အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင် မြေစိတ်ဝိဉာဉ်အမြစ်၊ စစ်ဘုရင်၏ တိုက်ခိုက်မှု
Vol. 16 Ch. 229
မုန့်ရှူရှူက ထိတ်လန့်စွာဖြင့် ခေါင်းမော့ကြည့်ပြီးနောက် မုန်တိုင်းတစ်ခုကဲ့သို့ ကြောက်စရာကောင်းသည့် ဓားအလင်းကို တွေ့လိုက်ရသည်။
သို့ပေမယ့် မုန့်ချုံ၏ ပုံရိပ်က ကြံ့ခိုင်သန်မာစွာ ရှိနေသေး၏။ သူ၏ ကြီးစိုးလှသည့် အရှိန်အဝါက ဆက်လက် မြင့်တက်လာခဲ့သည်။
ဆေဘာအလင်းက ကောင်းကင်ကို အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်မည့်အလား ဖြတ်သန်းသွားပြီး မုန်တိုင်းကဲ့သို့ ဓားအလင်းဆီသို့ ဦးတည်သွားသည်။
"ဘုန်း.."
ပြင်းထန်သည့် တိုက်ပွဲ၏ အားလှိုင်းက အနီးအနားရှိ ထူထဲသည့် သစ်ပင်များကို အပိုင်းအစများအဖြစ် ဆက်တိုက် ပြောင်းလဲနေစေသည်။ အရပ်မျက်နှာ အားလုံးတို့ဆီသို့ ပျံ့နှံ့သွားပြီး လေထုပင်လျှင် မီးခိုးရောင် ပြောင်းလာခဲ့၏။
ပြင်းထန်သည့် တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေသည်။
မုန့်ချုံကးမှာ ပိုမို တိုက်ခိုက်လေလေ ပိုမို ရဲတင်းလာလေ ဖြစ်လာခဲ့၏။ ရံဖန်ရံခါ တိုက်ခိုက်ခံရချိန်၌ ပြည့်ပြည့်စုံစုံ ကာကွယ်ခြင်းပင် မပြုပေ။
သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့် စွမ်းအင်တို့ကို စွမ်းအားကြီးမားသည့် ခန္ဓာကိုယ်က စုပ်ယူသွား၏။
ခန္ဓာကိုယ် ခံနိုင်ရည်က လုံးဝ ချိုးဖျက်မရအောင် ဖြစ်နေပါသည်။
'တစ်ဝက်တစ်ပြက် စစ်ဘုရင်တစ်ယောက်က တကယ့်ကို စွမ်းအားကြီးတယ်။ ငါက ကြီးမြတ်သောနေ ရွှေခန္ဓာရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိသေးပြီး သူ့ကို အနိုင်မယူနိုင်ဘူး..'
မုန့်ချုံ၏ နှလုံးသားထဲ၌ အေးစက်မှုတစ်ခု ပေါ်လာခဲ့သည်။ ဖိအားကို ခံစားလာရ၏။
သို့ပေမယ့် သူ့အနေနှင့် ရန်သူကို အနိုင်ယူရန်မှာ လုံးဝမဖြစ်နိုင်သည်တော့ မဟုတ်ပါ။ တိုက်ပွဲသာ ကြာရှည်လာပါက မည်သူက မည်သူထက် ပိုမို သက်လုံကောင်းသည်ဟူ၍ ပေါ်လာမှာ ဖြစ်သည်။
မုန့်ချုံအနေနှင့် သူ၏ ကြီးမြတ်သောနေ ရွှေခန္ဓာကြောင့် ရန်သူထက် ပိုမိုကြာရှည်မည်ဟု ယုံကြည်ချက် ရှိ၏။
ထိုအချိန်၌ ဝတ်စုံနက်မှာလည်း နှလုံးသားထဲ၌ ထိတ်လန့်စွာ ခံစားလာရသည်။ သူ၏ တစ်ဝက်တစ်ပြက် စစ်ဘုရင်အဆင့်နှင့်ပင် တစ်ဖက်ရန်သူကို အနိုင်ယူနိုင်ခြင်း မရှိပေ။
တစ်ဖက်လူသည် သူ၏တိုက်ခိုက်မှုများကို ပြီးပြည့်စုံစွာ ခုခံနိုင်ခြင်း မရှိပေမယ့် ခွန်အား၏ ၅၀/၆၀%လောက်ကိုသာ ကာကွယ်နိုင်ပါက ကျန်ရှိသည့် အားတို့မှာ ဒဏ်ရာရအောင် စွမ်းဆောင်နိုင်ခြင်း မရှိတော့ပါ။ ခန္ဓာကိုယ်၏ မာကျောမှုက မကြုံစဖူးပင်။
"ဘုန်း.."
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ပိုမိုပိုမိုကာပင် ပြင်းထန်လာခဲ့သည်။ ဝတ်စုံနက်က ပိုမိုကာ ရက်စက်ကြမ်းကြုတ်လာ၏။ ကြောက်စရာကောင်းသည့် ဓားအလင်းများက ဆက်တိုက် ကျဆင်းလာခဲ့သည်။
သူ၏ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း နီးကပ်လာကာ မုန့်ချုံအပေါ် သေစေနိုင်သည့် ထိုးနှက်ချက်တစ်ခုအား ပေးရန် အခွင့်အရေးကို ရှာဖွေနေ၏။
သို့ရာတွင် မုန့်ချုံက ဆေဘာဓားချက် တစ်ချက်ပြီးတစ်ချက်ကို ခုတ်လွှတ်ကာ အနည်းငယ် နီးကပ်လာသည်နှင့် ရှေ့ဆက်နိုင်ခြင်း မရှိအောင် ဟန့်တားထားသည်။
မုန့်ချုံ၏ ပုံက အလွန်လေးနက်၏။ သူက အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။ သိုင်းပညာကို ပြီးပြည့်စုံစွာ အသုံးချပြီး ကြီးစိုးခြင်း ကောင်းကင်ဆေဘာကို ဆက်တိုက် ထုတ်လွှတ်နေသည်။ ဓားဆန္ဒက ပိုမိုအားပြည့်လာသည် ထင်ရ၏။
ဝတ်စုံနက်၏ ခွန်အား ၅၀/၆၀%လောက်ကို ကာကွယ်ချိန်တိုင်းတွင် ကျန်သည့်အား အားလုံးကို သူ၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်စေ၏။ ရန်သူ၏ တိုက်ခိုက်မှုအား အသုံးပြုကာ ကြီးမြတ်သောနေ ရွှေခန္ဓာအား သန့်စင်၏။
ထို့အပြင် သူ၏ဆေဘာကို လွှဲရမ်းလိုက်ချိန်တိုင်းတွင် ဝတ်စုံနက်အနေနှင့် သတိကြီးသွားရသည်။ ခုခံနိုင်ခြင်းမရှိဘဲ တစ်ချက်လောက် ထိမှန်သည်နှင့် သေဆုံးရမှာ ဖြစ်၏။ ဘာပဲဖြစ်ဖြစ် သူ၏ ခန္ဓာကိုယ် မာကျောမှုမှာ မုန့်ချုံထက် အများကြီး ဝေးကွာလှ၏။
"ဘုန်း.."
နောက်ထပ် ပြင်းထန်သည့် တိုက်ခိုက်မှုအပြီးတွင် ဝတ်စုံနက်က နောက်သို့ ဆုတ်ခွာကာ အကွာအဝေးတစ်ခုကို ပိုင်းခြားလိုက်သည်။ ဓားကောက်ကို ကိုင်ထားရင်းက သူ၏ မျက်နှာက မဲမှောင်နေ၏။ သူက ဆက်လက် တိုက်ခိုက်ခြင်း မပြုပါ။
"ဒီကိစ္စမှာ ဝင်ပါမယ် ဆိုကတည်းက မင်းဘယ်သူလဲဆိုတာကို ပြောရဲလား.."
ဝတ်စုံနက်က အေးစက်စွာ ပြော၏။
မုန့်ချုံက ဆေဘာကိုကိုင်ကာ မောက်မာစွာဖြင့် ရပ်နေပါသည်။ သူ၏ ကြီးမြတ်သောနေ ရွှေခန္ဓာက တောက်ပစွာ လင်းလက်နေပြီး ပတ်ဝန်းကျင်ကို အပူလှိုင်းများ ထုတ်လွှတ်နေ၏။
ဒီအချိန်၌ သူ၏ အသွင်က အရိုင်းဆန်ကာ ကြမ်းကြုတ်လှသည်။ လောကကြီးကို အုပ်စိုးမည့် အရှိန်အဝါတို့ ထွက်ပေါ်နေ၏။
"ဘာလဲ... ဒီကိစ္စမှာ ပါဝင်ပြီးတော့ ဘယ်သူလဲဆိုတာကိုတောင် မပြောနိုင်ဘူးလား။ မင်းရဲ့ တကယ့်နာမည်ကို ပြောဖို့အတွက် ကြောက်ရွံ့နေတာလား။ အဲ့ဒါဆိုရင်တော့ နောက်ဆုတ်လိုက်ဖို့ ငါမင်းကို အကြံပေးတယ်.."
ဝတ်စုံနက်က အေးစက်စွာ ပြောသည်။
မုန့်ချုံ၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ သူ၏ တကယ့် နာမည်ကိုတော့ ပြောလို့ မဖြစ်ပေ။
'ဂျူနီယာညီမလေး ပြောတာတော့ ကျန်းကျွင်းရာက အတွင်းဘက်နယ်မြေမှာ ထိပ်တန်းအဖွဲ့အစည်း တစ်ခုတဲ့။ ဒါကြောင့်မို့လို့ ကျန်းကျွင်းရာရဲ့ နံပါတ်တစ် ပါရမီရှင်ဖြစ်တဲ့ အကိုရှဲ့မှာ တစ်ဖက်လူကို ခြောက်လှန့်နိုင်စွမ်းအချို့ ရှိမှာပဲ..'
မုန့်ချုံက နှလုံးသားထဲတွင် ရေရွတ်သည်။ ရှဲ့လင်ဖုန်းက အတွင်းဘက်နယ်မြေသို့ ရောက်လာပြီးနောက် မည်သည့် ပြဿနာကို ကြုံတွေ့စေကာမူ သူ၏နာမည်ကို အသုံးပြုနိုင်သည်ဟု သဘောတူထားကြောင်းအား တွေးမိလိုက်၏။
ထိုကဲ့သို့ တွေးမိပြီးနောက် မုန့်ချုံက မောက်မာစွာဖြင့် ပြန်ပြောသည်။
"ငါပြောလိုက်ရင် မင်းကို လန့်သွားမှာစိုးလို့.."
"မောက်မာလိုက်တာ.."
ဝတ်စုံနက်နှင့်လူက နှာခေါင်းရှုံ့သည်။
"ကောင်းပြီ.."
"မင်းငါ့ကို ဘယ်လိုခြောက်နိုင်မလဲဆိုတာ ငါတွေ့ချင်သေးတယ်.."
"အဲ့လိုဆိုလည်း သေသေချာချာ နားထောင်.."
မုန့်ချုံက သူ၏ရင်ဘတ်ကို ကော့ကာ ပြော၏။
"ငါက ကမ်းပါးဓားသခင် ရှဲ့လင်ဖုန်းပဲ.."
ဝတ်စုံနက်နှင့်လူ "..."
မုန့်ရှူရှူ "..."
ကမ်းပါးဓားသခင် ရှဲ့လင်ဖုန်းလေလား။ နှစ်တစ်ထောင်မှာ တစ်ယောက်သာ ပေါ်ထွန်းသည့် ဓားပါရမီရှင်လေလား။
မုန့်ရှူရှူမှာ လုံးဝကြောင်သွားသည်။ မုန့်ချုံက မည်သည်ကို ဆိုလိုသနည်း။ ရှဲ့လင်ဖုန်းအယောင် ဟန်ဆောင်သည်လား။
ဤသည်မှာ ကျန်းကျွင်းရာ၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ရာ လက်ရှိ ဓားနန်းတော်သခင် ရှဲ့ထန်းဟန်၏ တစ်ဦးတည်းသော သားလည်း ဖြစ်သည်။ ထိုသူကဲ့သို့ ဟန်ဆောင်ခြင်းမှာ ဝတ်စုံနက်နှင့်လူ၏ နောက်ရှိ အဖွဲ့အစည်းကို ရန်စခြင်းထက် ပိုမိုပြဿနာ များလောက်မှာပါ။
"ဂလူ့.."
မုန့်ရှူရှူက တံတွေးတစ်လုတ်ကို မျိုချသည်။ နဖူးမှ ချွေးစေးများကို သုတ်၏။ ဒီအဖြစ်အပျက် အပြီးတွင် သူသည် မုန့်ချုံနှင့် ဝေးကွာစွာ နေရပေမည်။ မဟုတ်ပါက ဓားသခင်ချောက်ကမ်းပါး၏ လိုက်လံဖမ်းဆီးခြင်းကို ခံရနိုင်၏။ ပတ်သက်မိသည်နှင့် သူပါ မဖြစ်မနေ ပါဝင်လာမှာ ဖြစ်သည်။
ဤသည်မှာ ဓားသခင်ချောက်ကမ်းပါး ဖြစ်၏။ အတွင်းဘက်နယ်မြေတွင် နံပါတ်တစ် ဓားဂိုဏ်း ဖြစ်သည်။
သူတို့၏ စွမ်းအားက သူ့စိတ်ကူးနိုင်သည်ထက် များစွာကျော်လွန်လှပါသည်။
လွှမ်းမိုးမှု အပိုင်းတွင် ထန်းပေါင်စံအိမ်နှင့် ခုနှစ်စင်ကြယ်အကယ်ဒမီတို့နှင့် မနှိုင်းယှဉ်နိုင်တာ ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် ခွန်အားက ထိုအဖွဲ့အစည်းနှစ်ခုထက် နိမ့်ကျခြင်း လုံးဝမရှိပါ။ အတွင်းဘက်နယ်မြေရှိ စွမ်းအားအကြီးဆုံး အဖွဲ့အစည်း၃ခုဟု တူညီစွာသတ်မှတ်နိုင်၏။
ဝတ်စုံနက်နှင့် လူလည်း အံ့သြသွားသည်။ သို့ပေမယ့် မကြာခင် သံသယဖြင့် ကြည့်၏။
"ငါကြားဖူးတာတော့ ဓားသခင်ချောက်ကမ်းပါးက ရှဲ့လင်ဖုန်းက ဂတုံးမဟုတ်ပါဘူး.."
ထိုစကားကို ကြားရပြီးနောက် မုန့်ချုံက အိတ်အတွင်းမှာ ဆံပင်တုတစ်ခုကို ဆွဲထုတ်ကာ ခေါင်းပေါ်တွင် တင်လိုက်သည်။
မုန့်ရှူရှူ "..."
ဝတ်စုံနက်နှင့်လူ "..."
ဝတ်စုံနက်နှင့်လူမှာ အနည်းငယ် မရေရာစွာ ဖြစ်သွားသည်။ ဓားသခင်ချောက်ကမ်းပါးသာ ဒီကိစ္စတွင် ဝင်ပါပါက သူတို့အနေနှင့် နောက်ဆုတ်ရန်သာ တတ်နိုင်ပါသည်။
မုန့်ချုံ၏ သန်မာထွားကြိုင်းသည့် အသွင်အပြင်က ရှဲ့လင်ဖုန်းအား ဖော်ကြူးသည့် အသွင်သဏ္ဍာန်နှင့် တူညီခြင်း မရှိပေမယ့် အဓိက အဖွဲ့အစည်းများသည် ပုံမှန်အားဖြင့် သူတို့၏ ပါရမီရှင်များ၏ အားနည်းချက်များ သို့မဟုတ် မကောင်းသည့် အကြောင်းများကို ဖုံးကွယ်ထားလေ့ ရှိပါသည်။ ထို့ကြောင့် အသွင်အပြင် ကွဲပြားခြင်းက နားလည်ပေးလို့ ရသေး၏။
"ဓားသခင်ချောက်ကမ်းပါးရဲ့ ပါရမီရှင် ရှဲ့လင်ဖုန်းက ဓားပညာကို ကျင့်ကြံတာပဲ။ မင်းကတော့ ဆေဘာကို သုံးတယ်.."
ဝတ်စုံနက်က အံကိုကြိတ်ကာ ပြောသည်။
မုန့်ချုံက ခဏတာ ရပ်တန့်သွားပြီးနောက် ပြော၏။
"ငါ့ရဲ့နောက်ခံကို အခြားလူတွေကို မသိစေချင်လို့ တမင်ဆေဘာကို အသုံးပြုနေတာလို့ရော မင်းမထင်မိဘူးလား.."
ဝတ်စုံနက်နှင့်လူ "..."
အချိန်တော်တော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် တစ်ဖက်လူသည် ရှဲ့လင်ဖုန်း ဟုတ်ဟုတ် မဟုတ်ဟုတ် ဆက်လက် တိုက်ပွဲဖြစ်ခြင်းက အနိုင်ရမှာ မဟုတ်ဟု သူတွေးမိလိုက်၏။
ထို့အပြင် ရှည်ကြာသည့် တိုက်ပွဲအပြီးတွင် ရှုံးနိမ့်မည့်လူမှာ သူသာလျှင် ဖြစ်နိုင်သည်ဟု သံသယလည်း ဝင်လာခဲ့သည်။