တံခါးဝသို့ ဒီလီပို့လာသည့် ငါးကြီးကြီး
Vol. 134 Ch. 2010
“ ငါတို့လည်း ဘာတွေ ဖြစ်နေလဲ သိပါတယ်ကွာ …” လျန်ကျင်းမင် ပြော၍ လင်းရီ ပခုံးထက်သို့ လက်တင်လိုက်ကာ “ လုပ်စမ်းပါ … သွားပြီး ပျော်ပါးကြစို့ … ဒီနေ့ည မမူးရင် မင်း မပြန်ရဘူး …”
နောက်ဆုံး၌ ကောင်းကျုံးယွမ်သည် ကားပါကင်ထဲတွင် နေရာလွတ်တစ်နေရာ တွေ့ရှိသွားခဲ့ပြီး ကားအား ပါကင်ထိုးလိုက်သည်။
“ အဲ့ဖာ့ဒ်က ဘာလို့ ဒီမှာ ပါကင်ထိုးထားတာလဲ … ဒီနေရာမှာ သူတို့ကား ဘယ်လောက်ထိ ဈေးပေါလဲဆိုတာ မသိဘူးကြဘူးလား မသိဘူး …”
အနီးနားရှိ တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။
“ မိုဒူးလို နေရာမျိုးမှာ ယွမ် သုံးသန်းလောက်တန်တဲ့ စူပါကားနဲ့မှ မဟုတ်ရင် မလာတာ အကောင်းဆုံးပဲ … စောက်ရမ်း ရှက်ဖို့ ကောင်းတယ်….”
ထိုအချိန်မှာပဲ တိုရိုတာ အဲဖာ့ဒ်၏ ကားတံခါး ပွင့်ဟလာခဲ့ပြီး လင်းရီ ၊ ချင်းဟန်နှင့် သူ့သူငယ်ချင်းများ အပြင်သို့ ထွက်လာခဲ့ကြသည်။
ပတ်ဝန်းကျင်ရှိ ဝေဖန်သံများအားလုံး နှုတ်ဆိတ်သွားခဲ့ကြလေသည်။
“ ဘုရားရေ … အဲ့တာ သခင်လေးလင်းနဲ့ သခင်လေးချင်းမလား … သူတို့ကို မိုဒူးမှာ မြင်ရမယ်လို့ ယုံတောင်မယုံနိုင်ဘူး … “
“ ဟဲ့ နင်ဘာဖြစ်နေတာ … သူတို့လည်း လူပဲ မဟုတ်လို့လား ….”
“ သူတို့က ကျိုးဟိုင်ရဲ့ အချမ်းသာဆုံး ဒုတိယမျိုးဆက် သခင်လေးတွေလေ … ဘီလီယမ်နဲ့ချီ ချမ်းသာတယ်… အထူးသဖြင့် သခင်လေးလင်းဆိုတဲ့ အချောဆုံး တစ်ယောက်ပဲ … ငါကြားတာတော့ သူ့ကားတစ်စင်းက ယွမ်သန်းရာချီတန်တယ်ဆိုလားပဲ … ငါတို့ နိုင်ငံရဲ့ ထိပ်တန်း စာရင်းဝင်တွေထဲက တစ်ယောက်ပဲ …”
“ ဝိုး … အတည်ကြီးလား … ရုပ်ချောရုံတင်မကဘူး .. သောက်ရမ်းလည်း ချမ်းသာသေးတယ်ပေါ့ …”
“ အခု နင်သိပြီလား … သူတို့တွေက ကျိုးဟိုင်ရဲ့ ဒိတ်ဒိတ်ကျဲကြီးတွေ …”
“ ဒါဆို ဘာစောင့်နေတာလဲ … အထဲဝင်ပြီး တစ်ချက် သွားကြည့်ကြမယ်လေ… ငါတို့သာ သူတို့ထဲ တစ်ယောက်နဲ့ ချိတ်မိရင် ဒီည ဂျက်ပေါ့ထိတာပဲ မဟုတ်ဘူးလား …”
လင်းရီတို့ ရောက်ရှိလာသည်တွင် ဘားတစ်ခုလုံး၏ အာရုံမှာ သူတို့ အုပ်စုထံသို့ ကျရောက်သွားခဲ့ကြသည်။
သူတို့ booth တွင် ထိုင်လိုက်သည်နှင့် အမျိုးသမီး တော်တော်များများက ချဉ်းကပ်လာ၍ ဆည်းလည်းသံလေးများနှင့် လေထုအား လှုပ်ရှားသက်ဝင်လာစေသည်။
လင်းရီကတော့ အဆိုပါ အမျိုးသမီးများအား စိတ်ဝင်စားခြင်း မရှိဘဲ ကော့တေးကိုသာ ဖြည်းညင်းစွာ အရသာခံရင်း ပတ်ဝန်းကျင်ကို သက်တောင့်သက်သာ ကြည့်ရှုနေလျက် ရှိသည်။
ထိုအချိန်မှာပဲ လင်းရီ၏ အကြည့်က ဝင်ပေါက်ဝထံသို့ ကျရောက်သွားခဲ့ပြီး အမျိုးသား လေးဦးက အထဲသို့ ဝင်လာသည်။
သူ့ကို အံ့အားသင့်သွားစေသည်က ဦးဆောင်လာသူမှာ နေ့အစောပိုင်းတွင် တွေ့ခဲ့ရသည့် လီချောင် ဖြစ်နေသောကြောင့်ပင်။ သူ၏ ပုံစံကို ကြည့်ရသလောက်တော့ လီချောင်က အုပ်စုအား ဧည့်ခံနေဟန်ပင်။
လင်းရီသည် ဖန်ခွက်ကို ကိုင်ရင်း အနည်းငယ် မျက်မှောင်ကြုတ်မိသွားခဲ့သည်။
သူ့ လက်ရှိ မိသားစု အခြေအနေအရ လီချောင်မှာ ဘားတွင် ပျော်ပါးလိုသည့် စိတ်အခြေအနေ၌ ရှိမနေသင့်ချေ။
ထို့ပြင် သူ့အဘိုး၏ ပိုက်ဆံများက ချိတ်ပိတ်ခံထားရပြီး တစ်ပြားတစ်ချပ်မှလည်း အသုံးပြု၍ မရသေးချေ။ ဤကဲ့သို့သော နေရာမျိုး၌ ထွက်ပေါ်လာရန် အနည်းဆုံး တစ်ယောက်လျှင် ယွမ်တစ်ထောင်ခန့် အသုံးပြုပေးဖို့လိုသည်။
“ လင်းကော … မင်း ဘာတွေ ကြည့်နေတာ … သောက်စရာ ရှိတာ သောက်လေ…” လျန်ကျင်းမင် ကျယ်လောင်စွာ အော်ပြောလိုက်၏။
“ ငါ သိတဲ့ တစ်ယောက်နဲ့ တွေ့လို့ မင်းတို့ကောင်တွေ သောက်ကြ … ငါ တခြားနေရာ ခဏသွားလိုက်ဦးမယ်…”
သူတို့၏ စားပွဲက အင်မတန်သာ မြင်သာလွန်းနေပြီး အကယ်၍ လီချောင်သာ သူ့ကို မြင်တွေ့သွားမည်ဆိုပါက အမှုအတွက် ကောင်းမှာ မဟုတ်ချေ။
လင်းရီသည် သူ၏ သောက်စရာခွက်ကို ကိုင်၍ အပေါ်ထပ်သို့ တက်သွားပြီး အောက်ရှိ အခြေအနေအား အကဲခတ်နေလိုက်သည်။ ၎င်းတို့ ပြောဆိုနေသည့် စကားဝိုင်းကို မကြားနိုင်သော်လည်းပဲ လီချောင်၏ အခြားသုံးယောက်ထံ လက်အောက်ငယ်သားသဖွယ် ယဉ်ကျေးသည့် အမူအရာကိုတော့ အထင်းသား မြင်တွေ့နေရသည်။ ဤသို့သော အပြုအမူက အတော်လေးတော့ ထူးဆန်းလှ၏။
ခေတ္တကြာ စောင့်ကြည့်ပြီးသည့်နောက် လင်းရီသည် ဤသည်က အလားအလာကောင်းသည့် ချဉ်းကပ်နည်းလမ်း တစ်ခု မဟုတ်ဟု ဆုံးဖြတ်လိုက်ပြီး လျန်ကျင်းမင်ထံ ဖုန်းခေါ်လိုက်သည်။
လီချောင်တို့ အုပ်စုအနားသို့ လူတစ်ယောက်ထား၍ အသုံးဝင်သည့် သတင်းအချက်အလက်များ ရရှိရန် စီစဉ်ထားလေသည်။
ထင်မှတ်မထားစွာဖြင့် သူ ဖုန်းခေါ်လိုက်သည်တွင် ပထမ နှစ်ကောက ဝင်မသွားခဲ့ချေ။
သူ အောက်ထပ်သို့ လှမ်းကြည့်လိုက်သည်တွင် ချင်းဟန်တို့ သုံးယောက်လုံး ပျောက်ချင်းမလှ ပျောက်ဆုံးနေကြသည်ကို မြင်တွေ့လိုက်ရလေသည်။ ၎င်းတို့နေရာတွင် ရှုပ်ပွနေသည့် ပုလင်းများနှင့် စားသောက်စရာများကိုသာ မြင်တွေ့နေရသည်။
လင်းရီ မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်မိ၏။ “ ဒီစောက်ရူးသုံးကောင်နဲ့တော့ ဘယ်ပျောက်သွားမှန်း မသိပါဘူး …”
ထိုအချိန်မှာပဲ သူ့ဖုန်းသံ မြည်လာခဲ့ပြီး လျန်ကျင်းမင်က ပြန်ခေါ်လာခဲ့ခြင်းပင်။
“ လင်းကော … ဘာကိစ္စလဲ …’
“ မင်းတို့ကောင်တွေ ဘယ်သွားခဲ့တာ … စားပွဲမှာလည်း မရှိဘူး …”
“ ဘားထဲကို စည်းကမ်းမလိုက်နာတဲ့ လူနှစ်ယောက် ဝင်လာလို့ … ငါတို့ အဲ့တာ သွားပြီး ကိုင်တွယ်နေတာ …”
“ စည်းကမ်း မလိုက်နာတဲ့ လူနှစ်ယောက် ဟုတ်လား …” လင်းရီ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး “ ဘာဖြစ်တာလဲ… ငါ့ကို ဖြည်းဖြည်းချင်းပြော …”
“ ဘားမန်နေဂျာက ငါ့ကို ခုနတင်ပဲ ဒီမှာ မူးယစ်ဆေးဝါးတွေ ရောင်းနေတယ်ဆိုပြီး သတင်းပို့လာလို့ … အဲ့တာ ငါတို့ သုံးယောက်လုံး စစ်ဆေးနေတာ .. မင်း ကိစ္စ မင်းလုပ်လေ… အသေးမွှားကိစ္စပဲ .. ငါတို့ ကိုယ့်ဘာကိုယ် ကိုင်တွယ်လို့ရတယ်….”
“ ကောင်းပြီ … ငါ လာခဲ့မယ်… မင်းတို့ အခု ဘယ်မှာလဲ… လင်းရီ ပြောလိုက်၏။
“ တတိယထပ်က လုံခြုံရေး အခန်းမှာ … ဘယ်နေရာလဲ မသိရင် ဝိတ်တာကို မေးလိုက်….”
“ အိုကေ …”
လင်းရီ တုံ့ပြန်၍ ဗလာကျင်းသွားသည့် ခွက်ကို ဘေးသို့ ချထားကာ လုံခြုံရေး အခန်းရှိရာသို့ တက်လာခဲ့သည်။ ထို့နောက် တံခါးတွန်းဖွင့်၍ အထဲသို့ ဝင်လာခဲ့လေသည်။
သူတို့ရှေ့တွင် စွပ်ကြယ်နှင့် လူနှစ်ယောက် မတ်တပ်ရပ်နေပြီး သာမန်လူ တစ်ဦးသဖွယ် ဝတ်ဆင်ထားကာ မည်သည့် မသင်္ကာစရာကိုမျှ မြင်တွေ့ရခြင်း မရှိပေ။
သို့သော် သူတို့၏ ခိုးကြောင်ခိုးဝှက် အမူအရာများကတော့ လူကို အတော်လေး မသတီစေသည်။
“ ဒီနှစ်ယောက်လား …”
လျန်ကျင်းမင် ခေါင်းညိတ်ပြလိုက်သည်။
“ လာစမ်းပါ မင်းတို့ကလည်း … ဒီလိုတွေ လုပ်စရာ လိုလို့လား … ဂိမ်းတစ်ခုတည်းက လူတွေပဲကို ဘယ်လို အလုပ်လုပ်လဲ အကုန် သိနေကြတာပဲမဟုတ်လား … အချင်းချင်း အခန်းတစ်ချို့ပေးပြီး လူတိုင်း အေးအေးဆေးဆေး ပိုက်ဆံရှာကြတာ ပိုမကောင်းဘူးလား …”
ဆံပင်ကိုရွှေရောင် ဆိုးထားသည့် အမျိုးသားတစ်ဦးက ပြောဆိုလိုက်သည်။ လက်ပူးလက်ကြပ် ဖမ်းခံလိုက်ရသော်လည်းပဲ သူ၏ အမူအရာမှာ ထူးမခြားနားသာ ရှိနေပြီး လင်းရီတို့ လေးဦးလုံးကို လေးလေးနက်နက် သဘောထားမနေချေ။
“ စုစုပေါင်း ဘယ်နှဂရမ်လဲ …” လင်းရီ မေးမြန်းလိုက်သည်။
လျန်ကျင်းမင် တစ်ဖက်သို့ လှည့်၍ စားပွဲကို ထိပြီး အိတ်အသေးစားလေး တစ်ခုကို လင်းရီထံ ပစ်ပေးလိုက်သည်။
လင်းရီ လက်ထဲ ချိန်ဆကြည့်လိုက်ပြီး ခန့်မှန်းခြေ ၅၀ ဂရမ်မျှ ရှိ၏။ အရည်အသွေးကောင်းမွန်ပါက တစ်ဂရမ်လျှင်ပင် လူ အယောက် ၂၀ ခန့်ကို နတ်ပြည်ရောက်စေနိုင်သဖြင့် ပမာဏမည်မျှက အရေးမကြီးပေ။ လက်ဝယ်ရှိထားသည်နှင့် အရေးယူနိုင်သည့် အခြေအနေဖြစ်၏။
လင်းရီ ထိုလူနှစ်ယောက်ကို ကြည့်၍ “ မင်းတို့ နှစ်ယောက်ကို ငါတို့ ဖမ်းထားပြီ … မင်းတို့ အခု ကိုယ့်အပြစ်ကိုယ် ပြန်ပေးဆပ်သင့်တဲ့ အချိန်လို့ မထင်ဘူးလား…”
“ မင်းက ဘာကို ဝန်ခံစေချင်တာ … ပစ္စည်းက ရှေ့မှာတင်ပဲ… ဒီလိုမြင်ကွင်းကို ငါတို့အားလုံးရင်းနှီးနေပြီးသားပဲဟာ ဒီလိုတွေ လုပ်ဖို့ မလိုပါဘူး …” ဆံပင်ရွှေရောင် အမျိုးသားက ပခုံးတစ်ချက်တွန့်ပြီး ပြောလိုက်သည်။
“ ပြီးတော့ ငါ့ သူဌေးက ဝမ်ရှုကွမ်း … မင်းတို့လည်း ဂိမ်းတစ်ခုတည်းမှာပဲဆိုတော့ သူ့နာမည် ကြားဖူးကြမှာပါ … ငါ အပိုပြောစရာ မလိုဘူးမလား …”
“ ဝမ်ရှုကွမ်း ဟုတ်လား …” ချင်းဟန် ရေရွတ်၍ အဆိုပါ နာမည်နှင့် ရင်းနှီးနေသည်။
“ မင်း သူ့ကို သိတာလား …” လင်းရီ မေးမြန်းလိုက်သည်။
“ အရမ်းကြီးတော့ မဟုတ်ပါဘူး … အကောင်ကြီးကြီးဆိုတာပဲ သိထားတယ်… ကျိုးဟိုင်မှာ အတော်လေး နာမည်ကြီးတယ်…”
“ ဝေရိဟွာလောက် အင်အားကြီးလား …”
“ ယှဉ်လို့ကို မရတာ …” ချင်းဟန် ပြောလိုက်ပြီး “ ဝေရိဟွာက ကျိုးဟိုင်မှာ ခေတ်အောက်သွားပြီ … သူက အနားယူပြီး တရားဝင် စီးပွားရေးတွေ လုပ်ကိုင်နေပြီလို့တောင် သတင်းထွက်လာသေးတယ်… ဒီရဲ့ ဝမ်ရှုကွမ်းက ကျိုးဟိုင်မှာ မျက်နှာသစ် … ရက်စက်တဲ့ ရာဇဝတ်မှတ်တမ်းနဲ့ … လိုချင်တာရဖို့ဆိုရင် လူပဲ သတ်ရသတ်ရ ဝန်မလေးတဲ့လူ …”
“ သေစမ်း … ငါ မရှိတဲ့အချိန် ဒီကောင်တွေက ပုန်းနေတဲ့ထဲကနေ ထွက်လာကြတယ်ပေါ့ …”
“ ကြောင်မရှိတဲ့အချိန် ကြွက်တွေ သောင်းကြမ်းကြတာ ပုံမှန်ပါပဲ …” လျန်ကျင်းမင် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး လင်းရီကို ကြည့်လိုက်သည်။ “ မင်းက ဒါတွေနဲ့ ပတ်သက်ရင် ဆရာကြီးမဟုတ်လား … ဘယ်လိုကိုင်တွယ်ဖို့ စဉ်းစားထားလဲ …”
“ သူတို့ကို စောင့်ကြည့်ဖို့ လူနည်းနည်းချန်ထားပြီး ရဲခေါ်လိုက် … အချိန်ကျလာရင် ငါတို့ဘက်က တံခွန် နည်းနည်းပို့ပေးပြီး မင်းရဲ့ ဘားကို နာမည်ကောင်းရအောင် လုပ်ပေးလို့ ရတယ်… ဒီလို လွယ်လွယ်နဲ့ ဖမ်းမိထားတဲ့ ငါးကြီးကြီးကို အလွယ်တကူ လွတ်ပေးလိုက်စရာလား ဟုတ်တယ်မလား …”
“ အင်း ….”
“ မင်းတို့ ဘာလုပ်နေကြတယ် ထင်လဲ … ဒီလို အသေးမွှားလေးအတွက် မင်းတို့တကယ်ကြီး ရဲခေါ်မယ်ပေါ့ …”
အမျိုးသား နှစ်ဦး၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ ဝမ်ရှုကွမ်း၏ နာမည်ကို ဆိုလိုက်သည်နှင့် ပြဿနာက ဖြေရှင်းပြီး ဖြစ်မည်ဟု ထင်သော်လည်းပဲ တစ်ဖက်လူမှာ မဆင်မခြင် ရဲဖုန်းခေါ်နေဦးမည်ဟု ထင်မှတ်မထားပါချေ။
အကယ်၍ သူတို့သာ အဖမ်းခံလိုက်ရမည်ဆိုပါက တကယ် ပြဿနာ တက်ပြီ ဖြစ်၏။
စာစဉ် (၁၃၄) ပြီး၏။