ရှဲ့လင်ဖုန်း၏ အစွမ်းပြမှု(၂)
Vol. 16 Ch. 226
"လောင်းမယ်... ရှဲ့လင်ဖုန်းမှာ ငါတို့ ခုနှစ်စင်ကြယ်အကယ်ဒမီကို စိန်ခေါ်ရဲရအောင် ဘာအစွမ်းရှိလဲလို့ ကြည့်တာပေါ့.."
"ဟားဟားဟား... ငါတို့ ခုနှစ်စင်ကြယ် အကယ်ဒမီက အခုဆိုရင် ကျန်းကျွင်းရာရဲ့ ဂုဏ်သိက္ခာကို ယူနိုင်တော့မယ်.."
ကျောင်းသားများက စတင် လောင်းကြေးထပ်ကြ၏။ အားလုံးတို့သည် ခုနှစ်စင်ကြယ် အကယ်ဒမီအား အနိုင်ရမည်ဟု လောင်းကြ၏။
ကျောက်တုံးပေါ်တွင် ဟူရှန်း၏ဘေး၌ သေးငယ်သည့် အထုပ်ငယ်များဖြင့် ပြည့်နှက်နေ၏။ အားလုံးတို့တွင် စိတ်ဝိဉာဉ်စာရွက်များ ပါရှိသည်။
၎င်းကို ကြည့်ရှု့ပြီးနောက် ရွှီယန်တစ်ယောက် သူ၏ စိတ်လှုပ်ရှားမှုတို့ကို ထိန်းချုပ်နိုင်ခြင်းပင် မရှိတော့ပေ။ ဒီတစ်ချီတည်းနှင့် အကျိုးအမြတ်များစွာကို ရရှိလာပြန်ပေတော့မည်။
သိုင်းပညာ စင်မြင့်ပေါ်ရှိ ရှဲ့လင်ဖုန်း၏ ပါးစပ်များက တွန့်ကွေးသွားသည်။ ချက်ချင်းပင် ဖိအားကို ခံစားလာရ၏။
သူသာ ရှုံးနိမ့်ပါက ကျန်းကျွင်းရာ၏ ဂုဏ်သတင်းကို ထိပါးရုံမက ရွှီယန်အတွက်လည်း ပိုက်ဆံများစွာကို ဆုံးရှုံးသွားစေမှာပါ။
အသက်ကို နက်ရှိုင်းစွာရှူပြီးနောက် အေးစက်စွာပြော၏။ "သိုင်းသခင်အဆင့် အောက်က လူတွေ တက်လာစရာမလိုဘူး.."
"ဘုန်း.."
ထိုစကားနှင့်အတူ စွမ်းအားကြီးမားသည့် သိုင်းသခင်တစ်ယောက်၏ အရှိန်အဝါက အရပ်မျက်နှာအားလုံးတို့ဆီသို့ လှိုင်းထလာခဲ့၏။
ခုနှစ်စင်ကြယ်အကယ်ဒမီမှ ကျောင်းသားအားလုံးတို့ မှင်သက်သွားကြသည်။ ရှဲ့လင်ဖုန်းသည် သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက် လေလား။
အသက်ကို ကြည့်ပါက တစ်ဖက်လူသည် ၂၀ကျော်သာ ရှိပါသေးသည်။ သို့ပေမယ့် သိုင်းသခင်အဆင့်သို့ ရောက်ရှိနေပြီး ဖြစ်၏။
အတွင်းဘက်နယ်မြေတွင် လူမည်မျှတို့ သူ့ကို လိုက်မီနိုင်မည်နည်း။ ပြောစကားများက အခြေအမြစ် မရှိသည် မဟုတ်ပေ။
"ငါလာမယ်.."
ခုနှစ်စင်ကြယ် အကယ်ဒမီမှ ကျောင်းသားတစ်ယောက်က လေထဲသို့ ခုန်တတ်ကာ စစ်မြင့်ပေါ်သို့ တက်သွားသည်။ သူလည်းပဲ သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်၏။
"ကျေးဇူးပြုပြီး သင်ကြားပေးပါဦး.."
ရှဲ့လင်ဖုန်းက ထူးမခြားနားစွာ ပြောသည်။
"ခံကြည့်လိုက်.."
သိုင်းသခင်အဆင့် ကျောင်းသားက လက်ကိုဝှေ့ရမ်းလိုက်ပြီး သူ၏ ဓားမော့ဖြင့် ခုတ်ပိုင်းလိုက်၏။
သို့ပေမယ့် ရုတ်တရက် ဓားအလင်းတစ်ချက် လက်သွားပြီး လက်ထဲရှိ ဓားမော့က လွင့်စင်ထွက်သွားသည်။
ပုခုံးတွင် အပေါက်တစ်ခု ပေါ်လာခဲ့၏။
"နောက်တစ်ယောက်.."
ရှဲ့လင်ဖုန်းက အေးစက်စွာ ပြောသည်။
ခုနှစ်စင်ကြယ် အကယ်ဒမီမှ ကျောင်းသားများအားလုံး တိတ်ဆိတ်သွားကြ၏။ သိုင်းသခင်အဆင့်ကို ဓားတစ်ချက်နှင့် အနိုင်ယူခဲ့သည်လား။
ဖူယွင်ထန်း၏ မျက်နှာက လေးနက်လာခဲ့သည်။ ရှဲ့လင်ဖုန်း၏ ခွန်အားမှာ ရွှီယန်လောက် မကောင်းပေမယ့် သူ၏ စွမ်းရည်များမှာ သံသယဝင်စရာ မကောင်းလောက်အောင် ဂုဏ်သတင်းနှင့် ထိုက်တန်ပါသည်။
ဒီယှဥ်ပြိုင်မှုသည် ခုနှစ်စင်ကြယ် အကယ်ဒမီမှ လူငယ်မျိုးဆက်၏ ဂုဏ်သတင်းနှင့်လည်း သက်ဆိုင်နေ၏။
"ဖင်းသုန်ကို တက်ခိုင်းလိုက်။ သူရှုံးနိမ့်ရင်တော့ ခုနှစ်စင်ကြယ်အကယ်ဒမီရဲ့ အသက်၃၀အောက်က မျိုးဆက်တွေထဲမှာ ရှဲ့လင်ဖုန်းကို ပြိုင်နိုင်တာ မရှိတော့ဘူး.."
ဖူယွင်ထန်းက စဉ်းစားမှုအချို့ ပြုလုပ်ပြီးနောက် ပြောသည်။
"ကောင်းပါပြီ.."
သင်းယန်က ခေါင်းငြိမ့်သည်။
စင်ပေါ်သို့ ခုနှစ်စင်ကြယ်အကယ်ဒမီမှ ဒုတိယမြောက် သိုင်းသခင်အဆင့် ကျောင်းသား တက်လာခဲ့၏။ သူက ပိုမိုသန်မာပေမယ့် ရှဲ့လင်ဖုန်းက ဓားနှစ်ချက်နှင့်သာ အနိုင်ယူခဲ့သည်။
တတိယ ထို့နောက် စတုတ္ထ... မည်သူမှ ရှဲ့လင်ဖုန်းဆီမှ ဓားသုံးချက်ကို ခံယူနိုင်ခြင်း မရှိပေ။ ခုနှစ်စင်ကြယ်အကယ်ဒမီမှ ကျောင်းသားများ ပြောင်းလဲလာသည်နှင့်အမျှ အသက်အရွယ်များမှာ တဖြည်းဖြည်းနှင့် သုံးဆယ်သို့ ကပ်လာကြသည်။
သူတို့သည် အသက်အရွယ်ရာပဲ ဖြစ်ဖြစ် ခွန်အားအရာပဲဖြစ်ဖြစ် ရှဲ့လင်ဖုန်းကို သာလွန်နိုင်သူ မရှိပေ။ ဤနည်းအားဖြင့် ကျောင်းသားအားလုံးတို့ တိတ်ဆိတ်သွားခဲ့၏။
စိတ်လိုက်မာန်ပါလုပ်ကာ စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို လောင်းကြေးထပ်ခဲ့သည့် ကျောင်းသားများမှာ သူတို့၏ ဆုံးဖြတ်ချက်အပေါ် နောင်တရနေပါပြီ။
ကျောက်တုံးပေါ်ရှိ စိတ်ဝိဉာဉ်ပုံဆောင်ခဲ စာရွက်အထုပ်ကို ကြည့်ကာ လောင်းကြေးများကို ပြန်လိုချင်နေ၏။
သို့ရာတွင် ခုနှစ်စင်ကြယ် အကယ်ဒမီ၏ ဂုဏ်သိက္ခာကို ထိခိုက်မှာလည်း ကြောက်ရွံ့နေပါသည်။ ထို့ကြောင့် ကြည့်နေရုံသာ တတ်နိုင်ပြီး သူတို့၏ အိတ်များကို ပြန်ယူရဲခြင်း မရှိပေ။
ရွှီယန်က စိတ်အလှုပ်ရှားဆုံး ဖြစ်သည်။ သူသည် စိတ်ဝိဉာဉ်ပုံဆောင်ခဲ အများအပြားကို ထပ်မံ ရှာဖွေနိုင်ခဲ့ပါပြီ။
ခုနှစ်စင်ကြယ် အကယ်ဒမီသို့ ဒီခရီးစဉ်သည် အလွန် အကျိုးအမြတ် ကြီးလှ၏။
သူသည် စစ်ဘုရင်တစ်ယောက်ကို အနိုင်ရခဲ့ပြီး ချန်းလန်ကျွန်းကို ရရှိခဲ့သည်။ ယခုအချိန်၌ လောင်းကြေးကို ထပ်မံ နိုင်ခဲ့၏။ လူတစ်ယောက်တွင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀သာရှိလျှင်တောင် သူ့အနေနှင့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀၀ကျော်ကို ရနိုင်ပါသေးသည်။
ကြီးမားသည့် အနိုင်ရမှု ဖြစ်၏။
"တိုက်ခိုက်ချင်တဲ့လူ ရှိသေးလား.."
ရှဲ့လင်ဖုန်းက သူ၏ဓားကို ဝှေ့ရမ်းသည်။ အောက်ရှိ ခုနှစ်စင်ကြယ် အကယ်ဒမီရှိ ကျောင်းသားများကို မထိမဲ့မြင်စွာ ကြည့်၏။
ထိုအချိန်၌ ခုနှစ်စင်ကြယ် အကယ်ဒမီ အတွင်းမှ သန်မာသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရှည်လျားသည့် ဓားတစ်ချောင်း ပျံသန်းလာပြီး လေကိုဖြတ်သန်းကာ သိုင်းပညာစင်မြင့်ပေါ်သို့ ကျဆင်း၏။
ထို့နောက် ချက်ချင်းပင် ခံစားချက်မဲ့သည့် အသွင်နှင့် လူတစ်ယောက် ပေါ်လာခဲ့သည်။ သူက ဓားရှည်ကို ဆွဲကိုင်လိုက်၏။
"ဖင်းသုန်က သင်ကြားဖို့အတွက် ရောက်လာပါတယ်.."
လူသစ်မှာ ရှဲ့လင်ဖုန်းနှင့် သက်တူရွယ်တူလောက်သာ ရှိသေးသည်။ သိုင်းအဆင့်လည်း တူညီစွာ ရှိနေ၏။
ရှဲ့လင်ဖုန်း၏ ပုံက ပိုမိုလေးနက်လာခဲ့သည်။ "လက်စသတ်တော့ ဖင်းသုန်ကို.."
ဖင်းသုန်မှာ ခုနှစ်စင်ကြယ် အကယ်ဒမီ၏ လူငယ်မျိုးဆက်မှ ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်သည်။
ရှဲ့လင်ဖုန်းနှင့် နာမည်တူ ကျော်ကြား၏။ အတွင်းဘက်နယ်မြေ၌ အသက်အငယ်ဆုံး ဓားသခင်၃ယောက်ထဲမှ တစ်ယောက်တွင် သူလည်း ပါဝင်သည်။
"ရှဲ့လင်ဖုန်းအတွက် စိန်ခေါ်သူလေးတော့ ရလာပြီ.."
ရွှီယန်က ဖင်းသုန်ကို ကြည့်ရင်းမှ ပြောသည်။
"သခင်လေးရွှီ... ဘယ်သူနိုင်မယ်လို့ ထင်လဲ.."
သုယွီယင်းက ညင်သာစွာ မေး၏။
"ရှဲ့လင်ဖုန်းပဲ ဖြစ်မှာပေါ့.."
ရွှီယန်က တုံ့ဆိုင်းခြင်းမရှိပဲ ပြောသည်။ ရှဲ့လင်ဖုန်းမှာ အစစ်အမှန်ချီကို စုစည်းခဲ့ပြီး ဖြစ်၏။ သူ၏ ခွန်အားက ကြီးစွာ မြင့်တက်လာခဲ့သည်။ ဓားပညာအပေါ် နားလည်သဘောပေါက်မှုမှာလည်း မဆိုးလှပေ။
တစ်ဖက်ရှိ ဖင်းသုန်မှာတော့ မယ်မယ်ရရ မရှိသည့် စွမ်းအားနှင့် ရှဲ့လင်ဖုန်းထက် နိမ့်ကျနေပါသေးသည်။
ရှဲ့လင်ဖုန်းသာ အစစ်အမှန်ချီကို စုစည်းပြီးခြင်း မရှိလျှင်တော့ သူ၏ စွမ်းအားက ဖင်းသုန်နှင့် ညီတူလောက်သာ ရှိမှာပါ။ ထိုအခါ မည်သူက အနိုင်ရမည်ကို ပြောဖို့ခက်ခဲမှာ ဖြစ်၏။
"ကျေးဇူးပြုပြီး.."
ရှဲ့လင်ဖုန်း၏ မာကြောသည့် အသံက ထွက်ပေါ်လာ၏။
ဖင်းသုန်မှာ စကားနည်းသည့်ဟန် ဖြစ်ဟန်ပေါ်သည်။ သူက ခေါင်းကိုသာ ငြိမ့်၏။ ဓားရှည်ကို ဆန့်ကာ ချက်ချင်းပင် ဓားအလင်းက လက်သွားသည်။
ဓားချီက အော်မြည်လာပြီး အေးစက်သည့် လူသတ်ငွေ့တို့ ထွက်ပေါ်လာခဲ့၏။
ရှဲ့လင်ဖုန်းကလည်း သူ၏ လက်ထဲရှိ ရတနာဓားကို ဝှေ့ရမ်းလိုက်သည်။ မြစ်တစ်သောင်း ဓားသိုင်းကို ထုတ်ဖော်၏။ ယခုအချိန်၌ အသုံးပြုသည့် မြစ်တစ်သောင်းဓားသိုင်းမှာ မူလသိုင်းပညာ မဟုတ်တော့ပေ။
အဆင့်မြှင့်တင်ထားသည့် သိုင်းပညာဖြစ်၏။
ဓားချီက လှိုင်းသဖွယ် မြင့်တက်လာပြီး ချက်ချင်းပင် သက်တန့်ပျံ ဓားအလင်းတို့လည်း နောက်မှ လိုက်သွားသည်။ ဓားအလင်းက လျှပ်စီးကဲ့သို့ မြန်ဆန်ကာ ဓားချီအတွင်းတွင် ရောယှက်နေ၏။
ခဏတာအတွင်း သူတို့၏ တိုက်ခိုက်မှုက ပြင်းထန်ကြမ်းကြုတ် လာခဲ့သည်။ အခိုက်အတန့်တစ်ခုတွင် ဓားချီက ဝဲဂယက်တစ်ခု အဖြစ် ပြောင်းလဲသွားပြီး ပြေးဝင်တိုက်ခိုက်၏။ ဓားအလင်းက လက်သွားပြီး ကောင်းကင်ကို ထိုးဖောက်တော့မည့်နှယ် ရှိ၏။
"ဘုန်း.."
ဓားအလင်းက ပြိုလဲကာ ဓားစွမ်းအင်တို့ ပျောက်ကွယ်သွားခဲ့သည်။ ဖင်သုန်၏ရှေ့တွင် အေးစက်သည့် ဓားတစ်ချောင်း ရှိနေ၏။
"ငါရှုံးတယ်.."
ဖင်းသုန်က ခဏတာ တိတ်ဆိတ်နေပြီးနောက် အသက်ကို နက်ရှိုင်းစွာရှူသည်။
"ကျေးဇူး.."
ရှဲ့လင်ဖုန်းက ဦးညွှတ်၏။
"ရှဲ့လင်ဖုန်း.. မင်းရဲ့ ဂုဏ်သတင်းက တကယ့်ကို ထိုက်တန်တယ်.."
ဖင်းသုန်က နောက်သို့လှည့်ကာ ထွက်ခွာသွားသည်။
"ဘယ်သူ တိုက်ခိုက်ချင်သေးလဲ.."
ရှဲ့လင်ဖုန်းက လက်ထဲတွင် ဓားကိုကိုင်ကာ ခုနှစ်စင်ကြယ်အကယ်ဒမီရှိ ကျောင်းသားများအပေါ်သို့ ခေါင်းငုံ့ကြည့်သည်။
ထိုအချိန်၌ ကျောင်းသားများအားလုံး တိတ်ဆိတ်နေကြ၏။
"သခင်လေးရှဲ့.. မင်းအနိုင်ရတယ်။ ဆက်ပြီးတော့ တိုက်ခိုက်စရာ မလိုတော့ဘူး.."
ဖူယွင်ထန်းက ခေါင်းကိုရမ်းကာ ခါးသက်စွာပြုံးသည်။
ဖင်းသုန်က ရှုံးနိမ့်သွားခဲ့၏။ လူငယ်မျိုးဆက်များအကြားတွင် မည်သူမှ ရှဲ့လင်ဖုန်းကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
ဟူရှန်းက အားပါးတရ ရယ်သည်။ ကျောက်တုံးပေါ်ရှိ အိတ်အားလုံးတို့ကို ကောက်ယူကာ ထုပ်ပိုး၏။
"သွားကြရအောင်.."
ရွှီယန်လည်း အလွန် စိတ်လှုပ်ရှားနေပါသည်။ ရှဲ့လင်ဖုန်းက စင်မြင့်ပေါ်မှ သက်ဆင်းကာ ရွှီယန်နှင့်အတူ လျှောက်ထွက်သွား၏။
ဟူရှန်း၊ သုယွီယင်း၊ ဝတ်စုံပြောင်အမျိုးသမီးနှင့် သူမ၏အဖော် မိန်းမကြီးတို့က နောက်မှ နီးကပ်စွာ လိုက်သည်။
ခုနှစ်စင်ကြယ်အကယ်ဒမီမှ ထွက်ခွာပြီးနောက် ဟူရှန်းက ရွှီယန်၏ လက်ထဲသို့ အထုပ်များကို ပေးရင်းက ပြောသည်။
"သခင်လေးရွှီ.. မင်းရဲ့ပိုက်ဆံတွေ.."
"ဒါဆိုလည်း အားမနာတော့ဘူး.."
ရွှီယန်က အားတက်သရောဖြင့် လက်ခံ၏။
ခုနှစ်စင်ကြယ်မြို့ အတွင်းသို့ ရောက်ရှိပြီးနောက် ရွှီယန်သည် ထန်းပေါင်စံအိမ်သို့ တည့်မတ်စွာ သွားရောက်ပြီး စိတ်ဝိဉာဉ်စာရွက်ကို အတန်ကြီးနှင့်လဲသည်။
"စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၈၀၀၀၀၀တောင်မှ... ရှာရ မလွယ်ဘူးပဲ.."
ရွှီယန်က ထန်းပေါင်စံအိမ်မှ ထွက်လာခဲ့၏။
ခံစားချက်မြင့်စွာဖြင့် ရေရွတ်သည်။ ရှဲ့လင်ဖုန်းနှင့် ကျန်လူများအားလုံးမှာ ပြောစရာစကား မဲ့သွားခဲ့သည်။
လူအုပ်သည် သုယွီယင်းပြောသည့် တင့်တယ်သည့်နေရာဆီသို့ ရောက်ရှိလာကြ၏။ ထင်ထားသည့်အတိုင်းပင် ဒီနေရာသည် တိတ်ဆိတ်ပြီး အဆင်ပြေလှသည်။
"ချွေအာ... နေရာတစ်ခုလုံးကို ငှားထားဖို့ ငါနင့်ကိုပြောထားတယ်လေ.."
မလှမ်းမကမ်းတွင် စိတ်ဝိဉာဉ် လက်ဖက်ရည်ကို သောက်သုံးနေသည့် သိုင်းသမားများစွာတို့ကို တွေ့ရပြီးနောက် သုယွီယင်းက မျက်မှောင် ကျုံ့သွားပြီး မေးသည်။
"သခင်မလေး... ဒီလူတွေကို ကြည့်ရတာ မြင့်မားတဲ့ နောက်ခံရှိတဲ့ပုံပဲ။ ဆိုင်ရှင်က ကျွန်မတို့ကို မငှားပေးဘူး.."
ချွေအာက တီးတိုးစွာ ပြော၏။
"မိန်းကလေးသု... ဒီလောက်ကြီး ချဲ့ကားဖို့ မလိုပါဘူး... လူတွေရှိရင်လည်း ရှိပါလေ့စေ.."
ရွှီယန်က ပြောသည်။
လူစုသည် တင့်တယ်သည့် ခြံဝန်းတစ်ခုအတွင်းတွင် ထိုင်လိုက်ကြ၏။
ရုတ်တရက် သိုင်းသမားများစွာတို့၏ အသံကပျံ့လွင့်လာခဲ့သည်။
"မင်းတို့ကောင်တွေ ကြားကြလား... တကယ်တမ်းကျတော့ ဓားသခင်ချောက်ကမ်းပါးက နံပါတ်တစ်ပါရမီရှင် ရှဲ့လင်ဖုန်းက ဂတုံးကြီးတဲ့.."
"တကယ်လားဟ... ရှဲ့လင်ဖုန်း ဂတုံးဖြစ်တယ်လို့ ငါဘယ်တုန်းကမှ မကြားဖူးဘူးနော်.."
"မင်းနားမလည်ပါဘူး။ ဒီကောင်က ဆံပင်တုကြီး ဝတ်ထားတာ.."
"အကိုယွမ် မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ.." အပေါင်းပါ တစ်ယောက်က သိလိုစွာမေး၏။
"သတင်းက ယန်နိုင်ငံကနေ လာတာ။ ရှဲ့လင်ဖုန်းက သိုင်းသခင်တွေ အမြောက်အများကို သတ်ဖြတ်ခဲ့တယ်တဲ့။ သူအခု စွမ်းအားကြီးမားတဲ့ ရန်သူအဖွဲ့တစ်ခုကို ထိပါးမိပြီး စစ်ဘုရင်တစ်ယောက်ရဲ့ လိုက်ဖမ်းနေတာကို ခံနေရတယ်.."
"ဟ... ဒီစစ်ဘုရင်က ဘယ်သူမို့လို့လဲ။ ရှဲ့လင်ဖုန်းကိုတောင်မှ လိုက်သတ်ရဲတယ်ပေါ့။ ဓားသခင်ချောက်ကမ်းပါးက ရှဲ့ထန်းဟန်ကို မကြောက်ဘူးလား.."
"ငါလည်း အဲ့အကြောင်းကို သိပ်ပြီးတော့ မသိဘူး.."
ရုတ်တရက် တစ်ယောက်ယောက်က ဝင်ရောက်ပြောကြားသည်။
"အကိုယွမ်... မင်းရဲ့သတင်းက နောက်ကျနေပြီ မလား။ မင်းအခုမှ ခုနှစ်စင်ကြယ်မြို့ကို ပြန်လာတာ ဖြစ်မယ်။ အဲ့ဒါကြောင့်မို့လို့ မသိသေးတာ။ ဒီအတောအတွင်းမှာ ရှဲ့လင်ဖုန်းက ခုနှစ်စင်ကြယ် အကယ်ဒမီမှာရှိပြီး ယှဉ်ပြိုင်ခြင်းစင်မြင့် ၉ခုလုံးကို ဖြတ်ကျော်ခဲ့တယ်.."
"ပြီးတော့ အဲ့ဒီ့အပြင် အဲ့ဒီ့ လိုက်ဖမ်းခံရတဲ့လူက ဓားသခင်ချောက်ကမ်းပါးက ဟူရှန်းတဲ့။ ကတုံးပြောင်က ဟူရှန်း ဖြစ်မယ်.."
"တကယ်လားဟ ဒီလိုကိစ္စလည်း ရှိသေးတာလား.." အကိုယွမ်က အံ့သြသွား၏။
"ဒါဆိုရင် စစ်ဘုရင်ရဲ့ လိုက်ဖမ်းတာကို ခံနေရတာက ဟူရှန်းပေါ့.."
"ဟုတ်တယ်... အဲ့ဒါက ကျွန်တော် နောက်ဆုံးရခဲ့တဲ့သတင်းပဲ.."
"စစ်ဘုရင်ကရော ဘယ်သူလဲဆိုတာကို မင်းတို့သိလား။ ဟူရှန်းရဲ့ အဖေကလည်း ရှဲ့ထန်းဟန်ရဲ့ စာပဉ္စင်း.. စစ်ဘုရင် ဟူဟိုင်ပဲ။ သူ.. စစ်ဘုရင်ဟူဟိုင်ကို မကြောက်ဘူးလား.."
"ဘာတွေဖြစ်နေလဲ ဆိုတာကို ဘယ်သူက သိမှာလဲ။ ကြည့်ရတာ ရတနာအချို့ကြောင့် ဖြစ်လိမ့်မယ်.."
ရှဲ့လင်ဖုန်းတို့ လူအုပ်က အံ့သြစွာဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ ဤသည်မှာ မည်ကဲ့သို့သော ကောလဟာလ ဖြစ်သနည်း။
ရှဲ့လင်ဖုန်းက သူ၏ဆံပင်များကို ဆွဲကြည့်သည်။
ပါးစပ်ထောင့်များက တွန့်ကွေးသွား၏။
'ငါဘယ်တုန်းက ဂတုံးပြောင် ဖြစ်သွားတာလဲ..'
ဟူရှန်းလည်းပဲ ကြောင်တောင်သွား၏။
'မဟုတ်သေးဘူး... ငါကဒီမှာ ရှိနေတာလေ။ ဘယ်တုန်းက စစ်ဘုရင်ရဲ့ လိုက်လံသတ်ဖြတ်တာကို ခံရလို့လဲ။ ပြီးတော့ ငါ့ရဲ့ခွန်အားနဲ့ စစ်ဘုရင်က သတ်ချင်တယ်ဆိုရင် လိုက်စရာတောင် မလိုဘူး။ တစ်ခါတည်း သတ်လိုက်လို့ရတယ်။ ဘယ်လိုလုပ်ပြီးတော့ ထွက်ပြေးဖို့ အခွင့်အရေး ရှိမှာလဲ..'
သုယွီယင်းနဲ့ ဝတ်စုံပြောင်နှင့် မိန်းကလေးလည်း အံ့သြသွားကြသည်။ ဒီအနီးအနားရှိ လူများ၏ သတင်းများသည် အလွန် ပေါက်ကရဆန်ပြီး မယုံကြည်နိုင်စရာ ကောင်းလှ၏။
သို့ရာတွင် ရွှီယန်၏ မျက်လုံးများက ဒေါသဖြင့် ပြူးကျယ်လာခဲ့သည်။
"အဲ့ဒါက ငါ့ရဲ့ ဂျူနီယာညီလေး မုန့်ချုံဖြစ်မယ်။ ဘယ်ခွေးကောင်စစ်ဘုရင်က ငါ့ရဲ့ဂျူနီယာညီလေးကို လိုက်ပြီးတော့ သတ်ရဲတာလဲ.."
သူက ဒေါသတကြီး မတ်တပ်ရပ်၏။