာတဲ့အကျိုးကျေးဇူးတွေရှိတယ်"

ဒီအချက်အားလုံးက လက်ရှိရှောင်ဟိုင်အတွက် အတော်လေးသင့်တော်သည်။

ရွေးချယ်မှုကို လုပ်ဆောင်ပြီးနောက် ရှောင်ဟိုင် ကြမ်းပြင်ကို ခြေဖြင့်တက်နင်းရင်း ကောင်းကင်ပေါ်ထိုးတက်ကာ ထိုဝိဉာဉ်ခန္ဓာအား လိုက်ဖမ်းသည်။

လိုက်ဖမ်းမှုကိုသတိထားမိသည့်အလား ဝိဉာဉ်ခန္ဓာ၏အမြန်နှုန်းက ထိုးတက်လာပြီး ရှောင်ဟိုင်ထံမှ ကွာဟချက်ကို လျင်မြန်စွာ ချဲ့နေသည်။

အောက်တွင် ကျိလိန်ရယ်မောသည်။

"နတ်ဆိုးဘုရင်သွေးသန့်စင်ဆေးလုံးက ဘိုးဘေးနယ်ပယ်က အဆင့်မြင့်ဆေးလုံးတစ်လုံးဖြစ်ပြီး ရယူဖို့ဆိုတာက မလွယ်ဘူး"

ဒါကိုမြင်သော် ရှောင်ဟိုင်အေးစက်စွာ နှာမှုတ်လိုက်၏။

ဆေးလုံးတစ်လုံးကို သူလွတ်သွားခွင့် ပေးနိုင်မည်လား။

သူ့ကိုယ်ထဲက အနက်ရောင်ချီအစုအဝေးတစ်ခုပေါက်ကွဲသွား၏။

သွေးပြန်ကြောများက သူ့ခြေထောက်တစ်ဝိုက်ညွှတ်သွားပြီး အမြန်နှုန်းကထိုးတက်လာကာ သွေးကြောကလည်း ဆူပွက်လာသည်။

ရုတ်ချည်းဆိုသလို ရှောင်ဟိုင်၏ အမြန်နှုန်းက အသန့်အသတ်ကိုရောက်သွားပြီး ဝိဉာဉ်ခန္ဓာနှင့် ပို၍နီးကပ်လာသည်။

ဝှီး.......!

အရှိန်တိုးမြှင့်ရင်း ရှောင်ဟိုင် ဝိဉာဉ်ခန္ဓာကို လက်ဖဝါးထဲတွင် ဖမ်းယူလိုက်၏။

နတ်ဆိုးဘုရင်သွေးသန့်စင်ဆေးလုံးအတွင်းမှ နတ်ဆိုးချီများအစုလိုက်အပြုံလိုက် ထိုးထွက်လာပြီး ရှောင်ဟိုင်နဖူးဆီသို့ ပြေး၀င်သွားကြသည်။

သို့သော် ရှောင်ဟိုင်ခုခံခြင်းမရှိဘဲ နတ်ဆိုးချီကို သူ့အသိစိတ်ပင်လယ်ထဲ ကျူးကျော်ခွင့်ပေးထားသည်။

အသိစိတ်ပင်လယ်ထဲတွင် သူ့ဝိဉာဉ်စွမ်းအားက နတ်ဆိုးဘုရင်ပုံရိပ်ယောင်တစ်ခုအဖြစ် သိပ်သည်းသွားပြီး ကျုးကျော်လာသည့် နတ်ဆိုးချီကို ပျံ့သွားစေသည်။

အကယ်၍တခြားတစ်ယောက်သာဆိုပါက သူတို့၏အသိစိတ်ပင်လယ်ကို နတ်ဆိုးချီက သိမ်းပိုက်သွားလောက်သည်။

သို့စေကာမူ ရှောင်ဟိုင်အတွက် ဒါက သူဆန္ဒရှိသည်အရာပင် မဟုတ်ပေလော။

သူ့ပိုင်ဆိုင်မှုအဖြစ် ဆေးလုံးကိုပြောင်းပြီးနောက် ကျိလိန်နှင့်စကားအများကြီးမပြောတော့ဘဲ ရှောင်ဟိုင်ချက်ချင်းမျိုချကာ ဆေးလုံးအား သန့်စင်သည်။

မည်သို့ပင်ဆိုစေကာမူ အချိန်က တိုတောင်းသည်။

စက္ကန့်တိုင်း၌ သေမျိုးနယ်မြေ၌ ကြီးမားသည့်ပြဿာနာများ ပေါ်ပေါက်လာနိုင်သည်။

အပိုင်း(1267) coming။

All Chapters