← Chapters

ရန်လိုသူ

Vol. 134 Ch. 1996

ရန်လိုသူ

Vol. 134 Ch. 1996

“ အိုကေလေ … မတွေ့ဖြစ်တာလည်း ကြာပြီဆိုတော့ ငါမင်းကို အနားယူလို့ ကောင်းမယ့် နေရာတစ်ခုဆီ ခေါ်သွားပေးမယ်…”

အီဗန် သူ့နာရီကို ကြည့်၍ “ အချိန်မရှိဘူး…. မနက်ဖြန်ကျရင် ခုနစ်နာရီ လေယာဉ်နဲ့ ဌာနချုပ်ကို ပြန်တော့မှာ … အနီးအနား ခဏနားလို့ရမယ့် နေရာပဲ ရှာလိုက် …”

“ ဘာလို့ အဲ့လောက်လောနေတာ … တစ်ခုခု ဖြစ်လို့လား ….”

အီဗန် မည်သည်ကိုမျှ ထပ်မဆိုချေ။ ထိုအစား ဝေါ်ကာကို ဦးဆောင်၍ လေဆိပ်အနီးနားရှိ စားသောက်ဆိုင်တစ်ခုသို့ ခေါ်သွားလိုက်သည်။

“ ဖန်းတောက်ဇူနဲ့ ဖန်းရှစ်ဟုန် နှစ်ယောက်လုံး သေပြီ … ကျုံးဝေ့တပ်ဖွဲ့ လက်ချက်ပဲ ..”

“ ကျုံးဝေ့တပ်ဖွဲ့ …. ၊ မဖြစ်နိုင်တာ ….”

ဝေါ်ကာ၏ အမူအရာမှာ မယုံကြည်နိုင်ဖြစ်သွားခဲ့ပြီး အတော်လေး ချဲ့ကားသွားခဲ့သည်။

“ ငါ မှတ်မိသလောက်ဆိုရင် ဖန်းတောက်ဇူဘေးမှာ အတော်လေး ကျွမ်းကျင်တဲ့ ဘော်ဒီဂတ်တစ်ဘောက် ရှိတယ်မဟုတ်ဘူးလား … သူ့ကြည့်ရတာ ဘီအဆင့်တောင် ရောက်တော့မယ်… အဲ့လို အဆင့်ရှိတဲ့ လူတစ်ယောက် ကာကွယ်ပေးထားတဲ့ကြားက ဘယ်လိုလုပ် ပြဿနာ ရှိနိုင်မှာ …”

“ မင်းပြောတဲ့ လူက သိုက်ရုံရှင်း … ၊ သူလည်း အသတ်ခံလိုက်ရတယ်… ကျုံးဝေ့တပ်ဖွဲ့က ဒီတစ်ခေါက် တကယ်ကြီး လေးလေးနက်နက် ကိုင်တွယ်နေတာ …” အီဗန် ပြောဆိုလိုက်ပြီး “ သူတို့ရဲ့ စိတ်သန္နိဌာန်ကို ငါတို့‌ လျှော့တွက်မိခဲ့ပြီ …”

“ ကျုံးဝေ့တပ်ဖွဲ့ရဲ့ လက်ချက်ဆိုတာ မင်းသေချာလား …” ဝေါ်ကာ ခဲထားသည့် စီးကရက်ကို ပြန်ချ၍ တည်ကြည်လေးနက်စွာ မေးမြန်းလိုက်သည်။ “ ငါတော့ အမျိုးသမီးတစ်ယောက်အတွက်နဲ့ ကျုံးဝေ့တပ်ဖွဲ့က ဒီလောက်ထိ တုံ့ပြန်လာမယ်လို့ မတန်ဘူး .. အဲ့တာက တန်မှမတန်တာ….”

“ မင်းပြောတာ ယုတ္တိရှိတယ်…” အီဗန် ပြောလိုက်ပြီး “ ဒါပေမယ့် တစ်ခါတစ်လေမှာ ငါတို့ ထင်မှတ်မထားတာတွေလည်း ဖြစ်ပျက်လာနိုင်တာပဲလေ….”

“ ဒီတစ်ခေါက် ငါ ဟောင်ကောင်ကို သွားတဲ့ ခရီးမှာ ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ရဲ့ ခေါင်းဆောင် လင်းရီက မသေသေးဘူးဆိုတာ သိခဲ့ရတယ်… သူ ကောင်းကောင်းကြီး အသက်ရှင်နေသေးတုန်းပဲ ….”

“ ဖက်ခ် … အဲ့တာတကယ်ကြီးလား …. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….”

ဝေါ်ကာ မယုံကြည်နိုင်ဖြစ်စွာဖြင့် အာမေဋိတ်သံ ပြုလိုက်မိ၏။ “ သူ စီ အဆင့် သွေးရည်ကြည်ကို ကိုယ်ထဲ ထိုးသွင်းခဲ့တာ မဟုတ်ဘူးလား … အဲ့တာကို ဘာလို့ အသက်ရှင်နေသေးတာ …”

အီဗန် ပခုံးတွန့်ပြလိုက်သည်။ “ အဲ့တာတော့ ငါလည်း ဘယ်သိမှာ … ဘယ်လိုပဲ ဖြစ်ဖြစ် သူ မသေဘူး … ၊ ဆိုတော့ … သူ့လက်ချက် ဖြစ်နိုင်ချေများတယ်….”

“ ဒါပေမယ့် သူက ဒီအဆင့်မှာပဲ ရှိသေးတာလေ …. စီအဆင့် သွေးရည်ကြည် ထိုးသွင်းခဲ့တယ်ဆိုရင်တောင် ယာယီအစွမ်းပြပြီးတာနဲ့ ချက်ချင်း ပျောက်ကွယ်သွားမှာ… သိုက်ရုံရှင်းကို သတ်နိုင်ခဲ့တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာ ..”

“ ငါလည်း အဲ့တာ ထူးဆန်းနေတာပဲ …” အီဗန် ဇဝေဇဝါ ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်ပါ .. ဒီလိုမျိုးတွေ ဖြစ်သွားခဲ့ပြီ ဆိုတော့ ဒီအကြောင်းတွေ ဆက်ပြီး စဉ်းစားနေစရာ အကြောင်းမရှိတော့ဘူး … ငါတို့ဆက်လုပ်ရမယ့် ကိစ္စကို ဌာနချုပ်က ဆုံးဖြတ်ပေးလိမ့်မယ်….”

ပြဿနာ၏ လေးနက်မှုကို နားလည်သဘောပေါက်သောကြောင့် ဝေါ်ကာလည်း ထပ်ပြီး ဘာမျှ ဆက်မဆိုတော့ချေ။

ဤသည်က သူတို့၏ ဆယ်နှစ်ကျော်ကြာပြီးသည့်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဟွာရှကို ဆန့်ကျင်သည့် စစ်ဆင်ရေးရှင်းတစ်ခု ဖြစ်၏။ ယင်းက ဤမျှ ခက်ခဲနေလိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ချေ။

ဤသည်က ကောင်းမွန်သည့် လက္ခဏာတစ်ရပ်တော့ မဟုတ်ပါချေ။

“ ကဲပါ … အဲ့ဒီအကြောင်းတွေ ထားလိုက်တော့ …” အီဗန် သာမန်လျှံကာ လေသံဖြင့် ပြောဆိုလိုက်ပြီး “ ဒီမှာရော အခြေအနေတွေ ဘယ်လိုရှိလဲ … ပြဿနာ တစ်ခုခု ဖြစ်သေးလား …”

ဝေါ်ကာ အထင်တသေး အမူအရာဖြင့် ဖြစ်သွားခဲ့ပြီး “ ဒီတိုင်း ကျွန်းနိုင်ငံ အသေးစားလေးကို ဘယ်နားက ပြဿနာ ရှိနိုင်ရမှာ … ငါ့ကိစ္စ စိတ်ပူစရာ မလိုဘူး ….”

“ မင်း ဘယ်အချိန် စဖို့ စီစဉ်ထားလဲ …. အစီအစဉ်ကရော ဘယ်လိုလဲ ….” အီဗန် မေးမြန်းလိုက်သည်။ “ ငါတို့ အလွန်အကြူးကြီးတော့ လုပ်လို့ မဖြစ်ဘူးနော် … မစ်ဆူမိသားစုရဲ့ ကမ္ဘာ့အခြေအနေအပေါ် လွှမ်းမိုးနိုင်စွမ်းနဲ့ဆိုရင် တကယ်လို့ ငါတို့ဘက်က ကောင်းကောင်း မကိုင်တွယ်နိုင်ရင် အကျိုးဆက်တွေက ကိုင်တွယ်နိုင်ဖို့ ခဲယဉ်းသွားလိမ့်မယ်….”

“ ငါလည်း အဲ့အကြောင်း ထည့်စဉ်းစားမိတယ်… ဒါကြောင့်မို့ အသေးစား အက်စီးဒင့်လေး တစ်ခု စီစဉ်ပြီး သတိပေးထားတယ်… ကျန်တာကိုတော့ မစ်ဆူဘီရှီအုပ်စုက ကိုင်တွယ်ပေးလိမ့်မယ်….”

“ မစ်ဆူဘီရှီ အုပ်စု ဟုတ်လား … မင်းက သူတို့ကို အသုံးချမယ်ပေါ့ … ရသားပဲကွ …”

“ ရန်သူရဲ့ ရန်သူက ငါတို့ရဲ့ မိတ်ဆွေပဲ … ဘဏ္ဍာရေး အုပ်စုကြီး အုပ်စုက နှစ်တွေအကြာကြီး ပေါ်တင်မှာရော နောက်ကွယ်မှာရော တိုက်ခိုက်နေကြတာ မစ်ဆူ မိသားစုကို ဖယ်ရှားဖို့ ကိစ္စက ငါတို့ထက်တောင် သူတို့က အလျင်လိုနေသေးတယ်… ဘာမှမခက်ပါဘူး …”

“ အကြံဉာဏ်ကောင်းပဲ … ဂျပန်မှာ မစ်ဆူဘီရှီမိသားစုရဲ့ လွှမ်းမိုးမှုကို ငှားရမ်း အသုံးချနိုင်မယ်ဆိုရင် ငါတို့ရဲ့ ဒီစစ်ဆင်ရေးမှာ အကြီးအကျယ် အထောက်အကူ ဖြစ်နိုင်တယ်… ဒါပေမယ့် သတိထားရမယ့် တစ်ချက်က … ဒီကိစ္စ ပြီးသွားတာနဲ့ ရာမာဂူချီဂိုဏ်းရဲ့ အင်အားစုတွေ အကုန်လုံးက ငါတို့လက်ထဲမှာ ရှိရမယ်… ဒါ ဌာနချုပ်ရဲ့ အမိန့်ပဲ … ရာမာဂူချီဂိုဏ်းကို ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ရမယ်….”

“ မင်း ငါ့အကြောင်းသိပါတယ် ကိုယ့်လူရာ … ဒီကိစ္စ ပြဿနာ မရှိစေရဘူး …”

“ အတိတ်တုန်းကဆိုရင်တော့ ငါ ဘာမှ ပြောမှာ မဟုတ်ဘူး … ဒါပေမယ့် ခုရက်ပိုင်း ဖြစ်လာတဲ့ ကိစ္စတွေက ငါမျှော်မှန်းထားတာထက်ကို တစ်ခုပြီး တစ်ခု ကျော်လွန်နေတော့ မင်း သေချာလေး သတိထားတာ အကောင်းဆုံးပဲ ….”

“ ငါနားလည်တယ်… ဒါပေမယ့် ဒီတစ်ကြိမ်တော့ ငါ့ဘာငါပဲ ကိုင်တွယ်မယ်… ငါ အဆင်ပြေမှာပါ … ဒါပေမယ့် ရာမာဂူချီဂိုဏ်းက မစ်ရှင်ရဲ့ အဓိကအချက်လို့တော့ ငါ မထင်ဘူး ….” ဝေါ်ကာ ပြောဆိုလိုက်ပြီး “ စီအဆင့် သွေးရည်ကြည်ကို ခန္ဓာကိုယ်က အပြည့်အဝ ချေဖျက်ပြီးဖို့ဆိုရင် အနည်းဆုံး တစ်ပတ်လောက်တော့ အချိန်ယူရမှာ … လင်းရီက ငါတို့အတွက် အသုံးဝင်သေးတယ်… အသက်ရှင်နေသေးတယ်ဆိုတော့ ပိုပြီး စမ်းသပ်လို့ ကောင်းသွားတာပေါ့ … ဒီအကြောင်းရော ဌာနချုပ်က ဘာပြောလာခဲ့သေးလဲ ….”

“ ဒီကိစ္စကို ငါ ဌာနချုပ်နဲ့ ပြန်ဆွေးနွေးလိုက်ဦးမယ်…” အီဗန် ပြောလိုက်ပြီး “ ဒါပေမယ့် ငါထင်တာပြောရရင်တော့ ဌာနချုပ်ကလည်း ဒီကိစ္စကို လွယ်လွယ်နဲ့ လက်လျော့လိုက်လိမ့်မယ်လို့ မထင်ဘူး … မင်း ပြင်ဆင်ထားတာ အကောင်းဆုံးပဲ …. ဌာနချုပ်က မင်းကို ဒီတစ်ခေါက် စေလွှတ်ရင် လွှတ်မှာ … ပြောမရဘူး …”

“ အဲ့တာဆိုလည်း ကောင်းတာပေါ့ … ငါတော့ စောင့်တောင် မစောင့်နိုင်တော့ဘူး …” အီဗန် စိတ်လှုပ်ရှားနေသည့် လေသံဖြင့် ပြောလိုက်သည်။

“ မင်းတော့ တကယ့်ကောင်ပဲ …” အီဗန် ပြုံးလိုက်ပြီး “ ငါတို့သာ နောက်တစ်ကြိမ် ထပ်လှုပ်ရှားရရင် ဒီတစ်ခေါက် ပြည်မကြီးထဲထိ ဝင်ပြီး လှုပ်ရှားရတော့မှာ … ငါတို့အတွက် အန္တရာယ်များတဲ့ အလုပ်ပဲ ….”

“ အန္တရာယ်များတာ ငါသိတယ်… ဒါပေမယ့် ကျုံးဝေ့တပ်ဖွဲ့က ငါ့ကို ဘယ်လိုဟန့်တားမလဲဆိုတာ မျှော်လင့်မိနေတုန်းပဲ …”

အတူတကွ စားသောက်ပြီးနောက် ဝေါ်ကာသည် အီဗန်ကို လေယာဉ်ပေါ်သို့ ပြန်လိုက်ပို့၍ တိုကျိုသို့ တစ်ဦးတည်း ဦးတည်မောင်းနှင်လာခဲ့သည်။

“ စီအဆင့် သွေးရည်ကြည်ကို သုံးပြီးတာတောင် အသက်ရှင်နေတုန်းပဲတဲ့ .. ဟက်... ငါတော့ မင်းနဲ့ အတော်လေး တွေ့ချင်နေပြီ ခေါင်းဆောင်လင်း ….”

ဝေါ်ကာ မိမိကိုယ်ကို ရေရွတ်ရင်း သူ၏ နှုတ်ခမ်းထောင့်စွန်းတို့က ထီမထင်စွာ တွန့်ကွေးတက်သွားခဲ့သည်။

…………

မီနာအီတိုသည် လင်းရီကို ကားပေါ်တင်ဆောင်လျက် တိုကျိုမြို့နှင့် တစ်ဆယ်ကီလိုမီတာ အကွာရှိ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုသို့ မောင်းနှင်လာခဲ့သည်။

ထိုအချိန် ပတ်ဝန်းကျင်မှာ ထိန်လင်းစ ပြုလာပြီး တိုက်ခတ်တိုးဝှေ့နေသည့် လေညှင်းတို့ကလည်း အင်မတန် သက်တောင့်သက်သာ ဖြစ်စေသည်။ မျက်ဝန်းတစ်စုံနှင့် မြင်နိုင်သည့် အကွာအဝေးတစ်လျှောက် စိမ်းလန်းသည့် သစ်ပင်တို့က နေရာအနှံ့ ပြည့်နှက်နေပြီး မလှမ်းမကမ်း တစ်နေရာတွင် ရေကန်တစ်ခုလည်း ရှိ၏။

မီနာအီတိုသည် ကားကို လမ်းတစ်နေရာတွင် ရပ်တန့်လိုက်ပြီး သူမရှေ့ရှိ ဗီလာအား လက်ညှိုးညွှန်ပြလိုက်သည်။

“ လူကြီးမင်းလင်း … ရိုရှီဇာခီ နေတဲ့နေရာက အဲ့ဒီမှာပဲ …”

“ ဆက်ပြီးမောင်း … ငါ သူနဲ့ သွားတွေ့မယ်…”

“ ဒီမှာ လုံခြုံရေး အစောင့်တွေက တင်းကြပ်ထားတော့ ဆက်ပြီး မောင်းသွားမယ်ဆိုရင် သူတို့တွေ သတိပြုမိသွားမှာနော်…”

မီနာအီတိုက ပြောလိုက်သည်။

“ ငါတို့အားလုံးက နိုင်ငံကြီးသား ပီသတဲ့လူတွေပဲ မဟုတ်ဘူးလား … ကိစ္စ တစ်ခုခု ရှိရင် တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်ပြီး ဆွေးနွေးသင့်တာပေါ့ … တည့်တည့်ပဲ မောင်းဝင်သွားလိုက် ….” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

မီနာအီတိုက လင်းရီနှင့် ထိတွေ့ဆက်ဆံဖူးခြင်း မရှိသဖြင့် သူ၏ လုပ်ရိုးလုပ်စဉ်များအား နားမလည်နိုင်ဘဲ ဖြစ်နေသည်။

သို့သော် ယခု ကိစ္စ၌ လင်းရီက တာဝန်ရှိသူဖြစ်သဖြင့် သူ ညွှန်ကြားသည့်အတိုင်း သူမဘက်က လုပ်ဆောင်ပေးဖို့ လိုအပ်သည်။ ထို့ကြောင့် လင်းရီ ပြောသည့်အတိုင်းပဲ ရိုရှီဇာခီ၏ နေထိုင်ရာ ဗီလာရှိရာထံသို့ ကားကို တည့်တည့် မောင်းနှင်လာခဲ့လိုက်သည်။

သို့သော် ဗီလာနှင့် မီတာ တစ်ရာခန့် အကွာ၌ လုံခြုံရေး အစောင့်နှစ်ဦးက နေရာကို စောင့်ကြပ်နေပြီး လမ်းအလယ်တွင် သူတို့အား ပိတ်ဆို့ဟန့်တားလာသည်။

“ မင်းတို့က ဘယ်သူတွေလဲ …” သူတို့ထဲက တစ်ယောက်မှ လေးနက်တည်ကြည်သည့် မျက်နှာထားဖြင့်‌ မေးမြန်းလာခဲ့၏။

“ မစ်ဆူမိသားစုက ရောက်လာတယ်လို့ သတင်းသွားပို့လိုက် … မင်းတို့ ခေါင်းဆောင်နဲ့ စကားပြောစရာ ရှိတယ်…”

“ မစ်ဆူ မိသားစု …”

မီနာအီတို မည်သူဖြစ်သည်ကို သိရှိသွားခဲ့တော့ အစောင့်နှစ်ဦး၏ အမူအရာမှာ ပိုပြီး ရိုကျိုးမှု ရှိလာသည်။

“ ဒီမှာ ခဏလောက် စောင့်နေပေးဦး … ငါတို့ ဒီကိစ္စ တင်ပြဖို့ လိုတယ်…”

“ ကောင်းပြီ … “

နှစ်ယောက်မှာ ကားကို ဘေးတစ်နေရာတွင် ပါကင်ထိုး၍ စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။

မိနစ် နှစ်ဆယ်ခန့် ကြာပြီးသည့်နောက် အစောင့်နှစ်ဦးက သူတို့အနားသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး “ ငါတို့သူဌေးက မင်းတို့နှစ်ယောက်ကို ဝင်လာခဲ့ဖို့ ပြောတယ်…”

မီနာအီတိုသည် စကားပြန်မဆိုဘဲ ခေါင်းညိတ်တုံ့ပြန်လိုက်၏။ ထို့နောက် ဗီလာခြံဝန်းအတွင်းထဲသို့ ကားကိုဆက်ပြီး မောင်းနှင်လာခဲ့သည်။

လင်းရီအဖို့ … ဤသည်က အရေးကြီးသည့် တွေ့ဆုံမှု တစ်ခု ဖြစ်ပြီး ရိုရှီဇာခီထံကနေ သတင်းအချက်အလက် မည်မျှ ရရှိနိုင်မလဲဆိုသည်က သူ၏ အစွမ်းအစအပေါ်တွင် မူတည်နေလေသည်။

All Chapters