အဆင့်၅အဆင့် စိတ်ဝိဉာဉ်ဆေးပင် - ကောင်းကင်ဝတ်ရည်နှင်းစက်(၂)
Vol. 16 Ch. 239
"ဒါက ရတနာတစ်ခုပဲ။ စစ်မှန်တဲ့ ရတနာ... အဆင့်၅အဆင့် စိတ်ဝိဉာဉ်ဆေးပင် ဖြစ်တယ်.."
သူက ဂရုတစိုက်ဖြင့် လက်ကိုဆန့်ကာ ကောင်းကင်ဝတ်ရည်နှင်းစက်၏ အရွက်များကို ချစ်ခင်စုံမက်သည့် မိန်းကလေးတစ်ယောက်၏ ပါးအား ထိသကဲ့သို့ ညင်သာစွာ ထိ၏။
ထိုအပြုအမူက ရွှီယန်နှင့် မုန့်ချုံတို့ကို ကျက်သီးများ ထလာစေခဲ့သည်။
"ဒီကောင်းကင်ဝတ်ရည်နှင်းစက် အကြောင်းကို ငါတို့ကိုပြောပြဦး.."
ရွှီယန်က မေး၏။
မုန့်ရှူရှူက အကြိမ်ကြိမ် အသက်ကို နက်ရှိုင်းစွာရှူပြီး စိတ်ကိုတည်ငြိမ်စေပြီးနောက် ပြော၏။
"ကောင်းကင်ဝတ်ရည်နှင်းစက်က ထူးခြားတဲ့ စိတ်ဝိဉာဉ်ဆေးပင် တစ်မျိုးပဲ။ သူ့ရဲ့အဆင့်က တိတိကျကျ သတ်မှတ်ထားခြင်း မရှိဘူး။ ပိုပြီးတော့ ရှည်ကြာအောင် ကြီးထွားလေ အဆင့်ပိုမြင့်လာလေပဲ။ ပြောကြတာက ထိပ်တန်းအဆင့် စိတ်ဝိဉာဉ်ဆေးပင်တစ်ခု အဖြစ်တောင်မှ ကြီးထွားနိုင်တယ်တဲ့.."
"အဲ့ဒါရဲ့ အဆင့်ကို ဆုံးဖြတ်ဖို့အတွက် အပင်မှာ နှင်းစက်ဘယ်လောက်ရှိလဲဆိုတာကို ရေတွက်ရတယ်။ ၉စက်ထက် နည်းမယ်ဆိုရင် အဆင့်၆စိတ်ဝိဉာဉ်ဆေးပင်၊ ၉စက်ကနေ ၁၈စက်အတွင်းမှာဆိုရင် အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင် ဖြစ်တယ်။ ဒီကောင်းကင်ဝတ်ရည်နှင်းစက်အပင်ကတော့ အတိအကျ ၉စက်ရှိတယ်.."
စူးစမ်းမှုအပြီးတွင် ရွှီယန်နှင့် မုန့်ချုံတို့လည်း အမှန်တကယ်ကို အကိုင်းငယ်၉ခု၏ တစ်ခုစီတိုင်းတွင် နှင်းစက်တစ်ခု ရှိနေကြောင်းကို တွေ့လိုက်ရ၏။
အဆင့်တူညီသည့် စိတ်ဝိဉာဉ်ဆေးပင်များတွင် အဆင့်မြင့်၊ အလယ်အလတ်နှင့် အဆင့်နိမ့်ဟူ၍ သတ်မှတ်ချက်ငယ်များ ရှိ၏။ ဒီကောင်းကင်ဝတ်ရည်နှင်းစက်မှာ အဆင့်၅၏ အဆင့်နိမ့် ဆေးပင်တစ်ခု ဖြစ်သည်။ သို့ပေမယ့် ထိုသို့ဆိုလျှင်တောင် အတွင်းဘက်နယ်မြေ၌ ရှားပါးသည့် ရတနာတစ်ခု ဖြစ်၏။
"ပြောကြတာက ကောင်းကင်ဝတ်ရည်နှင်းစက်က ရှားပါးတဲ့ စိတ်ဝိဉာဉ်ဆေးပင် တစ်မျိုးတဲ့။ အဲ့ဒါမှာ သိုင်းသမားတစ်ယောက်ရဲ့ စိတ်စွမ်းအားကို အားဖြည့်ပေးနိုင်တဲ့ မှော်ဆန်တဲ့ အာနိသင်ရှိတယ်။ နားလည်သဘောပေါက်မှုနဲ့ ပါရမီကိုလည်း မြှင့်တင်ပေးနိုင်တယ်။ တစ်ခုပေါ်လာတိုင်းမှာ စစ်ဘုရင်တွေအကြားမှာ စစ်ပွဲတစ်ခု ဖြစ်ပွားစေလောက်တယ်။ အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်တွေ အကြားမှာ အဖိုးတန်တယ်လို့ ယူဆလို့ရတယ်.."
မုန့်ရှူရှူက ဆက်လက်ရှင်းပြ၏။
"နားလည်သဘောပေါက်မှုနဲ့ ပါရမီကို မြှင့်တင်ပေးနိုင်လား။ မှော်ဆန်လှချည်လား.."
ရွှီယန်က မှင်သက်သွား၏။ မုန့်ချုံက လက်ဝါးနှစ်ဖက်ကို ပွတ်သည်။ ဤသည်မှာ စစ်မှန်သည့် ရတနာတစ်ခုဖြစ်၏။
ဒီအဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်ဖြစ်သည့် ကောင်းကင်ဝတ်ရည်နှင်းစက်ကိုသာ ဒန်ဆေးအဖြစ် သန့်စင်လိုက်ပါက မည်မျှ စွမ်းအားကြီးလာလိမ့် မည်နည်း။ စိတ်ကူး၍ မရနိုင်အောင် ရှိနေပါသည်။
ထိုအချိန်၌ ရွှီယန်မှာ စိတ်လှုပ်ရှားမှုကို ဖိစီးနိုင်ခြင်းပင် မရှိတော့ပေ။ သူ့မိဘများ၏ ပါရမီမှာ သာမန်သာ ဖြစ်၏။ သူတို့သာ ကောင်းကင်ဝတ်ရည်နှင်းစက်နှင့် ပြုလုပ်ထားသည့် ဒန်ဆေးလုံးကို သောက်သုံးနိုင်ပါက ပါရမီနှင့် နားလည်သဘောပေါက်မှုတို့ မြင့်တက်လာပြီး သိုင်းပညာကို ပိုမိုလွယ်ကူစွာ ကျင့်ကြံနိုင်မည် ဖြစ်သည်။
အတွင်းဘက်နယ်မြေတွင် ထိုကဲ့သို့သော ဆေးပင်မျိုးကို တစ်ခါတည်း စားသုံးလေ့ရှိ၏။ ဒန်ဆေးအဖြစ် သန့်စင်သည်မှာတော့ ကြားဖူးခြင်းပင် မရှိပေ။ အလွန်ဆုံး အခြားဆေးပင်များနှင့် ကြိုချက်ကာ ဆေးလုံးပြုလုပ်ခြင်းလောက်သာ ရှိပါလိမ့်မည်။
ရွှီယန်နှင့် မုန့်ချုံ၏ အမြင်တွင် ဤသည်မှာ အဖိုးတန်အရင်းအမြစ်များကို ဖြုန်းတီးခြင်းဖြစ်၏။
ထို့အပြင် ကောင်းကင်ဝတ်ရည်နှင်းစက်ကဲ့သို့ ဆေးပင်မျိုးကို အတွင်းဘက်နယ်မြေတွင် အခြားအရာများနှင့် ဘယ်တော့မှ ရောစပ်ခြင်း မပြုကြပါ။ အာနိသင်ကို ထိခိုက်သွားမည်အား စိုးရိမ်ကြသဖြင့် ရှိသူတိုင်သည် တစ်ခါတည်းသာ စားသုံးလေ့ရှိ၏။
သို့ပေမယ့် ရွှီယန်တို့အတွက်မူ ဤသည်မှာ အလွန်ကြီးမားသည့် ဖြုန်းတီးမှုပင်လျှင် ဖြစ်ပါသည်။ ဒန်ဆေးလုံးအဖြစ် သန့်စင်ခြင်းသာလျှင် မှန်ကန်သည့် ရွေးချယ်မှု ဖြစ်၏။
"ဒီကောင်းကင်ဝတ်ရည် နှင်းစက်ကိုသာ ထန်းပေါင်စံအိမ်ဆီကို ယူသွားရင် သိုလှောင်အိတ်တစ်ခုနဲ့ လဲလှည်လို့ ရလောက်တယ်.."
မုန့်ရှူရှူက စိတ်လှုပ်ရှားစွာဖြင့် ပြော၏။
"မဖြစ်နိုင်တာ.."
ရွှီယန်နှင့် မုန့်ချုံတို့က ပြိုင်တူ အော်ကြ၏။
သိုလှောင်အိတ်များကို ထန်းပေါင်ရတနာစံအိမ်၌ ဝယ်ယူလို့ရပါသည်။ သို့ပေမယ့် ကောင်းကင်ဝတ်ရည်နှင်းစက်မှာတော့ ကြုံတွေ့ရန် ခက်ခဲလှသည့် စိတ်ဝိဉာဉ်ဆေးပင်တစ်မျိုးဖြစ်ပြီး ဝယ်ယူလို့ မရနိုင်ပေ။
ထို့အပြင် သိုလှောင်အိတ်တစ်ခုကို မုန့်ရှူရှူအား သူ့ဘာသာ နည်းလမ်းတစ်ခုကို ရှာခိုင်းရပေမည်။ ဒီကောင်းကင်ဝတ်ရည်နှင်းစက် အပင်နှင့် သေချာပေါက် လဲလှယ်လို့ မရပါ။
မုန့်ရှူရှူက နေရခက်စွာ ပြုံးသည်။ ထို့နောက် ပြော၏။
"ဒါမှမဟုတ်... အတူတူ စားလိုက်ကြမလား။ ငါတို့ ပါရမီတွေကို တကယ်ပဲ မြှင့်တင်ပေးနိုင်မလား မသိဘူး.."
"မဖြစ်ဘူး... တစ်ခါတည်း စားရမလား။ မင်းက နွားတစ်ကောင်လား... ဒန်ဆေးအဖြစ် သန့်စင်ရမှာပေါ့.."
ရွှီယန်က ချက်ချင်းပင် ငြင်းဆန်၏။
"ဒန်ဆေး.."
မုန့်ရှူရှူက မျက်တောင်ခတ်သည်။ ဘယ်တုန်းကမှ ၎င်းကို ကြားဖူးခဲ့ခြင်း မရှိပေ။
ထို့နောက် မုန့်ချုံက သူ့ကိုပေးခဲ့သည့် ထူးကဲသည့် အာနိသင်နှင့် ဒဏ်ရာကုသခြင်း ဆေးလုံးများအကြောင်းကို တွေးမိသည်။ ဤသည်များမှာ ဒန်ဆေးလေလား။
"အစ်ကိုကြီး... မင်းဒီကောင်းကင်ဝတ်ရည် နှင်းစက် အပင်ကို မြန်မြန်လေး တူးပြီးတော့ သေသေချာချာချိတ်ပိတ်.. ဆေးအာနိသင် တစ်စက်မှ လွင့်ပြယ်မသွားစေနဲ့။ ဒန်ဆေးလုံးကိုသာ အောင်အောင်မြင်မြင် သန့်စင်ပြီးရင် ငါမင်းကို တစ်လုံးပေးမယ်.."
မုန့်ချုံက ပြော၏။
ဤသည်မှာ သူ့အနေနှင့် မုန့်ရှူရှူအား ကျေးဇူးတင်မှု ဖြစ်သည်။ တစ်ဖက်လူသည် နောင်တွင် သူတို့အဖွဲ့မှ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာ ဖြစ်၏။
အထူးသဖြင့် စိတ်ဝိဉာဉ်ဆေးပင်များကို ရှာဖွေရာတွင် တာဝန်ယူမည် ဖြစ်သည်။ ထို့ကြောင့် မည်သည့် အကျိုးအမြတ်မှ မပေးဘဲ ဒီအတိုင်းကြီး ခိုင်းစားနေလို့ မရပေ။
"ကောင်းပြီ။ ပြဿနာမရှိဘူး.."
မုန့်ရှူရှူက ဒန်ဆေးလုံးအကြောင်းကို ဆက်လက်မေးမြန်းခြင်း ပြုမနေတော့ပါ။ ရှင်းလင်းစွာပင် ဤသည်မှာ အလွန် လျှို့ဝှက်လှ၏။
သို့ပေမယ့် သူ့အနေနှင့် တစ်လုံးသာ ရနိုင်ပါက မဆိုးလှဟု ခံစားရသည်။ ထိုအပြင် ဒန်ဆေးလုံး၏ အာနိသင်မှာ ကောင်းကင်ဝတ်ရည် နှင်းစက်ကို တစ်ခါတည်း စားသုံးရသည်ထက် ပိုမို ကောင်းမွန်လောက်၏။
မုန့်ရှူရှူက ကောင်းကင်ဝတ်ရည်နှင်းစက် အပင်ကို စတင်တူးယူသည်။ အဆင့်၅ စိတိဝိဉာဉ်ဆေးပင်မှာ အလွန်အဖိုးတန်လှရာ ရွှီယန်နှင့် မုန့်ချုံတို့အနေနှင့် ကူညီကာပင် ဝိုင်းဝန်း တူးဖော်ပေးရဲခြင်း မရှိပေ။ ပတ်ဝန်းကျင်ကိုသာလျှင် သတိဖြင့် ကြည့်နေကြ၏။
သူတို့သည် ကောင်းကင်ဝတ်ရည်နှုင်းစက်အပြင် အခြား စိတ်ဝိဉာဉ်ဆေးပင် များစွာတို့ကိုလည်း တွေ့လိုက်ရသည်။ ဆေးပင်စိုက်ခင်း တစ်ခုစီတိုင်း၌ စိတ်ဝိဉာဉ်ဆေးပင်များ ကြီးထွားနေ၏။
"ဒါက အဆင့်၆အဆင့် စိတ်ဝိဉာဉ်ဆေးပင်တွေလား.."
ရွှီယန်နှင့် မုန့်ချုံတို့၏ မျက်လုံးများက လင်းလက်သွားသည်။ အဆင့်၆အဆင့် စိတ်ဝိဉာဉ်ဆေးပင်များမှာ အတွင်းဘက်နယ်မြေ၌ မြင်သာစွာ ရရှိနိုင်သည့် အဆင့်အမြင့်ဆုံး ဆေးပင်ဖြစ်၏။ ရှားပါးကာ အဖိုးတန်လှသည်။
ဒီနေရာတွင်တော့ ၁၀ခုကျော်လောက် ရှိနေ၏။ နှစ်ယောက်စလုံးမှာ တူးယူရဲခြင်း မရှိကြဘဲ အရာအားလုံးကို မုန့်ရှူရှူကိုသာလျှင် ကိုင်တွယ်ခိုင်းရသည်။
မုန့်ရှူရှူက ကောင်းကင်ဝတ်ရည်နှင်းစက်ကို တူးယူပြီးနောက် ပါးလျသည့် အိတ်အလွှာတစ်ခုကို ထုတ်ကာ ဆေးပင်ကို ဂရုတစိုက်ဖြင့် ချိတ်ပိတ်သည်။
ပြီးနောက် အိတ်အလွှာကို သူ၏ အတွင်းအားချီနှင့် အားဖြည့်လိုက်၏။ ဂရုတစိုက်ဖြင့် တူးဆွမှုများ အပြီးမှသာလျှင် စိတ်သက်သာရာ ရသွားသည်။
"တော်သေးတယ်... သိမ်းရမယ့် ချိတ်ပိတ်ခြင်းအိတ်ကို လမ်းမှာ မပျောက်ခဲ့ဘူး.."
မုန့်ရှူရှူက သူနှင့်ပါလာသည့် ကျန်ရှိသည့် ချိတ်ပိတ်ခြင်းအိတ်များကို ဂရုတစိုက်ဖြင့် ထုတ်ကာ ဆေးပင်များကို သိမ်းဆည်းသည်။
"ဒါတွေအားလုံးက အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်တွေပဲ။ နှစ်ခုက ထိပ်တန်းအဆင့်မှာရှိပြီး ကျန်တဲ့ဟာတွေက အလယ်အလတ်အဆင့်မှာ ရှိတယ်.."
မုန့်ရှူရှူက ရှင်းပြသည်။
သူက အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်များကို ချိတ်ပိတ်ခြင်းအိတ်ဖြင့် ဂရုတစိုက် ထုတ်ပိုး၏။ သို့ပေမယ့် အိတ်များမှာ လုံလောက်ခြင်းမရှိရာ နှစ်ခုမှာ ချိတ်ပိတ်နိုင်ခြင်း မရှိဘဲ ကျန်ခဲ့လေသည်။
"ဒီနှစ်ခုကို သတိထားပြီးတော့ မထိခိုက်စေနဲ့။ မြို့ထဲကိုရောက်ပြီးရင် ထန်းပေါင်စံအိမ်ကနေပြီးတော့ ချိတ်ပိတ်ခြင်းအိတ်တွေ ပိုပြီးဝယ်ရမယ်.."
မုန့်ရှူရှူက သူ၏အင်္ကျီ တစ်ပိုင်းကို ဖြဲကာ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် နှစ်ပင်တို့အား သေသေချာချာ ထုပ်ပိုးပြီး မုန့်ချုံကို ပေးသည်။
"ကိစ္စမရှိဘူး.."
မုန့်ချုံက စိတ်လှုပ်ရှားစွာဖြင့် ၎င်းတို့ကို ယူလိုက်၏။ ကောင်းကင်ဝတ်ရည်နှင်းစက်မှာတော့ ရွှီယန်နှင့် ဆိုပါက ပိုမိုလုံခြုံမှု ရှိပါသည်။ စစ်ဘုရင်တစ်ယောက်လာရင်တောင် လုယူနိုင်မည် မဟုတ်ပေ။
စိတ်ဝိဉာဉ်ဆေးပင်များမှာ များပြားလှပြီး သိုလှောင်အိတ်မရှိရာ မုန့်ရှူရှူမှာ သူ၏ အဝတ်များကိုသာ ချွတ်ပြီး ထုတ်ပိုးရ၏။
ထိုအချိန်၌ ရွှီယန်၏ ကြီးမားသည့် အိတ်ကြီးတစ်ခုကို ထုတ်လာမှုအား တွေ့လိုက်ရသည်။
"ကောင်းလိုက်တာ... ပြင်ဆင်ထား... နောက်ဆုံးတော့ အသုံးဝင်လာပြီ.."
ရွှီယန်က ပျော်ရွှင်စွာဖြင့် စိတ်ဝိဉာဉ်ဆေးပင်များကို တစ်ခုပြီးတစ်ခု ဂရုတစိုက် အိတ်အတွင်းသို့ ထည့်သည်။
မုန့်ရှူရှူက မှင်သက်သွား၏။ ဖြစ်နိုင်သည်ကား တစ်ဖက်လူသည် အနာဂတ်ကို ခန့်မှန်းနိုင်သည်လား။ ယခုကဲ့သို့ ကြီးမားလှသည့် အိတ်ကြီးကို ကြိုတင် သယ်ဆောင်လာခဲ့လေသည်။
မုန့်ချုံက နောင်တရသွား၏။
"ဆိုးတာပဲ... စစ်ဘုရင်ကောင် လိုက်သတ်တုန်းက ငါ့ရဲ့အိတ် ကျပျောက်သွားခဲ့တယ်.."
မုန့်ရှူရှူ "..."
အမှန်တကယ်ကို စစ်မှန်သည့် ညီအစ်ကိုများပင်။ နှစ်ယောက်စလုံးသည် ကြီးမားသည့် အိတ်ကြီးများကို သယ်ဆောင်ထားကြ၏။
စိတ်ဝိဉာဉ်ဆေးပင် အိတ်အပြည့်နှင့် ရွှီယန်က ဝမ်းသာသွားခဲ့သည်။ နောက်ဆုံးတွင် ဂျူနီယာညီမလေး အတွက် သူ၏ကတိကို ဖြည့်တင်းနိုင်ခဲ့ပါပြီ။
သူသည် ထန်းပေါင်စံအိမ်၌ စိတ်ဝိဉာဉ်ဆေးပင်များစွာတို့ကိုလည်း သိုလှောင်ထား၏။ ထို့အပြင် စိတ်ဝိဉာဉ်ဆေးပင် များစွာကို ဝယ်ယူနိုင်မည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ပမာဏလည်း ရှိထားသေးသည်။ ဂျူနီယာညီမလေး ပေးလိုက်သည့် စာရင်းထဲမှ စိတ်ဝိဉာဉ်ဆေးပင်များ အားလုံးတို့ကို ဝယ်ယူနိုင်လောက်၏။
"ဂျူနီယာညီလေး... ဒီစိတ်ဝိဉာဉ်ဆေးပင်တွေကို မင်းသယ်လိုက်.."
ရွှီယန်က စိတ်ဝိဉာဉ်ဆေးပင်များနှင့် ပြည့်နက်နေသည့် အထုပ်ကို မုန့်ချုံအား ပေးသည်။ မုန့်ချုံမှာ သူ၏ ကြံ့ခိုင်ထွားကြိုင်းသည့် ခန္ဓာကိုယ်နှင့် ထိုအိတ်ကြီးကို သယ်ဆောင်ရန် ပိုမိုသင့်တော်၏။
ကောင်းကင်ဝတ်ရည်နှင်းစက်နှင့် ချိတ်ပိတ်ထားသည့် အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် များကိုတော့ ရွှီယန်က သယ်ဆောင်ပါသည်။
"သွားကြရအောင်.."
စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေအတွင်းရှိ စိတ်ဝိဉာဉ်ဆေးပင်အားလုံးတို့အား တူယူပြီးပြီဖြစ်ရာ မည်သည်မှ မကျန်တော့ပေ။ ယခုအချိန်၌ ထွက်ခွာနိုင်ပါပြီ။
ထို့အပြင် ဝတ်စုံနက်နှင့် စစ်ဘုရင်များကို သတ်ဖြတ်ထားရာ စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်များသာ အာရုံခံမိပါက ရောက်လာလျှင် ပြဿနာများပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေတွင် တိုက်ပွဲကြီးဖြစ်ရန် သင့်တော်ခြင်း မရှိပါ။ စိတ်ဝိဉာဉ်ဆေးပင်များကို အလွယ်တကူ ထိခိုက်စေနိုင်၏။
စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေမှ ထွက်ခွာပြီးနောက် ရွှီယန်က ပတ်ဝန်းကျင်ကို ဂရုတစိုက်ဖြင့် စူးစမ်းသည်။
မည်သည့်ရန်သူကိုမှ မတွေ့ရပြီးနောက် စိတ်သက်သာရာ ရသွား၏။
"စီနီယာအစ်ကို... ကျွန်တော်တို့တွေ အခုပဲ အိမ်ပြန်ကြမလား.."
မုန့်ချုံက မေး၏။ သူ၏မျက်နှာက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေပါသည်။
ယခုကဲ့သို့ ကြီးမားလှသည့် စိတ်ဝိဉာဉ်ဆေးပင် အိတ်ကြီးကို သယ်ဆောင်ထားရာ အတွင်းဘက်နယ်မြေတွင် ဆက်လက် လှည့်လည်ရန် သင့်တော်ခြင်း မရှိတော့ပေ။
သူတို့သည် စွန့်ပစ်ဒေသသို့ ခရီးတစ်ထောက် ပြန်သင့်၏။ ဂျူနီယာညီမလေးလည်း သူတို့ကို စောင့်မျှော်နေလောက်သည်ဟု ခန့်မှန်းရသည်။
အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်များနှင့်.. အထူးသဖြင့် ကောင်းကင်ဝတ်ရည်နှင်းစက်ကဲ့သို့ အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်နှင့် ထန်းပေါင်စံအိမ်တွင် သိုလှောင်ခြင်းက သင့်တော်ခြင်း မရှိပါ။
ထန်းပေါင်စံအိမ်တွင် ကောင်းမွန်သည့် ဂုဏ်သတင်းရှိပေမယ့် ဆရာပြောခဲ့သလိုပင်။ ဤသည်မှာ အကျိုးအမြတ်များမှာ သူတို့၏ ဂုဏ်သတင်းကို စွန့်စားလောက်ရအောင် မထိုက်တန်၍သာ ဖြစ်၏။
ကောင်းကင်ဝတ်ရည်နှင်းစက်က ထန်းပေါင်စံအိမ်အား သူတို့၏ စည်းမျဥ်းများကို ချိုးဖျက်ရန်အတွက် ဆွဲဆောင်မှု လုံလုံလောက်လောက် ရှိမနေဟု မည်သူက အာမခံနိုင်မည်နည်း။
'ဒီစိတ်ဝိဉာဉ်ဆေးပင်တွေ အားလုံးကို ချိတ်ပိတ်ဖို့လိုအပ်တယ်။ အဆင်ပြေပါတယ်။ ငါလည်း ထန်းပေါင်စံအိမ်မှာ သိုလှောင်ထားတဲ့ ဆေးပင်တွေကို ထုတ်ယူရဦးမယ်။ ပြီးရင် ချန်းလန်ကျွန်းကို သွားရမယ်။ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေနဲ့ ဂျူနီယာညီမလေးပေးထားတဲ့ စာရင်းထဲက ဆေးပင်တွေကိုလည်း ဝယ်ယူရမယ်..'
ရွှီယန်က ခဏတာစဉ်းစားသည်။ ယခုအချိန်က အိမ်သို့ပြန်ရန် အချိန်သို့ ကျရောက်လာပါပြီ။
"စိတ်ဝိဉာဉ်ဆေးပင်တွေကို ချိတ်ပိတ်ပြီးရင် အရင်ဆုံး အိမ်ကိုပြန်မယ်။ ပြီးရင် သိုလှောင်ထားတဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေကို သွားထုတ်ပြီး အစ်ကိုရှဲ့ကို နှုတ်ဆက်စကားပြောပြီးရင် စာရင်းထဲက ပစ္စည်းတွေကို ဝယ်ရမယ်.."
မည်သည်မှာ အတွင်းဘက်နယ်မြေသို့ အကျိုးအမြတ်များလှသည့် ခရီးတစ်ထောက်ဟု ဆိုနိုင်ခဲ့ပါပြီ။
အိမ်သို့ပြန်ကာ သိုင်းပညာကို ကြိုးစားမြှင့်တင်ဖို့ အချိန်ကျလာပြီ ဖြစ်၏။
နောက်ထပ်တစ်ကြိမ် အတွင်းဘက်နယ်မြေကို လာလျှင်တော့ သူသည် လွတ်လွတ်လပ်လပ်နှင့် ရွေ့လျားသွားလာနိုင်လောက် သင့်ပါသည်။
"ကောင်းပြီ.."
မုန့်ချုံက ခေါင်းငြိမ့်သည်။ သူ၏ မျက်နှာက ကြမ်းကြုတ်လာ၏။
'နောက်ထပ်တစ်ကြိမ် ငါပြန်လာရင်... စစ်ဘုရင် နည်းနည်းပါးပါးလောက်ကို သေချာပေါက် သတ်ပစ်ဦးမယ်။ အဲ့ဒါမှ မကျေနပ်မှုတွေ ပြေလျော့သွားမှာ..'
များပြားလှသည့် စိတ်ဝိဉာဉ်ဆေးပင်များနှင့် ဂျူနီရာညီမလေးက ဒန်ဆေးလုံးများစွာတို့ကို သန့်စင်နိုင်လောက်ပါသည်။
ဆေးလုံးများ၏ အကူအညီဖြင့် သူ၏ ကြီးမြတ်သောနေ ရွှေခန္ဓာက သေချာပေါက် လျှင်မြန်စွာ မြင့်တက်လာမှာဖြစ်၏။ အဆင့်ချိုးဖျက်ရန် အချိန် အရမ်းကြာမည် မဟုတ်ပါ။
သူ၏ သိုင်းခွန်အားသာ မူလအဆင့်၏ အကြီးစားကျွမ်းကျင်မှု သို့မဟုတ် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပါက အတွင်းဘက်နယ်မြေသို့ ပြန်လာပြီး ဝတ်စုံနက်များ၏ အသိုက်ဆီသို့ သွားကာ ဖျက်ဆီးရပေမည်။ သူသည် စစ်ဘုရင်များကိုလည်း အနိုင်ယူလိုသေး၏။
"ဂျူနီယာညီလေး... နောက်တစ်ကြိမ် မင်းလာရင် ခုနှစ်စင်ကြယ်အကယ်ဒမီကို သွားပြီး စင်မြင့်၉ခုကို ချိုးဖျက်နှင့်။ သူတို့ရဲ့ ကျမ်းစာအုပ်စံအိမ်မှာ သိုင်းပညာစာအုပ် ပေါင်းစုံရှိတယ်။ အဲ့ဒါတွေကို လေ့လာတာက မင်းအတွက် အကျိုးအမြတ် ရှိလိမ့်မယ်.."
ရွှီယန်က လေးနက်စွာ ပြောသည်။
"စီနီယာအစ်ကိုကြီး.. ကျွန်တော်နားလည်ပြီ.."
မုန့်ချုံက ခေါင်းငြိမ့်၏။
မုန့်ရှူရှူက အချိန်တစ်ခုလောက် တိတ်ဆိတ်နေပါသည်။ ဒီသိုင်းညီအစ်ကို နှစ်ယောက်တို့သည် လျှို့ဝှက်ဆန်းကြယ်ပြီး အလွန် စွမ်းအားကြီးမားလှ၏။
မုန့်ချုံမှာ စစ်ဘုရင်တစ်ယောက်ကို မည်ကဲ့သို့ အနိုင်ယူရမည်အား စတင် အစီအစဉ်ဆွဲနေပြီး ဖြစ်သည်။ သူတို့သည် အမှန်တကယ်ကို ကြောက်ဖို့ကောင်းလှ၏။