မင်းကို အက်စီးဒင့်ဖြစ်အောင် လုပ်တာသူပဲ
Vol. 134 Ch. 1998
“ မင်း …”
ရိုရှီဇာခီသည် လည်ပင်းသို့ ချိန်ရွှယ်ထားသည့် ဓားကို စိုက်ကြည့်ရင်း ဓားသွားထက်မှ အေးမြသည့် ခံစားချက်က ကိုယ်အတွင်းသို့ စိမ့်ဝင်လာခဲ့သည်။
သေခြင်းတရား၏ ခြိမ်းခြောက်မှုက သူ့ခန္ဓာကိုယ်အတွင်းအရှိ အသွေးအသားများကိုပင် အေးခဲသွားလုစေမတတ်ပင်။
“ မင်း အခု ကိုယ့်ကိုယ်ကို ဘာလုပ်နေတယ်လို့ထင်လဲ …” ရိုရှီဇာခီသည် ရင်ထဲ ထိတ်လန့်တုန်လှုပ်နေပြီး လင်းရီကို ပြူးကျယ်သည့် မျက်ဝန်းတို့ဖြင့် စိုက်ကြည့်လိုက်သည်။ “ မင်း ငါ့ကို ထိရဲရင် ထိကြည့်စမ်း … မင်းတို့ တစ်ယောက်မှ ဒီကနေ ရှင်လျက် ထွက်သွားနိုင်ဖို့ မစဉ်းစားနဲ့ …”
“ ထွက်သွားလို့ မရဘူး ဟုတ်လား …” လင်းရီ၏ အမူအရာမှာ တည်ငြိမ်နေလျက်သာ ရှိပြီး မည်သည့် တုံ့ပြန်မှုကိုမျှ ပြသမလာချေ။
“ ကျုပ်တို့နှစ်ယောက်ပဲ ရောက်လာတယ်လို့ ဘာလို့ ပြောနိုင်ရတာ … အပြင်မှာ တိုက်ခိုက်ဖို့ ပုန်းအောင်းနေတဲ့ တခြားလူတွေရော မရှိနိုင်ဘူးလား ….”
“ မင်း …. တကယ်ကြီး ….”
လင်းရီ၏ စကားက ရိုရှီဇာခီကို ဟန်ဆောင်ထားသည့် မျက်နှာဖုံးအား အလွှားလိုက် ကွာကျသွားစေခဲ့သည်။ အကယ်၍ တာရိုခါရာဆာဝါ၏ လူများကသာ အပြင်တွင် စောင့်ဆိုင်းနေခဲ့မည်ဆိုပါက အမှန်တကယ် ပြဿနာ တက်ပြီ ဖြစ်သည်။
မီနာအီတိုသည် အနီးအနားတွင် ရပ်နေရင်း လင်းရီကို တိတ်တိတ်လေး ခိုးကြည့်လိုက်မိသည်။ ဤလူ၏ ဖြေရှင်းနည်းလမ်းက မယုံကြည်နိုင်လောက်အောင် သန်မာလှပေသည်။ ဤနေရာသို့ သူမတို့နှစ်ဦးတည်း ရောက်လာခဲ့သည်မှာ အသိသာကြီးပင်။ သို့သော် လင်းရီ၏ လေသံကို နားထောင်ကြည့်မည်ဆိုပါက အမှန်တရား တစ်စုံတစ်ရာကို ပြောဆိုနေသည်ဟု ထင်ယောင်ထင်မှား ဖြစ်သွားနိုင်လေသည်။
“ ဒီ အခြေအနေထိ ရောက်လာမှတော့ တခြား ဘာမှ ပြောနေစရာ မလိုတော့ဘူး …” လင်းရီ ပြောဆိုလိုက်ပြီး “ ခင်များက မစ်ဆူဘီရှီ အုပ်စုနဲ့ မဟာမိတ် ဖွဲ့ထားတယ်… ဆိုတော့ ကျုပ်သိချင်တာ အက်စီးဒင့်ကို သူတို့က အမိန့်ပေးတာလား … စဉ်းစားဖို့ အချိန်သုံးစက္ကန့်ပေးမယ်… ကျုပ်ကို အကြာကြီး စောင့်ရအောင် မလုပ်နဲ့ …”
“ ဟုတ်တယ်…”
ရိုရှီဇာခီ ချက်ချင်း ပြန်ဖြေလိုက်ပြီး လင်းရီ အမှတ်စဉ် ရေတွက်မည်ကိုပင် စောင့်ဆိုင်းမနေတော့ချေ။
“ မစ်ဆူအုပ်စုနဲ့ မစ်ဆူဘီရှီ အုပ်စုက အမြဲတမ်း အတူယှဉ်တွဲပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြတယ်ဆိုပေမယ့် မစ်ဆူအုပ်စုက မစ်ဆူဘီရှီအုပ်စုထက် ပိုပြီး သန်မာတယ်… အဲ့တာကို မစ်ဆူဘီရှီအုပ်စုက မစ်ဆူအုပ်စုကို ထိပါးဖို့ ဘယ်နားက သတ္တိတွေ ရလာခဲ့တာလဲ …”
ဤသည်က လင်းရီ၏ မေးခွန်းဖြစ်သည်။ မစ်ဆူဘီရှီ အုပ်စု၏ ရည်ရွယ်ချက်ကို ရှာဖွေသည်က ပြဿနာ တော်တော်များကို ဖြေရှင်းပေးပြီး ဖြစ်သွားနိုင်သည်။
“ အဲ့တာတော့ ငါလည်း မသိဘူး … အာယာနဲ မစ်ဆူကို ကားအက်စီးဒင့် ဖြစ်အောင် စီစဉ်ပေးဖို့ပဲ အမိန့်ရထားတာ … ကျန်တာ ငါ ဘာမှ မသိဘူး …”
လင်းရီ၏ မျက်လုံးတို့ အနည်းငယ် ဂနာမငြိမ်ဖြစ်သွားခဲ့ပြီး တစ်စုံတစ်ရာကို တွေးတောနေလျက် ရှိသည်။ ရိုရှီဇာခီက သန်မာအားကောင်းဟန် မြင်ရသော်လည်းပဲ တကယ်တမ်း သူ၏ အခန်း ကဏ္ဍက မြင်နေရသလောက် အရေးမပါပေ။
မစ်ဆူဘီရှီ အုပ်စု၏ အရွယ်အစားနှင့် ကမ္ဘာအပေါ် လွှမ်းမိုးနိုင်စွမ်းတို့အရ ရာမာဂူချီဂိုဏ်းကြီး တစ်ခုလုံးနှင့် တန်းတူ ရင်ဘောင်တန်းနိုင်သည့်အစွမ်း ရှိသည်။ ရိုရှီဇာခီကဲ့သို့ အင်အားစု တစ်စိတ်တစ်ပိုင်းလေးကို ဦးဆောင်ရသည့် ခေါင်းဆောင်အသေးစားလေးကိုတော့ ထွေထူးအရေးစိုက်နေရန်ပင် မလိုချေ။
လက်ရှိ အခြေအနေကို လေ့လာကြည့်မည်ဆိုပါက ရိုရှီဇာခီသည် ပွန်းရုပ်လေး တစ်ခုမျှသာ ဖြစ်ပြီး များများစားစား မသိသည်မှာ သဘာဝပင်။
“ ခင်များကို ဒီလိုလုပ်ဖို့ ဘယ်သူက ညွှန်ကြားခဲ့တာလဲ …” လင်းရီ အသံနိမ့်ပြီး မေးမြန်းလိုက်သည်။
“ ဒါက …”
ရိုရှီဇာခီ တုံ့ဆိုင်းသွားခဲ့ပြီး မည်သို့ တုံ့ပြန်ရမှန်း မရေရာပဲ ဖြစ်နေသည်။
“ စဉ်းစားဖို့ အချိန်သုံးစက္ကန့်ရမယ်… အသက်တစ်ချောင်းတည်း ပါတာဆိုတော့ ခင်များဘက်က ပူးပေါင်းပေးမယ်လို့ မျှော်လင့်တယ်…”
ထိုသို့ ပြောပြီးနောက် လင်းရီ တည်ငြိမ်စွာဖြင့် အမှတ်စဉ် စတင်ရေတွက်သည်။
“ သုံး … နှစ် …… “
“ နေဦး …”
ရိုရှီဇာခီသည် လင်းရီကို အလျင်အမြန် ဟန့်တားလိုက်ပြီး ချွေးစေးတို့က နဖူးထက်မှနေ၍ စီးကျလာနေလျက် ရှိသည်။
“ အဲ့တာ မစ်ဆူဘီရှီ ဇာအီဘဆုရဲ့ ဒုတိယသား အီဝါဆာကီ အမိန့်ပေးတာ …”
ရိုရှီဇာခီ၏ အသံမှာ တဆတ်ဆတ် တုန်ယင်နေပြီး “ ငါ သိသမျှ အကုန်ပြောပြပြီးပြီ … မင်းရဲ့ ဓားကို အခုချလို့ရပြီလား …”
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာ … ခင်များ ကျုပ်တို့နဲ့ လိုက်ခဲ့ … ခင်များက အသုံးဝင်သေးတယ်….” လင်းရီ ပြောလိုက်ပြီး “ ဒါပေါ့ .. မလိုက်ချင်ဘူးဆိုလည်း ဒီမှာတင် အဆုံးသတ်ပေးလို့ရတယ်…. သဘောပဲ …”
“ မဟုတ်ဘူး … မလုပ်နဲ့ … ငါလိုက်ခဲ့မယ်….”
ရိုရှီဇာခီသည် အသတ်ခံရမှာကို ကြောက်ရွံ့နေပြီး “ ငါ မင်းနဲ့ လိုက်ခဲ့ပေးပါ့မယ်… ဒါပေမယ့် အသက်ကိုတော့ ချမ်းသာပေးပါ …”
“ သွားကြတာပေါ့ ….”
မလိုလားအပ်သည့် ပြဿနာများကို ရှောင်ကြဉ်ရန်အတွက် လင်းရီသည် ရိုရှီဇာခီကို ဓားစာခံအဖြစ် ခေါ်ဆောင်လာ၍ ကားထဲသို့ ပြန်ရောက်လာခဲ့သည်။
ခြံဝန်းထဲက ထွက်လာခဲ့ပြီးနောက် လင်းရီသည် အာယာနဲ မစ်ဆူထံ ဖုန်းခေါ်၍ အခြေအနေကို သူမထံ သတင်းပေးပို့ပြီး သူ ပြန်ရောက်လာသည်နှင့် နောက်ဆက်တွဲ အစီအစဉ်များအား ဆွေးနွေးရန် ကြိုတင် အကြောင်းကြားထားလိုက်သည်။
……..
မစ်ဆူမိသားစု စံအိမ်အတွင်း မနက်စာ သုံးဆောင်နေသည့် အာယာနဲ မစ်ဆူသည် ဖုန်းဖြေပြီးနောက်တွင် စားချင်စိတ်တို့ ပျောက်ဆုံးသွားခဲ့ပြီး လင်းရီ ပြန်လာမည့် အချိန်ကိုသာ မျှော်တလင့်လင့်နှင့် ဖြစ်နေလေသည်။
“ နောက်ထပ် အသစ်ထပ်လုပ်လိုက် … နာရီဝက်နေရင် စားမယ်…”
“ ဟုတ်ကဲ့ …”
လင်းရီ ပြန်လာမည်ဆိုတာကို သိလိုက်ရတော့ အာယာနဲမစ်ဆူ၏ စိတ်အခြေအနေမှာ တိုးတက်လာသည်။ခြံဝန်းထဲသို့ သွား၍ ကန်ထဲရှိ ငါးများကိုပင် အစာကျွေးနေလိုက်သေးသည်။
ဆယ်မိနစ်ခန့်ကြာပြီးနောက် ခန်ဂျိနာခါတာသည် အာယာနဲ မစ်ဆူအနားသို့ ရောက်လာပြီး နားအနားသို့ တိုးကပ်၍ တီးတိုးပြောဆိုလိုက်၏။
“ ဥက္ကဌ… မစ်ဆူဘီရှီ မိသားစုက သခင်လေး အီဝါဆာကီ ရောက်လာပါတယ်….”
“ သူက ဒီကို ဘာလာလုပ်တာလဲတဲ့ ….”
အာယာနဲ မစ်ဆူသည် ထိုနာမည်ကိုကြားတော့ စက်ဆုပ်သည့် သွင်ပြင် ဖြစ်သွားခဲ့သည်။
“ အကြောင်းအရင်းကိုတော့ ကျွန်တော်လည်း အတိအကျ မသိဘူး .. ဒါပေမယ့် သူ့ကားကတော့ အပြင်မှာပဲ …”
“ သူနဲ့ တွေ့ဖို့ အချိန်မရှိဘူး … ထွက်သွားခိုင်းလိုက် …” အာယာနဲ မစ်ဆူ အေးစက်စွာ ဆိုလိုက်သည်။
“ ကျွန်တော်လည်း အဲ့လိုပြောတာပဲ .. ဒါပေမယ့် သူက ဥက္ကဌနဲ့ မတွေ့ရရင် မပြန်ဘူး ပြောနေတော့ . . . . အဲ့တာကြောင့် ……. “
“ ချီးလိုပဲ စိတ်ရှုပ်လိုက်တာ ... “ အာယာနဲ မစ်ဆူ ကျိန်ဆဲလိုက်ပြီး “ သူ့ကို ဝင်လာခိုင်းလိုက် …”
“ နားလည်ပါပြီ …”
မိနစ် အနည်းငယ်ကြာပြီးသည့်နောက် အဖြူရောင်ရှပ်၊ ပွဲတက်ဘောင်းဘီနှင့် ဘော်ဒီဂတ်နှစ်ဦး ခြံရံလျက် လက်ထဲတွင် ပန်းစည်းနှင့် လက်ဆောင်ဘူးကို ကိုင်ထားသည့် အမျိုးသားတစ်ဦး အာယာနဲ မစ်ဆူထံသို့ ပြုံးလျက် ရောက်လို့လာလေသည်။
“ မိန်းကလေး မစ်ဆူ … မနေ့ညက မင်း ဒဏ်ရာရသွားတယ် ပြောသံကြားလို့ ဒီလာပြီး တစ်ချက် လာကြည့်တာလေ…”
အီဝါဆာကီမှာ ငယ်ရွယ်ပြီး ကောင်းမွန်သည့် အကျင့်စရိုက် ရှိသည့် အသက် နှစ်ဆယ့်ငါး ၊ နှစ်ဆယ့်ခြောက် အရွယ် လူငယ်တစ်ယောက် ဖြစ်သော်လည်းပဲ အာယာနဲ မစ်ဆူ၏ ရှေ့မှောက်တွင်တော့ သူ၏ အရှိန်အဝါတို့မှာ အနည်းငယ် ချို့တဲ့နေပုံပင်။ သို့သော် ပျင်းရိပျင်းတွဲနိုင်ပြီး မည်သည်ကိုမျှ အမှုမထားသည့် မျက်နှာအမူအရာက အာယာနဲ မစ်ဆူအပေါ် အလေးအနက် မရှိသည့် ၎င်း၏ သဘောထားကို ထုတ်ဖော်ပြသနေလေသည်။
“ သတင်းမထွက်အောင် ပိတ်ဆို့ထားတာတောင်မှ သိသွားသေးတယ်ဆိုတော့ ရှင့်ကြည့်ရတာ ကျွန်မကို တော်တော်လေး ဂရုစိုက်တဲ့ပုံပဲနော် ….”
အီဝါဆာကီ ပခုံးတွန့်လိုက်ပြီး “ ဘယ်တတ်နိုင်မှာ … ငါက မင်းအပေါ် ခံစားချက်ရှိတယ် ဆိုတော့ ဂရုစိုက်ပေးသင့်တာ သဘာဝပဲ မဟုတ်ဘူးလား … ဒါပေမယ့် ပိုပြီး စိုးရိမ်မိတာက မစ်ဆူ မိသားစုရဲ့ စီးပွားရေး လုပ်ငန်းကြီး တစ်ခုလုံးကို မင်း ပခုံးပေါ် တစ်ယောက်တည်း ထမ်းထားရတာကိုပဲ … မင်းအတွက် အရမ်း မပင်ပန်းဘူးလွန်းလား ….”
“ မပင်ပန်းပါဘူး … တကယ်လို့ အခြေအနေသာ ခွင့်ပြုမယ်ဆိုရင် မစ်ဆူဘီရှီ အုပ်စုရဲ့ စီးပွားရေး လုပ်ငန်းတွေကိုပါ တာဝန်ယူပေးလိုက်ချင်တာ ….” အာယာနဲ မစ်ဆူ ပြောလိုက်ပြီး “ တကယ်လို့ လူကြီးမင်း အီဝါဆာကီက ပင်ပန်းတယ်ခံစားရရင် ကျွန်မ ကူညီပေးဖို့ ဆန္ဒရှိတယ်နော်…”
အီဝါဆာကီ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ကြည့်ရသည်မှာ မပျော်မရွှင် ဖြစ်နေသည့် ဟန်ပင်။
“ ဘာလို့ ဒီလောက်တောင် ရန်လိုနေရတာလဲ … ငါက ဒီတိုင်း စိတ်ပူလို့ စိတ်ပူတဲ့ အကြောင်း ပြောပြနေတာလေ … အနာဂတ်ကိစ္စအတွက်ကတော့ … ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးနိုင်တယ် ဟားဟား …..”
ပြောဆိုပြီးနောက် အီဝါဆာကီသည် ကြာကြာထပ်နေလိုဟန် မရဘဲ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သူ၏ ယနေ့ လာရောက်လည်ပတ်မှုက လှောင်ပြောင် ထေ့ငေါ့ပြီး တစ်ပါးသူ ဒုက္ခရောက်နေချိန်တွင် ခြေထောက်နှင့် ကူနင်းလိုခြင်းပင်။ ယခု သူ့ရည်ရွယ်ချက် ပြီးမြောက်သွားပြီ ဖြစ်သဖြင့် ထွက်ခွာသွားမည်က သဘာဝအလျောက်ပင်။
သို့သော် အီဝါဆာကီ ထွက်သွားတော့မည့် အချိန်မှာပဲ မီနာအီတိုသည် အပြင်ဘက်မှ ကားမောင်းဝင်လာပြီး သူတို့ နှစ်ဦးဘေးနားတွင် ထိုးရပ်လိုက်သည်။
“ လူကြီးမင်းလင်း …”
လင်းရီ ပြန်လာသည်ကို မြင်တာ့ အာယာနဲမစ်ဆူမှာ အချစ်နွံထဲ နစ်မွှန်းနေသည့် မိန်းမငယ်လေး တစ်ယောက်ကဲ့သို့ ရွှင်လန်းတောက်ပလာကာ သူမ၏ လေသံသည်ပင် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အဆိုပါ မြင်ကွင်းကို အီဝါဆာကီလည်း သတိပြုမိလိုက်၏။
လူကြီးလင်းဟု အာယာနဲ မစ်ဆူ ညွှန်းဆိုနေသည့်လူက မည်သို့သောသူ ဖြစ်မည်ဆိုတာကို သူ အတော်လေး သိချင်စိတ် ပြင်းပြလာခဲ့သည်။
ကားထဲက ထွက်လာခဲ့ပြီးနောက် လင်းရီသည်လည်း အီဝါဆာကီကို သတိထားမိသွားခဲ့သည်။
“ သူက ဘယ်သူတုန်း ….”
“ မစ်ဆူဘီရှီ ဇာအီဘာစုရဲ့ ဒုတိယသား အီဝါဆာကီပါ….”
“ ဆိုတော့ သူကိုး …”
လင်းရီ ရယ်သွမ်းလိုက်၍ အတော်လေး တိုက်ဆိုင်လွန်းလှသည်ဟု ခံစားနေရသည်။ သူ့ဘက်က အနည်းငယ် အနားယူပြီးသည်နှင့် အီဝါဆာကီကို သွားရှာရန် စိတ်ကူးထားသော်လည်းပဲ ယခုလို အီဝါဆာကီ ကိုယ်တိုင်က သူရှိသည့် နေရာသို့ ရောက်လာခဲ့လိမ့်မည်ဟု ထင်မှတ်မထားပါချေ။
“ ရှင်လည်း သူ့ကို သိတယ်လား …” အာယာနဲ မစ်ဆူ အံ့အားသင့်သွားခဲ့သည်။
“ မင်းကို ကားအက်စီးဒင့် ဖြစ်အောင် လုပ်ခဲ့တာလည်း သူပဲလေ… ဘယ်လိုလုပ် မသိဘဲ နေမှာ …”