မင်းပုံစံက ထင်ရသလောက်လည်း မဟုတ်ဘူးပဲ
Vol. 134 Ch. 1997
တိတ်ဆိတ်အေးချမ်းသည့် သာမန် မနက်ခင်းလေး တစ်ခုဖြစ်သော်ငြားလည်း လင်းရီနှင့် မီနာအီတိုတို့၏ လည်ပတ် ရောက်ရှိလာမှုကြောင့် မီးခိုးယမ်းနံ့တို့ စတင်လွှမ်းထုံလာသည်။
ခြံဝန်းထဲရောက်သည်တွင် လူအယောက်နှစ်ဆယ်ကျော်က ဝင်ပေါက်ဝ၌ မတ်တပ်ရပ်၍ သူတို့မောင်းနှင်လာသည့် ကားထံသို့ စူးစိုက်ကြည့်နေခဲ့ကြ၏။
လင်းရီမှာ ကားထဲ၌ ထိုင်နေရင်း သူ့အရှေ့ မြင်တွေ့နေရသည့် လူများအပြင် အခြားထောင့်နေရာများ၌ ပုန်းအောင်းနေသည့်လူများ ရှိနေကြောင်းကိုလည်း စိတ်က သတိထားမိလိုက်သည်။ သူတို့အားလုံးက စနိုက်ပါ ကိုယ်စီဖြင့် သူရွေ့လျားသည့်အတိုင်း လိုက်ပါရွေ့လျား ချိန်ရွယ်နေကြဟန်ပင်။
လုံခြုံရေးက အမှန်ပင် တင်းကြပ်ထားသော်လည်း လင်းရီကတော့ အနည်းငယ် ချဲ့ကားလွန်းသည်ဟု ထင်မိ၏။
ဖန်းတောက်ဇူ၏ ဗီလာနှင့် နှိုင်းယှဉ်ပါက ကာကွယ်ထားသည့် လုံခြုံရေး အဆင့်မှာ လုံးဝကို မတူညီသည့် အဆင့်၌ ရှိသည်။
မကြာမီ ကားက ဝင်ပေါက်ဝသို့ ရောက်ရှိလာခဲ့ပြီး နှစ်ဦးလုံး အပြင်သို့ ထွက်လာခဲ့ကြ၏။
သက်လတ်ပိုင်း အမျိုးသားတစ်ဦးက တံခါးပေါက်ဝတွင် ရပ်တန့်၌ လင်းရီနှင့် မီနာအီတိုကို စုံချည်ဆန်ချည် အကဲခတ်နေသည်။
“ လူကြီးမင်း တာရိုခါရာဆာဝါက မင်းတို့ကို လာခိုင်းတာလား …”
“ အင်း …” လင်းရီ ပေါ့ပေါ့ပါးပါးပဲ ပြန်လည် တုံ့ပြန်လိုက်၏။
“ ဒါဆို မင်းတို့နှစ်ယောက်ကို အပြင်မှာ ခဏစောင့်ပေးဖို့ ဒုက္ခပေးရတော့မယ်… လူကြီးမင်း ရိုရှီဇာခီက အနားယူနေတုန်းပဲ ရှိသေးတယ်… သူ အိပ်ရာက နိုးလာရင် မင်းတို့နှစ်ယောက်နဲ့ တွေ့လိမ့်မယ်…”
“ သူက မထသေးဘူးပေါ့ …” မီနာအီတို မျက်မှောင်ကြုတ်သွားခဲ့ပြီး “ မနက် ခြောက်နာရီကျော်နေပြီကို လူကြီးမင်း ရိုရှီဇာခီက အခုထိ မထသေးဘူးပေါ့ … ဒါပေမယ့် ခုနလေးတင်ပဲ . . . .. . . “
“ ကောင်းပြီလေ… နည်းနည်းစောနေသေးတာ အမှန်ပဲ … ဒီမှာ ခဏလောက် စောင့်ကြတာပေါ့ …”
လင်းရီ စကားဖြတ်ပြောလိုက်၏။
သူမ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သော်လည်းပဲ မီနာအီတို ဘာမျှ ဆက်မပြောလာခဲ့ချေ။ နှစ်ဦးလုံး ကားထံသို့ ပြန်လာ၍ ဆက်ပြီး စောင့်ဆိုင်းနေကြလေသည်။
“ လူကြီးမင်းလင်း … ရှင် ဒါကို တမင်သက်သက်လုပ်လိုက်တာမလား ….” မီနာ အီတို မေးမြန်းလိုက်၏။ “ ကျွန်မတို့ရဲ့ အထောက်အထားက ထူးခြားတယ်… လက်အောက်ငယ်သားတွေက သူ့ကို သတင်းပို့မှာ သေချာတယ်… ဒါတောင် အိပ်ရာမထသေးဘူးဆိုပြီး သူ တမင် လုပ်နေတာပဲ ဖြစ်ရမယ်….”
“ အင်း … သူ တမင် ရည်ရွယ်ချက် ရှိရှိ လုပ်နေတာ …” လင်းရီ ပြောလိုက်သည်။
“ ဒါဆို ရှင်ကရော ဘာလို့ ငြိမ်ခံနေရတာလဲ …”
“ ရိုရှီဇာခီ ရည်ရွယ်ချက်ရှိရှိ လုပ်တာ ဖြစ်ဖြစ် ၊ မလုပ်တာ ဖြစ်ဖြစ် ဒီနေ့ကိစ္စရဲ့ ရလဒ်က ဆုံးဖြတ်ထားပြီးသားပဲ …” လင်းရီ ပြောဆိုလိုက်ပြီး “ သူ ထပ်ပြီး ကြာကြာ နေရမလား .. ဒါမှမဟုတ် ခဏပဲ နေနိုင်မလားဆိုတဲ့ အပေါ်မှာပဲ သက်ရောက်မှု ရှိသွားမှာ … သေတော့မယ့်လူကို အချိန်နည်းနည်းလောက် ပိုပေးလိုက်ကြတာပေါ့ … အလျင်လိုစရာ မလိုပါဘူး ….”
“ ဒါက . . . .”
မီနာအီတိုမှာ ရှော့ခ်ရမှုကြောင့် ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။
….....………
ဗီလာအတွင်းထဲရှိ သူ၏ ကိုယ်ပိုင် အိပ်ခန်းထဲ၌ ရိုရှီဇာခီမှာ ဇိမ်ပြေနပြေ မျက်နှာသစ်လျက် ကိုယ်လက်သန့်စင်နေပြီး သူ၏ အမူအရာမှာ အလျင်လိုခြင်း ကင်းမဲ့နေသည်။
ရိုရှီဇာခီ ကျိုမိုတိုက အတော်လေး ဝဖိုင့်ဖိုင့်နိုင်ပြီး အရပ်အမောင်းက 170 စင်တီမီတာ ရှိကာ ကိုယ်အလေးချိန်ကတော့ ပေါင် ၂၀၀ ကျော်နေသည်။ သူ့ပုံစံက ဘောလုံးတစ်လုံးကဲ့သို့ ဖြစ်နေခဲ့၏။
မျက်နှာသစ်ပြီးသည့်နောက် ရိုရှီဇာခီသည် သူ၏ အနက်ရောင် ဆာမူရိုင်း ဝတ်စုံကို လဲလှယ်လိုက်ကာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်သည်။
သူ၏ သွင်ပြင်က ဘောလုံးကဲ့သို့ ဝဖိုင့်ဖိုင့်နိုင်နေသော်လည်းပဲ ဓားရေး လှုပ်ရှားမှုတွင်တော့ ထင်မှတ်မထားရလောက်အောင် သွက်လက်မြန်ဆန်လွန်းနေသည်။ ခြေလှမ်းများက မော်တာစက်တပ်ထားသည့်အလား အောက်မေ့ရလောက်အောင် လျင်မြန်လွန်းလှကာ လက်၏ လှုပ်ရှားမှုကလည်း အတော်လေး သွက်လက်လှ၏။
မနက်ခင်းတိုင်းတွင် သူ၏ အရည်အချင်းများကို တိုးတက်စေရန်အတွက် ရိုရှီဇာခီသည် အမြဲတမ်း ဓားရေးလေ့ကျင့်လေ့ရှိသည်။
ဒိုဂျိုခန်းမထဲရှိ ဓားစင်တစ်နေရာတွင် ရိုရှီဇာခီ အသုံးပြုသည့် ကိုယ်ပိုင် ဓားတစ်ချောင်းရှိပြီး ၎င်း၏ အမည်ကိုတော့ တိုရိုတိုမီ အိုဒါချီဟု အမည်ပေးထားသည်။
ရိုရှီဇာခီ၏ ဘိုးဘေးစဉ်ဆက်တို့မှာ ဆာမူရိုင်း အနွယ်ဝင်များဖြစ်ပြီး ဆာမူရိုင်းတို့ ဘုရင်မင်းထံ အာဏာလွှဲအပ်ပြီးနောက် ကုန်သည်များအဖြစ် အလုပ်ကူးပြောင်းခဲ့သော်လည်းပဲ လက်စွဲတော် ဆာမူရိုင်းဓားကိုတော့ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာခဲ့လေသည်။
သို့ပေမယ့် သူ၏ လက်ရှိ ဝဖိုင့်နေသည့် သွင်ပြင်ကတော့ ဘိုးဘေးများအတွက်တော့ မျက်နှာရှက်စရာပင် ဖြစ်၏။ သို့ပေမယ့်လည်း ကာယကံရှင် ဖြစ်သည့် ရိုရှီဇာခီကတော့ မည်သို့မျှ ဂရုစိုက်ဟန်မရှိပေ။
ရိုရှီဇာခီ ဓားကို ယူဆောင်ပြီးသည်နှင့် လင်းရီနှင့် မီနာတိုတို့ကို ဆီးကြိုခဲ့သည့် သက်လတ်ပိုင်း အမျိုးသားမှာ သူ့နောက်တွင် ထွက်ပေါ်လာသည်။
“ ခေါင်းဆောင် …၊ တာရို ခါရာဆာဝါ စေလွှတ်လိုက်တဲ့ လူနှစ်ယောက် ဂိတ်ပေါက်ဝမှာ စောင့်နေပါတယ်….”
“ အင်း.... သူတို့ကို စောင့်ထားခိုင်းလိုက် …”
ရိုရှီဇာကီသည် ဓားကို ပေါင်တွင် ထား၍ ညင်သာစွာ သန့်ရှင်းရေး ပြုလုပ်နေလျက်ရှိသည်။ လင်းရီတို့နှင့် ဆုံတွေ့ရမည့် အရေးကို အလျင်လိုဟန် သူ့တွင် မမြင်ရချေ။
“ သူတို့က ရုတ်တရက်ကြီး ရောက်လာတယ်ဆိုတော့ ကျုပ်အထင် အာယာနဲမစ်ဆူကို တိုက်ခိုက်တဲ့ နောက်ကွယ်မှာ ကျုပ်တို့ ရှိတယ်ဆိုတာကို သူတို့ သတိပြုမိသွားလို့နဲ့ တူတယ်…”
“ အဲ့လိုနေမှာပေါ့ …” ရိုရှီဇာခီ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ မစ်ဆူဘီရှီအုပ်စုက မစ်ဆူအုပ်စုကို ရိုက်ချဖို့ အခွင့်အရေးစောင့်ဆိုင်းနေတာ … နှစ်ဖက်လုံး အကွဲအပြဲတွေ ဖြစ်သွားရင်တောင် ကိစ္စမရှိဘူး … လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ သက်သေမရှိဘဲနဲ့ စွပ်စွဲရုံကလွဲလို့ သူတို့ ဘာများ တတ်နိုင်မှာမို့လို့ …”
“ အပြင်က နှစ်ယောက်နဲ့ ဘယ်အချိန်လောက် တွေ့မယ် စိတ်ကူးထားလဲ ခေါင်းဆောင် …”
“ အဲ့ ယင်ကောင်အသေးစားလေး နှစ်ယောက်က ငါနဲ့ တွေ့ခွင့်ရမှာကိုပဲ ကံကောင်းလှပြီ…. ငါ စိတ်ပါတဲ့ အချိန်မှ သူတို့နဲ့ တွေ့မယ်…”
“ ကျုပ်တို့ သခင်လေး အီဝါဆာကီကို ဒီအကြောင်း သတင်းပို့သင့်လား …”
“ မလိုဘူး … ဒီလို အသေးမွှားကိစ္စလေးကို သတင်းပို့ပြီး ဘာကိစ္စ နှောင့်ယှက်နေမှာ …”
“ နားလည်ပါပြီ …”
…..
သတိမထားမိသည့် အချိန်ခဏအတွင်းမှာပဲ တစ်နာရီကျော်ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ကာ လင်းရီတို့နှစ်ဦးမှာ ရိုရှီဇာခီထံမှ ဆင့်ခေါ်မှုကို မရရှိပါဘဲ ကားအတွင်း၌သာ စောင့်ဆိုင်းနေခဲ့ရသည်။
လင်းရီမှာ ဖုန်းကိုင်၍ အာယာနဲမစ်ဆူနှင့် စကားပြောနေပြီး သူ့ကြည့်ရသည်မှာ အနှောင့်အယှက် ဖြစ်နေသည့်ပုံလည်း မပေါ်ချေ။
နောက်တစ်နာရီ ၊ နှစ်နာရီနီးပါးခန့်ကြာပြီးနောက်တွင် သက်လတ်ပိုင်း လူကြီးမှ တစ်ဖန် ပြန်ပေါ်လာခဲ့၏။
“ လူကြီးမင်းလင်း …” မီနာအီတို သတိပေးလိုက်သည်။
လင်းရီ ခေါင်းမော့လာခဲ့၏။ “ သွားကြတာပေါ့ …”
“ ခေါင်းဆောင်က မင်းတို့ကို ငါးမိနစ် အချိန်ပေးတယ်… မင်းတို့ဘက်က ပြောစရာရှိရင် လိုရင်းတိုရှင်းပဲပြော …”
“ အင်း … ရတယ်….” လင်းရီ တုံ့ပြန်လိုက်သည်။
သက်လတ်ပိုင်း အမျိုးသားက အခြားသူများကို အချက်ပြလိုက်ရာ လင်းရီတို့နှစ်ဦးအား ဘော်ဒီချက် ပြုလုပ်ရန်အတွက် လူနှစ်ဦး ရောက်လာသည်။
ယခုလို ဖြစ်မည်ကို ကြိုတင် မျှော်လင့်ထားသဖြင့် လင်းရီသည် စကေဘာ နှင့် ဓားမြောင်ကို ကားအတွင်း ချန်ထားရစ်ခဲ့ပြီး ဖြစ်သည်။
မီနာအီတို၏ သေနတ်မှာတော့ တရားဝင် သိမ်းဆည်းထားခံလိုက်ရ၏။
“ ကောင်းပြီ…. ငါ့အနောက်ကလိုက်ခဲ့ …”
သက်လတ်ပိုင်း လူကြီးက အနောက်မှ လိုက်ခဲ့ရန် လက်ဟန်ပြလိုက်ပြီး ရိုရှီဇာခီ၏ ဒိုဂျိုဟောခန်းထဲသို့ ဦးဆောင်လာခဲ့သည်။
ထိုအချိန် ရိုရှီဇာခီမှာ သစ်သားစားပွဲ အသေးလေးရှေ့တွင် တင်ပျဉ်ခွေထိုင်နေလျက် ရှိပြီး အာဟာရပါဝင်မှုနှုန်း မြင့်မားသည့် ရိုးရှင်းသည့် မနက်စာကို စားပွဲပေါ်တွင် ခင်းကျင်းထားသည်။
တိုရိုတိုမီ အိုဒါချီ ဓားမှာ စားပွဲအသေးလေးဘေးတွင် လဲလျောင်းနေလျက်ရှိကာ ခြိမ်းခြောက်နိုင်သည့် အော်ရာတို့အား ထုတ်လွှတ်နေသည်။
ဓား၏ သွင်ပြင်က အတော်လေး မျက်စိကျစရာ ဖြစ်သဖြင့် လင်းရီပင် အချိန်အနည်းငယ်ကြာအောင် စိုက်ကြည့်မိသွားခဲ့သည်။
“ မင်းတို့နှစ်ယောက် ငါ့ဆီရောက်လာတာ ဘာကိစ္စလဲ …”
ရိုရှီဇာခီ၏ အရှိန်အဝါမှာ သန်မာပြင်းထန်လှ၏။ ဒီအဆင့်ရှိသည့် သူ၏ ခွန်အားဖြင့် ပေါင်းစပ်လိုက်သည်တွင် မီနာအီတိုမှာ သူနှင့် မျက်နှာချင်းဆိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ဖိအားခံစားလာခဲ့ရတော့၏။
သို့သော် လင်းရီမူကား မည်သည့် သက်ရောက်မှုဖိအားကိုမျှ ခံစားရခြင်း မရှိပေ။
“ မနေ့ညက ကားအက်စီးဒင့် …၊ ခင်များရဲ့ စနက်မဟုတ်လား …”
လင်းရီ၏ အမူအရာမှာ သာမန်ကိစ္စရပ်တစ်ခုကို ဆွေးနွေးပြောဆိုနေသကဲ့သို့ တည်ငြိမ်လှသည်။
“ မင်း ဘာပြောနေလဲဆိုတာ ငါ နားမလည်ဘူး …”
“ ဘာပဲပြောပြော ခင်များက ရာမာဂူချီဂိုဏ်းခွဲရဲ့ ခေါင်းဆောင် ဖြစ်နေပြီးမှ ကိုယ့်လုပ်ရပ်ကိုယ် ဝန်မခံရဲတာကတော့ အတော်လေး သတ္တိကြောင်လွန်းတယ် မထင်ဘူးလား…”
ရိုရှီဇာခီသည် လင်းရီကို မျက်ခုံးပင့်ကြည့်လိုက်၏။ သူ့အရှေ့တွင် ယခုလို လေသံဖြင့် စကားလာပြောဝံ့သည့် ဤလူမှာ ရိုးစင်းသည့်ပုံတော့ မပေါ်ချေ။
ထိုသို့ တွေးတောရင်း ရိုရှီဇာခီ၏ အဆီတို့ ပြည့်နှက်နေသည့် မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
“ ငါ လုပ်တယ်ဆိုတော့ရော ဘာဖြစ်လဲ … မင်းတို့က ဒီကို လက်စားချေဖို့ ရောက်လာတာလား …” ရိုရှီဇာခီ အပြုံးလေးဖြင့် ပြော၍ “ မင်းတို့နှစ်ယောက်တည်းဆိုရင်တော့ လုံလောက်မှာ မဟုတ်ဘူး ….”
“ ခင်များ ဝန်ခံတယ်ဆိုတာနဲ့တင် လုံလောက်ပြီ …”
လင်းရီ မတ်တပ်ရပ်ပြီး ရိုရှီဇာခီအနားသို့ လျှောက်လှမ်းလာသည်။ တစ်ဖက်သူမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။ လင်းရီ ယခုလို ပြုမူလာလိမ့်မည်ဟု သူ့ဘက်က မျှော်လင့်မထားခဲ့ပါချေ။
“ ကိုယ့်နေရာကိုယ်နေ …၊ မဟုတ်ရင် မင်းအတွက် ကောင်းမှာမဟုတ်ဘူး …”
“ ကျုပ်က ဒီကို ပြဿနာရှင်းဖို့ လာခဲ့တာ ဒီတိုင်းပဲ ရပ်နေမယ်ဆိုရင် ပြဿနာ ဖြေရှင်းဖို့က ဘယ်လိုလုပ်ဖြစ်နိုင်တော့မှာ …”
“ ငါ့ပိုင်နက်ထဲမှာ ငါ့စကားကို နားမထောင်ဘူးပေါ့ … ကောင်လေး … မင်းတော့ အမှားကြီးကြီး လုပ်မိပြီ …”
သူ့စကားဆုံးသည်နှင့် ရိုရှီဇာခီ၏ အမူအရာမှာ ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး သူ့ဘေးနားတွင် ရှိသည့် ဓားကို ဆွဲထုတ်၍ လင်းရီထံသို့ ခုတ်ပိုင်းလာသည်။
သို့သော် လင်းရီက ပို၍ပင် လျင်မြန်နေခဲ့၏။ သူ၏ ကြီးမားသည့် လက်ကြီးက တစ္ဆေရိပ်ကဲ့သို့ လျင်မြန်လှပြီး ရိုရှီဇာခီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာသည်။ ထို့နောက် ခွန်အားအပြည့်ဖြင့် ဆွဲလိမ်လိုက်၏။
ပြင်းထန်လှသည့် နာကျင်မှုက ရိုရှီဇာခီကို ကျယ်လောင်စွာ မြည်တမ်းသွားစေခဲ့ပြီး သူ၏ အရိုးများအားလုံး ကျိုးကြေတော့မည့်နှယ် ခံစားလိုက်ရသည်။ ရိုရှီဇာခီ လက်ထဲတွင် ကိုင်ထားသည့် ဓားမှာ ချက်ချင်း ပြုတ်ကျလာခဲ့ပြီး ချက်ချင်းဆိုသလိုပဲ လင်းရီ၏ ဆွဲယူခြင်းကို ခံလိုက်ရသည်။ မျက်တောင်တစ်ခတ်စာအတွင်းမှာပဲ ဓားအသွားက ရိုရှီဇာခီ၏ လည်ပင်းထံသို့ ဖိကပ်ထားပြီး ဖြစ်သွားခဲ့၏။
“ ခင်များရဲ့ အရည်အချင်းက ထင်သလောက်ကြီးလည်း မဟုတ်နေဘူးပဲ …”