မင်းအဘိုးကြီးတောင် ငါ့ကို မနိုင်ဘူး
Vol. 134 Ch. 1999
“ အဲ့တာ သူလား….”
အာယာနဲ မစ်ဆူမှာ အလွန်အမင်း အံ့အားသင့်သွားခဲ့ပြီး သူမ၏ မျက်နှာလှလှလေးထက်တွင် တိမ်ရိပ်မည်းတို့ ဝန်းရံလာသည်။
“ အီဝါဆာကီ … ရှင် ဒီကိစ္စ ဖြေရှင်းချက်ပေးနိုင်မယ်လို့ မျှော်လင့်တယ်…”
“ မင်း ဟာသလာလုပ်နေတာလား …”
အီဝါဆာကီ လေးနက်တည်ကြည်သည့် လေသံဖြင့် ပြောလိုက်သည်။
“ ငါက မစ်ဆူဘီရှီ အုပ်စုရဲ့ ဒုတိယသားပဲ … ဒီလို ယုတ်ညံ့တဲ့ ကိစ္စမျိုးတွေ ငါမလုပ်ဘူး … အဲ့ကောင် ငါ့ကို စော်ကားနေတာတွေ နားထောင်မနေနဲ့ …”
ထိုသို့ ပြောဆိုလိုက်သော်လည်းပဲ အီဝါဆာကီသည် စိတ်ထဲတွင် အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့မိသည်။ မည်သူက ဤသတင်းကို အပြင်သို့ ပေါက်ကြားစေခဲ့သနည်း။
“ လူကြီးမင်း အီဝါဆာကီ …. ကိုယ့်လုပ်ရပ်ကိုယ် ဝန်မခံရဲဘူးဆိုတာ ယောက်ျားပီသတယ်လို့ မခေါ်ဘူးနော်….”
ပြောရင်းဖြင့် လင်းရီသည် အနောက်ခန်း ကားတံခါးကို ဖွင့်၍ ရိုရှီဇာခီကို အပြင်သို့ ဆွဲထုတ်လာခဲ့သည်။
“ မင်းတို့နှစ်ယောက်ကြားမှာ ဘာကိစ္စတွေ ရှိထားလဲ ပြောပြဖို့ လိုသေးလား … အခုရော မင်းငြင်းချင်သေးလား …”
“ မင်း … မင်း မဟုတ်တာတွေ လျှောက်မပြောနဲ့ …”
အီဝါဆာကီ ရင်ထဲ စိုးထိတ်လာခဲ့သည်။ သူ့ရှေ့ရှိ ဤလူက ရိုရှီဇာခီကို ဖမ်းခေါ်လာနိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
ရိုရှီဇာခီမှာ နေရာတွင် ကိုးရို့ကားယားနိုင်စွာ မတ်တပ်ရပ်နေရင်း ဘာပြောလို့ ပြောရမှန်း မသိ ဖြစ်နေခဲ့၏။ သူ့မျက်လုံးတို့က အခြားနေရာထံ အကြည့်လွဲနေပြီး အီဝါဆာကီနှင့် အကြည့်ချင်း မဆုံဝံ့ ဖြစ်နေသည်။
“ လူကြီးမင်း အီဝါဆာကီ … ရှင် ကျွန်မကို ဖြေရှင်းချက် တစ်ခုပေးမယ်လို့ မျှော်လင့်ပါတယ်…” အာယာနဲ မစ်ဆူ တင်းမာစွာ ပြောဆိုလိုက်ပြီး “ မဟုတ်ရင် ကျွန်မ ဒီကိစ္စကို အဆုံးထိ ဖော်ထုတ်ရလိမ့်မယ်….”
“ ဟင်းဟင်း … စိတ်ဝင်စားဖို့ကောင်းတယ် … တကယ် စိတ်ဝင်စားဖို့ကောင်းတယ်… မင်းထင်နေတာ ဒီလိုလုပ်လိုက်တာနဲ့ပဲ ငါ့အပေါ် အပြစ်ပုံချနိုင်ပြီပေါ့ ဟုတ်လား … အာယာနဲ … မင်းသိပ်အောက်တန်းကျလွန်းတယ်…..”
“ ရှင် ကတ်သီးကတ်ဖဲ့ ပြောလို့ရတယ်… ဒါပေမယ့် ကိုယ့်လုပ်ရပ်ကိုယ်တော့ တာဝန်ယူရမှာပဲ … ရှင့်ရဲ့ ရှေ့နေတွေကို တရားခွင်မှာ တွေ့ဖို့ အသိပေးထားလိုက် …”
“ ဂရုမစိုက်ဘူး … မင်း ငါ့ကို လာပြီး မှားယွင်း စွပ်စွဲနေတာပဲ ငါသိတယ်….”
ပြောပြီးသည်နှင့် အီဝါဆာကီသည် ဘော်ဒီဂတ် နှစ်ဦးနှင့်အတူ တံခါးထံသို့ ဦးတည်လျှောက်လှမ်းသွားခဲ့သည်။
“ ငါ မင်းကို သွားလို့ရပြီလို့ ပြောလား …”
လင်းရီ၏ အသံက အီဝါဆာကီကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေခဲ့ပြီး ခြေလှမ်းများအား အလိုအလျောက် ရပ်တန့်သွားစေခဲ့သည်။
“ အဲ့တာဆို မင်းက ဘာလုပ်ဖို့ စီစဉ်ထားလဲ …”
“ မင်းကို မေးစရာတွေ ရှိသေးတယ်... ပြန်ဖို့ ဘာလို့ ဒီလောက် လောနေတာ …”
“ မင်းက ငါ့ကို မေးစရာတွေ ရှိတယ် ဟုတ်လား … မင်း ဘာပြောချင်နေတာ …”
“ နောက်ကွယ်က ဘယ်သူလဲဆိုတာ ပြော … ဒါမှမဟုတ်လည်း ကန့်လန့်ကာနောက်ကွယ်မှာ မင်းနဲ့ အတူ လက်တွဲပြီး အလုပ်လုပ်နေတဲ့လူကိုပေါ့ ….”
“ အို ….”
အာယာနဲ မစ်ဆူနှင့် အီဝါဆာကီတို့ နှစ်ဦးလုံး မတူညီသည့် အမူအရာကိုယ်စီနှင့် ဖြစ်သွားခဲ့ကြသည်။
အာယာနဲ မစ်ဆူ၏ အမူအရာမှာ သူမ၏ ယခု ကိစ္စတွင် အခြားလူ တစ်ဦး ပါဝင်ပတ်သက်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့သောကြောင့်ပင်။
အီဝါဆာကီကတော့ လင်းရီ ထိုအချက်အား ရှာဖွေတွေ့ရှိသွားလိမ့်မည်ဟု မျှော်လင့်မထားသောကြောင့် ဖြစ်လေသည်။
“ မင်းပြောနေတာတွေ ငါ နားမရှင်းဘူး …."
“ နားမလည်လည်းရတယ်… ဒီမှာနေပြီး ဖြည်းဖြည်းချင်း စဉ်းစားပေါ့ … ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့မှာ အချိန်တွေ အများကြီး ပေါပါတယ်... ဟုတ်တယ်မလား ….”
အီဝါဆာကီသည် လင်းရီအား ထူးဆန်းစွာ ကြည့်လာခဲ့သည်။ “ မင်း ဘာပြောချင်နေတာ .. ငါ့ကို ဒီမှာ ထိန်းသိမ်းထားဖို့ စဉ်းစားနေတာလား … ငါ ဘယ်သူ ဆိုတာရော မင်းသိလား ….”
“ မင်း ဘယ်သူဆိုတာ ငါနဲ့ ဘာမှ မဆိုင်ဘူး .. ဒါပေမယ့် ငါမေးတာကို မဖြေဘူးဆိုရင်တော့ ဒီကနေ ထွက်သွားရဖို့ မစဉ်းစားနဲ့ …”
အီဝါဆာကီ မျက်လုံးမှေးကျဉ်းသွားခဲ့ပြီး အာယာနဲ မစ်ဆူထံသို့ အကြည့်ပို့လိုက်သည်။
“ မိန်းကလေး မစ်ဆူ … ကြည့်ရတာ မင်းရဲ့ ဒီမိတ်ဆွေက စည်းမျဉ်းစည်းကမ်းတွေကို သိပ်နားမလည်သေးဘူးထင်တယ်… ငါ သူ့ကို သင်ပေးဖို့ လိုသေးလား ….”
“ နင်ကများ … နင် ထိရဲထိကြည့်လိုက်…”
“ ငါက ဘာလို့ မထိရဲရမှာ ….”
အီဝါဆာကီ ဘာမျှ မဆိုချေ။ မေးတစ်ချက် ငေါ့ပြလိုက်သည်နှင့် သူ၏ ဘော်ဒီဂတ်တစ်ဦးက ဆိုလိုရင်းကို သဘောပေါက်သွားခဲ့ကာ တိုက်ခိုက်သည့် ကိုယ်ဟန်ကို အသွင်ယူ၍ လင်းရီထံသို့ ပြေးဝင်လာခဲ့သည်။
တစ်ဖက်သူ၏ တိုက်ခိုက်မှုမှတဆင့် သူ၏ အဆင့်က E အဆင့် ဖြစ်ကြောင်းကို လင်းရီ ပြောနိုင်သည်။ ထို့ပြင် ဒီအဆင့်ရောက်ဖို့လည်း အတော်လေး နီးစပ်နေပြီ ဖြစ်၏။
ထိုကဲ့သို့ အရည်အချင်း ရှိသည့် လူတစ်ယောက်ကို ဘော်ဒီဂတ် တစ်ဦး အနေဖြင့် ငှားရမ်းနိုင်နေသည်ကပင် မစ်ဆူဘီရှီ အုပ်စု၏ ခွန်အားကို ပြသဖို့ လုံလောက်လေသည်။
သို့ပေမယ့်လည်း လင်းရီ၏ ရှေ့မှောက်တွင်တော့ ဤမျှ အဆင့်လေးတို့မှာ မပြောပလောက်တော့ချေ။
သူ၏ မျက်နှာသို့ တန်းမတ်စွာ တိုက်ခိုက်လာသည်တွင် လင်းရီသည် ကိုယ်ကို အနည်းငယ်တိမ်း၍ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။ ထို့နောက် လက်ကို ရှေ့သို့ ဆန့်ထုတ်၍ တစ်ဖက်သူ၏ ကော်လာမှကိုင်ကာ ရှေ့သို့ ဆွဲခေါ်လိုက်သည်။
ဘန်း …
ခိုင်မာသည့် ပင့်လက်သီးတစ်လုံးက တစ်ဖက်သူ၏ ရင်ဘက်သို့ ကျရောက်သွားခဲ့ပြီး ကျယ်လောင်သည့် အရိုးအက်ကွဲသံတို့ ထွက်ပေါ်လာသည်။ ဘော်ဒီဂတ်မှာ သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး မြေပြင်သို့ လဲကျသွားခဲ့တော့၏။
အီဝါဆာကီ၏ အမူအရာမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့လေသည်။ လင်းရီ၏ အရည်အချင်းက သူ ထင်မှတ်ထားသည်ထက်ကို ကျော်လွန်နေခဲ့၏။
ဘန်း…
“ အားးးး “
ထိုအချိန်တွင် သေနတ်ပစ်ခတ်သံ တစ်ခု ထွက်ပေါ်လာခဲ့ပြီး အခြား ဘော်ဒီဂတ်တစ်ဦး၏ လက်မှာ သွေးသံတရဲရဲ ဖြစ်နေခဲ့၏။ ငွေရောင် စကေဘာတစ်လက်က သူ၏ လက်ဖဝါးသို့ စိုက်ဝင်နေပြီး ခြေထောက်ဘေးနားတွင်တော့ ပစ်စတိုတစ်လက်က ပြုတ်ကျနေလျက် ရှိသည်။ ခြေကို တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့ပြီး လင်းရီသည် အီဝါဆာကီ အနားသို့ ရောက်လာခဲ့ကာ သကောင့်သားအား ကန်ကျောက်လိုက်၏။
ဝှစ် …
အီဝါဆာကီမှာ အနောက်သို့ လွင့်စင်သွားခဲ့ပြီး ကျွမ်းသုံးလေးပတ် လှိမ့်သွားခဲ့ကာ ပစ္စည်း တော်တော်များများလည်း ပျက်စီးသွားခဲ့၏။
“ မင်း … မင်း ဘာလုပ်ချင်တာလဲ …”
“ မင်း သိသမျှ ငါ့ကို ပြော .. မဟုတ်ရင် မင်း ဘာမင်း ဘာကောင်ကြီး ဖြစ်နေ ဖြစ်နေ ဒီနေရာကနေ ထွက်သွားလို့ မရနိုင်စေရဘူး …”
“ မင်း လုပ်ရဲလို့လားကွ …”
အီဝါဆာကီ ကြမ်းကြုတ် ခက်ထန်စွာ ဟိန်းဟောက်လိုက်သည်။
“ ငါက မစ်ဆူဘီရှီ မိသားစုရဲ့ ဒုတိယ ဆက်ခံသူ သခင်လေးပဲ … မင်း ငါ့ကို လက်ဖျားလေးနဲ့ ထိရင်တောင် မင်းကိုယ်မင်း ဘယ်လို သေသွားလို့ သေသွားလိုက်ရမှန်း မသိဘဲ ဖြစ်သွားမယ်….”
“ အင်း … ငါ အရင်တစ်ခေါက် ဂျပန်ကို လာတုန်းကလည်း ယူရှီ မစ်ဆူ ငါ့ကို ဒီလိုမျိုးပဲ ပြောခဲ့ဖူးတယ်… နောက်ဆုံးကျတော့ ဘာဖြစ်သွားတယ်ထင်လဲ … သူ အရင်သေသွားခဲ့တယ်လေ ဟားဟား ….”
“ ယူရှီမစ်ဆူကို မင်းသတ်လိုက်တယ်….”
အီဝါဆာကီနှင့် ရိုရှီဇာခီတို့ သံပြိုင် မြည်တမ်းသွားခဲ့မိကြသည်။ ၎င်းတို့၏ သွင်ပြင်မှာ အတော်လေး ရှော့ခ်ရနေခဲ့ကြလေသည်။
ယူရှီမစ်ဆူက ရာမာဂူချီဂိုဏ်း၏ ခေါင်းဆောင်ကြီး ဖြစ်သည်ကို သူတို့အားလုံး သိထားခဲ့ကြသည်။ ထူးဆန်းမှု တစ်ခုကြောင့် ယူရှီမစ်ဆူက ရုတ်တရက် သေဆုံးသွားခဲ့ပြီး ၎င်းကြောင့်ပဲ ရာမာဂူချီဂိုဏ်းမှာ ယနေ့ကဲ့သို့ ပရမ်းပတာ ဖြစ်သွားခဲ့ခြင်းပင်။
ထို့ပြင် ယူရှီမစ်ဆူအား သတ်ဖြတ်ခဲ့သည့်လူက သူ့ရှေ့ရှိ ဤလူ ဖြစ်နေသည်။
“ မင်း အံ့ဩသွားလား …” လင်းရီ ပြုံးလိုက်သည်။
အီဝါဆာကီ၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့ပြီး ဆောင်းအလယ်တွင် အင်္ကျီပါးပါးလေးပဲ ထပ်ထားသည့် လူတစ်ယောက်နှယ် တဆတ်ဆတ် ချမ်းတုန်နေလျက် ရှိလေသည်။
“ ငါ .. ငါ အံ့ဩသွားတာ မှန်တယ်… ယူရှီမစ်ဆူက မင်းလက်ချက်နဲ့ သေသွားခဲ့လိမ့်မယ်လို့ ငါ တကယ် ထင်မထားဘူး … ဒါပေမယ့် မင်း သိထားရမှာက … ယူရှီမစ်ဆူက အင်အားကြီးတယ်ဆိုဦးတော့ … ငါတို့ မစ်ဆူဘီရှီအုပ်စုနဲ့ ယှဉ်ဖို့ဆို အဝေးကြီး လိုသေးတယ်… မင်း ငါ့ကို တစ်ခုခု လုပ်ဝံ့ရင် အဲ့ဒီရဲ့ တန်ကြေးကို သွေးနဲ့ပဲ မင်းပြန်ဆပ်ရမယ်….”
“ တစ်ဖက်က ကိုယ့်ကိုယ်ကို မိတ်ဆက်လာတဲ့အချိန် ကိုယ်လည်း ပြန်ပြီး မိတ်မဆက်ဘူးဆို ဘယ်ကောင်းမှာလဲ ဟုတ်တယ်မလား …” လင်းရီ ပြောလိုက်ပြီး “ ငါက ဟွာရှ ၊ လင်းယွင်အုပ်စုရဲ့ ဥက္ကဌ လင်းရီ …. တာခါယာ မစ်ဆူ မနှစ်က သူ့ထိုင်ခုံကနေ အနားယူသွားခဲ့တာကို မင်းတို့ မှတ်မိလား … သူတောင် ငါ့ကို ဘာမှ မလုပ်နိုင်တာ မင်းဆိုရင်ကော ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိလား …”
“ လင်းယွင်အုပ်စုရဲ့ ဥက္ကဌ …”
လင်းယွင် အုပ်စု၏ အမည်ကို ကြားလိုက်ရသည့် အခါ၌ အီဝါဆာကီ၏ အမူအရာမှာ ပို၍ပင် အကျည်းတန်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယမန်နှစ် လီတိုဂရပ်ဖီ ပရောဂျက်ကြောင့် လင်းယွင် အုပ်စုအမည်ရသည့် ကုမ္ပဏီအကြောင်းကို သူ သေချာ သိခဲ့ရသည်။
တစ်ဖက်သူ မည်သည့်နည်းလမ်း အသုံးပြု၍ တာခါယာ မစ်ဆူကို နှုတ်ထွက်စေခဲ့လဲ ဆိုတာကိုလည်း နားလည်ပေသည်။
အဆိုပါ ဖြစ်စဉ်များကြောင့် ဂျပန်ရှိ စီးပွားရေး လုပ်ငန်းရှင် တော်တော်များများမှာ လင်းယွင်အုပ်စု၏ အမည်ကို ကြားသည်နှင့် အကုန်လုံး ထိတ်လန့်တုန်လှုပ်ကာ စိတ်ထဲမှ ရှိန်ကုန်ကြသည်။
“ ငါ့ စိတ်ရှည်နိုင်စွမ်းကို လာပြီး မစမ်းသပ်ဖို့ အကြံပေးလိုက်မယ်… မင်းကို မပြောသေးဘူး .. မင်းအဖေ လာခဲ့ရင်တောင် ငါ စောက်ဂရုမစိုက်ဘူး … အိုကေ …”
အီဝါဆာကီ မောဟိုက်စွာ အသက်ရှူ၍ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည်။
လင်းရီက သူ့ကို ဘာမျှ မလုပ်ပေ။ သို့သော် ဤအတိုင်း ရပ်ကြည့်နေရုံမျှနှင့် သူ့အပေါ် တောင်ကြီးတစ်တောင်ဖြင့် ဖိထားသည့်နှယ် ခံစားနေရသည်။
ဤသို့သော ခံစားချက်မျိုးက အီဝါဆာကီကို အသက်ရှူရန် ခက်ခဲလာစေသည်။
“ ဆာတိုရူနဲ့ ငါ ဒီအကြံကို အတူအကောင်အထည် ဖော်ခဲ့တာ… ဒီရဲ့ အခွင့်အရေးကို အသုံးချပြီး မစ်ဆူအုပ်စုကို တိုက်ခိုက်ချင်ခဲ့တာ …”
“ ဆာတိုရူ …..”
လင်းရီ ရေရွတ်လိုက်၏။ ဤနာမည်ကို သူ့စိတ်ထဲ အနည်းငယ် ရင်းနှီးနေလျက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် ရာမာဂူချီဂိုဏ်း၏ နောက်ဆုံး အစိတ်အပိုင်းကို သူက ပိုင်ဆိုင်သည်။
ကလင် ကလင် ကလင် …
လင်းရီ ဘာမျှ မပြောဆိုနိုင်သေးခင်မှာပဲ ဖုန်းခေါ်သံ တစ်ခုက ကြားဖြတ်နှောင့်ယှက်လာခဲ့သည်။
ယင်းက ရိုရှီဇာခီ၏ ဖုန်းသံပင်။
“ ဘာပြောတယ်… မင်းတို့ တိုက်ခိုက်ခံနေရတယ် ဟုတ်လား …”