လေ့ကျင့်သည့် နည်းစနစ်
Vol. 134 Ch. 2004
“ သူ့နောက်လိုက်ကြ …”
“ မလိုက်နဲ့တော့ …” လင်းရီ သူ့အနာကို လက်ဖြင့် ဖိထားရင်း ခက်ခဲစွာ ပြောဆိုလိုက်၏။
“ မင်းတို့ လိုက်လည်း မှီမှာ မဟုတ်ဘူး ဟစ်……”
အဆုတ်တွင်းသို့ လေအေးတစ်ရှိုက် ရှူသွင်းလိုက်ကာ လင်းရီသည် ကားကိုယ်ထည်သို့ မှီလိုက်သည်။ ဝမ်းဗိုက်အောက်ပိုင်းရှိ ဓားဒဏ်ရာမှ သွေးများက မြေပြင်ထက်သို့ တစက်စက် ကျဆင်းနေသည်။
“ လူကြီးမင်းလင်း .. ရှင်အဆင်ပြေရဲ့လား .. တောင့်ထားဦး … ကျွန်မ ရှင့်ကို ဆေးရုံလိုက်ပို့ပေးမယ်…."
မီနာအီတိုသည် လင်းရီ၏ ဒဏ်ရာကို စစ်ဆေးရန်အတွက် အပြေးအလွှား ရောက်လာခဲ့သည်။
မူလတုန်းက သူမမှာ ဝင်ရောက် စွက်ဖက်ရန် စိတ်မကူးထားဘဲ နှစ်ယောက်အား မျှမျှ တတတိုက်ခိုက်စေဖို့ ကြံရွယ်ထားခဲ့၏။ သို့သော် တစ်ဖက်နိုင်ငံခြားသား၏ အရည်အချင်းက ထိုမျှ မြင့်မားနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ သူက ဘီအဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်၏။
ထိုကဲ့သို့သော ကျွမ်းကျင်သူ တစ်ဦးနှင့် ဆုံတွေ့ရဖို့ ဆိုသည်မှာ အင်မတန် ခဲယဉ်းလှပေသည်။
ထို့ပြင် လူကြီးမင်းလင်းက စီအဆင့်မျှသာ ရှိသေးပြီး အနှီ ကျွမ်းကျင်သူအား ယခုကဲ့သို့ အခြေအနေရောက်သည်အထိ တောင့်ခံနိုင်သည်ကပင် အံ့အားသင့်ဖို့ ကောင်းနေပြီး ဖြစ်သည်။
“ ဒီလောက်နဲ့တော့ ငါမသေပါဘူး …” လင်းရီသည် နာကျင်မှုအား အံကြိတ်တောင့်ခံ၍ ပြောဆိုလိုက်သည်။ “ ဒါပေမယ့် နည်းနည်းတော့ ချုပ်ရမယ်ထင်တယ်…”
“ ကျွန်မ ရှင့်ကို အခုချက်ချင်းပဲ ဆေးရုံလိုက်ပို့ပေးမယ်….”
လင်းရီကို ကားထဲသို့ ကူပို့ပေးလိုက်ပြီး မီနာအီတိုသည် အနီးနားရှိ တိုကျို မီဟာရု ဆေးရုံသို့ မောင်းနှင်လာခဲ့၏။ လမ်းတွင် အာယာနဲ မစ်ဆူထံသို့ သတင်းပို့၍ အခြေအနေကိုလည်း အကြမ်းဖျင်း ရှင်းပြလိုက်သည်။
မိနစ် နှစ်ဆယ် အတွင်းမှာပဲ မိနာအီတိုသည် ဆေးရုံသို့ ရောက်ရှိလာ၍ လင်းရီအား အရေးပေါ်ဌာနသို့ ချက်ချင်း ပို့ဆောင်လိုက်၏။
အနာကို အချိန်တစ်နာရီမျှ ပေး၍ ချုပ်လိုက်ရလေသည်။
ဆရာ၀န် ပြန်လည် ထွက်သွားသည့်အချိန်၌ အာယာနဲ မစ်ဆူမှာ စိုးရိမ်ကြောင့်ကြနေသည့် မျက်ဝန်းတို့ဖြင့် အခန်းထဲသို့ ၀င်လာသည်ကို မြင်တွေ့လိုက်ရသည်။
“ ရှင် ဘယ်လို နေသေးလဲ … အများကြီး နာသွားရောပေါ့ … ရှင့်ကို ဒီကိစ္စထဲ ဆွဲခေါ်မိတာ ကျွန်မ အပြစ်တွေပါရှင်ရယ်…”
“ ဒီတိုင်း အသေးစား ဒဏ်ရာလေးလောက်ပါပဲ … ကျင့်သားရနေပါပြီ…”
လင်းရီ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး “ နောက်နှစ်ရက် သုံးရက်လောက်ဆို ပုံမှန်အတိုင်း ပြန်လှုပ်ရှားနေနိုင်လောက်ပြီ … ဘာမှမပူနဲ့ …”
အာယာနဲ မစ်ဆူသည် လင်းရီ၏ ဘေးသို့ ဝင်ထိုင်လိုက်ပြီး “ ကျွန်မ မီနာဆီက ကြားမိတာ ရှင့်ကို တိုက်ခိုက်သွားတဲ့လူက နိုင်ငံခြားသား တစ်ယောက်ဆို … သူကရော ဒီကိစ္စထဲ ဆက်နွယ်နေတာလား …”
“ ဆက်နွယ်နေတာထက် ပိုတယ်…” လင်းရီ ပြောဆိုလိုက်ပြီး “ ခုရက်ပိုင်း ဖြစ်ပျက်သွားတဲ့ ကိစ္စတွေက တော်တော်များများပဲ … ကာတာကနေ ဟောင်ကောင် ၊ ပြီးတော့ အခု ရာမာဂူချီဂိုဏ်း … နိုင်ငံတကာ မတော်တဆမှုတွေ အကုန်လုံးက သူတို့နဲ့ ဆက်နွယ်ချိတ်ဆက်နေတယ်… ဒီလူတွေ ဘယ်သူဆိုတာတောင် ငါ အခုထိ မသိရသေးဘူး …”
“ ဒီကိစ္စတွေ အကုန်လုံးက သူတို့နဲ့ ဆက်နွယ်နေတယ် ဟုတ်လား …”
ကာတာနှင့် ဟောင်ကောင်၌ မည်သည့်ကိစ္စတို့ ဖြစ်ပျက်သွားသည်ကို အာယာနဲ မသိသော်ငြားလည်း လင်းရီ၏ လေသံမှတဆင့် အဆိုပါ နိုင်ငံခြားသား၏ နောက်ကွယ်ရှိ အဖွဲ့အစည်းကြီးမှာ မခေသည့် အင်အားစုကြီး တစ်ခုဖြစ်သည်ကိုတော့ ပြောနိုင်ပေသည်။
ထို့ပြင် ၎င်းတို့က သူမအား ပစ်မှတ်ထားဝံ့နေသည်ကို တွေးကြည့်မည်ဆိုပါက မစ်ဆူမိသားစုကိုလည်း လုံးဝ စိုးရွံ့ခြင်းမရှိကြောင်းကို မြင်တွေ့နိုင်သည်။ ဤသည်က ကောင်းမွန်သည့် လက္ခဏာ တစ်ရပ်တော့ မဟုတ်ချေ။
“ ကျွန်မ အာဏာပိုင်တွေကို သူတို့နဲ့ ပတ်သက်တဲ့ သတင်းတချို့ ရနိုင် မရနိုင် ဆက်သွယ်ကြည့်လိုက်မယ်….”
“ လုပ်မနေနဲ့ … အလကားပဲ … သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုက မင်းစိတ်ကူးယဉ်ထားတာထက် ပိုတယ်… ဂျပန်ရဲ့ အစိုးရအဖွဲ့အစည်းထဲမှာတောင် သူတို့ အဖွဲ့ဝင်တွေ ရှိနေနိုင်လောက်တယ်… အပင်ပန်းခံ မနေနဲ့ …” လင်းရီ ပြောဆိုလိုက်သည်။ “ အဲ့ဒီအစား ရာမာဂူချီဂိုဏ်းကို ပြန်လည်စုစည်းဖို့ပဲ အာရုံစိုက်ထား … အဲ့တာကမှ မင်းအတွက် အကာအကွယ် ဖြစ်စေမှာ …"
“ ဒါပေမယ့် ရာမာဂူချီဂိုဏ်းရဲ့ လွှမ်းမိုးမှုက ပြည်တွင်းမှာပဲ သက်ရောက်တာလေ … ကမ္ဘာ့အရေးမှာဆိုရင် ဘာမှ အသုံးမဝင်ဘူး …”
“ မင်းမှာက E အဆင့် သွေးရည်ကြည်ရှိတယ်… အဲ့တာက မင်းရဲ့ အုတ်မြစ်ပဲ …” လင်းရီ ပြောလိုက်ပြီး “ အဲ့တာကို အသုံးချပြီး မင်းရဲ့ လွှမ်းမိုးမှုကို ဖြန့်ကျက်လို့ရနေတယ် မဟုတ်ဘူးလား …”
“ နားလည်ပြီ .. ကျွန်မ ဂရုစိုက်လိုက်မယ်…..”
အာယာနဲ မစ်ဆူ မတ်တပ်ထရပ်၍ အနီးနားရှိ ပုဝါအား ယူကာ လင်းရီ၏ ခန္ဓာကိုယ်ကို သပ်ပေးရင်း ညင်သာစွာ ဆိုလိုက်၏။
“ အခု ကျွန်မရဲ့ ကိစ္စတွေထဲ စိုးရိမ်နေတာတွေ တော်လိုက်တော့ ဟုတ်ပြီလား … မဟုတ်ရင် ကျွန်မ ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်ဆိုပြီး ခံစားလို့ ဆုံးမှာ မဟုတ်တော့ဘူး …”
“ ဒါ ငါ့တာဝန်ပဲလေ… ဘယ်အချိန်မှာ ဘယ်လိုပဲ ဖြစ်ဖြစ် ငါမင်းကို အမြဲတမ်း ကာကွယ်ပေးနေမှာပဲ …”
လင်းရီ သူ၏ လက်ကို ပင့်မြောက်၍ အာယာနဲ မစ်ဆူ၏ ဆံစကို နားအနောက်သို့ ပင့်သပ်ပေးလိုက်သည်။
အဆိုပါ လှုပ်ရှားမှုလေးက အာယာနဲ မစ်ဆူ၏ နှလုံးသားလေးအား လှုပ်ခတ်သွားခဲ့စေသည်။ ဤကဲ့သို့သော အပြုအမူက သူမနှင့် လင်းရီကြားတွင် ဆက်နွယ်မှု တစ်ခု ရှိသည်ဟု ခံစားရစေသည်။
“ ကျေးဇူးပါပဲ .. “ အာယာနဲ မစ်ဆူသည် အနားသို့ ကပ်လာပြီး လင်းရီ၏ ညာဘက်ပါးသို့ အနမ်းပေးလိုက်သည်။ “ ဒါပေမယ့် အခုတော့ ရှင် သေချာလေး အနားယူဖို့လိုတယ်…”
လင်းရီ ခေါင်းညိတ်၍ ကုတင်ပေါ်၌ တိတ်ဆိတ်စွာ လဲလျောင်းနေခဲ့၏။ သို့သော် စိတ်ထဲတွင်တော့ သူနှင့် ဝေါ်ကာတို့ တိုက်ခိုက်သည့် မြင်ကွင်းကို အဆက်မပြတ် မြင်ယောင်နေသည်။
ဝေါ်ကာ၏ ခေါက်ဓား၌ လက်သည်းခွံ အရွယ်အစားမျှရှိသည့် သင်္ကေတ တစ်ခုရှိ၏။ သို့ပေမယ့် သေရေးရှင်ရေး အခိုက်အတန့် ဖြစ်နေသည့် အတွက်ကြောင့် လင်းရီ သေချာ ရှင်းလင်းစွာ မြင်အောင် မကြည့်မိခဲ့ချေ။
အချိန်အတော်ကြာအောင် စဉ်းစားပြီးသည့်နောက်တွင် အဆိုပါ အမှတ်အသားက ဝေါ်ကာ မည်သူမည်ဝါ ဖြစ်သည်ကို ကိုယ်စားပြုသည့် အမှတ်အသား ဖြစ်နိုင်သည်ဟု လင်းရီ မှတ်ယူလိုက်၏။
အဖြေမရှိသည့် မေးခွန်းပုစ္ဆာများအား ဆက်တိုက်စဉ်းစားပြီးနောက်တွင် ပင်ပန်းနွမ်းနွယ်မှုက ထိန်းချုပ်မရနိုင်အောင် ဖြစ်လာခဲ့ပြီး လင်းရီ နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့တော့၏။
နောက်ရက် အနည်းငယ်ထိတိုင်အောင် လင်းရီသည် ဆေးရုံ၌သာ ပြန်လည်သက်သာသည်အထိ ဆေးကုသမှုကို ခံယူနေခဲ့သည်။
ဒဏ်ရာက မပြင်းထန်သော်ငြားလည်း အနာကိုတော့ ကုသရန်အတွက် အချိန်လိုသည်။ မည်သို့ပင်ဆိုစေ ဒဏ်ရာက ဒါဇင်ချီအောင် ချုပ်ထားရပြီး ပြင်းထန်သည့် လှုပ်ရှားမှုတို့ကြောင့် ပြန်ပွင့်သွားခဲ့မည်ဆိုပါက ခံစားရမည့်လူမှာ သူကိုယ်တိုင်ပဲ ဖြစ်သည်။
လင်းရီ ဒဏ်ရာရပြီး နောက်တစ်နေ့၌ နင်ချဲ့ ဂျပန်သို့ ရောက်လာခဲ့၏။ သူ ဒဏ်ရာရထားသည်ကို မြင်တော့ နင်ချဲ့မှာ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။
“ နင့်လို မျိုးမစစ်ကြီးတောင် ဒီလိုဖြစ်အောင် အဆော်ခံလိုက်ရတယ်ဆိုတော့ တစ်ဖက်လူက တော်တော်လေး မခေတဲ့လူပဲ ဖြစ်ရမယ်…”
“ ငါလည်း အဲ့တာကို စိုးရိမ်နေတာ … တစ်ဖက်လူက အဖွဲ့အစည်းထဲမှာ ဘယ်အနေအထား ရှိလဲတောင် မသိရဘူး .. သူက သာမန် အဖွဲ့ဝင်လား .. ဘာလား .. ငါထင်တာ မမှားဘူးဆိုရင် တစ်ဖက် အဖွဲ့အစည်းက ငါတို့ စိတ်ကူးထားတာထက်ကို အများကြီး သန်မာနေလောက်တယ်…” လင်းရီ ပြောဆိုလိုက်သည်။
“ နင့်ကိုယ်နင်လည်း အထင်မသေးစမ်းပါနဲ့ဟယ် … လက်ရှိ ကမ္ဘာ့အရေးက ရှင်းလင်းမြင်သာနေတာကိုပဲ …” နင်ချဲ့ ပြောဆိုလိုက်ပြီး “ နင့်ကို ဒီလိုဖြစ်အောင် လုပ်သွားခဲ့တဲ့လူက အဖွဲ့အစည်းထဲမှာလည်း အဆင့်တော့ မနိမ့်လောက်ပါဘူး …”
“ သူ့ အဆင့်က ဘယ်မှာပဲနေနေ လက်ရှိ ကျုံးဝေ့ တပ်ဖွဲ့က ဒီခု အနေအထားကို မကိုင်တွယ်နိုင်တာတော့ သေချာတယ်…” လင်းရီ ပြောဆိုလိုက်သည်။ “ ရှန်းလုံ အသင်းဆိုရင်တောင် မလုံလောက်မှာ သေချာတယ်…”
“ တပ်ဖွဲ့လည်း ဒီပြဿနာကို သိပါတယ်… သူတို့လည်း အရင်ရက်တွေမှာ အစည်းအဝေးလုပ်ပြီး ဒီကိစ္စအတွက် အကောင်းဆုံး ပြင်ဆင်နေကြတယ်…”
“ အစည်းအဝေးက ဘာလုပ်တာ …”
“ အသင်း ၄ အတွက် …၊ သူတို့ အခု အသင်းဝင် အသစ်တွေ ပြန်ခေါ်ပြီး အသင်း ၄ ကို ပြန်ဖွဲ့စည်းကို စီစဉ်နေကြတယ်.. ထောက်ချိန်ကတော့ ခေါင်းဆောင်ပေါ့ … ငါတို့ အသင်း ၂ နဲ့ ၃ ထဲက အသင်းဝင်တချို့လည်း အဲ့ဒီ အသင်းထဲကို လွှဲပြောင်းခံရဖို့ ရှိတယ်…” နင်ချဲ့ ပြောဆိုလိုက်ပြီး “ ကျန်တာကတော့ ငါတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို မြင့်တင်ဖို့ပေါ့ .. အဲ့တာမှလည်း တပ်ဖွဲ့က အမှန်တကယ် အင်အားကြီးလာမှာလေ….”
“ ဒါပေမယ့် အင်အားတိုးမြင့်ဖို့ဆိုတာက နေ့ချင်းညချင်း ဖြစ်လာနိုင်တဲ့ ကိစ္စမှ မဟုတ်တာ … တာဝန်က မလွယ်ဘူးနော်….”
“ အဲ့ဒီ အတွက်လည်း နည်းလမ်းတွေ ရှိပါတယ်…” နင်ချဲ့ ပြောဆိုလိုက်ပြီး “ ငါတို့ရဲ့ အခု တန်းထျန်ထဲကနေ အတွင်းအားထုတ်တဲ့ နည်းလမ်းက တာအိုပညာရပ်ကနေ ဆင့်ပွားလာခဲ့တာ နည်းစနစ်နဲ့ နည်းလမ်းတွေဆိုတာ ရှိတယ်… သူတို့က ဒီရဲ့ နည်းစနစ်တွေကို အများသိအောင် ကြေညာဖို့ စီစဉ်ထားတယ်… ဒါပေမယ့် ညွှန်ကြားချက်တချို့ရဖို့တော့ လိုတာပေါ့ …”
စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်ပြီးနောက်တွင် လင်းရီ မေးခွန်းတစ်ခုအား မေးမြန်းလိုက်သည်။
“ အသင်း ၄ ရဲ့ မူလအဖွဲ့ဝင်တွေကရော … သူတို့နဲ့ သူတို့ မိသားစုဝင်တွေက ဘယ်လိုဖြစ်သွားမှာ …”
နင်ချဲ့ ပခုံးတွန့်ပြလိုက်၏။ “ အဲ့သတင်းက လုံခြုံရေး အဆင့်သတ်မှတ်ထားတော့ ငါ့မှာ သိခွင့်မရှိဘူး … နင်သိချင်တယ်ဆို လူကြီးမင်းလုကို မေးကြည့်ဖို့ …”
“ အင်း … ငါအခွင့်ရရင် မေးကြည့်ဦးမယ်…”
“ ငါတော့ နင် ဒီကိစ္စတွေ လိုက်ပြီး စိတ်ပူမနေဘဲ ကိုယ့်ဒဏ်ရာကိုယ် သက်သာအောင် လုပ်တဲ့ ကိစ္စမှာပဲ အာရုံစိုက်ထားဖို့ အကြံပေးချင်တယ်…” နင်ချဲ့ မျက်လုံးလှန်လိုက်၏။
“ အခုလည်း အဆင်ပြေနေတာပဲလေ… ရက်နည်းနည်းလောက် နားပြီးရင် လှုပ်လှုပ်ရှားရှားတွေ ပြန်လုပ်လို့ရပြီ …”
“ ဟင်း … ဆိုးတာပဲ …” နင်ချဲ့ စိတ်မကောင်းဖြစ်သည့် အမူအရာဖြင့် “ နင်သာ သက်သာတယ်ဆိုရင် အခုချိန် ငါတို့ ပျော်စရာတွေ ဖန်တီးလို့ ရမှာကို ဒါပေမယ့် အခုကြည့်ရတာတော့ အဲ့လို မဖြစ်နိုင်တော့ပါဘူးလေ…”