မင်းကို မရဏလမ်းဆီ ပို့ပေးဖို့ ငါလာခဲ့တာ
Vol. 134 Ch. 2001
ဟိုတယ်က ရှင်းဂျူခု ခရိုင်၏ အဓိက နေရာတွင် တည်ရှိပြီး အတော်လေး စည်ကားသိုက်မြိုက်သည့် နေရာတစ်ခုပင်။
မြောက်များလှသည့် လမ်းတို့အထက်တွင် လူတို့ မပြတ်မလပ် စည်ကားနေပြီး လင်းရီကိုယ်တိုင်လည်း လူအုပ်ထဲ ရောဝင်လိုက်လေသည်။ သူ၏ ဓားကိုင်ဆောင်ထားသည့် အပြုအမူအား မည်သူကမျှ ထူးဆန်းသည်ဟု မမှတ်ယူကြချေ။ အဘယ်ကြောင့်ဆိုသော် လမ်းမထက်၌ cosplay ဝတ်စုံဖြင့် လည်ပတ်နေကြသည့် နိုင်ငံခြားသား ဧည့်သည်များလည်း ရှိနေသောကြောင့် ဖြစ်လေသည်။
တစ်မိနစ် ကြာပြီးနောက် လင်းရီ ဟိုတယ်ဝင်ပေါက်ဝသို့ ရောက်ရှိလာခဲ့သည်။
သို့သော် ထင်မှတ်မထားစွာ ယနေ့ ပိတ်သည်ဟူသော ဆိုင်းဘုတ်ကိုသာ မြင်တွေ့လိုက်ရသည်။
တံခါးပေါက်ဝ၌လည်း လုံခြုံရေး အစောင့်တို့ တင်းကြပ်စွာ ချထားပြီး ကြည့်ရသည်မှာ ယနေ့ ဟိုတယ် မဖွင့်သည့်ပုံပင်။ သို့ပေမယ့်လည်း အထဲတွင် လူတော်တော်များများက သွားလာလှုပ်ရှားနေသည့် ပုံရိပ်ကို လင်းရီ မြင်တွေ့နေရ၏။ သူတို့အားလုံးက အတော်လေး အလျင်လိုနေကြပြီး အပေါ်ယံ ကြည့်ရသလောက်တော့ ဟိုတယ်က ပိတ်ထားသည်နှင့်လည်း မတူပြန်ပေ။
မူမမှန်သည့်အရာ တစ်ခုခုတော့ ရှိကို ရှိ၏။
"ဟေ့ကောင် ... မင်း ဘာလုပ်နေတာလဲ …”
သူ တံခါးပေါက်ဝနားတွင် မတ်တပ်ရပ်နေသည်ကို မြင်တော့ ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် လူတစ်ဦးက လင်းရီထံသို့ လျှောက်လှမ်းလာသည်။
“ ဟိုတယ်က ဒီနေ့ မဖွင့်ဘူး … တည်းချင်ရင် တခြား နေရာ သွားရှာချည် …”
လင်းရီ အပြုံးလေးဖြင့် ခေါင်းညိတ်ပြ၍ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ သို့သော် သူ လက်လျှော့လိုက်ခြင်းတော့ မရှိပေ။ ဟိုတယ်က ပိတ်ထားသည်ဆိုသော်လည်းပဲ ဟိုတယ်အတွင်း၌ လူများစွာ ရှိနေပြီး ဤသည်က အခြားသူများ ဝင်ထွက်သွားလာရန်အတွက် အဆင်ပြေစေမည့် တခြား ဝင်ပေါက် တစ်ခု ရှိနေသည်ဟု ဆိုလိုသည်။
ထို့ကြောင့် အနောက်တံခါး တစ်ခု ရှိနေဦးမည်မှာ ကျိန်းသေပေါက် သံသယ ဖြစ်စရာမလိုပေ။
လင်းရီ လေကုန်ခံမနေဘဲ အနောက်တံခါးသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့၏။
မီတာဒါဇင်ခန့် လျှောက်လှမ်းလာခဲ့ပြီးနောက် သုံးမီတာ ကျယ်ဝန်းသည့် လမ်းကြားလေးတစ်ခုကို လင်းရီ မြင်တွေ့လိုက်ရသည်။ အရောင်စုံလင်ပြီး လှပသည့် အဓိက လမ်းမကြီးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဤနေရာမှာ နည်းနည်း မှောင်ရိပ်သမ်းနေသည်ဟု ပြော၍ရ၏။
မကြာမီ လင်းရီ လမ်းကြားလေးအား ဖြတ်သန်း၍ ဟိုတယ်၏ အနောက်ဘက် တံခါးဝသို့ ရောက်ရှိလာသည်။
သူ ထင်မှတ်ထားသည့်အတိုင်း အနောက်တံခါးဝမှတဆင့် လူတို့ ဝင်ထွက်သွားလာမှု ပြုလုပ်နေရုံမျှမက ကားအစင်း နှစ်ဆယ်ကျော်ကလည်း ထိုနေရာ၌ ပါကင်ထိုးရပ်ထားသည်။ အကုန်လုံးက ဈေးမနည်းသည့် ကားများပင်။
“ မင်း ဘယ်သူလဲ …”
လင်းရီ လှုပ်ရှားတော့မည့် အချိန်မှာပဲ အော်ဟစ်သံတစ်ခုက နားထဲ တိုးဝင်လာသည်။ အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ၌ အနက်ရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးက မလှမ်းမကမ်းတွင် မတ်တပ်ရပ်နေသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။
ထိုလူက ဆာတိုရူ၏ လက်အောက်ငယ်သား တစ်ဦး ဖြစ်မည်မှာ သံသယဖြစ်ရန်မလိုပေ။ သူ့ကို မြင်တွေ့သွားသည့်အခါ၌ လင်းရီသည် အချိန်ဆွဲနေခြင်း မပြုတော့ဘဲ မာ့စ်ကို ချွတ်၍ တံခါးပေါက်ဝထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားခဲ့သည်။
“ မင်း အဲ့မှာ ရပ်လိုက်စမ်း …”
အနက်ဝတ်နှင့်လူက ခိုးကြောင်ခိုးဝှက်ပြုနသည့် လင်းရီကို မြင်သည်နှင့် သူ့အနောက်သို့ ချက်ချင်း ပြေးလိုက်လာသည်။
ယခုကဲ့သို့ အမှားမခံသည့် အခြေအနေ၌ မည်သည့် ကိစ္စ တစ်စုံတစ်ရာမျှ ဖြစ်ပျက်၍မရပေ။
ဤသည်ကလည်း လင်းရီ လိုချင်သည့် အခြေအနေ အတိအကျ ဖြစ်လေသည်။
အနောက်က လိုက်လာသည်ကို အာရုံခံမိသည့် အခါ၌ လင်းရီသည် သူ၏ အရှိန်ကို ရည်ရွယ်ချက် ရှိရှိ မြင့်တင်လိုက်၏။ စက္ကန့်အနည်းငယ် ကြာပြီးသည့်အနောက် အနက်ဝတ်နှင့်လူမှာ သူ့ပခုံးအား ဆွဲ၍ နောက်သို့ ဆွဲလှည့်လိုက်သည်။
“ မင်း ဘယ်သူလဲ … ဘာလို့ ဒီရောက်နေတာလဲ ….”
လင်းရီ မည်သည့် စကားတစ်ခွန်းမျှမဆိုဘဲ အနက်ဝတ်နှင့်လူ၏ လက်ကောက်ဝတ်ကို နောက်ကျောဘက်သို့ ဆွဲလိမ်လိုက်၏။
ထို့နောက် သူ၏ အခြား လက်တစ်ဖက်ဖြင့် တစ်ဖက်သူ၏ လက်ပင်းအား လိမ်ချိုးလိုက်ကာ နံရံဘေးသို့ မှီခိုင်းထားလိုက်သ်ည။
“ မသေချင်ဘူးဆိုရင် မမြင်ချင်ယောင် ဆောင်လိုက်သင့်တာ…”
ဆယ်မိနစ်ခန့်ကြာပြီးသည့်နောက် လင်းရီသည် တိတ်ဆိတ်သည့် လမ်းကြားလေးထဲက ထွက်လာခဲ့ပြီး အနက်ဝတ်နှင့် လူ၏ အဝတ်များကိုတော့ သူ၏ ကိုယ်ပေါ်သို့ ပြောင်းလဲ ဝတ်ဆင်ထားပြီး ဖြစ်၏။ ထိုဝတ်စုံနှင့် သူ၏ သွင်ပြင်က အတော်လေး ခန့်ညားနေခဲ့သည်။
…..
ဟိုတယ် ၁၈ လွှာ သီးသန့်ခန်းထဲတွင် ဆာတိုရူနှင့် မန်နေဂျာ ၇ နှစ်ဦးတို့မှာ ကိုယ်စီ စားသောက်နေလျက် ရှိ၏။
သို့သော် သူတို့ကြားရှိ လေထု အခြေအနေ၌ တွေ့ဆုံပွဲ တစ်ခုနှင့် မတူဘဲ ဆွေးနွေးပွဲ တစ်ခုနှင့် ပိုပြီး ဆင်တူနေသည်။
“ နေ့ခင်းဘက် တိုက်ခိုက်မှုက အတော်လေး အောင်မြင်တယ်… ငါတို့တွေ ရိုရှီဇာခီရဲ့ ပိုင်နက် ခြောက်ဆယ် ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီ … နောက်သုံးရက်နေရင် ကျန်တဲ့ပိုင်နက်တွေ အကုန်လုံး ငါတို့လက်ထဲကို ရောက်ပြီ … ဒါပေမယ့် ငါတို့ ဒီလောက်နဲ့ ကျေနပ်အားရနေလို့ မဖြစ်ဘူး …”
“ ခေါင်းဆောင် .. ကျုပ်ကတော့ ဒါ ကောင်းတဲ့ အကြံဉာဏ်လို့ မထင်ဘူး …”
ပြောလိုက်သူက တက်တူး အပြည့်ထိုးထားသည့် လူဝကြီး တစ်ဦးပင်။
သူ့နာမည်က ခန်တာ မီရာမိုတို ဖြစ်ပြီး ဆာတိုရူ၏ အုပ်စုခုနစ်ခု ခေါင်းဆောင်များထဲက တစ်ဦး ဖြစ်လေသည်။ ထို့ပြင် တစ်ယောက်ချင်းစီတိုင်းကလည်း သူ ယုံကြည်အားကိုးရသူများ ဖြစ်ကြ၏။
“ မင်းက ဘယ်လိုထင်လို့ …” ဆာတိုရူ တည်ငြိမ်စွာ မေးမြန်းလိုက်၏။
“ ကျုပ်တို့ အောင်မြင်ခဲ့တယ်ဆိုတာ ရုတ်တရက် တိုက်ခိုက်ခဲ့လို့ပဲ … မကြာခင် ရိုရှီဇာခီနဲ့ မစ်ဆူဘီရှီ မိသားစုက လူတွေ ရောက်လာမယ်လို့ ကျုပ်ယုံတယ်… အဲ့ဒီ အချိန်မှာ တကယ်လို့ တာရို ခါရာဆာဝါပါ ပါဝင်ပတ်သက်လာမယ်ဆိုရင် ကျုပ်တို့တွေ အရေးနိမ့်သွားနိုင်တယ် မဟုတ်ဘူးလား …”
“ တာရို ခါရာဆာဝါ …. ဟက် …” ဆာတိုရူ အထင်တသေး ပြုံး၍ ရေနွေးကြမ်း တစ်ကျိုက်ကို အရသာခံလိုက်သည်။
“ သူ့ကို ခေါင်းထဲ ထည့်ကိုမထည့်တာ … မဟုတ်ရင် အစကတည်းက ရိုရှီဇာခီကို ပစ်မှတ်ထားနေမှာတောင် မဟုတ်ဘူး … ပြီးတော့ ဒီနေ့ညမှာ တာရို ခါရာဆာဝါကို တိုက်ခိုက်ဖို့ စီစဉ်ထားပြီးပြီ … ဒီလိုမျိုး တိုက်ခိုက်လာမယ်လို့ သူ လုံးဝ မျှော်လင့်မထားဘူးဆိုတာ ငါ လောင်းရဲတယ်… အခြေအနေက ငါတို့အတွက် အသာစီးပဲ … “
“ တာရို ခါရာဆာဝါကို ဒီနေ့ည တိုက်ခိုက်မယ်ဟုတ်လား ….”
အုပ်စု ခုနစ်ခု ခေါင်းဆောင်များအားလုံး အမူအရာ ကိုယ်စီနှင့် ဖြစ်သွားခဲ့ကြပြီး သူတို့အကုန်လုံး အံ့အားသင့်သွားခဲ့ကြ၏။
“ ရိုရှီဇာခီရဲ့ ပိုင်နက်အားလုံးကိုတောင် မရသေးဘူးလေ… ပြီးတော့ ကျုပ်တို့ဘက်က ထိခိုက်ထားတာတွေနဲ့ဆိုရင် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ … ခေါင်းဆောင် … မင်း သေချာစဉ်းစားဦးနော်….” ခန်တာ မီရာမိုတိုက အနည်းငယ် မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။
“ ပြီးတော့ ကျုပ်တို့ရဲ့ လက်ရှိ အနေအထားက မလုံခြုံဘူး … ရိုရှီဇာခီက မစ်ဆူဘီရှီ မိသားစုရဲ့ အကူအညီနဲ့ အချိန်မရွေး လက်တုံ့ပြန်လာနိုင်တယ်… ဒါ အရမ်း စွန့်စားမှု ကြီးလွန်းတယ်….”
“ ကျုပ်လည်း ခေါင်းဆောင် မီရာမိုတိုရဲ့ စကားကို သဘောတူတယ်… တစ်ချိန်တည်းမှာ အားလုံးနဲ့ ရန်သူ မလုပ်သင့်သေးဘူး … တစ်ယောက်ပြီးမှ တစ်ယောက် အာရုံစိုက်ပြီး ဖြေရှင်းတာက ပိုကောင်းတယ်… မဟုတ်ရင် ကျုပ်တို့ဘဲ ထိခိုက်ရလိမ့်မယ်…” အခြား အုပ်စုခေါင်းဆောင် တစ်ယောက်က ပြောဆိုလိုက်သည်။
“ မင်းတို့ စိုးရိမ်နေတာတွေကို ငါနားလည်တယ်…” ဆာတိုရူ ပြုံးလျက် ပြောဆိုလိုက်ပြီး “ ငါဘာလို့ ဒီလို လုပ်နေလဲဆိုတော့ အနောက်မှာ ငါတို့ကို ပံ့ပိုးပေးနေတဲ့သူ ရှိလို့ပဲ …”
“ နောက်ကွယ်မှာ ပံ့ပိုးပေးနေတဲ့သူ ရှိတယ် ဟုတ်လား …”
လူတိုင်း အကြည့်ချင်း ဖလှယ်မိလိုက်ကြ၏။
“ ဒီတစ်ခေါက် ငါ လှုပ်ရှားဖို့ စီစဉ်လိုက်တာက ဘာလို့ဆို ငါ့ဆီမှာ လုံးဝ ပြီးပြည့်စုံတဲ့ အစီအစဉ်နဲ့ အထောက်အပံ့တွေ ရှိနေလို့ပဲ … တစ်စုံတစ်ယောက်က ငါတို့ကို ရိုရှီဇာခီကို အဆုံးသတ်ဖို့ ကူညီပေးလိမ့်မယ်… သူ့ကို စိုးရိမ်နေစရာ မလိုဘူး … တာရို ခါရာဆာဝါကိုပဲ အာရုံစိုက်ဖို့လိုတယ်… ငါတို့ ဒီအခွင့်အရေးကို သေချာ အသုံးချပြီး သူတို့ ပိုင်နက်တွေအားလုံးကို သိမ်းပိုက်ရမယ်…”
“ ခေါင်းဆောင် … မင်း ဒီကိစ္စ သေချာစဉ်းစားပြီးတာ သေချာလား…”ခန်တာ မီရာမိုတု မေးမြန်းလိုက်ပြီး “ တကယ်လို့ တခြားဘက်ခြမ်းက သူတို့ရဲ့ ကတိကို မတည်ဘူးဆိုရင် အကျိုးဆက်တွေက တွေးကြည့်စရာ မလိုအောင်ပဲနော်….”
“ ငါ နားလည်တယ်… ငါတို့ရဲ့ မဟာမိတ်တွေ ခဏနေ ဒီကို ရောက်လာတော့မှာ …” ဆာတိုရူ သူ၏ နာရီကို တစ်ချက်ကြည့်၍ “ အခုတောင် ရောက်နေပြီလား မသိဘူး … မင်းတို့ စိတ်မပူကြနဲ့ …”
ခေါင်းဆောင် ခုနစ်ဦးမှာ အကြည့်ချင်း ဖလှယ်မိလိုက်သည်။
ဆာတိုရူ၏ သွင်ပြင်က ဟာသလုပ်နေသည်နှင့်လည်း မတူပေ။
ယုံကြည်ရသည့် ပြင်ပ အကူအညီဖြင့် ဆိုပါက ရိုရှီဇာခီနှင့် တာရို ခါရာဆာဝါတို့၏ ပိုင်နက်များအား သိမ်းပိုက်ရန်က ခက်ခဲသည့် ကိစ္စရပ်တစ်ခု မဟုတ်ပေ။
“ အာယာနဲ မစ်ဆူကိုကျ ဘယ်လိုလုပ်မှာ …” ခန်တာ မီရာမိုတို မေးမြန်းလာခဲ့သည်။ “ ကြည့်ရတာတော့ ကားအက်စီးဒင့်က သူ့အပေါ် ဘာထိခိုက်မှုမှ မရှိသလောက်ပဲနော်….”
“ မစ်ဆူ မိသားစုက ဂျပန်မှာ အတော်လေး မြင့်မားတဲ့ အဆင့်အတန်းရှိတယ်… သူတို့ကို ဒီလိုနည်းလမ်းနဲ့ အောက်ခြေကနေ လှိုက်စားဖို့ဆိုတာ မဖြစ်နိုင်ဘူး … စီးပွားရေး ကဏ္ဍကနေ လှုပ်ရှားဖို့လိုတယ်…”
“ နားလည်ပြီ …”
သူတို့စကားပြောဆိုနေစဉ်မှာပဲ အခန်းတံခါးသို့ လျှပ်စစ်စီးသံများ ဖြတ်ပြေးသွားခဲ့ပြီး တံခါးပွင့်ဟလာသည်။
ဆာတိုရူနှင့် ကျန်သူများအားလုံး ခေါင်းလှည့်ကြည့်လာကြ၍ မျက်မှောင်ကြုတ်သွားခဲ့ကြသည်။
ခွင့်မတောင်းဘဲ ဘယ်သူလဲ တံခါးဖွင့်ရဲနေတာ …
မကြာမီ တံခါး ပွင့်ဟလာခဲ့ပြီး ရှည်လျားသည့် ဝတ္ထုပစ္စည်းတစ်ခုကို ကိုင်ထားသည့် လူငယ်တစ်ယောက်၏ သွင်ပြင် လှစ်ဟာလာသည်။
“ မင်းက ဘယ်အုပ်စုကလဲ …”
လင်းရီက သူတို့ ယူနီဖောင်း ဝတ်ထားသည်ကို မြင်တော့ ဆာတိုရူသည် လင်းရီအား သူတို့၏ အဖွဲ့ဝင် တစ်ယောက်ဟု အထင်မှားသွားခဲ့၏။
“ အသင်း ၁ ….” လင်းရီ အေးစက်စွာ တုံ့ပြန်၍ တံခါးအား ပြန်ပိတ်လိုက်သည်။
“ အသင်း ၁ …. ဟုတ်လား …”
ဆာတိုရူမှာ ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့အဖွဲ့အစည်းအား ထိုသို့ ဖွဲ့စည်းထားခြင်း မဟုတ်သောကြောင့်ပင်။
တစ်ခုခုတော့ မှားယွင်းနေချေပြီ။
“ မင်းက တကယ်ပဲ ဘယ်သူလဲ …”
“ ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးပါရစေ … ကျုပ်က ဟွာရှ ၊ ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ရဲ့ ခေါင်းဆောင် လင်းရီပါ … ဒီကို လာခဲ့တာက ခင်များတို့တွေ အကုန်လုံးကို မရဏလမ်းဆီ ပို့ဆောင်ပေးဖို့ပဲ …”