ထူးဆန်းသည့် မစ်ရှင် တစ်ခု
Vol. 134 Ch. 2007
“ အဲ့လိုဆိုမှတော့ ဘာတွေ စောင့်နေဦးမှာ .. အခုပဲ သွားဖမ်းကြမယ်လေ…”
“ မဖြစ်ဘူး … ငါတို့ နှစ်ဘက်လုံးက အတူပူးပေါင်းဆောင်ရွက်ကြမယ်ဆိုပြီး သဘောတူထားတာ … ငါတို့ စောပြီး သွားလိုက်မယ်ဆိုရင် ဘာဖြစ်သွားမလဲ … ဘယ်ခေါင်းဆောင်မှ အဲ့လို ငယ်သားမျိုးကို သဘောကျမှာ မဟုတ်ဘူး …”
“ ဟင်း … အလုပ်ကလည်း ရှုပ်လိုက်တာ …” လင်းရီ ကိုယ်ညောင်းဆန့်လိုက်ပြီး “ တခြား မရှိတော့ဘူးဆိုရင် ကျုပ် လစ်တော့မယ်… လိုအပ်တာရှိရင် အချိန်မရွေး ခေါ်လိုက် …”
“ မင်းဖုန်းသာ ခေါ်လို့ရအောင် ဖွင့်ထားစမ်းပါ ….”
“ အိုကေ …”
လီရှန်းဟွေ့နှင့် စကားပြောဆိုပြီးနောက် လင်းရီသည် တစ်ဖက်သို့လှည့်၍ ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ထံ ဦးတည်လိုက်သည်။
မစ်ရှင် ဖြစ်ပေါ်စေမည့် အမှု တစ်ခုခု ရှိမရှိ သူ သိချင်သည်။
[ စနစ် မစ်ရှင် : စစ်မှန်တဲ့ လက်သည်တရားခံကို ဖမ်းဆီးပါ ]
[ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]
လင်းရီ ထွက်ခွာတော့မည့် အချိန်မှာပဲ စနစ်၏ အသိပေးသံက သူ့စိတ်ထဲသို့ မြည်ဟည်းလာသည်။
စနစ်က ဆုလဒ်အဖြစ် ချီးမြင့်လာသည့် အတွေ့အကြုံမှတ်တို့က များပြားခြင်း မရှိလှပေ။ နှစ်သိန်းမျှသာ ဖြစ်၏။
သို့သော် သူ၏ ယခင် အတွေ့အကြုံများအရ အတွေ့အကြုံမှတ် နှစ်သိန်းပေးသည့် မစ်ရှင်တိုင်း လွယ်ကူခြင်း သိပ်မရှိလှပေ။ ထို့ပြင် တကယ့် လက်သည်တရားခံကို ဖမ်းဆီးပါ ဆိုသည်က မည်သည်ကို ဆိုလိုချင်နေသနည်း။
လီရှန်းဟွေ့ ပြောပြသည့် ပိုင်ရုံရှိုကိုလော။
လင်းရီ စဉ်းစားကြည့်လိုက်ပြီး တစ်ခုခု လွဲမှားနေသည်ကို ခံစားလိုက်ရသည်။ ပိုင်ရုံရှိုက အထက်မှ ချမှတ်ပေးထားသည့် ပစ်မှတ်ဖြစ်ပြီး ၎င်းအား ဖမ်းဆီးလိုက်နိုင်သည်နှင့် အောင်မြင်သည်ဟု သတ်မှတ်၍ ရသည်။ သို့သော် စနစ်၏ မစ်ရှင်မှာ ဤမျှ ရိုးရှင်းလိမ့်မှာ မဟုတ်ချေ။ ကြည့်ရသည်မှာ အခြားကိစ္စ တစ်ခုခု ရှိနေသည့်ဟန်ပင်။
“ စနစ် … တကယ့်လက်သည်တရားခံကို ဖမ်းဆီးဖို့ တခြား သဲလွန်စလေး ဘာလေး မပေးတော့ဘူးလား …”
စနစ်မှာ တိတ်ဆိတ်နေလျက်ပင်။
“ မင်း ဘာဖြစ်နေတာ … မင်းက တေမိလား … ဒီမှာ မင်းကို မေးခွန်းမေးနေတယ်လေ….” လင်းရီ ထပ်ပြောလိုက်၏။
သို့သော် စနစ်မှာ ဖြေကြားခြင်း မရှိဘဲ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေလျက်ပင်။
လင်းရီ နှုတ်ခမ်းကိုက်မိလိုက်၏။ စနစ်၏ အကျင့်အတိုင်းဆိုပါက သူ့အား ဘာမျှ ပြောပြမှာ မဟုတ်ပေ။
သို့သော် လက်ရှိ အခြေအနေ၌ ပိုင်ရုံရှိုကို ဖမ်းဆီးရမည့် ကိစ္စအပြင် အခြား မည်သည့် ကိစ္စမျှလည်း ရှိမနေချေ။ တကယ့်လက်သည်တရားခံကို သူက မည်သို့ ဖမ်းဆီးရမည်နည်း။
ခဏကြာ စဉ်းစားပြီးနောက် လင်းရီ မသေချာသည့် မေးခွန်းကို ဆက်လက် အဖြေထုတ်မနေတော့ဘဲ ကျန်းဖန့်၏ ရုံးခန်းထဲသို့ ရောက်လာခဲ့သည်။ ရုံးခန်းထဲတွင်မူ ကျန်းဖန့်တစ်ယောက်တည်း ရှိနေသည်ကို လင်းရီ မြင်တွေ့လိုက်ရ၏။
“ ညီကိုလင်း … မင်းရောက်လာပြီပေါ့ … ပျောက်နေတာတောင် အတော်ကြာပြီ….”
လင်းရီ ဝင်လာသည်ကို မြင်တော့ ကျန်းဖန့် သူ့အား နှုတ်ဆက်လာသည်။
“ အိမ်မှာ ကိစ္စတချို့ ရှိနေလို့လေ… အားကို မအားတာ …” လင်းရီ သာမန်လျှံကာမျှသာ တုံ့ပြန်၍ ရုံးခန်းထဲသို့ ကျီးကန်းတောင်မှောက် တစ်ချက် ကြည့်လိုက်၏။
“ မင်းတစ်ယောက်တည်းလား … အစ်ကိုကျန်းနဲ့ ဇီရှင်းကော …”
“ လူနေရပ်ကွက်ဟောင်းတစ်ခုမှာ ပြဿနာတစ်ခု တက်နေလို့လေ… အဲ့တာ ဖြေရှင်းဖို့ဆိုပြီး ထွက်သွားလေရဲ့…” ကျန်းဖန့် စီးကရက် တစ်လိပ်အား မီးညှိ၍ သမ်းဝေလိုက်သည်။
“ မနေ့တုန်းက ဘော်ဒါတွေနဲ့ သောက်လို့ကောင်းနေတာ မနက် သုံးနာရီလောက် ထိုးသွားတော့ အိမ်မပြန်တော့ဘဲ စခန်းလာခဲ့လိုက်တာပဲ …”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ငါလည်း ဒီတိုင်းလာတာပါကွာ … ထွေထူးမဟုတ်ဘူး… မင်းလုပ်စရာရှိတာ လုပ် …”
“ စကား နောက်မှ ပြောကြတာပေါ့ … ငါ အစီရင်ခံစာ ရေးရဦးမှာ …”
“ အိုကေလေ….”
အခြား လုပ်စရာ မရှိသဖြင့် လင်းရီလည်း ထိုင်ခုံဆွဲ၍ စားပွဲတစ်ခုတွင် ဝင်ထိုင်နေလိုက်သည်။
စနစ်၏ မစ်ရှင်အပြင် ကျီချင်းရန်၏ မိဘများကို မည်သို့ကိုင်တွယ်ရမည်ဆိုတာကိုလဲ သူ့မှာ စိုးရိမ်ပူပန်နေရသေး၏။
သူမ အမေ၏ မွေးနေ့က မကြာခင် ကျရောက်လာတော့မှာ ဖြစ်ပြီး လက်ဆောင်တစ်ခု ပြင်ဆင်ပေးဖို့လိုသည်။ ဤကိစ္စကို ထပ်ပြီး အချိန်ဆွဲ၍ မဖြစ်တော့ချေ။
“ အိုကေ … နားလည်ပြီ … ကျုပ် အခုချက်ချင်း လာခဲ့မယ်…”
လင်းရီ အဆိုပါ ကိစ္စရပ်များအား အတွေးနက်နေစဉ် ကျန်းဖန့် ဖုန်းချလိုက်သည်ကို မြင်တွေ့လိုက်ရသည်။
“ အမှုအသစ်လား …”
“ တရားခံက ပိုက်ဆံမပေးချင်တော့ တရားလိုက ရဲကို ဖုန်းဆက်လာတာပဲ … ငါကိုင်တွယ်ဖို့ သွားလိုက်ဦးမယ်…”
“ သွားစို့ … ငါလည်းအားနေမယ့်အတူတူ မင်းနဲ့ လိုက်ခဲ့မယ်…” လင်းရီ ပြောဆိုလိုက်သည်။
“ ဒါဆိုလည်း လုပ်တော့ … မြန်မြန်လေး …”
ယူနီဖောင်းလဲပြီးနောက် နှစ်ယောက်မှာ ရဲကားတစ်စီးယူ၍ အခင်းဖြစ်သည့် နေရာသို့ ဦးတည်ထွက်ခွာလာသည်။
“ အသေးစိတ်က ဘာလဲတဲ့ …”
“ ငါလည်း အကြမ်းဖျင်းပဲ နားလည်သေးတယ်…” ကျန်းဖန့် ပြောဆိုလိုက်ပြီး “ ဖုန်းဆက်လာတဲ့လူက သက်လတ်ပိုင်း အမျိုးသမီးပဲ … သူ့အဖေက လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းကတည်းက ဆုံးသွားခဲ့တယ်… ပြီးတော့ သူ့ကို သေတဲ့အထိ ပြုစုပေးခဲ့တာလည်း သူ့သမီးပဲ … အဲ့ဒီအမျိုးသမီးမှာက အစ်ကိုတစ်ယောက်ရှိတယ်… ဒါပေမယ့် သူ့အဖေကို ဘာမှ မလုပ်ပေးဘူး … အဖေဖြစ်သူက သမီးအတွက်ဆိုပြီး အိမ်နဲ့ ပိုက်ဆံတွေကို သူ့သမီး အတွက် ထားခဲ့ပေးတယ်.. ဒါပေမယ့် အခု သူ့အစ်ကိုက အဲ့ဒီ အိမ်မှာ တက်နေပြီး မဆင်းပေးဘူး … လတွေ အကြာကြီး ငြင်းခုန်ပြီးတော့ နောက်ဆုံး ရဲဆီ ဖုန်းဆက်လာတာပဲ …”
“ အနှစ်ချုပ်ပြီး ပြောရရင် အဖေဖြစ်သူက အမွေကို သမီးအတွက် အကုန် ထားခဲ့ပေးတယ်.. ဘာလို့ဆို သူ့ကို ဂရုစိုက်ပေးခဲ့လို့ပဲ … သားဖြစ်တဲ့သူကတော့ ငွေတစ်ခုတည်းပဲ ဖြစ်တယ်… အိမ်ကို မပေးချင်ဘူး … ဒါကြောင့်မို့ နှစ်ဖက် အငြင်းပွားကြတာ ဟုတ်တယ်ဟုတ် …”
“ အင်း … အဲ့လိုပဲ …” ကျန်းဖန့် ပြောလိုက်သည်။
“ ဒါပေမယ့် မင်းကြည့်ရတာ ဘယ်လိုမှလည်း မနေပါလား …”
ကျန်းဖန့် စီးကရက်အား မီးညှိ၍ အမှုမထားသည့် အမူအရာဖြင့် “ ညီကိုရီ … တကယ်လို့ အရင်တုန်းကသာဆိုရင် ငါ အဲ့ကောင်ကို ဘာညာသာရကာဆိုပြီး မိုးမွှန်အောင် ကျိန်ဆဲပြီးနေလောက်ပြီ … ဒါပေမယ့် အမှုတွေ အများကြီး ဖြေရှင်းပြီးတော့ ဖြောင့်မတ်တဲ့ ရဲတစ်ယောက်က မိသားစုတွင်း ပြဿနာကို ဖြေရှင်းဖို့ ခက်ခဲတယ်ဆိုတဲ့ စကားကို နားလည်လာတာပဲ …”
“ အမြင်အသစ်တွေ ရနေပြီပေါ့ …” လင်းရီ ရယ်မောလိုက်သည်။
“ အဲ့လိုမျိုးပဲ …” ကျန်းဖန့် ပြောလိုက်ပြီး “ လူတွေ အချင်းများ ပြဿနာ ဖြစ်တဲ့အခါ အမျိုးသားဖြစ်ဖြစ် ၊ အမျိုးသမီးပဲဖြစ်ဖြစ် လူတိုင်းက ကိုယ့်ကိုယ်ကို နစ်နာတဲ့လူလို့ ထင်ကြတဲ့ လူတွေချည်းပဲ … မှားယွင်းတဲ့လူက သူတို့မဟုတ်ဘူးလို့ ယုံကြည်ကြတယ်… ဒါကြောင့်မို့ ဒီလို အမှုမျိုးမှာ တစ်ဖက်စကားကိုပဲ နားထောင်ပြီး အခြားတစ်ဖက်အပေါ် မကောင်းတဲ့ အမြင်နဲ့ ကြည့်လို့မဖြစ်ဘူး … နှစ်ဖက်စကားကို နားထောင် နားလည်ပြီးမှ ဆုံးဖြတ်ချက် ချဖို့လိုတယ်…”
“ ပြောတာကောင်းတယ်…” လင်းရီ ရယ်မောလိုက်ပြီး “ မင်း အခုလေသံက ဝါရင့် ရဲအရာရှိ လေသံ ဖြစ်နေပြီပဲ …”
“ တော်စမ်းပါ .. ငါ့ကို လာနောက်မနေနဲ့ … မင်းနဲ့ယှဉ်ရင် ငါက အဝေးကြီးမှာ လိုပါသေးတယ်..” ကျန်းဖန့် ပြောလိုက်ပြီး “ ဒါပေမယ့် ငါက ယုံကြည်ချင်စရာ ကောင်းတဲ့ အရာတွေကိုပဲ ယုံကြည်လာတယ်…”
“ မင်းတောင် တိုးတက်လာပြီ …”
“ ဟားဟား …. မမြောက်နဲ့တော့ .. ဒီက ဂုဏ်မောက်တတ်လို့ … မင်းလည်း အခွင့်သာရင် ညီကိုချင်း အခွင့်အရေးလေး ဖန်တီးပေးစမ်းပါ … မင်းရဲ့ ညီကိုလည်း အတွေ့အကြုံ အသစ်တွေရပြီး ကြီးပွားချင်တာပေါ့ ….” ကျန်းဖန့် နောက်ပြောင်လိုက်၏။
“ မင်းမိန်းမ မရှိတော့တဲ့အခါကျရင် မင်းကို ရာထူးတိုးပြီး ကြီးပွားအောင် လုပ်ပေးမယ်လေ…”
“ ချီးပဲ … ဟားဟား … မင်းတော်တော်ဆိုးတဲ့ကောင်ပဲ …”
မကြာမီ ပေးလာသည့် လိပ်စာအတိုင်း ကျန်းဖန့် ထည်ဝါခမ်းနားသည့် လူနေအိမ်ယာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
မြို့လယ်ခေါင်ကဲ့သို့ မစည်ကားသော်လည်းပဲ ဤနေရာရှိ အိမ်ဈေးနှုန်းတို့က တစ်စတုရန်းမီတာလျှင် ယွမ် နှစ်သောင်းမျှ ပေါက်ဈေးရှိ၏။
“ ဒီ ဧရိယာက အိမ်ဆိုရင်တော့ တော်တော်လေး တန်ဖိုးရှိလောက်တယ်… မောင်နှမချင်း ရန်ဖြစ်ကြတာလည်း ဖြစ်လောက်စရာပါပဲ …” လင်းရီ ပြောဆိုလိုက်သည်။
ကျန်းဖန့် ခေါင်းညိတ်၍ ရပ်ကွက်ထဲသို့ လှမ်းကြည့်လိုက်၏။
“ ငါ ကြားမိသလောက်တော့ ဒီက အသေးဆုံးအိမ်တောင် စတုရန်း မီတာ တစ်ရာကျော်တယ်… အနည်းဆုံး ယွမ် သန်း ၂၀ ပဲ … သာမန်လူတွေအတွက် ခေတဲ့ ပမာဏတော့ မဟုတ်ဘူး …”
“ ကဲ … တိုင်တဲ့လူကို သွားရှာပြီး ဘာတွေ ဖြစ်လဲ သွားကြည့်ရအောင် …”
နှစ်ယောက်မှာ ရပ်ကွက်ထဲ မောင်းဝင်လာခဲ့ပြီး အဆင့်မြင့် သီးသန့်အိမ်နံဘေးတွင် ရဲတိုင်လာသည့် သက်လတ်ပိုင်း အမျိုးသမီးကို မြင်တွေ့လိုက်ရသည်။
သူမ၏ သွင်ပြင်က အသက် ငါးဆယ်ခန့်မျှ ရှိပြီဟု ထင်ရပြီး ခရမ်းရောင် ဂါဝန်ကို ဝတ်ဆင်ထားလေသည်။ အနီးနားရှိ ပန်းခုံလေးဘေးတွင် ထိုင်နေ၍ မျက်ရည်များအား ဖယ်သပ်နေလျက် ရှိ၏။
သူမ ဘေးနားတွင်တော့ လူငယ်လေး တစ်ဦးရှိပြီး ကြည့်ရသည်မှာတော့ သူမ၏ သားဖြစ်ဟန်ရ၏။ ထိုလူငယ်က အတော်လေး ဒေါကြီးမောကြီး ဖြစ်နေလျက် ရှိကာ ရုန့်ရင်းကြမ်းတမ်းသည့် စကားတို့အား ဆိုနေသည်။
“ လူစကားပြောလို့ နားမပေါက်တဲ့ကောင်တွေကို လူလို ပြောနေလို့ အလကားပဲ … သူ့လိုကောင်စားမျိုးက ကောင်းကောင်းသင်ခန်းစာပေးမှ မှတ်မှာ …”
လူငယ်လေးမှာ ဒေါသထွက်လွန်း၍ သူ၏ ရင်ဘက်ကြီးမှာ နှိမ့်ချည် မြင့်ချည် ဖြစ်နေလျက် ရှိသည်။
“ အမေ့ကြောင့်မို့သာ မဟုတ်ရင် ကျွန်တော်တော့ လူငှားပြီး ဒင်းကြီးကို ရိုက်နှက်ခိုင်းပြီးပြီ …”