မီခါဇူကီဓား
Vol. 134 Ch. 2000
ရိုရှီဇာခီ၏ စကားက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့ပြီး သူတို့၏ အကြည့်များအားလုံးက သူ့အပေါ်ထံ ကျရောက်သွားခဲ့ကြသည်။
“ ငါ လခွီးလိုပဲ …”
ရိုရှီဇာခီသည် မည်သို့မျှ ဆက်လက် သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ် ကျိန်ဆဲမိလိုက်၏။
“ ဘာဖြစ်တာလဲ …”
ဖုန်းချပြီးနောက် အီဝါဆာကီက မေးမြန်းလာသည်။
“ ငါ မရှိတုန်း ဆာတိုရူ ဌာနချုပ်ကို တိုက်ခိုက်လာတယ်…”
“ ငါတို့နှစ်ဖွဲ့က အခု မဟာမိတ်တွေလေ… ဆာတိုက ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး လုပ်ရပ်နိုင်ရတာလဲ …” အီဝါဆာကီ ပြောလိုက်မိ၏။
“ ငါတို့ အသုံးချခံလိုက်ရတာပဲ … အဲ့ကောင် ငါတို့နဲ့ အပြည့်အဝ ပူးပေါင်းဖို့ မစီစဉ်ထားဘူး …. ငါတို့ကို ဒီတိုင်း အသုံးချချင်ရုံ သပ်သပ်ပဲ …” ရိုရှီဇာခီ၏ အမူအရာမှာ နက်မှောင်နေပြီး “ သူ့ရဲ့ ရည်မှန်းချက်က ငါ့လက်အောက်ငယ်သားတွေရဲ့ ပိုင်နက်ကို တိုက်ခိုက်ဖို့ပဲ …”
“ ငိုးပဲ .. အဲ့အဘိုးကြီး ဆာတိုရူ … ငါလုံးဝ ခွင့်မလွှတ်ဘူး …”
“ ရာမာဂူချီဂိုဏ်းက အခု သုံးအုပ်စု ကွဲနေတယ်ဆိုတော့ ဘယ်အင်အားစုက အင်အားအကြီးဆုံးလဲ …” လင်းရီ ဖြည်းညင်းစွာ မေးမြန်းလိုက်၏။
“ အကြီးဆုံးနဲ့ အသန်မာဆုံးက ဆာတိုရူရဲ့ အုပ်စုပဲ … သူက ရာမာဂူချီဂိုဏ်းတစ်ဝက်ကို ဆက်ခံထားတဲ့သူ ..” မီနာအီတို ပြောဆိုလိုက်ပြီး “ တာရို ခါရာဆာဝါက ဥက္ကဌကို အညံ့ခံထားတယ်ဆိုပေမယ့် သူတို့ကြားထဲ အင်အားကွာဟချက်က ဘယ်လောက်မှ မရှိဘူး …”
လင်းရီ တွေးတွေးဆဆနှင့် ခေါင်းညိမ့်လိုက်သည်။ အခြေအနေကို အကြမ်းဖျင်းမျှတော့ နားလည်သဘောပေါက်နေပြီ ဖြစ်၏။ သူတို့နှစ်ဖွဲ့က မစ်ဆူအုပ်စုနှင့် မစ်ဆူဘီရှီ အင်အားစုတို့အပေါ်မှီခိုနေရသည်မှာ မထူးဆန်းတော့ချေ။ မဟုတ်ပါက နောက်ပိုင်းတွင် ဆာတိုရူအုပ်စု၏ အနှေးနှင့်အမြန် ဝါးမျိုခြင်းကို ခံလိုက်ရနိုင်သည်။
သို့ပေမယ့် ဤနေရာတွင် ရှင်းရမည့် ပြဿနာ တစ်ခုက …
အီဝါဆာကီ၏ ပံ့ပိုးထားပေးမှုဖြင့် ရိုရှီဇာခီသည် ဆာတိုရူနှင့် ယှဉ်ပြိုင်ရန်အတွက် လုံလောက်သည့် ပါဝါအင်အားတို့ရှိသည်။ ယခု ဆာတိုရူက အဘယ်ကြောင့် ရိုရှီဇာခီကို စစ်ခေါ်လာရသနည်း။
မည်သူက သူ့ကို ထိုသို့ လုပ်ဝံ့သည့် သတ္တိများ ပေးလိုက်သနည်း။
ရုတ်ချည်းဆိုသလို လင်းရီ၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့ပြီး အနေအထားက အတော်လေး ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။
ဆာတိုရူ၏ ယနေ့ ချဉ်းကပ်လာသည့် ပုံစံက ဟုန်မန်ဂိုဏ်း၏ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က အခြေအနေနှင့် ဆင်တူနေသည်။ သုံးပါတီ စီမံအုပ်ချုပ်နေရာမှ ရုတ်ချည်းဆိုသလို အင်အားကြီးထွားလာ၍ ချိန်ခွင်လျှာကို ပယ်ဖျက်လာကာ တစ်ယောက်တည်း လက်ဝါးကြီး အုပ်ဖို့ ကြိုးစားသည်။
သို့ပေမယ့် ..
သူ့အစီအစဉ် အောင်မြင်နိုင်မှုအား သေချာစေရန်အတွက် အရေးကြီးသည့် အချက်တစ်ချက်က … နောက်ကွယ်မှ ပံ့ပိုးပေးမှု ဖြစ်၏။
ထိုအချိန်မှာပဲ လင်းရီ ကြောက်ဖို့ကောင်းသည့် အချက်တစ်ချက်ကို သွားပြီး သတိပြုမိလိုက်လေသည်။
ဆာတိုရူ၏ ယခုတစ်ကြိမ် ရိုရှီဇာခီ၏ ပိုင်နက်ကို တိုက်ခိုက်လာသည့် လုပ်ရပ်က တိုက်ဆိုင်မှုတစ်ခုဟု သူ မထင်ပေ။ ရိုရှီဇာခီ ဤနေရာသို့ ခေါ်ဆောင်လာခံရသည်ကို သူ့ဘက်က သတင်းရထားပြီး ဤအခွင့်အရေးကို အသုံးပြု၍ လျင်မြန်ပြီး တိကျပြတ်သားသည့် နည်းလမ်းဖြင့် ပြဿနာအား ဖြေရှင်းလာခဲ့သည်။
တစ်နည်းဆိုရသော် မစ်ဆူမိသားစု၏ စံအိမ်ထဲတွင် ဆာတိုရူ၏ အတွင်းလူတို့ ရှိနေနိုင်သည်။
ဤဆာတိုရူက အမှန်ပင် ကောက်ကျစ်ဉာဏ်များသည့် လူတစ်ယောက်ပင်။
“ ဆာတိုရူက ရိုရှီဇာခီရဲ့ ပိုင်နက်ကို တိုက်ခိုက်နေတယ်ဆိုတော့ တာရို ခါရာဆာဝက အခု တစ်ယောက်တည်း ဖြစ်သွားပြီမလား …” လင်းရီ ပြောဆိုလိုက်ပြီး “ ငါ့ကို သူ့ရဲ့ လိပ်စာပြော … ငါ အခု အဲ့ကို သွားလိုက်မယ်…”
“ မဖြစ်ဘူး … အရမ်းအန္တရာယ်များလွန်းတယ်…” အာယာနဲ မစ်ဆူ ဟန့်တားလိုက်၏။
“ ဒီကိစ္စ ကိုင်တွယ်ဖို့ ကျွန်မဘက်က လူလွှတ်လိုက်မယ်….”
“ ငါ ကိုယ်တိုင် သွားမှရမှာ … ကိုယ်တိုင် မျက်နှာချင်းဆိုင် ဖြေရှင်းမှ ပြေလည်မယ့် ကိစ္စ တစ်ချို့ ရှိလို့ …”
ဆာတိုရူကို နောက်ကွယ်မှနေ၍ တစ်စုံတစ်ယောက်က ပံ့ပိုးပေးနေသည်မှာ ထင်ရှားလှသည်။ မဟုတ်ပါက ယခုလို ဂိုဏ်း အထိကရုဏ်းအား စတင်ဝံ့သည့် သတ္တိ သူ့တွင် ရှိမှာ မဟုတ်ချေ။
ထို့ကြောင့် ကန့်လန့်ကာနောက်ကွယ်၌ ရှိနေသည့် လူကို လင်းရီ ရှာတွေ့ဖို့လိုသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က အာယာနဲ မစ်ဆူ၏ မိသားစုအပေါ် ပစ်မှတ်ထားနေပြီး ဖြစ်ကြောင်း သူ့မသိစိတ်က ပြောပြနေသောကြောင့်ပင်။
ထို့ပြင် သူ၏ ယခုတစ်ကြိမ် ဂျပန်သို့ လာရင်းရည်ရွယ်ချက်က ရာမာဂူချီဂိုဏ်း တစ်ခုလုံးကို မစ်ဆူ မိသားစု လက်အောက်၌ စုစည်းရန်ဖြစ်၏။ ထိုအချိန်မှစ၍ ဂျပန်သည်လည်း သူ၏ နောက်ဖေးခြံဝန်းသဖွယ် ဖြစ်သွားပေမည်။
ထိုအချက်ကို တွေးတောရင်း လင်းရီ မီနာအီတိုကို ကြည့်လိုက်သည်။ “ လူတွေ စုထားဖို့ တာရို ခါရာဆာဝါကို သွားပြီး အသိပေးလိုက် … ထိုင်ပြီးစောင့်နေတာထက် ကိုယ့်ဘက်က အရင်ဦးဆုံး လှုပ်ရှားတာက ပိုကောင်းတယ်…”
“ ဟုတ်ကဲ့ … နားလည်ပါပြီ …”
မီနာအီတို ထွက်ခွာသွားခဲ့၏။ အာယာနဲ မစ်ဆူမှာ စိုးရိမ်သည့် အတွေးတို့ဖြင့် ခံစားချက်တို့မှာ ရှုပ်ထွေးနေလေသည်။ အဘယ်ကြောင့်ဆိုသော် သူမ လင်းရီကို ဖြောင်းဖျ၍ မဖြစ်နိုင်ကြောင်း သိရှိနေသောကြောင့်ပင်။
“ တကယ်လို့ လူကြီးမင်းက သွားမယ် စိတ်ပိုင်းဖြတ်ထားရင် ကျွန်မ တစ်ခုလောက် ပေးလိုက်ချင်တယ်… ကျေးဇူးပြုပြီး အဲ့တာကို ရှင်နဲ့ အတူ ယူသွားပေးပါ .. မဟုတ်ရင် ကျွန်မ စိတ်ချနိုင်မှာမဟုတ်လို့ …”
“ ဘာများလဲ …”
“ လူကြီးမင်းလင်း … ကျေးဇူးပြုပြီး နောက်က လိုက်ခဲ့ပေးပါ …”
အာယာနဲ မစ်ဆူ၏ ဦးဆောင်မှုအောက်တွင် နှစ်ယောက်မှာ ဗီလာထဲသို့ ရောက်ရှိလာခဲ့ပြီး သုံးလွှာသို့ တက်လာ၍ အတွင်းဘက် အကျဆုံး အခန်းထဲသို့ ရောက်ရှိလာသည်။
တံခါးချပ်ကို ဖွင့်လိုက်သည်နှင့် လင်းရီသည် သူ့အရှေ့ နံရံတွင် ချိတ်ဆွဲထားသည့် အစိမ်းရောင် ဓားရှည်တစ်လက်ကို မြင်တွေ့လိုက်ရသည်။ ၎င်းက ထိုနေရာတွင် တိတ်ဆိတ်စွာ လဲလျောင်းနေလျက် ရှိပြီး ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အရှိန်အဝါတို့အား လွှတ်ထုတ်နေလျက် ရှိလေသည်။
“ မင်းရဲ့ မိသားစုမှာလည်း ဒီလိုဟာမျိုး ရှိတယ်ပေါ့ …” လင်းရီ သိချင်စိတ် ပြင်းပြသွားခဲ့သည်။
“ ဒါက မစ်ဆူ မိသားစုရဲ့ မိသားစုပိုင် ရတနာပဲ … ကောင်းကင်ဘုံအောက် ဓားငါးလက်ထဲက တစ်လက်ဖြစ်တဲ့ မီခါဇူကီဓားပဲ …"
သူမအရှေ့ရှိ ဓားကို ငေးမောရင်း အာယာနဲ မစ်ဆူ၏ မျက်ဝန်းအကြည့်တို့မှာ ညင်သာနေလျက်ရှိသည်။
“ ကျွန်မတို့ရဲ့ ဘိုးဘေးတွေက ဒီဓားအပေါ် မှီခိုပြီး မစ်ဆူမိသားစုအတွက် ဒီနေ့လို အဆင့်အတန်းမျိုး ရအောင် လမ်းဖောက်ခဲ့တယ်… ဒါကြောင့်မို့ မစ်ဆူမိသားစုရဲ့ နောက်မျိုးဆက်တိုင်းက ဒီဓားကို မိသားစုရဲ့ ဂုဏ်ကျက်သရေ တစ်ခုအဖြစ် ထိန်းသိမ်းလာကြတာ ကျွန်မမျှော်လင့်တာက လူကြီးမင်းလင်း သူ့ကို ခေါ်သွားပြီး တိုက်ပွဲနွှဲပေးမယ်လို့ မျှော်လင့်ပါတယ်… မစ်ဆူမိသားစု ဘိုးဘေးတွေရဲ့ စောင့်ရှောက်မှုနှင့်အတူ ကျိန်းသေပေါက် နိုင်ပွဲ တစ်ခုကို ရရှိလာမယ်လို့ မျှော်လင့်ပါတယ်…”
လင်းရီ ခေါင်းညိတ်လိုက်ပြီး ဒဏ္ဍာရီလားဓားထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။
ဓားရှည်ကို အောက်သို့ ဆွဲယူလိုက်ပြီး လက်ထဲတွင် အလေးချိန်အား ခံစားကြည့်လိုက်သည်။
ထို့နောက် ဓားရိုးကို ကိုင်ရင်း ဓားသွားကို ဆွဲထုတ်လိုက်၏။ လေထုသည်ပင် ဖြတ်တောက်ခံလိုက်ရသည့်နှယ် ရွှစ်ခနဲ မြည်သွားခဲ့ပြီး အဖြူရောင် အလင်းတန်းတစ်ချက်က လင်းရီ၏ မျက်ဝန်းတစ်စုံကို ရောင်ပြန်ဟပ်လာသည်။
“ တကယ်ကိုဓားကောင်းတစ်လက်ပဲ … ငါ ဒီနေ့ ကောင်းကောင်း အသုံးချပေးပါ့မယ်…”
“ ကျွန်မလည်း လူကြီးမင်းလင်းကို အောင်ပွဲနဲ့အတူ ပြန်လာနိုင်ဖို့ စောင့်မျှော်နေပါ့မယ်…”
“ ကောင်းပြီ …”
လင်းရီ ခေါင်းတစ်ချက်ညိတ်၍ ဓားအားယူဆောင်ကာ အပြင်သို့ ထွက်လာခဲ့သည်။
မီနာအီတို၏ လိုက်ပါပို့ဆောင်ပေးမှုအောက်၌ မိနစ် ၂၀ ခန့်ကြာပြီးသည့်နောက် တာရို ခါရာဆာဝါထံသို့ ရောက်ရှိလာသည်။
လင်းရီ တစ်ချက်ကြည့်လိုက်ရာ တာရို ခါရာဆာဝက လူနှစ်ရာကျော်ခန့်ကို ခေါ်ဆောင်လာခဲ့ပြီး အဆိုပါ လူအုပ်မြင်ကွင်းကြီးက အမှန်တကယ် အထင်ကြီးလောက်စရာပင်။
“ လူကြီးမင်းလင်း….”
လင်းရီကို မြင်တော့ တာရီု ခါရာဆာဝါနှင့် သူ့လူများအားလုံး ဦးညွှတ်နှုတ်ဆက်လိုက်ကြ၏။
သူတို့ရှေ့ရှိ လူက မြင့်မားသည့် အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားမှန်း သူတို့ သိထားကြသည်။ ထို့ကြောင့် မလေးမစား မလုပ်ဝံ့ကြပေ။
“ ရိုရှီဇာခီ အခု ပြဿနာ တက်နေတယ်… သံကို ပူတုန်း နာနာထုပြီး သူတို့ကို အလစ်ငိုက်တိုက်ခိုက်ကြမယ်…”
“ ကျုပ်တို့ လူကြီးမင်းလင်းရဲ့ အမိန့်ကို နာခံဖို့ အသင့်ပါပဲ …”
လူ ရာကျော်က သံပြိုင် ဖြေဆိုလိုက်ကြ၏။
“ သွားစို့ …”
စကားအနည်းငယ် ဖလှယ်ပြီးနောက် အုပ်စုမှာ ကားကိုယ်စီထဲသို့ ဝင်၍ ရှင်းဂျူခု ဟိုတယ်ထံ ဦးတည်လာခဲ့ကြသည်။
မူလတုန်းက ဤဟိုတယ်မှာ ရာမာဂူချီဂိုဏ်း၏ ပိုင်နက်ပင်။ သို့သော် ယူရှီ မစ်ဆူ သေဆုံးသွားခဲ့ပြီးနောက် ဆာတိုရူက ၎င်းဟိုတယ်ကို သူ့နာမည်သို့ လွှဲပြောင်းယူဆောင်သွားခဲ့သည်။
ဟိုတယ်နှင့် မီတာ တစ်ရာခန့်အကွာကိုရောက်တော့ လင်းရီသည် ကားကို ရပ်တန့်၍ တာရို ခါရာဆာဝါထံသို့ ကြည့်လိုက်သည်။
“ ဆာတိုရူက ဒီမှာ ရှိနေတယ်ဆိုတာ မင်း သေချာလား …”
“ အင်း … သေချာတယ်….” တာရို ခါရာဆာဝါက ခိုင်မာစွာ ပြန်ဖြေလိုက်၏။ “ အုပ်စု သုံးခုလုံးက တစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကို တစ်ယောက်က ကောင်းကောင်းကြီး သိကြတယ်… ဒါပေမယ့် အပြန်အလှန် ကန့်သတ်ချုပ်ချယ်မှုတွေကြောင့် လှုပ်ရှားခွင့် မသာခဲ့ကြဘူး … ဒါပေမယ့် တစ်ဖက် အခြေအနေ ဘယ်လို ရှိတယ်ဆိုတာ အကြမ်းဖျင်းတော့ နားလည်ထားပါတယ်…”
“ ပြောတာကောင်းတယ်…” လင်းရီ တည်ငြိမ်စွာ ဆို၍ “ လူတိုင်းကို အသင့်ပြင်ခိုင်းထားပြီး ငါ့အမိန့်ကို စောင့်နေဖို့ ပြောလိုက် …”
“ လူကြီးမင်းလင်းက တစ်ယောက်တည်း လှုပ်ရှားဖို့ စီစဉ်ထားတာလားရှင့် …” မီနာအီတို စိုးရိမ်သည့် လေသံဖြင့် မေးမြန်းလာခဲ့၏။ “ မိန်းကလေး မစ်ဆူက ကျွန်မတို့ကို လူကြီးမင်းလင်းရဲ့ လုံခြုံရေးကို ဂရုစိုက်ပေးဖို့ အတန်တန်မှာထားတာ ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်…”
“ မလိုဘူး … မင်းလိုက်ခဲ့လည်း အပိုပဲ… ငါ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာပဲ ရှိမယ်… ငါ တစ်ယောက်တည်းနဲ့ ကိုင်တွယ်နိုင်တယ်….”
ပြောပြီးသည်နှင့် လင်းရီသည် မစ်ဆူမိသားစု၏ မိသားစုပိုင် ရတနာဓားကို လက်တွင် ကိုင်ဆောင်လျက် ကားထဲက ထွက်လာခဲ့လိုက်၏။