← Chapters

ငါတို့ ထပ်တွေ့ကြဦးမှာပါ

Vol. 134 Ch. 2003

ငါတို့ ထပ်တွေ့ကြဦးမှာပါ

Vol. 134 Ch. 2003

သူ ဝေါ်ကာကို မြင်တွေ့လိုက်ရသည်နှင့် လင်းရီ ခံစားလိုက်ရသည့် ပထမဆုံးသော ခံစားချက်က အန္တရာယ် ရှိသည်ဟူ၍ပင်။ ဤ ရွှေအိုရောင် ဆံပင်နှင့် နိုင်ငံခြားသားက သူ့အား ထွင်းဖောက်၍ မမြင်နိုင်သည့် ခံစားချက်အား ပေးစွမ်းနေသည်။

အဆုံးမဲ့သည့် တွင်းနက်ကြီး တစ်ခုနှယ် သူက ထိုနေရာတွင် တည်ငြိမ်စွာ ထိုင်နေခဲ့ပြီး ဖြစ်ပျက်နေသမျှ အရာအားလုံးက သူနှင့် မသက်ဆိုင်သကဲ့သို့ ရှိ၏။

" ဘာဖြစ်လို့လဲ လူကြီးမင်းလင်း .... "

လင်းရီ မလှုပ်မယှက်ဘဲ ရပ်နေသည်ကို မြင်တော့ မီနာအီတို သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

" ဘာမှမဟုတ်ဘူး.... ငါ့က်ု ကားထဲမှာ သွားစောင့်နေ.... "

သူ၏ လေးနက်တည်ကြည်နေသည့် မျက်နှာ အမူအရာကို မြင်တော့ မီနာအီတိုသည် မကောင်းသည့် တစ်စုံတစ်ရာ ဖြစ်ပျက်တော့မည်ကို စိတ်က တပ်အပ်သိလိုက်သည်။

တစ်ချိန်တည်း၌ သူမ၏ အကြည့်က ဝေါ်ကာထံ ကျရောက်သွားခဲ့၏။

" အဲ့ဒီလူကြောင့်လား.... "

" မမေးနဲ့ ... ကားထဲ အရင်၀င်နှင့် .... "

မီနာအီတိုသည် လင်းရီ၏ အမိန့်ကို မလေးမစား မလုပ်ဝံ့သဖြင့် ကားထံသို့ လျှောက်လှမ်းသွားခဲ့သည်။ သို့ပေမယ့် သူမ၏ အကြည့်က ဝေါ်ကာထံ၌သာ တစ်ချိန်လုံး ရောက်ရှိနေခဲ့လေသည်။

သူမ၏ အလိုလိုသိစိတ်က ပြောပြနေသည်မှာ လူကြီးမင်းလင်းကို ယခုကဲ့သို့ လေးနက်တည်ကြည်သည့် အမူအရာမျိုး ပြုလုပ်နိုင်သည့် လူမှာ ကျိန်းသေပေါက် ရိုးစင်းသည့် လူတစ်ယောက် မဖြစ်နိုင်ဟူ၍ပင်။ တစ်ဖက်လူက သူမ စိတ်ကူးထားသည်ထက်ပင် ပိုပြီး အန္တရာယ် ရှိနေနိုင်သည်။

လင်းရီ ကိုယ်ကို အနည်းငယ် လှည့်လိုက်ပြီး ညာဘက်လက်တွင် ဓားကို ကိုင်၍ ဝေါ်ကာနှင့် မျက်နှာချင်းဆိုင်လျက် ရှိရာဘက်သို့ လျှောက်လှမ်းလာခဲ့သည်။

တစ်ချိန်တည်းတွင် ဝေါ်ကာလည်း မတ်တပ်ရပ်လိုက်၏။ နှစ်ဦးကြားရှိ အကွာအဝေးက ဆယ်မီတာခန့်မျှသာ ရှိသည်။ သို့သော် နှစ်ဦးကြားရှိ လေထုအခြေအနေမှာတော့ အေးစက်မှု၊ တစ်ဦးကိုတစ်ဦး သတ်ဖြတ်လိုစိတ်တို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။

လွန်ခဲ့သည့် တစ်စက္ကန့်ခန့်က အရာအားလုံးမှာ တည်တည်ငြိမ်ငြိမ်ပင်။ သို့သော် နောက်တစ်စက္ကန့်၌ ကမ္ဘာကြီးတစ်ခုလုံးမှာ အဇူရာတိုက်ပွဲကွင်းပြင်ကဲ့သို့ ဖိနှိပ်မွန်းကြပ်ပြီး သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်လာခဲ့တော့သည်။

" ဒီတော့ ခင်များက နောက်ကွယ်မှာ ရှိနေတဲ့လူပေါ့... "

" အမှန်ပဲ... "

ဝေါ်ကာ မငြင်းပယ်ခဲ့ချေ။

သူ၏ အမြင်၌ ငြင်းပယ်ဖို့ လိုအပ်သည်ဟုလည်း မထင်ပေ။ လင်းရီ၏ အရည်အချင်းဖြင့် သူ့အား ဘာမျှလုပ်နိုင်မှာ မဟုတ်ချေ။ အဘယ်ကြောင့် ငြင်းပယ်နေဦးမည်နည်း။

" ဒါပေမယ့် မင်းက အတော်လေး အင်အားကြီးပြီး ငါတို့ရဲ့ အစီအစဉ်တွေကို တစ်ခုပြီးတစ်ခု ဖျက်စီးနိုင်တယ်.... ငါ အစကထင်ထားတာ ကျုံးဝေ့တပ်ဖွဲ့က လူတွေ အကုန်လုံး အမှိုက်တွေချည်းပဲလားလို့.... ဒါပေမယ့် မင်းက ငါ့ကို တော်တော်လေး အံ့အားသင့်အောင် လုပ်နိုင်ခဲ့တယ်.... မင်းလိုလူမျိုး မတွေ့ရတာတောင် အတော်ကြာပြီ.... "

ပြောရင်းဖြင့် ဝေါ်ကာသည့် သူ့ခါးက ဓားမြောင်ကို ထုတ်၍ တိုက်ခိုက်မည့်ကိုယ်ဟန်ကို အသွင်ယူလိုက်သည်။

ဤလှုပ်ရှားမှုက လင်းရီ၏ အလိုလိုသိစိတ်သို့ အန္တရာယ်ကြီးမားသည်ဟူသော အချက်ပြမှုကို တရစပ် ရရှိသွားစေခဲ့၏။ တစ်ဖက်လူ၏ ခွန်အားက ဘီ အဆင့်ဖြစ်နေဖို့ များသည်။ မဟုတ်ပါက ဤမျှ ပြင်းထန်သည့် ခြိမ်းခြောက်မှု အရှိန်အဝါကို ပေးစွမ်းနေနိုင်မှာ မဟု‌တ်ပေ။

သတိပေးခြင်းမရှိပါဘဲ‌ ဝေါ်ကာသည် လင်းရီကို စတင်တိုက်ခိုက်လာခဲ့၏။

အန္တရာယ်ကို အာရုံခံမိသည်နှင့် လင်းရီသည် ဓားအား ဆွဲထုတ်၍ ရန်သူထံသို့ ချက်ချင်းခုတ်ပိုင်းလိုက်သည်။

ချွင် ....

လင်းရီ၏ မီခါဇူကီဓားက ဝေါ်ကာ၏ ခေါက်ဓားသို့ အရှန်ပြင်းစွာ ထိတွေ့သည်၌ သတ္တုခြင်း ရိုက်ခတ်မိသံတစ်ခု ထွက်ပေါ်လာသည်။

" ဘယ်လိုလုပ်ပြီး .... "

သူ့ကိုယ်သူ ခုခံနေရသည့် အနေအထားသို့ ကျရောက်နေသည်ကို သတိထားမိတော့ ဝေါ်ကာ ကိုယ့်ကိုယ်ကို အင်မတန် အံ့အားသင့်သွားခဲ့သည်။

လင်းရီ၏ ခွန်အားက မယုံကြည်နိုင်လောက်အောင် ကြီးမားလွန်းနေခဲ့ကာ သူ့ထက် သာလွန်နေဟန်ပင်။

စစ်စစ်၌ လင်းရီ၏ ကနေဦး အားသာချက်မှာ အချက်များစွာမှ ရရှိလာခဲ့ခြင်းပင်။ ဦးစွာ အနေဖြင့် မီခါဇူကီဓားသည် အစဉ်အလာကြီးသည့် ဓားတစ်လက်ဖြစ်ပြီး ဝေါ်ကာ၏ ခေါက်ဓားထက် အဘက်ဘက်တွင် သာလွန်နေသည်။

ဒုတိယအနေဖြင့် စနစ်၏ တိုးမြင့်ပေးမှုအောက်တွင် သူ၏ တိုက်ခိုက်နိုင်စွမ်းက စီအဆင့် အထွတ်အထိပ် နီးပါး ရောက်ရှိနေပြီး ဘီအဆင့်သို့ ရောက်ရှိနေသည်မှာ နှစ်နှစ်ခန့်မျှသာ ရှိသေးပုံရသည့် ဝေါ်ကာက သူ့အတွက် ကြီးမားသည့် ခြိမ်းခြောက်မှု တစ်ရပ် မဟုတ်ခဲ့ပေ။

ထပ်ပေါင်းအနေဖြင့် လင်းရီ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှုကလည်း ဝေါ်ကာ မျှော်လင့်ထားသည်ထက် အဆပေါင်းများစွာ သာလွန်နေလေသည်။

အရေးမသာသည့် အခြေအနေကို သတိထားမိသည်တွင် ဝေါ်ကာဘက်မှ တန်ပြန်တိုက်ခိုက်မှု ပြုလုပ်လာခဲ့၏။ လက်မောင်းနှစ်ဖက်လုံး အသုံးပြုရင်း လင်းရီ၏ ဓားကို ဆန့်ကျင်ဘက်သို့ တွန်းထုတ်လိုက်သည်။

ဧရာမ တွန်းကန်အား တစ်ရပ်က လင်းရီကိုယ်ပေါ်သို့ ကျရောက်လာခဲ့ပြီး ခြေလှမ်းများစွာ နောက်ဆုတ်ပြီးသည့် အခါမှသာ ကိုယ်ရှိန်ပြန်တန့်နိုင်လိုက်သည်။

ဝေါ်ကာသည် လင်းရီကို အသက်ရှူရန်ပင် အခွင့်အရေးမပေးဘဲ သူ၏ ခေါက်ဓားနှင့် လင်းရီထံသို့ ထပ်မံတိုက်ခိုက်လာပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ခွန်အားအပြည့် အသုံးပြုထားကာ ဂရုမစိုက်ဘဲ မနေဝံ့တော့ချေ။

ထင်မှတ်မထားလောက်အောင် ကြီးမားနေသည့် လင်းရီ၏ ခွန်အားက သူ့အား ဖြုံလောက်သည့် ပြိုင်ဘက်တစ်ယောက်ဟူ၍ သတ်မှတ်သွားစေလေသည်။

ချွင် ချွင် ချွင် ...

လက်နက်ချင်း ထိခိုက်ပွတ်တိုက်သံတို့က လေထုထဲ ပြည့်‌နှက်နေပြီး အနှီ ပြင်းထန်သည့် ဓားကွက်ချင်း ဖလှယ်မှုအောက်၌ လင်းရီသည် မိမိကိုယ်ကို အရေးမသာသည့် အခြေအနေအတွင်းသို့ ဖြည်းဖြည်းချင်းကျရောက်လာသည်ကို သတိထားမိလိုက်သည်။

ဒါဇင်ချီသည့် အကွက်တို့ ဖလှယ်ပြီးသည့်နောက်တွင် ဝေါ်ကာသည် လင်းရီ၏ ခုခံမှု၌ ယိုပေါက် တစ်ခုကို ရှာတွေ့သွားခဲ့ပြီး သူ၏ ရင်ဘက်အား ကန်ကျောက်လာခဲ့၏။

ပြင်းထန်ကြီးမာသည့် တွန်းအားတစ်ရပ်က လင်းရီ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့ပြီး တရစပ် နောက်ဆုတ်လိုက်ရသည်။ ဓားအား ကြမ်းပြင်သို့ ထိုးစိုက်လိုက်သည့် အခါမှသာလျှင် ကိုယ်ရှိန် ပြန်သပ်လိုက်နိုင်သည်။ ထို့နောက် ခွန်အားအလုံးစုံကို စုစည်း၍ လေထဲသို့ ခုန်တက်လိုက်ပြီး ဓားအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ ဝေါ်ကာထံသို့ အားကုန် ခုတ်ပိုင်းလိုက်သည်။

ချွင် …

လင်းရီ၏ ခွန်အား၊ ခန္ဓာကိုယ်ဝိတ်အား နှစ်ခုပေါင်း၍ ဓားအား ခုတ်ပိုင်းလိုက်သည်။

ဝေါ်ကာမှာ လင်းရီ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် ယုံကြည်ချက် အပြည့်ဖြင့် ဖြစ်နေခဲ့၏။ သို့သော်လည်းပဲ မကြာမီ သူ လင်းရီကို အထင်သေးနေမိကြောင်း သတိပြုမိလိုက်သည်။

လင်းရီ ထုတ်လွှတ်လာခဲ့သည့် အင်အားက သူ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေကာ သက်ရောက်မှုအားကို မခုခံနိုင်ဘဲ ကြမ်းပြင်သို့ ဒူးတစ်ဖက်ထောက်သွားခဲ့၏။

ဤသည်က ဝေါ်ကာကို အသက်တစ်ရှိုက်စာမျှ အနားယူရန် အခွင့်အရေး ရရှိသွားစေခဲ့သည်။

ပေါက်ကွဲလာသည့် ခွန်အားနှင့်အတူ ခေါက်ဓားအား အပေါ်သို့ ပင့်မ၍ လင်းရီ၏ ခန္ဓာကိုယ် ဟန်ချက်ကို ပျက်ပြားသွားစေသည်။

ဝေါ်ကာ သူ၏ ဓားကို လေထဲသို့ ဝှေ့ရမ်းလိုက်ပြီး အေးစက်သည့် အလင်းတန်း ပန်းချီကားတစ်ခုအား ရေးဆွဲလိုက်သည်။ အန္တရာယ်ရှိသည်ကို အာရုံခံမိတော့ လင်းရီ ကိုယ်ကို နောက်သို့ကိုင်း၍ ဝေါ်ကာ၏ တိုက်ခိုက်မှုအား ရှောင်ရှားလိုက်သော်ငြားလည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့လေသည်။ ခေါက်ဓားအစွန်းက လင်းရီ၏ အင်္ကျီကို ုတ်ပြဲသွားစေခဲ့ပြီး နှစ်ဆယ် စင်တီမီတာမျှ ရှည်ကြားသည့် ဓားဒဏ်ရာ တစ်ချက်ကို ခန္ဓာကိုယ်အထက်၌ ချန်ရစ်ထားခဲ့၏။

အသက်အန္တရာယ် စိုးရိမ်ရသည်အထိတော့ မဟုတ်သော်လည်းပဲ သူ၏ တိုက်ခိုက်နိုင်စွမ်းအပေါ်တွင်တော့ အကျိုးသက်ရောက်မှု ရှိလာခဲ့၏။

“ သေစမ်း …”

လင်းရီ ကျိန်ဆဲလိုက်မိသည်။ သို့သော် ဝေါ်ကာ၏ တိုက်ခိုက်မှုများကတော့ အမျှင်မပြတ် တိုးဝင်လာနေဆဲပင်။မသက်သာသည့် အဆုံး၌ လင်းရီသည် မိမိကိုယ်ကို ခုခံကာကွယ်သည့် အပိုင်း၌သာ အာရုံစိုက်နိုင်တော့၏။

ဘန်း …

ထိုအချိန်တွင် သေနတ်သံ တစ်ချက် ထွက်ပေါ်လာခဲ့၏။

ဝေါ်ကာ ဘေးဘက်ခြမ်းသို့ လျင်မြန်စွာ တိမ်း၍ ကျည်ဆံအား ရှောင်ရှားလိုက်သည်။

ပစ်ခတ်လိုက်သည့်လူက မီနာ အီတိုပင်။

ဘန်း ဘန်း ဘန်း …

ထို့နောက်တွင် သေနတ်သံ အတွဲလိုက်တို့ လိုက်ပါလာခဲ့ပြီး ဝေါ်ကာအား ပို၍ ခပ်ဝေးဝေးသို့ နောက်ဆုတ်သွားစေခဲ့၏။ အလှမ်းဝေးကွာသည့် နေရာမှ မီနာအီတို အော်ဟစ် အမိန့်ပေးလိုက်လေသည်။

“ ပစ်ကြ … သူ့ကို မလွတ်သွားစေနဲ့ …”

အမိန့်ကို နာခံ၍ မစ်ဆူမိသားစု၏ နောက်လိုက်များမှာ ဝေါ်ကာထံသို့ တရစပ်ပစ်ခတ်ကြတော့သည်။

သို့သော် ဤအဆင့် ခြိမ်းခြောက်မှုက ဝေါ်ကာအဖို့ မည်သို့မျှပင် မနေချေ။ သူ့အား ထိခိုက်နာကျင်စေဖို့ ဝေးစွပင်။

“ အထင်ကြီးလောက်စရာပဲ … အသင်းခေါင်းဆောင်ဆိုတဲ့အတိုင်း စီအဆင့် အင်အားနဲ့တောင် ငါ့ကို ဒီလောက်အထိ တိုက်ခိုက်နိုင်တယ်… ငါ့ကို ဒီလိုမျိုး စိတ်လှုပ်ရှားအောင် လုပ်နိုင်တဲ့လူ မရှိတာတောင် အတော်ကြာပြီ …” ဝေါ်ကာ ပြောဆိုလိုက်ပြီး အဝေးတစ်နေရာမှ လှမ်းရီအား ခပ်ထေ့ထေ့ လှမ်းကြည့်လိုက်၏။

သို့သော် သူ၏ စကားလုံးတို့က မိမိကိုယ်ကို ဖြေသိမ့်သည့် အပေါ်ယံ စကားလုံးတို့ပင်။ လင်းရီက စီအဆင့်သာလျှင် ဖြစ်သော်လည်းပဲ စနစ်၏ မြင့်တင်ပေးမှုဖြင့် သာမန် စီအဆင့် ပြိုင်ဘက် တစ်ဦး မဟုတ်ခဲ့ချေ။ ထို့ပြင် ဝေါ်ကာက ဘီအဆင့်သို့ ရောက်ရှိခါစ ဖြစ်ပြီး လင်းရီနှင့် တိုက်ခိုက်ရသည်မှာ အတော်လေး ခက်ခဲသည့် စိန်ခေါ်မှု တစ်ရပ်ဖြစ်၏။

“ ကျုံးဝေ့တပ်ဖွဲ့နဲ့ ဇယား လာမရှုပ်နဲ့ … မဟုတ်ရင် ခင်များ နောင်တရလိမ့်မယ်….”

“ ဟက် …”

ဝေါ်ကာ နှာမှုတ်လိုက်ပြီး “ မင်းကြောင့်မို့လို့ ငါတို့ရဲ့ အာရှ စစ်ဆင်ရေးတွေ တစ်ခုပြီး တစ်ခု ကျရှုံးနေတာ … ငါတို့ ဒါကို လုံးဝ မေ့မှာမဟုတ်ဘူး … သိပ်မကြာခင် ပြန်တွေ့ကြဦးမှာပါ …”

ပြောပြီးသည်နှင့် ဝေါ်ကာသည် လူတိုင်း၏ မြင်ကွင်းအောက်မှ ပျောက်ကွယ်သွားခဲ့ကာ မည်သည့် ခြေရာလက်ရာကိုမျှ မမြင်ရတော့ချေ။

All Chapters