← Chapters

တောင်နှင့်မြစ် လောကနိယာမဓားချက်၊ စစ်ဘုရင်အား သတ်ဖြတ်ခြင်း(၂)

Vol. 16 Ch. 234

တောင်နှင့်မြစ် လောကနိယာမဓားချက်၊ စစ်ဘုရင်အား သတ်ဖြတ်ခြင်း(၂)

Vol. 16 Ch. 234

ရွှီယန်က နောက်ထပ် ဓားချက်တစ်ချက်ဖြင့် ခုတ်လိုက်ပြန်၏။ ချက်ချင်းပင် တောင်နှင့်မြစ်အကြားတွင် တံတားများ၊ စီးဆင်းနေသည့် စမ်းရည်များ၊ လူသားပုံရိပ်များ၊ လှိုင်းထနေသည့် ကန်များနှင့် မြင့်မားသော အဆောက်အအုံများ ပေါ်လာခဲ့၏။

ထိုပုံရိပ်ယောင် တောင်နှင့်မြစ် အတွင်းတွင် သက်ရှိများ တည်ရှိနေသည့်ပုံ ရှိသည်။ ဤသည်မှာ နဂါးဟိန်းခြင်းတောင်နှင့်မြစ်က ပြောင်းလဲကာ သက်ရှိအားလုံးတို့ ပါဝင်လာမှု ဖြစ်၏။

တောင်နှင့်မြစ်အတွင်းတွင် လူသားပုံရိပ် များစွာတို့ ရှိနေပြီး သူတို့လည်း ဓားရှည်များကို ကိုင်ထားကြသည်။ ဓားများကို လွှဲရမ်းကာ နဂါးဟိန်းသံနှင့် ဓားချက်အား ခုတ်ပိုင်းလိုက်ကြ၏။

"မကောင်းတော့ဘူး.."

ဝတ်စုံနက်နှင့်လူ၏ မျက်နှာက အကြောက်တရားတို့ဖြင့် ပြည့်နက်သွားသည်။ ထိုအခိုက်အတန့်တွင် သူ့ကိုယ်သူ တောင်နှင့်မြစ်အတွင်း၌ ပိတ်နေသွားသည်ဟု တွေ့လိုက်ရ၏။ ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒက လွှမ်းမိုးလာကာ ပုံရိပ်များစွာတို့ သူ့ကို ဝန်းရံလာကြသည်။ ဓားများကို ကိုင်စွဲပြီး သူ့ဆီသို့ ခုတ်ပိုင်းလိုက်ကြ၏။

သူ့အနေနှင့် ဓားကောက်အလင်းများကို မည်သို့ပင် ထုတ်လွှတ်စေကာမူ... ခွန်အားများကို မည်သို့ပင် ထုတ်ဖော်စေကာမူ သူတွေ့မြင်နိုင်သည့် အရာအားလုံးမှာ ဓားအလင်းများစွာတို့နှင့် တောင်နှင့်မြစ်တို့ ပြိုလဲကာ သက်ရှိအားလုံးအား ဖျက်ဆီးမည့် ကြောက်စရာကောင်းသည့် စွမ်းအား ဖြစ်၏။

"ဒုန်း.."

ဝတ်စုံနက်နှင့်လူမှာ အသိစိတ်တို့ လွင့်ပါးသွားခဲ့သည်။ ဤသည်မှာ ရွှီယန်၏ ပထမဆုံးအကြိမ် လောကနိယာမကဲ့သို့ တောင်နှင့်မြစ်၏ အဆုံးမဲ့ပုံရိပ်များအား အသုံးပြုလိုက်ခြင်း ဖြစ်သည်။

ဓားတစ်ချက်နှင့် ဝတ်စုံနက်၏ ခန္ဓာကိုယ်က စတင် အက်ကွဲလာပြီး မကြာခင် ပျက်စီးသွားရ၏။ သေးငယ်သည့် အိတ်တစ်အိတ် ကျဆင်းလာခဲ့သည်။

ရွှီယန်က လက်ကိုမြှောက်ကာ ၎င်းကို ဖမ်းယူပြီး စိတ်သက်သာရာ ရသွား၏။

"တော်သေးတယ်... စိတ်ဝိဉာဉ်စာရွက်တွေကို ဆုံးရှုံးတော့မလို့။ ဒီကောင်တွေ အားလုံးက အရမ်းကို ချမ်းသာတယ်။ စစ်ဘုရင်တစ်ယောက် ဆိုတော့ ပိုပြီးတော့တောင်မှ ချမ်းသာဦးမှာ.."

အတွင်းထဲတွင် စိတ်ဝိဉာဉ်စာရွက် မည်မျှ ရှိသည်ကို  စစ်ဆေးခြင်း မရှိဘဲ ရင်ဘတ်အတွင်းသို့ ထိုးထည့်လိုက်၏။ ထို့နောက် ရွှီယန်သဘ် ရှေ့သို့ ခေါင်းမော့ကြည့်လိုက်သည်။ သူတို့ဆီသို့ ပြေးလာနေသည့် ပုံရိပ်တစ်ခု ပေါ်လာခဲ့ပြီး ဖြစ်၏။

သူက ရန်သူကို တည့်မတ်စွာပင် သွားရောက်တွေ့ဆုံသည်။

"ငါ့ရဲ့ဂျူနီယာညီကိုများ အမဲလိုက်ရဲတယ်။ မင်းတို့က တော်တော် သတ္တိကောင်းနေတာပဲ.."

ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

"သေစမ်း.."

ဝတ်စုံနက်နှင့်လူ၏ မျက်နှာက ကြီးစွာပြောင်းလဲသွားပြီး သူ၏ဓားကို လွှဲရမ်းလိုက်သည်။ ထိုအချိန်မှသာ မုန့်ချုံကို လိုက်လံသတ်ဖြတ်နေသည့် သူ၏ အဖော် ပျောက်ကွယ်နေကြောင်းကို ထိတ်လန့်စရာကောင်းစွာ နားလည်လိုက်၏။ စိတ်ထဲ၌ မကောင်းသည့် ခံစားချက်တစ်ခု ရလာခဲ့သည်။

"မင်းကဘယ်သူလဲ.."

ဒေါသတကြီး အော်ကာ ဓားဖြင့်ခုခံရင်းမှ ခန္ဓာကိုယ်ကို ရွေ့လျားကာ ထွက်ပြေးဖို့ ပြင်သည်။

"အန္တရာယ်.."

သန်မာသည့် အန္တရာယ်အငွေ့အသက်က  သူ၏နှလုံးသားထဲတွင် ချက်ချင်း လွှမ်းခြုံလာခဲ့၏။

"မင်းကို သတ်ဖြတ်တဲ့လူက ဓားနတ်ဘုရားရွှီယန်ပဲ.."

"ဘုန်း.."

ဓားအလင်းက ထည်ဝါကာ ဓားဆန္ဒက တောင်နှင့်မြစ်အဖြစ်သို့ ပြောင်းလဲပြီး အရပ်မျက်နှာ အားလုံးတို့အား လွှမ်းခြုံသွားသည်။ ဝတ်စုံနက်၏ ထွက်ပြေးရာ လမ်းကြောင်းကို လုံးဝ ပိတ်ဆို့ထား၏။

ပြီးနောက် နောက်ထပ် ဓားချက်တစ်ချက်ကို လွှဲရမ်းလိုက်ပြန်သည်။ ဤသည်မှာ တောင်နှင့်မြစ် အဆုံးမဲ့ပုံရိပ်များဓားချက်ဖြစ်၏။

ဒီဝတ်စုံနက်၏ ခန္ဓာကိုယ်မှာလည်း  ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲကြေကာ အိတ်တစ်ခုသာ ကျဆင်းလာခဲ့သည်။ ရွှီယန်က ဖမ်းယူလိုက်၏။

ဝတ်စုံနက်၏ ကြွေကျလာသည့် ခန္ဓာကိုယ်က ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ လေထုတွင် ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် မြေပြင်ပေါ်နှင့် မထိခင်တွင်ပင်  လေ၏ သယ်ဆောင်ရာသို့ လွင့်ပါးသွားခဲ့၏။

ဓားတစ်ချက်နှင့် ဓားဆန္ဒတစ်ခုက သူ့ကို ဖျက်ဆီးကာ ပြာအဖြစ် ပြောင်းလဲသွားစေခဲ့သည်။

မလှမ်းမကမ်းတွင် မုန့်ရှူရှူမှာ မုန့်ချုံ၏ ကျောပေါ်မှ ဆင်းပြီး ဘေးတွင် မောဟိုက်စွာ ရှိနေ၏။ ဒီအချိန်၌ သူ၏ မျက်လုံးများက ပြူးကျယ်နေပြီး ပါးစပ်က ပွင့်ဟနေပါသည်။

အလွန် အံ့သြလွန်းလှသဖြင့် ခန္ဓာကိုယ်ရှိ နာကျင်မှုများကိုပင်လျှင် ခံစားနိုင်ခြင်း မရှိအောင် ဖြစ်နေ၏။ ဤသည်မှာ မုန့်ချုံ၏ စီနီယာအစ်ကိုလေလား။ အလွန်သန်မာလွန်းလှသည်။ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် စွမ်းအားကြီးမားလှသည်။

ဤသည်မှာ စစ်ဘုရင်ဖြစ်၏။ ဓားချက်တစ်ချက်နှင့် တစ်ယောက်ကို သတ်ဖြတ်နိုင်သည်လား။ ဖြစ်နိုင်တာက ဓားသခင်ချောက်ကမ်းပါးမှများလား။

မုန့်ချုံက သူ၏ခေါင်းကို ကုပ်ကာ ပျော်ရွှင်စွာ ပြောသည်။

"စီနီယာအကိုက အဆင့်ချိုးဖျက် ပြီးပြီပဲ။ အခု အဆင့်ကြီးတစ်ခုကို ဖြတ်ကျော်ပြီး စစ်ဘုရင်တွေကို သတ်ဖြတ်နိုင်နေပြီ။ ဒီအရှက်မဲ့တဲ့ ကောင်တွေကို ကြောက်စရာမလိုတော့ဘူး.."

ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် လက်ကိုမြှောက်ကာ  မုန့်ရှူရှူ၏ ပုခုံးကို ပုတ်သည်။

"ဆွေမျိုးလေး... မင်းတွေ့လား... ငါ့နောက်ကိုသာ လိုက်ရင် အန္တရာယ်ကျရောက်မှာကို စိုးရိမ်စရာ မလိုတော့ဘူး.."

"ဝေါ့.."

သူဟာ စိတ်လှုပ်ရှားနေသဖြင့် မုန့်ရှူရှူ၏ ဒဏ်ရာအပြင်းအထန် ရရှိထားမှုကို မေ့လျော့ကာ အားနည်းနည်းပါသွားခဲ့သည်။ ဤသည်က မုန့်ရှူရှူကို သွေးအန်သွားစေ၏။

"ဟ...ဆွေမျိုးလေး မင်းကအရမ်းကို ချည့်နဲ့တာပဲ.."

မုန့်ချုံက သူ၏လက်ကို အမြန်ရုတ်သိမ်းသည်။

မုန့်ရှူရှူမှာ အလွန်ဒေါသထွက်နေပြီး နှလုံးသားထဲတွင် ငိုချင်သွား၏။ တစ်ဖက်လူ၏ စကားက နာကျင်မှုကို ပိုမိုကာပင် ပြင်းထန်လာစေသည်။

"ညီလေးမုန့်... ငါ့ကို ဒဏ်ရာကုသခြင်းဆေး မြန်မြန်လေးပေးဦး.."

ဘာပဲဖြစ်ဖြစ် သူသည် အကြွေးများစွာတို့ တင်ပြီးဖြစ်သည်။ နောက်ထပ် အဆင့်၆စိတ်ဝိဉာဉ်ဆေးပင် ၁၈ခု အကြွေးတင်မည်ကို ဂရုစိုက်ခြင်း မရှိပါ။

"ရော့.."

မုန့်ချုံက နာကျင်စွာဖြင့် ဆေးလုံးတစ်လုံးကို သွန်ထုတ်ကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

"၃လုံးပဲ ကျန်တော့တယ်.."

ဆေးလုံး၃လုံးသာ ကျန်တော့သည့် ပုလင်းကို ကြည့်ကာ နှလုံးသားက တစ်ဆစ်ဆစ် နာလာခဲ့၏။

ပုံရိပ်တစ်ခုက လက်သွားပြီး ရွှီယန် ပြန်လည်ရောက်ရှိလာခဲ့သည်။ သူ၏ မျက်နှာက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေ၏။

"ဂျူနီယာညီလေး... သူတို့နဲ့ ဘယ်လိုလုပ်ပြီးတော့  ပြဿနာတက်တာလဲ။ သူတို့စခန်း ဘယ်မှာရှိလဲဆိုတာကို မင်းသိလား။ ငါအခုပဲ သွားပြီးတော့ ရှင်းပစ်လိုက်မယ်.."

ဝတ်စုံနက်နှင့် လူများမှာ အမှန်တကယ်ကို ချမ်းသာကြွယ်ဝလှ၏။ သူသည် စစ်ဘုရင်နှစ်ယောက်တို့ကို သတ်ဖြတ်ပြီးနောက် ပိုင်ဆိုင်မှုများကို ဖွင့်ကြည့်ခဲ့လေသည်။

ဆေးပုလင်းနှစ်ခုနှင့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ အနည်းငယ်တို့ကို တွေ့ရ၏။ ထို့အပြင် စိတ်ဝိဉာဉ်စာရွက်မှာ ပုံဆောင်ခဲ၂သိန်းနီးပါး တန်ကြေး ရှိပါသည်။

အမှန်တကယ်ကို စစ်ဘုရင်တစ်ယောက် ပီသလှ၏။

နှိုင်းယှဉ်ကြည့်ပါက ယင်ဟုန်မှာ အမှန်တကယ်ကို ငမွဲဆင်းရဲသား ဖြစ်သည်။

ဒီဆေးလုံးများမှာလည်း အလွန်အဖိုးတန်လှမှာပါ။ ၎င်းတို့ အားလုံးကို စိတ်ဝိဉာဉ်ဆေးပင်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ သို့ပေမယ့် ဒန်ဆေးလုံးများတော့ မဟုတ်ပေ။

ရွှီယန် မျက်လုံးထဲတွင် ဤသည်မှာ အရင်းအမြစ်များကို ဖြုန်းတီးသည့် အမှိုက်ဆေးလုံးများဖြစ်၏။

စိတ်ဝိဉာဉ်စာရွက်များမှာ သူ၏အနှစ်သက်ဆုံး အရာဖြစ်သည်။ စိတ်ဝိဉာဉ်ဆေးပင်များစွာတို့ကို ဝယ်ယူရန် အသုံးပြုနိုင်၏။

ယခုအချိန်၌ သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေပါသည်။ တစ်ဖက်လူ၏ စခန်းကို သွားရောက်ဖျက်ဆီးရန် မစောင့်နိုင်တော့ပေ။

ထိုအခါ အကျိုးအမြတ် များစွာတို့ကို သေချာပေါက်ရရှိပြီး လူချမ်းသာတစ်ယောက် ဖြစ်လာမှာ ဖြစ်၏။ အတွင်းဘက်နယ်မြေတွင် ဆက်လက်ဆင်းရဲစွာ  နေထိုင်စရာ မလိုတော့ပေ။

မုန့်ရှူရှူက တံတွေးများကို မျိုချသည်။ မုန့်ချုံ၏ ဒီစီနီယာအကိုမှာ အလွန် စိတ်အားထက်သန်နေ၏။ ကြည့်ရတာ ဝတ်စုံနက်များ၏ စခန်းကို သွားရောက်ဖျက်ဆီးလိုခြင်းမှာ လက်စားချေဖို့ မဟုတ်ဘဲ  ပိုင်ဆိုင်မှုများအား သိမ်းယူလို၍ ဖြစ်သည့်ပုံ ရှိသည်။

တစ်ဖက်လူ၏ စိတ်အားထက်သန်နေမှုကို ကြည့်ရှု့ရုံဖြင့် အကြောက်တရားကို ခံစားရစေ၏။

မုန့်ချုံက ခေါင်းကိုရမ်းပြီး ပြောသည်။

"ကျွန်တော်လည်း မသိဘူး... နောက်ကနေ လိုက်ပြီး အသတ်ခံရတာက သူ့ကို ကယ်တင်ပြီး စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေဆီကို သွားခဲ့လို့ပဲ.."

ပြီးနောက် မုန့်ချုံက မုန့်ရှူရှူနှင့် ပတ်သက်သည့်  အဖြစ်အပျက်တစ်ခုလုံးကို ပြောပြသည်။ မည်သို့မည်ပုံဖြင့် စစ်ဘုရင်များ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရခဲ့ကြောင်းတို့ ဖြစ်၏။

ထို့အပြင် မုန့်ရှူရှူ၏ စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူတစ်ယောက်ဟူသည့် အကြောင်းနှင့် သူ့အပေါ် သိုလှောင်အိတ်တစ်ခု အကြွေးတင်နေခြင်း အကြောင်းတို့ကို အဓိကထားကာ ပြောသည်။

ထိုစကားကို ကြားရပြီးနောက် ရွှီယန်၏ မုန့်ရှူရှူကို ကြည့်သည့် မျက်လုံးများက ပြောင်းလဲသွားခဲ့သည်။ ဤသည်မှာ စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူလေလား။ ထို့အပြင် အတွင်းဘက်နယ်မြေတွင် ထိပ်တန်း၅ယောက်၌ ပါဝင်နိုင်သည်လား။

မုန့်ရှူရှူ၏ တန်ဖိုးကို ချက်ချင်းပင် သူနားလည်လိုက်သည်။ ထို့ကြောင့် အားပါးတရပြုံးကာ မုန့်ရှူရှူ၏ ပုခုံးကို ညင်သာစွာ ပုတ်ရင်းက ပြော၏။

"လက်စသတ်တော့ ညီလေးမုန့်ကို... ကျွန်တော်က ရွှီယန်ပါ... မုန့်ချုံရဲ့ စီနီယာအကို.. ခင်ဗျားက ကျွန်တော့ရဲ့ ဂျူနီယာညီလေးနဲ့ ဆွေမျိုးတော်ကတည်းက ကျွန်တော့်ကို စီ နီယာအစ်ကိုကြီးလို့ ခေါ်လို့ရတယ်.."

မုန့်ရှူရှူက အနည်းငယ် ကြောင်တောင်သွားသည်။ သို့ပေမယ့် သူ့တွင် ကြီးမားသည့် နောက်ခံတစ်ခု ရလာကြောင်းအား ချက်ချင်းပင် နားလည်လိုက်၏။

စစ်ဘုရင်တစ်ယောက်ကို ကြက်သတ်ငှက်သတ် သကဲ့သို့လွယ်ကူစွာ သတ်ဖြတ်နိုင်လေသည်။ ထိုလူကို စီနီယာအစ်ကိုဟုခေါ်ရမှာ အနိုင်အနိုင်ဟု ယူဆနိုင်၏။

"မုန့်ရှူရှူက စီနီယာအစ်ကိုရွှီကို နှုတ်ဆက်ပါတယ်.." သူက စိတ်လှုပ်ရှားစွာဖြင့် အလျှင်အမြန် ဦးညွှတ်သည်။

"အင်း.."

ရွှီယန်က ခေါင်းငြိမ့်ကာ အပြုံးတစ်ခုဖြင့် ပြော၏။

All Chapters