စိတ်ဝိညာဉ်ဆေးပင် ရတနာနယ်မြေ၊ မုန့်ချုံ၏ တစ်ဝက်တစ်ပြတ် စစ်ဘုရင်နှင့် တိုက်ပွဲ
Vol. 16 Ch. 227
ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့သည် မှင်သက်သွားကြ၏။ ရွှီယန်က ပါးစပ်ဟလိုက်သည်နှင့် ခေါင်းပြောင်မှာ မည်သူဖြစ်သည်ကို သူတို့ သိလိုက်ကြသည်။
‘မုန့်ချုံ’
တကယ့်ကို တူညီသည့် ညီအစ်ကိုများပင်။ သူများနာမည်ကို အသုံးပြုပုံမှာပင် အတူတူ ဖြစ်၏။
ရှဲ့လင်ဖုန်းမှာ လုံးဝ ထုံထိုင်းနေပါပြီ။
ဟူရှန်းက တံတွေးများကို မြိုချပြီး ပြော၏။
“သခင်လေး.. ကျွန်တော်ကြောက်လာပြီနော်”
မုန့်ချုံသည် ဟူရှန်း၏အမည်ကို သုံးကာ စစ်ဘုရင်တစ်ယောက်၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရ၏။ ဒီလောကတွင် မည်သည်တို့ ဖြစ်နေသနည်း။
ဤသည်မှာ စစ်ဘုရင်တစ်ယောက်ကို ပြောနေခြင်း ဖြစ်သည်။ ယခုအချိန်မှ စတင်ပြီး သူသည် ကိုယ့်ကိုယ်ကိုယ် ဓါးသခင်ချောက်ကမ်းပါးမှ ဟူရှန်းဖြစ်သည်ဟု မည်ကဲ့သို့ ပြောရဲတော့မည်နည်း။
ထိုအချိန်၌ ရွှီယန်မှာ သိုင်းသမားအုပ်စုဆီသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
“ရှဲ့လင်ဖုန်း ဘယ်မှာလဲ.. မဟုတ်ဘူး.. မင်းတို့ပြောနေတဲ့ စစ်ဘုရင်လိုက်တာ ခံနေရတဲ့ ဟူရှန်း ဘယ်မှာလဲ”
မည်သည့် စစ်ဘုရင်က သူ၏ ဂျူနီယာညီကို လိုက်လံရဲသနည်း။ တကယ့်ကို သေချင်နေသည်ပင်။ ဒီအချိန်၌ သူက အလွန်လည်း စိုးရိမ်နေပါသည်။ မုန့်ချုံအနေနှင့် မည်မျှ ရှည်ကြာစွာ တောင့်ခံနိုင်မည်လဲ မသိပေ။ အမြန်ဆုံး သွားရောက်ကယ်တင် ရပေမည်။
“မင်းက ဘယ်သူလဲ”
သိုင်းသမားအချို့၏ မျက်လုံးများက ကြုတ်သွားသည်။ လူငယ်၏ ပုံစံက အလွန် ဒေါသထွက်နေ၏။ သူ၏ ပထမဆုံး မေးခွန်းမှာ ဟူရှန်းအကြောင်း ဖြစ်ရာ ဓါးသခင်ချောက်ကမ်းပါးမှ ဖြစ်သည်လား။
“ဓါးနတ်ဘုရား ရွှီယန်”
ရွှီယန်က ဖြေ၏။
သူ၏ အရှိန်အဝါက မြင့်တက်လာပြီး သိုင်းသမားများ၏ မျက်နှာကို ချက်ချင်း ပြောင်းလဲသွားစေသည်။ မည်မျှ သန်မာလိုက်သည့် လူငယ် ဖြစ်သနည်း။
‘ဓါးနတ်ဘုရား ရွှီယန်’
တစ်ခါမှ မကြားဖူးပေ။ သို့ပေမယ့် သူ့ကိုယ်သူ ဓါးနတ်ဘုရားဟု ခေါ်ဆိုကတည်းက ဓါးသခင် ချောက်ကမ်းပါးမှ သန်မာသည့် လူတစ်ယောက် ဖြစ်ရပေမည်။
“ငါသိတဲ့ သတင်းအရတော့ ယန်နိုင်ငံနဲ့ ယွဲ့နိုင်ငံတို့ အကြားမှာလို့ ဆိုတာပဲ။ အဲ့မှာ ဟူရှန်းကို စစ်ဘုရင်က လိုက်နေတယ်တဲ့။ အခုတော့ ဘာဖြစ်နေပြီလဲ ငါလည်း မသိဘူး”
နောက်ဆုံးသတင်းကို သိထားသည်ဟူသည့် သိုင်းသမားက တံတွေးကို မြိုချကာ ပြောသည်။
ရှေ့လင်ဖုန်းက ရှေ့သို့တက်လာကာ ရွှီယန်အား သေးငယ်သည့် တံဆိပ်တစ်ခုကို ပေးသည်။
“ညီလေးရွှီ.. ဒါက ဓါးသခင်ချောက်ကမ်းပါးရဲ့ လင်းယုန် အမိန့်ပြားပဲ။ မင်းဒါကို ယူထား။ ငါဓါးသခင်ချောက်ကမ်းပါးရဲ့ နေရာစုံကို သတင်းပို့ထားလိုက်မယ်။ အမြန်ဆုံး အကြောင်းစုံ သိရမှာပါ”
“ညီလေးမုန့်က ဟူရှန်းဆိုတဲ့ နာမည်နဲ့ အလိုက်ခံနေရတာဆိုတော့ ငါတို့ ဓါးသခင်ချောက်ကမ်းပါးက သတင်းကို အာရုံထားမှာပဲ”
ရွှီယန်က လင်းယုန်အမိန့်ပြားကို ယူကာ ကျေးဇူးတင်၏။
“အစ်ကိုရှဲ့.. ပြဿနာများစေပြီ”
“ဒါက ဘာမှ မဟုတ်ပါဘူး။ ညီလေးမုန့် အဆင်ပြေဖို့ပဲ ငါမျှော်လင့်တယ်”
ရှဲ့လင်ဖုန်းက ခေါင်းကိုယမ်းသည်။
ထိုအချိန်၌ ဝတ်စုံပြောင်နှင့် မိန်းကလေးက ကျောက်စိမ်းပြားတစ်ခုကို ပေး၏။
“သခင်လေးရွှီ.. ဒီကျောက်စိမ်းတံဆိပ်နဲ့ ထန်းပေါင်စံအိမ်ကနေ သတင်းအချက်အလက်တွေ ဝယ်ယူလို့ရတယ်။ ဓါးသခင်ချောက်ကမ်းပါးက သတင်းက အချိန်လင့်နေရင် ထန်းပေါင်ကနေ သတင်းဝယ်လို့ရတယ်”
ထန်းပေါင်းစံအိမ်မှာ အတွင်းဘက်နယ်မြေ တစ်ခုလုံးတွင် ပျံ့နှံ့နေ၏။ အသစ်လွင်ဆုံးသော သတင်းများ ရှိပါသည်။
“ကျေးဇူး”
ရွှီယန်က လက်ခံလိုက်၏။ မုန့်ချုံ၏ လုံခြုံရေးနှင့် သက်ဆိုင်နေရာ ဟန်ဖို့နေခြင်း မရှိပေ။
ထိုအချိန်၌ သုယွီယင်းက နေရခက်စွာ ခံစားလိုက်ရသည်။ သူမကိုယ်သူမ မည်သည့် အကူအညီမှ ထောက်ပံ့မပေးနိုင်ကြောင်းအား တွေ့လိုက်ရ၏။
သုအိမ်တော်သည် အလွန် အားနည်းလွန်းလှ၏။ လွှမ်းမိုးမှုမှာ အကန့်အသတ်ဖြင့်သာ ရှိပါသည်။
“ငါသိုင်းသခင်အဆင့်ကို အမြန်ဆုံး ချိုးဖျက်ပြီး ငါ့ရဲ့စွမ်းအားကို ဖြစ်နိုင်မျှ မြှင့်တင်ရမယ်”
သုယွီယင်းက နှလုံးသားထဲတွင် ကျိန်ဆို၏။
“ယန်နိုင်ငံက ဘယ်နားမှာလဲ”
ရွှီယန်က မေးသည်။
သုယွီယင်းက လားရာတစ်ခုကို ညွှန်ပြကာ ပြော၏။
“သခင်လေးရွှီ.. ဒီလားရာအတိုင်း သွားရင် ယန်နိုင်ငံနဲ့ ယွဲ့နိုင်ငံအကြားက နယ်စပ်ကို ရောက်ပါတယ်။ ဒါပေမယ့် နယ်စပ်ဒေသက ကျယ်ပြန့်ပြီး လူတစ်ယောက်ကို ရှာဖို့က မလွယ်ကူဘူး”
“ကျေးဇူးပါ”
ရွှီယန်က ကျေးဇူးတင်၏။
“အစ်ကိုရှဲ့.. ကျွန်တော့ရဲ့ညီကို ကယ်ပြီးမှ အတူတူ ပြန်တွေ့ကြမယ်ဗျာ”
သူသည် ကောင်းကင်သို့ မြင့်တက်သွားပြီး ချက်ချင်း ပျောက်ကွယ်သွား၏။
ရွှီယန် ထွက်ခွာသွားသည်နှင့် ဝတ်စုံပြောင်နှင့် အမျိုးသမီးကလည် အကြောင်းပြချက်တစ်ခု ပေးကာ ထွက်ခွာသွားသည်။
ရှဲ့လင်ဖုန်းက ထွက်ခွာတော့မည့် အချိန်၌ သုယွီယင်းက သူ့ကို တား၏။ လက်ကိုဆန့်ကာ ပြောသည်။
“စာရော”
ပုဝါပါးအောက်မှ သူမ၏ မျက်နှာက အနည်းငယ် နီမြန်းနေ၏။
ရှဲ့လင်ဖုန်းက စာစောင်ကို ထုတ်ကာ သူမကို ပေးသည်။
“မိန်းကလေးသု.. ဟိုလက်ဆောင်တွေကို.. ကျွန်တော် သုအိမ်တော်ကို ပြန်ပို့ခိုင်းလိုက်ပါမယ်”
စာစောင်ကို ကိုင်ထားရင်းမှ သုယွီယွင်းက အရှက်သည်းသွားသည်။ သူ့ကို စူးရဲစွာ ကြည့်ပြီး ဒေါသတကြီး ပြော၏။
“မလိုဘူး.. သခင်လေးရွှီကိုပဲ ပေးလိုက်”
ရှဲ့လင်ဖုန်းက ခေါင်းညှိတ်သည်။ နောက်သို့လှည့်ကာ ထွက်ခွာသွားတော့မှာပါ။ ရုတ်တရက် ရပ်တန့်သွားပြီး ပြော၏။
“မိန်းကလေးသု.. ကျွန်တော့အထင်တော့ ခင်ဗျား အတွေးလွန်နေတာ ဖြစ်လိမ့်မယ်။ ဖြစ်နိုင်တာက ရွှီယန်က စိတ်ဝိညာဉ် ပုံဆောင်ခဲနဲ့ ဆေးပင်တွေကို လိုက်ပို့ပေးခဲ့တာ ဖြစ်လိမ့်မယ်”
သုယွီယင်းက အော်ငေါက်စွာ ပြော၏။
“ပါးစပ်ပိတ်ထား”
ရှဲ့လင်ဖုန်းက ခေါင်းကိုယမ်းကာသာ ဟူရှန်းနှင့်အတူ ထွက်ခွာသွား၏။
“သခင်မလေး”
ချွေအာ၏ မျက်လုံးများက အနည်းငယ် နီရဲနေ။ သူမသည် ကိုယ်လုပ်တော်တစ်ယောက် မဖြစ်နိုင်တော့ပေဘူးလား။
သုယွီယင်းက ရင်ဘတ်ကို ဖိကာ အနည်းငယ် အသည်းကွဲနေပါသည်။ သခင်လေးရွှီသည် အမှန်တကယ်ကို စိတ်ဝိညာဉ်ပုံဆောင်ခဲနှင့် ဆေးပင်တို့ကို ရှာလိုခဲ့သည်ပဲလား။ အခြား မည်သည့်အတွေးမှ မရှိပေဘူးလား။
“သခင်လေးရွှီသာ စိတ်ဝိညာဉ်ပုံဆောင်ခဲနဲ့ ဆေးပင်တွေကို သဘောကျရင် ငါ ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုနဲ့ လူတစ်ယောက် လုပ်မယ်။ သခင်လေးရွှီ သဘောကျတာကို ငါသေချာပေါက် ပိုင်ဆိုင်အောင် လုပ်မယ်”
သုယွီယင်းက ဆုံးဖြတ်ချက်ချစွာ စဉ်းစား၏။
မုန့်ချုံသည် သိုင်းသခင်များကို သတ်ဖြတ်ကာ မုန့်ရှူရှူကို ကယ်တင်ပြီးနောက် နှစ်ယောက်သား စိတ်ဝိညာဉ်ဆေးပင် ရတနာနယ်မြေဆီသို့ ထွက်ခဲ့ကြသည်။
“စိတ်ဝိညာဉ်ဆေးပင် ရတနာနယ်မြေက ဘယ်မှာလဲ”
မုန့်ချုံက မေး၏။
“ယန်နိုင်ငံရဲ့ ကောင်းကင်တူတောင်မှာ။ ငါ့အထင်တော့ အဲ့ဒီမှာ စိတ်ဝိညာဉ်ဆေးပင်တွေကို စိုက်ပျိုးတဲ့ ဂိုဏ်းတစ်ခု ရှိခဲ့လိမ့်မည်။ အကြောင်းပြချက် အချို့ကြောင့် ဆုတ်ယုတ်သွားတာ(သို့) ပျောက်ကွယ်သွားတာ ဖြစ်မယ်။ စိုက်ထားတဲ့ အပင်တွေပဲ ကျန်ရစ်ခဲ့တာ”
“အချိန်အတော်ကြာလာပြီးတဲ့ နောက်မှာ အဲ့ဒီ စိတ်ဝိညာဉ်ဆေးပင်တွေ အဆင့်မြင့်မားလာပြီး အဆင့်ခြောက် စိတ်ဝိညာဉ်ဆေးပင်တွေ ပေါ်လာတာ ဖြစ်မယ်။ အဆင့်ငါးတောင် ရှိနေနိုင်တယ်”
မုန့်ရှူရှူက အကြိမ်အနည်းငယ် အသက်ရှူပြီးနောက် ပြောသည်။
“တကယ်ပဲ အဆင့်ငါး စိတ်ဝိညာဉ်ဆေးပင်တွေ ရှိတာလား”
မုန့်ချုံက အလွန် စိတ်လှုပ်ရှားနေ၏။
စုလင်းရှုံ၏ စကားအရ အဆင့်ခြောက် စိတ်ဝိညာဉ်ဆေးပင်မှာ အတွင်းဘက်နယ်မြေတွင် အမြင့်ဆုံး ဆေးပင်ဖြစ်သည်။ အဆင့်ငါးမှာတော့ တည်ရှိလျှင်တောင် အလွန် ရှားပါး၏။ ထန်းပေါင်စံအိမ်တွင်တောင် ရောင်းချခြင်းမပြုပေ။
“သိပ်တော့ မသေချာဘူး။ ဒါပေမယ့် ခြောက်ဆယ်၊ ခုနစ်ဆယ် ရာခိုင်နှုန်းလောက်တော့ ဖြစ်နိုင်တယ်”
မုန့်ရှူရှူက ခေါင်းကိုယမ်းသည်။
သစ်တောအတွင်းမှ ထွက်ခွာပြီးနောက် အနီးအနားရှိ မြို့တစ်မြို့မှ လှည်းတစ်ခုကို ဝယ်ယူသည်။ မုန့်ချုံက လှဲကိုမောင်းကာ မုန့်ရှူရှူက အတွင်းထဲတွင် ဒဏ်ရာများကို ကုသ၏။
“ညီလေးမုန့်.. ဒါက ဘယ်လို ဒဏ်ရာကုသခြင်း ဆေးလုံးမျိုးလဲ။ အာနိသင် ကောင်းလိုက်တာ”
နေ့တစ်ဝက်တည်းနှင့် မုန့်ရှူရှူတစ်ယောက် သူ၏ ဒဏ်ရာများ ငါးဆယ်၊ ခြောက်ဆယ် ရာခိုင်နှုန်းလောက် ပျောက်ကင်းသွားသည်ဟု ခံစားရ၏။
“အဲ့ဒါကို အဆင့်ခြောက် စိတ်ဝိညာဉ်ဆေးပင် ဆယ့်ရှစ်ပင်နဲ့ လုပ်ထားတာ။ အာနိသင်က ဘယ်လိုလုပ်ပြီး မကောင်းပဲ နေမှာလဲ။ မင်းမှတ်ထားရမှာက မင်းငါကို အဆင့်ခြောက် စိတ်ဝိညာဉ်ဆေးပင် ဆယ့်ရှစ်ပင် အကြွေးတင်ပြီလို့ပဲ”