#ပါးနပ်သောကျောက်တုံးလေး#
Vol. 90 Ch. 1268
အစီအစဉ်များကို ချမှတ်ခဲ့ပြီး တိုက်ခိုက်ခံရမည့် ကြယ်နယ်မြေများစွာကို သတ်မှတ်ခဲ့သည်။
ပထမဦးဆုံးက ကြယ်နယ်မြေအတားအဆီးနှင့် အနီးစပ်ဆုံးကြယ်ဒေသများဖြစ်ပြီး နယ်နိမိတ်မဲ့သမုဒ္ဒရာကြယ်ဒေသ၊ ကောင်းကင်ကိုးဆင့်ကြယ်ဒေသနှင့် မီးပြာရောင်ကြယ်ဒေသတို့လည်း ပါ၀င်သည်။
ဒါ့အပြင် ဒီကြယ်ဒေသသုံးခုကြားက အကွာအဝေးကလည်း အင်မတန်ဝေးသည်။
ဒါကလည်းလုံခြုံရေးအကြောင်းရင်းများကြောင့်ပင်။ အကွာအဝေးပိုဝေးလေလေ၊ ငရဲနတ်ဆိုးဒေသက ပိုအေးဆေးလေလေပင် မဟုတ်ပေလော။
ယေဘုယျအားဖြင့် ကြယ်ဒေသတစ်ခုကျသွားပြီးနောက် ငရဲနတ်ဆိုးဒေသက ကာကွယ်ရေးတပ်များကို အမြန်တပ်ဆင်ပြီး အနီးအနားက ကြယ်ဒေသများကိုလည်း အပြည့်အဝစစ်ဆေးမှုများနှင့်အတူ ခံတပ်များကိုလည်း လုပ်ဆောင်ကြပေလိမ့်မည်။
သို့စေကာမူ အဝေးက ကြယ်ဒေသတွင် တိုက်ခိုက်မှုတစ်ခုဆက်ဖြစ်ပါက တခြားကြယ်ဒေသများကလည်း သတိ၀င်သွားပေလိမ့်မည်။
ဒီအတွက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အမြန်နှုန်းက အကြီးအမားလိုအပ်သည်။
ကံကောင်းစွာပင် ကျောက်တုံးလေးက ဟင်းလင်းပြင်မျိုးစိတ်များနှင့် အဆက်အသွယ်ရခဲ့ပြီး ဟင်းလင်းပြင်သားရဲအရှင်က သူတို့ကို အာကာသတယ်လီပို့အစီအရင်ကနေတဆင့် သူတို့အား ကိုယ်တိုင်သယ်ဆောင်ပေးခဲ့သည်။
ဟင်းလင်းပြင်ထဲတွင် ဟင်းလင်းပြင်သားရဲများက ထူးခြားသည့်မျိုးစိတ်များတဖြစ်လဲ ပြိုင်ဘက်ကင်းအသာစီးရမှုများကို ပိုင်ဆိုင်ထားသည်။
တပ်ဖွဲ့ဝင်များ၏ ဖွဲ့စည်းပုံကမူ အလွန်ရိုးရှင်းပါသည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်သုံးဆယ်အပါအ၀င် ယဲ့ချိုးပိုင်တို့အုပ်စုကို ထန်ကျုံ့ကျောက် ခေါ်ဆောင်သွားသည်။
ထန်ကျုံ့ကျောက်က သူတို့ထဲက တစ်ယောက်ဖြစ်သော်လည်း ရှောင်ဟိုင်ကဲ့သို့ပင် အစစ်အမှန်နတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့်စစ်သည်တစ်ဦးဖြစ်သဖြင့် သူကိုယ်တိုင်ပါ၀င်လှုပ်ရှား၍မရပေ။
အစစ်အမှန်နတ်ဘုရားနယ်ပယ်စစ်သည်သုံးရာနီးပါးကသာ အစုလိုက်အပြုံလိုက်ပေါ်လာပါက ဒါက သေမျိုးနယ်မြေအတွက် သေစေလောက်သည့်ရိုက်ခတ်မှုတစ်ခုဖြစ်ပြီး ချေမွဖျက်ဆီးခံရမည်ဖြစ်ကာ ခုခံနိုင်စွမ်းရှိမည်မဟုတ်။
ဟင်းလင်းပြင်သားရဲကို စီးရင်း ထန်ကျုံ့ကျောက်ရေရွတ်သည်။
"ဟင်းလင်းပြင်သားရဲမျိုးစိတ်တွေက ငါတို့ကို တက်ကြွစွာ မတိုက်ခိုက်ပေမယ့် လွယ်လွယ်နဲ့ ထိန်းချုပ်လို့မရဘူး၊ မင်းရဲ့ဂျူနီယာညီလေးမှာ ဒီလိုအရည်အချင်းရှိလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး"
စကားပြောနေစဉ် ထန်ကျုံ့ကျောက် ရှောင်ဟိုင်ကို လှည့်ကြည့်ပြီး အပြုံးဖြင့်ပြောသည်။
"မင်းနဲ့မင်းဆရာတူညီအစ်ကိုတွေ ဘယ်လောက်ထိ အားကောင်းသလဲဆိုတာ ငါတကယ်သိချင်လာပြီ"
ရှောင်ဟိုင်ခပ်ရေးရေးပြုံးရင်းဖြေသည်။
"မင်းတွေ့မြင်ရမှာပါ"
"ဒါပေမယ့် ဒီမတိုင်ခင် ဒီကငါ့မိတ်ဆွေတွေက နည်းနည်းတော့....." ဒီနေရာတွင် ထန်ကျုံ့ကျောက် သူ့ဘေးက လူသုံးဆယ်ကို စိတ်၀င်စားစွာ ကြည့်လိုက်သည်။
သူတို့သုံးဆယ်က ယဲ့ချိုးပိုင်တို့အုပ်စုအား အကဲခတ်နေကြ၏။
"ဒီလူက အစ်ကိုထန်ပြောခဲ့တဲ့ အားကောင်းတဲ့ ပါရမီရှင်လား၊ ငါ့အတွက်တော့ အရမ်းမဟုတ်သလိုပဲ"
"နတ်သခင်နယ်ပယ်အလယ်အလတ်အဆင့်...ဒါက ခေးအောစ့်နယ်မြေက ဒုတိယတန်းစားအင်အားစုတစ်ခုရဲ့ ပါရမီရှင်တစ်ယောက်အဆင့်ပါပဲ၊ သူတကယ်ပဲ အစ်ကိုထန်ဆီက ဒီလိုမြင့်မားတဲ့ ချီးမွမ်းမှုတွေနဲ့ ထိုက်တန်လို့လား"
"ကြယ်ဒေသကို တိုက်ခိုက်တဲ့အချိန်ကျရင် အားထုတ်ဖို့လိုတဲ့သူတွေက ငါတို့ပဲဖြစ်လောက်တယ်"
"မေ့လိုက်တော့၊ ဒါကို အစ်ကိုထန်အတွက် ကျေးဇူးကြွေးတစ်ခုလို့ မှတ်ယူကြတာပေါ့၊ ဒီလိုကျေးဇူးကြွေးအတွက် ငါတို့ ဒီလောက်ဝေးဝေးကို ခရီးထွက်ပြီး ကူညီပေးတာက ထိုက်တန်ပါတယ်"
ဒီလူများ၏အသံကို ဖုံးကွယ်မထားသဖြင့် ယဲ့ချိုးပိုင်နှင့်သူအုပ်စု အရာတိုင်းကို ရှင်းလင်းကျယ်လောင်စွာ ကြားရသည်။
ယဲ့ချိုးပိုင်တို့အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း တုံ့ပြန်သည့်အနေဖြင့် ဘာမှမပြောခဲ့ကြပါ။
ဒီအခြေအနေက သူတို့ကို အတိတ်ကိုပင် လွမ်းဆွတ်စေသည်။
သူတို့နယ်ပယ်အရမ်းမမြင့်ခင်တုန်းက လူအတော်များများက ယခုလိုဆင်တူသည့် အရာများကို ပြောခဲ့ကြသော်လည်း သူတို့နတ်အင်ပါယာနယ်ပယ်ကို ရောက်ကတည်းက ဒီမှတ်ချက်များက ရပ်သွားခဲ့ရသည်။
သို့သော် ကျောက်တုံးလေးတစ်ယောက်တည်းသာလျှင် ဒီလူသုံးဆယ်ရှေ့သို့ ကိုယ်တိုင်ထရပ်သွားသည်။
လူအုပ်စုက ကလေးဆန်ပုံရသည့် ကောင်လေးအား ကြည့်ရင်း စိတ်ရှုပ်ထွေးသလို ခံစားကြရသည်။
ကျောက်တုံးလေး ဘေးရန်ကင်းသည့် အပြုံးကို ဖော်ပြသည်။
"ခင်ဗျားတို့က အရမ်းအားကောင်းရမယ်၊ ဟုတ်တယ်မလား"
အဖြေကိုပင်စောင့်မနေဘဲ သူဆက်ပြောသည်။
"ကျွန်တော့်စီနီယာအစ်ကိုဘေးမှာရပ်နေတဲ့ လူကို ခင်ဗျားတို့ကလည်း မျက်နှာချိုသွေးချင်ကြတယ်မလား"
ဒီလိုပွင့်လင်းသည့်မှတ်ချက်အပေါ် ထိုလူများ၏မျက်နှာက တည်ငြိမ်မှုကို မထိန်းထားနိုင်ကြပါ။
သို့သော် သူတို့မငြင်းနိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ ဒါက လူတိုင်းကောင်းကောင်းသိကြသည့် အချက်မဟုတ်ပေလော။
သူတို့သာငြင်းခုံနေပါက လူပြိန်းပုံပေါက်နေပေလိမ့်မည်။
ထန်ကျုံ့ကျောက်ဘေးက နတ်ဧကရာဇ်နှစ်ဦး ဒါကိုကြားသောအခါ ရယ်မောလိုက်ကြ၏။
"ဒီကလေးကစိတ်၀င်စားစရာပဲ"
သို့သော် ရှောင်ဟိုင်ဘေးကနေ ထူးမခြားနားစွာပြောသည်။
"သူမင်းတို့အားလုံးထက်တောင် အသက်ပိုကြီးနေနိုင်တယ်"
ထန်ကျုံ့ကျောက်နှင့် သူ့အဖော်နှစ်ယောက် "......"
သူတို့သုံးယောက်၏ ဆွံအနေသည့် အမူအရာအောက်တွင် ကျောက်တုံးလေး ဆက်ပြောသည်။
"ဒီလိုဆိုရင်ရော၊ အချိန်ရောက်တဲ့အခါကျရင် နှိုင်းယှဉ်ကြည့်ကြရအောင်၊ တကယ်လို့ ခင်ဗျားတို့သတ်တဲ့လူတွေနဲ့ ရနိုင်တဲ့ အရည်အသွေးက ကျွန်တော့်စီနီယာအစ်ကို၊ အစ်မတို့နဲ့ ကျွန်တော့်ထက်ပိုများနေရင် ခင်ဗျားတို့ကိုယ်စား ကျွန်တော်ဒီမှာ အစ်ကိုရှောင်ဟိုင်ကို ပြောခွင့်ပေးမယ်"
"ခင်ဗျားအခုလောက်ဆို သတိထားမိမှာပဲ၊ ခင်ဗျားတို့မျက်နှာချိုသွေးဖို့ ကြိုးစားနေတဲ့လူက အစ်ကိုရှောင်ဟိုင်အတွက် ဒီမှာရှိနေတာပါ" ကျောက်တုံးလေးပြောရင်း သူ့မျက်နှာထက်၀ယ် ရွှတ်နောက်နောက်အပြုံးတစ်ပွင့်ရှိသည်။
"သူခင်ဗျားတို့အတွက် ပြောပေးသရွေ့ အဲဒါက အသုံး၀င်မှာကျိန်းသေပဲ"
ကျောက်တုံးလေး၏စကားလုံးများကြောင့် သုံးဆယ်စလုံးအနည်းငယ် အံ့ဩသင့်သွားကြ၏။
ဒီစိတ်ကူးက နည်းနည်းထူးဆန်းနေသော်လည်း တစ်နည်းအားဖြင့် ယုတ္တိတန်သည်။
ဒါကိုဘယ်လိုပြောရမည်နည်း!
တစ်နည်းအားဖြင့် သင်ဘယ်လောက်ပင် ကောင်းအောင်လုပ်နေပါစေ ခေါင်းဆောင်တစ်ယောက်၏ ယုံကြည်သူတိုးတိုးပြောသောစကားလောက် ကောင်းမည်မဟုတ်။
"ဒါပေမယ့်....." ကျောက်တုံး၏လေသံက ပြောင်းသွားပြီး ရယ်မောသည်။
"ခင်ဗျားတို့ ကျုပ်တို့ထက်နည်းနည်းပဲ သတ်နိုင်တယ်ဆိုရင်တော့ စစ်မပြီးမချင်း ဘာလျော်ကြေးမှမတောင်းဆိုဘဲ ငရဲနတ်ဆိုးဒေသကို ကာကွယ်ဖို့အတွက် ကူညီပေးရမယ်"
ဒါက.....!
လူတိုင်းအကြည့်ချင်းဖလှယ်လိုက်ကြပြီး စိတ်ရှုပ်ထွေးနေကြ၏။ သူတို့ ထန်ကျုံ့ကျောက်နှင့် တိုက်ပွဲတစ်ပွဲတည်းတွင် ပါ၀င်ရန်သာ သဘောတူခဲ့ကြသည်။ ဆိုလိုတာက ထိုမထင်မှတ်ထားသည့် တိုက်ခိုက်မှုအပြီး သူတို့တာ၀န်က ပြီးဆုံးသွားပြီဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့ဒီနေရာကို သူတို့၏ဂိုဏ်းအသီးသီးကို အသိမပေးဘဲ လာခဲ့ကြခြင်းပင်။
ခေးအောစ့်နယ်မြေ၏ အင်အားစုများကို တခြားအဓိကနယ်မြေများ၏ ကိစ္စရပ်များ၌ ပါ၀င်ခြင်းကနေ ယေဘုယျအားဖြင့် တားမြစ်ထားသည်။
သူတို့၏တွန့်ဆုတ်မှုကို မြင်ရသောအခါ ကျောက်တုံးလေး အသာစီးရယူလိုက်ပြီး ကျောလှည့်ကာ လက်အစုံကို ခေါင်းနောက်သို့ တင်လိုက်ရင်း သက်ပြင်းချသည်။
"ဒီလိုဆိုမှတော့ ကျွန်တော်ဘာမှမပြောခဲ့သလိုပဲ နေလိုက်ကြရအောင်"
ဒီစကားလုံးများအပေါ် တစ်ယောက်က အံကြိတ်လိုက်ပြီးနောက် ပြောသည်။
"ကောင်းပြီ"
တစ်ယောက်ရှေ့တက်လာသည်နှင့် ကျန်သောသူများကလည်း နောက်ကလိုက်လာသည်။
"ဒါဆိုဒီလိုဆုံးဖြတ်လိုက်ပြီ"
"ဒါပေမယ့် မင်းတို့ရဲ့နိမ့်ကျတဲ့နယ်ပယ်ကြောင့် ငါတို့မင်းတို့ကို အနိုင်ကျင့်နေတယ်လို့ မထင်နဲ့၊ ဘာပဲဆိုဆို မင်းတို့က ငါတို့ထက် အများကြီးနိမ့်ကျတယ်လေ" သူတို့ ဟန်ကြီးပန်ကြီးလုပ်ကာ ပြန်ချေပသည်။
ကျောက်တုံးလေးခေါင်းညိတ်သည်။
"ဒါဆိုအပေးအယူဖြစ်ပြီ"
ထို့နောက် သူယဲ့ချိုးပိုင်တို့နှင့် ပြန်ပူးပေါင်းလိုက်သည်။
ဒီမြင်ကွင်းကိုကြည့်ရင်း ထန်ကျုံ့ကျောက် ရှောင်ဟိုင်ကို ပြောလိုက်မိသည်။
"မင်းဂျူနီယာညီလေးက လူတွေရဲ့နှလုံးသားကို သိမ်းပိုက်ခြယ်လှယ်ရာမှာ အတော်လေးကျွမ်းကျင်တာပဲ"
ရှောင်ဟိုင်တစ်ယောက် စိတ်အနှောင့်အယှက်ဖြစ်သလို ခံစားရသည်။
ဒီကောင်စုတ်လေးက ဒီလောက်ကြံစည်တတ်အောင် ဘယ်ကမ္ဘာကနေ သင်ယူခဲ့တာတုန်း!
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း အနည်းငယ်ကြက်သေသေနေကြ၏။
သူ့စီနီယာအစ်ကိုအစ်မများ စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်နေတာကို မြင်ရသောအခါ ကျောက်တုံးလေးရယ်မောရင်း နှာခေါင်းပွတ်လိုက်သည်။
"ဘယ်လိုလဲ၊ အထင်ကြီးစရာကောင်းတယ်မလား"
မုဖူရှန်းလက်လျှော့ကာ နဖူးကိုဖုံးထားသည်။
"ဂျူနီယာညီငယ်လေး၊ မင်းဒါကို ဘယ်ကနေ သင်ယူခဲ့တာလဲ"
ဟုန်ရင် ယဲ့ချိုးပိုင်အားလှည့်ကြည့်သည်။
"အဲဒါက အစ်ကိုကြီးတော့ မဟုတ်လောက်ပါဘူးနော်"
ရုတ်တရက် လူတိုင်း၏အကြည့်က ယဲ့ချိုးပိုင်ထံကိရောက်လာသည်။
ထို့နောက်ယဲ့ချိုးပိုင် ဆွံအသွားရသည့် အလှည့်ကို ရောက်လာသည်။
"ဘာတုန်းဟ၊ ဘာလို့အရာတိုင်းအတွက် ငါ့ကိုပဲအပြစ်တင်နေရတာလဲ" ယဲ့ချိုးပိုင် အလျင်အမြန်ကန့်ကွက်သည်။
"ဒီနှစ်တွေမှာ ကျောက်တုံးလေး ဆရာနဲ့အတူ လေ့ကျင့်နေခဲ့တာမလား၊ ငါနဲ့ ဘာဆိုင်လို့လဲ"
သူဒါကိုတော့လုံး၀၀န်မခံနိုင်ပေ။
ဆရာသာဒီအကြောင်းကို ကြားပါက တောင်တစ်ခုလုံးကို ရှင်းလင်းရသည့် တာ၀န်နှင့် သူအပြစ်ပေးခံရလောက်သည်။ ပိုဆိုးသည့်အခြေအနေတွက် ရှောင်ဟိုင်ကို ချက်ပြုတ်နည်းသင်ပေးရန်အတွက်ပင် အတင်းအကျပ်ပြုခံရလောက်သည်။
ဒီအတွေးကပင် ယဲ့ချိုးပိုင်ကို တသိမ့်သိမ့်တုန်ယင်သွားစေသည်။
သူ့စီနီယာများ သူ့လုပ်ရပ်ကို သဘောမတူတာကို မြင်ရသောအခါ ကျောက်တုံးလေး မျက်မှောင်ကြုတ်သည်။
"ဘာမှားလို့လဲ၊ ဒါကကောင်းတဲ့အရာပဲမလား၊ ကျွန်တော်တို့ တိုက်ခိုက်ရေးသမားတစ်ချို့ အလကားရရုံတင်မက သူတို့မျက်နှာတွေကိုလည်း ဖြတ်ရိုက်နိုင်မယ်လေ၊ ဘာလို့မလုပ်ရမှာလဲ"
ဖန်ချန်းဘေးကနေ ရယ်မောသည်။
"ဒီနည်းဗျူဟာက မကျေနပ်မှုတစ်ချို့ကို ဆွဲဆောင်နိုင်လောက်ပေမယ့် သေချာပေါက် ငါတို့အတွက် အကျိုးရှိတယ်" သူမှတ်ချက်ပေးသည်။
ကျောက်တုံးလေး၏မျက်လုံးများက လင်း၀င်းသွားပြီး သူဖန်ချန်းဘေးသို့ ပျံသန်းသွားကာ ပခုံးကိုပုတ်ရင်း အပြင်းအထန် ခေါင်းညိတ်သည်။
"ဟုတ်တယ်၊ ဂျူနီယာညီလေးဦးနှောက်ကပဲ တကယ်အလုပ်လုပ်တယ်"
ဒီစကားပြောပြီး မကြာမီ မနှစ်မြို့ဖွယ်ရာ အကြည့်များစွာ သူ့ထံကျရောက်လာတာကို မြင်ရသဖြင့် ကျောက်တုံးလေး ချွေးအေးများပင် ပျံသွားရသည်။
"အာ....ကျွန်တော်ဆိုလိုတာက စီနီယာအစ်ကိုတို့ရဲ့ဦးနှောက်က ပိုပြီးလျင်မြန်ပါတယ်" သူအလျင်အမြန်ပြင်လိုက်သည်။
လူတိုင်းက ဟာသလုပ်နေကြစဉ် အသံတစ်သံ၀င်ရောက်ကြားဖြတ်လာသည်။
"ငါတို့နယ်နိမိတ်မဲ့သမုဒ္ဒရာကြယ်ဒေသဆီကို ချဉ်းကပ်နေပြီ"
အပိုင်း(1269) coming။