ဆူညံလှုပ်ရှားခြင်း
Vol. 020 Ch. 1996
လင်းယွမ်နှင့် သူ၏ လက်တွဲဖော်တို့ သတ်ဖြတ်ခံရပြီးနောက် ပုံရိပ်အချို့က ထိုနေရာသို့ ဆင်းသက်လာသည်။ သူတို့က အချင်းချင်း ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကြ၏။
"သွားကြစို့။" တခဏအတွင်း သူတို့က ပျောက်ကွယ်သွားလေသည်။
လိပ်နတ်ဘုရားကျွန်းစု၏ စားသောက်ဆိုင်အတွင်း ထပ်ခိုးအောက် ကြမ်းပြင်တွင် တိတ်ဆိတ်စွာ ထိုင်နေသော လူတစ်ယောက် ရှိသည်။ လင်းဟယ်က တည်ငြိမ််စွာနှင့် အရက်ကို စုပ်သောက်နေသည်။ ထိုအခိုက်တွင် လူတစ်ယောက် သူ့နောက်မှ ထွက်ပေါ်လာ၏။ ထိုထွက်ပေါ်လာသူမှာ လင်းယွမ်တို့ကို သတ်ဖြတ်ခဲ့သူ ဖြစ်လေသည်။ သူက လင်းဟယ်၏ နောက်၌ရပ်ကာ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။ "တုန်းရှောင်းကုန်းမြေ၊ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်"
"ဝမ်ရှန့်စောင့်ကြည့်မျှော်စင်" လင်းဟယ်၏ မျက်လုံးများထဲတွင် အံ့အားသင့်သည့် အကြည့်တစ်ခု ပေါ်ပေါက်လာသည်။ သူ၏ စိတ်ထဲ၌ နာမည်တစ်ခု ထွက်ပေါ်လာ၏။ 'ကျုံးချန်လား။'
၎င်းက မမှန်နိုင်ပေ။ ကျုံးချန်က အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်နေပြီဟု ကောလာဟလ ရှိပေသည်။ သို့သော်လည်း ထိုလူက အလယ်အလတ်အဆင့် ရန်ဟောင်သာ ဖြစ်သေးသည်။ သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ နောက်ထပ် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေလိမ့်မည်။ သူ ခန့်မှန်းထားသလိုပင် ထိုလူက တုန်းဟွာနယ်မြေ၏ အစွမ်းထက်အင်အားစုတစ်ခုမှ လာခြင်းဖြစ်လေသည်။
သို့သော် ထိုသူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ဖြစ်လျှင်ပင် သူ၏ အစီအစဥ်များအား ပျက်စီးစေမှုကြောင့် တန်ဖိုးတစ်ခု ပေးဆပ်ရပေလိမ့်မည်။
ဤတစ်ကြိမ်၌ သူသည် နှင်းမြို့တော်မှ လူများနှင့် နီးစပ်ရန် အများကြီး အားထုတ်ထားရသော်လည်း ကျရှုံးသွားရပေသည်။
"အဲဒါဘယ်သူလဲ။" ထိိုအခိုက်တွင် လင်းဟယ်နောက်မှ တန်ခိုးရှင်က အဝေးသို့ လှမ်းကြည့်လိုက်သည်။ နတ်အာရုံတစ်ခုက သူတို့အပေါ် ထောက်လှမ်းလာသည်။
သန်မာအားကောင်းသော နတ်အာရုံက ထိုစားသောက်ဆိုင်တစ်ခုလုံးကို လွှမ်းခြုံထား၏။ မဟာလမ်းစဥ်ဖိအားက သေချာသောနေရာသို့ ကျရောက်လာကာ လူအနည်းငယ်က လေထဲမှ လျှောက်လာကြသည်။ သူတို့က စားသောက်ဆိုင်၏ အပြင်ဘက်တွင် ထွက်ပေါ်လာကာ ရပ်တန့်လိုက်သည်။ သူတို့ထဲမှ တစ်ယောက်က ကြေညာလိုက်၏။ "ကျုပ်တို့က မြို့သခင်ရုံးတော်ကပဲ။ ခင်ဗျားတို့က ဘယ်ကနေ လာတာလဲ။"
လင်းဟယ်၏ မျက်လုံးများက ကျဥ်းမြောင်းကာ စူးရှလာသည်။ သူက သူ့နောက်မှ အကြီးအကဲအား အေးစက်သော မျက်လုံးများနှင့် ကြည့်လိုက်သည်။ အကြီးအကဲ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက အမှားလုပ်ခဲ့သည့်အတွက် ခေါင်းငုံ့လိုက်၏။ ထိုသည်မှာ သူက ကိုယ့်လုပ်ရပ်ကိုယ် မရှင်းလင်းခဲ့ဘဲ သူ့အပြုအမူများက လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်ဟု ဆိုလိုပေသည်။
"တုန်းဟွာကောင်းကင်၊ လင်းရှောင်နန်းတော်။" လင်းဟယ်က တစ်ဖက်လူကို မကြည့်ဘဲနှင့် အရက်ခွက်ကို မြှောက်ကာ တည်ငြိမ်စွာ သောက်လိုက်သည်။
'တုန်းဟွာကောင်းကင် လင်းရှောင်နန်းတော်' ဟူသော အမည်ကို ကြားလိုက်သောအခါ ရောက်လာသော လူစုမှာ အနည်းငယ် တွေဝေသွားပြီး စိတ်ထဲမှ သက်ပြင်းချလိုက်ကြသည်။ သူတို့က ထိုသို့မြင့်မားသော အင်အားစုမျိုးကို ဆန့်ကျင်ရန် မဖြစ်နိုင်ပေ။
"အနှောက်အယှက်ပေးမိလို့ တောင်းပန်ပါတယ်။" အချို့က လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ပြီး သူတို့ မည်သည့်အခါကမှ မပေါ်လာဖူးသကဲ့သို့ ပျောက်ကွယ်သွားလေသည်။ သူတို့က မည်သည့်အတွက်ကြောင့် ဤနေရာသို့ လာရသည်ဟု မပြောခဲ့ဘဲ တစ်ဖက်လူ မည်သည့်နေရာမှ လာသည်ကိုသာ မေးရန် ရောက်လာသလို ထင်မှတ်ရပေသည်။
လင်းဟယ်က ထိုအရာကို ထူးဆန်းသည်ဟု မမှတ်ယူပေ။ ထိုအကြီးအကဲ၏ အပြုအမူတို့က ဖော်ထုတ်ခံရလျှင်ပင် သူ့အတွက် အဓိပ္ပါယ်မရှိချေ။ ပုရွက်ဆိတ်နှစ်ကောင်၏ အသက်က သူ့အတွက် မည်သည့်အဓိပ္ပါယ်မှ မရှိလေရာ တွေးနေရန်ပင် မလိုဟုထင်မိပေသည်။ ထိုသတင်းထွက်ပေါ်လာသည့်အခါ သူ၏ အဆင့်အတန်းကို အသုံးပြုကာ လက်စားချေသည့်အတွက် ဂုဏ်သတင်းအနည်းငယ် ထိခိုက်သွားစေရုံသာ ရှိပေလိမ့်မည်။ သူ၏ အဆင့်အတန်းနှင့် ဂျူနီယာနှစ်ယောက်အပေါ် နင်းခြေခဲ့သည်အား သိလျှင် အနည်းငယ် ရှက်စရာကောင်းရုံသာ ဖြစ်သည်။
ထိုမှလွဲလျှင် သူတို့နှစ်ယောက်၏ သေဆုံးခြင်းက အရေးပါခြင်း မရှိချေ။
"အင်အားစုကြီးက လူတွေ ရောက်လာကြပြီလား။" လင်းဟယ်က မေးလိုက်သည်။ သူ ရည်ညွှန်းသည့် အင်အားစုကြီးဟူသည်မှာ တုန်းဟွာနယ်မြေရှိ အစွမ်းထက်ဆုံး အင်အားစုများကို ပြောခြင်း ဖြစ်သည်။ ၎င်းတို့က လင်းရှောင်နန်းတော်နှင့် အဆင့်တူသော အင်အားစုများဖြစ်ပြီး ဥပမာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ပင် ဖြစ်သည်။
အခြားသော အင်အားစုများက သူတို့ အာရုံစိုက်ရန် ထိုက်တန်ခြင်း မရှိပေ။.
"အနည်းနဲ့အများတော့ ရောက်နေကြမှာပါ။" အကြီးအကဲက ပြန်ဖြေလိုက်သည်။ "နယ်မြေသခင်အိမ်တော်ရဲ့ တစ်စုံတစ်ယောက်က အမြဲ ဒီနေရာမှာ ရှိပေမယ့် သူတို့ လာတဲ့ လမ်းကို ရောက်နေလောက်ပြီ။ အခု ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က လူတွေ ရောက်နေကြပေမယ့် နန်ဟွာကုန်းမြေနဲ့ ဖုန်းဆိုးမြေကနေ ဘာသတင်းမှ မကြားသေးဘူး။ တခြားအင်အားစုတွေရဲ့ ကိုယ်စားပြုသူတွေကတော့ ရောက်နေကြပါပြီ။"
"အင်း" လူငယ်က ခေါင်းညိတ်လိုက်သည်။ "ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှာ အစွမ်းထက် အလယ်အလတ် ရန်ဟောင်အသစ်ရှိလား စုံစမ်းကြည့်။"
"ဟုတ်ကဲ့" တစ်စုံတစ်ယောက်က အမိန့်ကို လက်ခံကာ ထွက်သွား၏။ ယခုအချိန်တွင် လိပ်နတ်ဘုရားကျွန်းစု၌ တန်ခိုးရှင်များစွာ ရောက်နေကြသည်။ နေရာအမျိုးမျိုးမှ တန်ခိုးရှင်များအားလုံးက ထိုနေရာတွင် ရောက်နေကြ၏။ သတင်းစုံစမ်းခြင်းက မလွယ်ကူသော်လည်း အခုအချိန်၌ လွယ်ကူလောက်ပေသည်။ နေရာမျိုးစုံမှ လူများ တစ်နေရာတည်းသို့ စုစည်း ရောက်ရှိနေရာ သတင်းအချက်အလက်များကို အလွယ်တကူ ဖလှယ်နိုင်ပေသည်။
လင်းဟယ်က အဝေးသို့ ကြည့်နေပြီး သူ့မျက်လုံးများတွင် အေးစက်မှုတို့အား သယ်ဆောင်ထားသည်။ မည်မျှ အစွမ်းထက်သူဖြစ်စေ သူ၏ အကြံအစည်ကို ဝင်ရှုပ်သူတိုင်း ပြန်ပေးဆပ်ရမည် ဖြစ်သည်။
ရီဖူရှင်းက လင်းယွမ် သေဆုံးခြင်းသတင်းကို မရရှိသေးပေ။ နတ်သမုဒ္ဒရာ ချောက်ကမ်းပါး၌ ဖြစ်ပျက်ခဲ့သမျှက သူနှင့် တစ်ဖက်လူကြားမှ ပဋိပက္ခသာ ဖြစ်သည်။ ထိုကိစ္စမှာ ကြီးမားခြင်းမရှိသည့်အတွက် နက်ရှိုင်းသော ရန်ငြိုးများ ဖြစ်တည်လာလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သည်။ ထိုကိစ္စကြောင့်နှင့် ပစ်မှတ်ထား သတ်ဖြတ်ခံရလိမ့်မည်ဟု သူ မတွေးမိခဲ့ပေ။
သေချာပေါက်ပင် သူသည် လင်းယွမ်တို့၏ သေဆုံးခြင်းကိုလည်း မျှော်လင့်မထားခဲ့ပေ။ သူသာ သိခဲ့မည်ဆိုလျှင် သူက လင်းယွမ်ကို ထွက်သွားခွင့်ပြုလိမ့်မည် မဟုတ်ပါချေ။
သူတို့ လိပ်နတ်ဘုရားကျွန်းစု၌ လမ်းလျှောက်နေစဥ် ပုံရိပ်များက ရုတ်တရက် သူတို့ထံ ပျံသန်းလာပြီး ရှေ့တွင် ဆင်းသက်လာသည်။ ရောက်လာသူများကို ကြည့်ကာ ရီဖူရှင်းက ပြုံး၍ ပြောလိုက်သည်။ "အစ်ကိုတို့ နောက်ဆုံး ရောက်လာပြီပဲ။"
"အင်း" ရောက်လာကြသူများမှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကျင့်ကြံသူများဖြစ်လေသည်။ သူတို့ကြားထဲတွင် လီချန်ရှန်းနှင့် ကျုံးချန်တို့လည်း ပါသည်။
"မင်း အစ်ကိုကျုံးနဲ့ ကျုပ်က ရောက်နေတာ နည်းနည်းကြာပြီ။ ကျုပ်တို့အရင်တွေ့ပြီး မင်းတို့ ရောက်လာတော့ ဒီအနီးအနားမှာ ရှိနေတာလေ။" လီချန်ရှန်းက ပြောလိုက်သည်။ သူက နဝမဆင့် အစွမ်းထက် ရန်ဟောင်တစ်ပါး ဖြစ်နေလျှင်ပင် သူ့ထံမှ ခြိမ်းခြောက်နိုင်သော အရှိန်အဝါကို မည်သူမှ မခံစားမိကြပေ။
၎င်းမှာ သူ့ဘေး၌ ရှိနေသူများက သူ၏ ညီအစ်ကိုများ ဖြစ်နေသောကြောင့် ဖြစ်ပေသည်။
"ကျွန်တော်တို့ ဘယ်လောက်ကြာကြာ ထပ်စောင့်ရမလဲ သိချင်မိတယ်။" ရီဖူရှင်းက ပြောလိုက်သည်။
"အလျင်လိုစရာမလိုပါဘူး။ ဒီတစ်ခေါက် အစွမ်းထက် တန်ခိုးရှင်တွေ အများကြီး ရောက်လာကြတယ်။ တုန်းဟွာကုန်းမြေက တန်ခိုးရှင်တွေ တစ်နေရာတည်းမှာ မစုစည်းဖြစ်တာ နှစ်တွေ အတော်ကြာပြီ။ အတော်လေး ကံကောင်းတဲ့ တိုက်ဆိုင်မှုပဲ။" လီချန်ရှန်းက အပြုံးနှင့် ပြောလိုက်သည်။ "ဒီကို ရောက်လာတဲ့ အစွမ်းထက် တန်ခိုးရှင်တွေကြားမှာ မင်းထက် အားမနည်းတဲ့သူတွေ ပါလာနိုင်တယ်။ သူတို့နဲ့ ယှဥ်တိုက်ဖို့ အခွင့်အရေးမရှိတာ နှမြောစရာပဲ။"
"ကြည့်ရတာ အစ်ကိုက ထိပ်သီးအင်အားစုတွေကြားက တပည့်တွေရဲ့ ပညာဖလှယ်ပွဲကို ကြည့်ချင်နေပုံပဲ။" ကျုံးချန်က ပြုံးလိုက်သည်။
"မဟုတ်ဘူး။ ကျုပ်က ညီလေးရီလို ကျင့်ကြံသူတွေကြားက လမ်းစဥ်တိုက်ပွဲနဲ့ ညီလေးကျုံးလို ထိပ်သီးအဆင့်တွေကြားက တိုက်ပွဲမျိုးကိုပဲ စိတ်ဝင်စားတာ။" လီချန်ရှန်းက ပြုံးလိုက်သည်။ "ဒီတစ်ခေါက် ရောက်လာကြတဲ့ အစွမ်းထက်တန်ခိုးရှင်တွေကြားမှာ မင်းက နံပါတ်တစ်နဲ့ ထိုက်တန်ရဲ့လားဆိုတာ သိချင်တဲ့သူတွေ ပါနေလောက်တယ်။ ကျုပ်က စိတ်ဝင်စားစရာ ဖြစ်ရပ်ကလေး တချို့ကို စူးစမ်းချင်ရုံပါ။"
ကျုံးချန်က ခေါင်းကို ယမ်းလိုက်မိသည်။ ကျော်ကြားလေ အခြားသူများ၏ ပစ်မှတ်ထားခြင်းကို အလွယ်တကူ ခံရလေ ဖြစ်သည်။ အတိအကျပင် သူက အဆင့်မြင့်ရန်ဟောင် ဖြစ်လာသည့်အတွက် ထိပ်သီးအဆင့်အင်အားစုများ၏ ပစ်မှတ်ထားခြင်း ခံရပေသည်။
ဘုန်း...
သူတို့ စကားပြောနေစဥ် တုန်ခါသံတစ်ခုက လေဟာနယ်ကို ဖြတ်သန်း၍ အဆက်မပြတ် ထွက်ပေါ်လာသည်။ သူတို့က ခေါင်းကို မော့ကြည့်လိုက်သည့်အခါ အပြာရောင်ကောင်းကင်တွင် အနက်ရောင် တိမ်စိုင်တို့ လွှမ်းခြုံထားသည်ကို တွေ့ရှိခဲ့ရသည်။ အနက်ရောင်တိမ်စိုင်များက မျောလွင့်နေကာ ကောင်းကင် တဖြေးဖြေး မည်းမှောင်လာသည်။
"ကြီးမားတာ တစ်ခုခုတော့ ဖြစ်ဖို့ တာစူနေပြီဟေ့။" လီချန်ရှန်း၏ မျက်လုံးများက မျှော်လင့်ချက်ကြောင့် တောက်ပနေပြီး ကောင်းကင်ထက်ကို စိုက်ကြည့်နေခဲ့သည်။ မျောလွင့်နေသည့် တိမ်များမှ ဖိအားတို့ကို ထုတ်လွှတ်နေ၏။
တစ်ချိန်တည်းတွင် လိပ်နတ်ဘုရားကျွန်းစု ပေါ်မှ လူအများက ခေါင်းကို မော့ကာ ကောင်းကင်သို့ ကြည့်နေကြပေသည်။ သူတို့အားလုံးက ဖိနှိပ်သောအရှိန်အဝါကို ခံစားမိကြပေသည်။ သူတို့က တစ်ခုခု ကြီးကြီးမားမား ဖြစ်ပေါ်လာတော့မည်ဟု ခန့်မှန်းမိကြပေသည်။
"ရာသီဥတုအပြောင်းအလဲက အရမ်းမြန်ပြီး ဒီလိုတွေ ဖြစ်လာတာ ဆိုတော့ နတ်ဘုရားကပ်ဘေးများ စတော့မှာလား။" ရီဖူရှင်းက ရေရွတ်လိုက်သည်။
"ကျုပ် အရင်က ဒါမျိုးကို မမြင်ဖူးဘူး။ ဒါပေမယ့် ရှေးမှတ်တမ်းတွေအရ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးဖြစ်လာရင် အပြောင်းအလဲမြန်တဲ့ သဘာဝဖြစ်စဥ်တွေ ဖြစ်ပေါ်တတ်တယ်တဲ့။ ဒီမြင်ကွင်းကို မြင်ရသလောက်တော့ နတ်ဘုရားကပ်ဘေး မကြာခင် စတော့မယ်ထင်တယ်။" လီချန်ရှန်းက ကောင်းကင်ကို ကြည့်နေရင်း ပြန်ဖြေလိုက်သည်။
တစ်ချိန်တည်းတွင် မြို့ထဲ၌ ရှိနေကြသောလူများက လိပ်နတ်ဘုရားတောင်ထွတ်သို့ ပျံသန်းလာကြပေသည်။
"ကျုပ်တို့လည်း လိပ်နတ်ဘုရားတောင်ထွတ်ကို သွားကြမယ်။" လီချန်ရှန်းက ဆက်ပြောလိုက်သည်။ ချက်ချင်းပင် သူတို့အားလုံးက ကောင်းကင်သို့ ပျံသန်းသွားကြသည်။
ထိုအခိုက်တွင် သူတို့သည် လိပ်နတ်ဘုရားကျွန်းစု၌ ရောက်နေသော လူအကုန်လုံးက လှုပ်ရှားခဲ့ကြပြီး လိပ်နတ်ဘုရားတောင်ထွတ်သို့ ဦးတည်နေကြကြောင်း သတိပြုမိခဲ့ကြပေသည်။
လိပ်နတ်ဘုရားတောင်ထွတ်သည် အင်ပါယာရှီ ကျင့်ကြံရာ နေရာဖြစ်သည်။ တန်ခိုးရှင်များအားလုံးက လိပ်နတ်ဘုရားတောင်ထွတ်သို့ ရောက်သောအခါ ကောင်းကင်မှ ဆင်းသက်လိုက်ကြပြီး တောင်ထိပ်သို့ ခြေလျင်တက်ကြပေသည်။ လူတိုင်းသည် အထက်မှ တောင်ထွတ်ဖျားထိ မသွားရန် အသိရှိကြသည်။ လုံလောက်သော အင်အားမရှိလျှင် သူတို့၏ အပြုအမူက ရန်စသလို ဖြစ်သွားပေလိမ့်မည်။
လူတိုင်း ရောက်နေကြပြီဟု ရီဖူရှင်းက တွေးလိုက်သည်။ သူတို့သည်လည်း တောင်ခြေသို့ရောက်သောအခါ အပေါ်သို့ ခြေလျင်တက်ကြပေသည်။ သူသာလျှင်မဟုတ်ဘဲ တလောကလုံးမှ တန်ခိုးရှင်အားလုံးက တောင်ထိပ်သို့ အပြေးအလွှား တက်နေကြခြင်း ဖြစ်သည်။ မဟာလမ်းစဥ် အရှိန်အဝါတို့က တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာပြီး လူတိုင်းက သူတို့၏ ကိုယ်ပိုင်နည်းစနစ်များကို စတင်အသုံးပြုလာကြသည်။ ထိုအခိုက်အတန့်တွင် ထိုနေရာက အလွန် လှပနေပေသည်။
"အဲဒီလူတွေက ဘယ်သူလဲ။" လူအများက ထိုနေရာသို့ ကြည့်လိုက်ကြသည်။ သူတို့ ကြည့်လိုက်သော နေရာတွင် အဖြူရောင်ဝတ်စုံနှင့် အေးစက်သော အရှိန်အဝါတို့အား ထုတ်လွှတ်နေသည့် နတ်မိမယ်များကို မြင်တွေ့လိုက်ရသည်။ သူတို့အနီးမှ အပူချိန်က အတော်လေး ကျဆင်းနေပြီး သူတို့အနီးကို မည်သူမှ မကပ်ရဲကြပေ။
"မြောက်ပိုင်းအဖြူရောင်ကုန်းမြေ နှင်းမြို့တော်က နတ်မိမယ်တွေ။" တစ်ယောက်က ပြောလိုက်သည်။
"မြူနှင်းဝေနတ်နန်းတော်ကလား။" နောက်တစ်ယောက်က အံ့အားသင့်စွာ မေးလိုက်၏။
"ဟုတ်တယ်။" တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်သည်။ ချက်ချင်းပင် အနီးရှိလူများမှာ ထိုနတ်မိမယ်များကို ချဥ်းကပ်ရန် ကြောက်ရွံ့သွားတော့သည်။ အမျိုးသမီးများက တင့်တယ်လှပလျှင်ပင် မည်သူကမှ သူတို့အား အီစီကလီ သွားမလုပ်ရဲကြပေ။
ရီဖူရှင်းကလည်း ထိုနေရာသို့ ကြည့်လိုက်သည်။ အခြားသော တန်ခိုးရှင်အားလုံးက အကွာအဝေးကို ထိန်းသိမ်းထားကာ နီးကပ်မသွားရဲပုံပေါ်လေသည်။ ကြည့်ရသည်မှာ ထိုအမျိုးသမီးများက အတော်လေး ခြိမ်းခြောက်နိုင်ပုံရပေသည်။
ရီဖူရှင်းသည် သူတို့ကြားတွင် ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုသူမှာ အရင်နေ့ ချောက်ကမ်းပါး၌ တွေ့ခဲ့ရသော နတ်မိမယ် ဖြစ်လေသည်။
"မြောက်ပိုင်း နှင်းမြို့တော်လား။" ရီဖူရှင်းက ရေရွတ်လိုက်သည်။ "သူတို့က မြောက်ပိုင်း အဖြူရောင်ကုန်းမြေ မြူနှင်းဝေနတ်နန်းတော်က ကျင့်ကြံသူတွေလား။"
၎င်းသည် တုန်းဟွာနယ်မြေ၏ အဓိကကုန်းမြေ ခုနစ်ခုမှ တစ်ခု ဖြစ်သည့်အတွက် ရီဖူရှင်းတွင် ထိုနေရာနှင့် ပတ်သတ်သော သတင်းအချက်အလက် အနည်းငယ် ရှိသည်။ မြူနှင်းဝေနတ်နန်းတော်မှာ မြောက်ပိုင်း အဖြူရောင်ကုန်းမြေရှိ နှင်းမြို့တော်တွင် တည်ရှိပေသည်။ သူတို့က မြောက်ပိုင်းအဖြူရောင်ကုန်းမြေ၌ ထိပ်သီးအဆင့်ရှိ အစွမ်းထက် အင်အားစုတစ်ခုဖြစ်သည်မှာ သေချာပေသည်။
သို့ဆိုလျှင် ထိုအမျိုးသမီးက နှင်းမြို့တော်၏ မြူနှင်းဝေနတ်နန်းတော်မှ လာခြင်း ဖြစ်ပေလိမ့်မည်။
"စိတ်ဝင်စားလို့လား။" လီချန်ရှန်းက အပြုံးနှင့် ရီဖူရှင်းအား မေးလိုက်သည်။ "မြူနှင်းဝေနတ်နန်းတော်ရဲ့ ကျင့်ကြံသူတွေအားလုံးက နည်းနည်းကြောက်စရာ ကောင်းပေမယ့် တော်တော်လေး လှကြတယ်။"
ရီဖူရှင်းက ပြုံးရင်း ခေါင်းယမ်းလိုက်သည်။ သူက လီချန်ရှန်း စနောက်နေမှန်း သိထားပေသည်။
သို့သော်လည်း လူတိုင်းသည် မြူနှင်းဝေနတ်နန်းတော်မှ နတ်မိမယ်များကို အနည်းငယ် ကြောက်ရွံ့နေပုံပေါ်သည်။ သူတို့၏ ကျင့်ကြံခြင်းကြောင့် ပေလော။
သူတို့က ဆက်လက်၍ လမ်းလျှောက် တက်သွားကြပြီး အချိန်တိုအတွင်းမှာပင် တန်ခိုးရှင်များက တောင်ထိပ်သို့ ရောက်လုပြီ ဖြစ်လေသည်။ ကောင်းကင်မှ လာသော ဖိအားအရှိန်အဝါက ပို၍ ပြင်းထန်လာပြီး ၎င်းက မဟာလမ်းစဥ်ဖိနှိပ်ခြင်း အရှိန်အဝါပင် ဖြစ်လေသည်။
ကောင်းကင်၌ ဖြစ်ပေါ်လာသော ကြီးမားသည့် ရာသီဥတု အပြောင်းအလဲနှင့် ကြီးကြီးမားမားတစ်ခုခု ဖြစ်ပေါ်လာတော့မည်မှာ သေချာပေသည်။ နတ်ဘုရားကပ်ဘေးက စတင် ရောက်ရှိလာတော့မည် ဖြစ်၏။
***