← Chapters

နတ်ဆိုးဂိုဏ်း၏ စစ်ဘုရင် လူသတ်အရိုး

Vol. 16 Ch. 240

နတ်ဆိုးဂိုဏ်း၏ စစ်ဘုရင် လူသတ်အရိုး

Vol. 16 Ch. 240

စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေမှ ထွက်ခွာပြီးနောက် ၃ယောက်သားသည် သစ်ပင်ထူထဲသည့် တောအုပ်များမှတစ်ဆင့် သွားလာရန် ရွေးချယ်ခဲ့သည်။

ဝတ်စုံနက်နှင့် လူများ၏ အဖွဲ့မှ စွမ်းအားကြီးသူများ တိုက်ခိုက်ခြင်း ခံရမည်ကို စိုးရိမ်သဖြင့် သဲလွန်စဖျောက်သွားကြခြင်း ဖြစ်၏။

မြို့တစ်မြို့၏ အစွန်သို့ ရောက်ရှိပြီးနောက် ရွှီယန်နှင့် မုန့်ချုံတို့က အပြင်ဘက်တွင် စောင့်နေကာ မုန့်ရှူရှူကို ရုပ်ဖျက်စေပြီး မြို့အတွင်းရှိ ထန်းပေါင်စံအိမ်သို့ စိတ်ဝိဉာဉ်ဆေးပင် ချိတ်ပိတ်ခြင်း အိတ်များအား သွားဝယ်စေ၏။

မုန့်ရှူရှူက ပြန်လာပြီးနောက် ဆေးပင်များကို ချိတ်ပိတ်ကာ ယွဲ့နိုင်ငံဆီသို့ ပြန်ခဲ့ကြသည်။ လမ်းတလျှောက်တွင် စာပို့ငှက်တစ်ကောင် သက်ဆင်းလာခဲ့၏။ ထိုငှက်မှာ ဓားသခင်ချောက်ကမ်းပါးမှ ဖြစ်လေသည်။ ရွှီယန်၏ စာပို့ခို တံဆိပ်ပြားကြောင့် ရောက်ရှိလာခြင်း ဖြစ်၏။

ပါလာသည့် စာထဲတွင် ရှဲ့လင်ဖုန်းက အကူအညီလိုအပ်ပါက တောင်းခံရန် ပြောထား၏။

ရွှီယန်က စာတစ်ခုကိုရေးကာ ငှက်နှင့်အတူ ပြန်ထည့်ပေးလိုက်သည်။

"ဒါက ဓားသခင်ချောက်ကမ်းပါးရဲ့ ငှက်လား.."

မုန့်ရှူရှူက အံ့ဩစွာ အသံပြု၏။

"မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ.."

ရွှီယန်က မေးသည်။

"စီနီယာအစ်ကိုရွှီ သိမှာ မဟုတ်ဘူး။ ကျွန်တော့လိုမျိုး စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူတွေက အဓိကအင်အားစုတွေနဲ့ ရင်းနှီးပြီး သူတို့ကို ကောင်းကောင်း နားလည်တယ်။ ပူးပေါင်းဖို့ လိုအပ်တာတွေရှိရင် သူတို့ရဲ့ စာပို့ခိုတွေကို အသုံးပြုရတာလည်း ရှိတယ်။ ဒါကြောင့်မို့လို့ မှတ်မိနေတာ.."

မုန့်ရှူရှူက ရှင်းပြ၏။

"ငါသိပြီ.."

ရွှီယန်က နောက်ဆုံးတွင် နားလည်သွား၏။

"ဒါနဲ့... မင်းရော စာပို့ခိုတွေကို လေ့ကျင့်ပြီး သတင်းအချက်အလက် ကွန်ယက်တစ်ခုကို တည်ဆောက်နိုင်လား.."

ရွှီယန်က ခဏတာ စဉ်းစားပြီးနောက် မေး၏။ နောင်တွင် အတွင်းဘက်နယ်မြေသို့ ရွှေ့ပြောင်းလာပါက စာပို့ငှက်များရှိလျှင် ဆက်သွယ်မှု ပြုသောအခါ ပိုမိုသင့်တော်လာမှာ ဖြစ်သည်။ ဤသည်မှာ မရှိမဖြစ်လိုအပ်သည့် အရာဟုပင် ဆိုနိုင်၏။

အခြားသူများ၏ စာပို့ငှက်များကို အသုံးပြုခြင်းမှာ ကောင်းမွန်သည့် နည်းလမ်းမဟုတ်ပေ။

"ကျွန်တော်က စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူတစ်ယောက်ပါ။ ဘယ်လိုလုပ်ပြီး အဲ့ဒီ့ကိစ္စကို သိမှာလဲ.."

မုန့်ရှူရှူက သူ၏ခေါင်းကို ရမ်း၏။

"ထန်းပေါင်စံအိမ်က စာပို့ငှက် ငှားရမ်းခြင်း ဝန်ဆောင်မှုကို လုပ်ကြတယ်။ အချို့ ကိုယ်ပိုင်သတင်းကွန်ယက်ကို မတည်ဆောက်နိုင်တဲ့ အဖွဲ့အစည်းတွေ ထန်းပေါင်စံအိမ်မှာ ငှားရမ်းပြီးတော့ အလုပ်လုပ်ကြတယ်။ ဒါပေမယ့် စျေးတော့ကြီးတယ်.."

"ကောင်းတာက သူတို့မှာ တစ်ကြိမ်သုံးငှားရမ်းမှု၊ ယာယီသုံးငှားရမ်းမှု... အစရှိသဖြင့် အသီးသီးခွဲခြားပေးထားတယ်။ ပြီးတော့ ဒီနေ့ဒီအချိန်အထိ ထန်းပေါင်စံအိမ်က စာပို့ငှက်တွေကနေ သတင်းအချက်အလက် ပေါက်ကြားတာမျိုး ဘယ်တုန်းကမှ မဖြစ်ပွားခဲ့ဖူးဘူး.."

"သာမန် အဖွဲ့အစည်းတွေအတွက် သူတို့က တော်တော်လေး အာမခံချက် ပေးနိုင်တယ်.."

မုန့်ရှူရှူက ခဏတာစဉ်းစားပြီးနောက် ထပ်ပေါင်းပြော၏။

"ဒီထန်းပေါင်စံအိမ်က တကယ့်ကို မရိုးရှင်းဘူး။  နယ်ပယ်ပေါင်းစုံမှာ ပါဝင်ကြတယ်.."

မုန့်ချုံက သက်ပြင်းချကာ ပြောသည်။

ရွှီယန်က ဝတ်စုံပြောင်နှင့် မိန်းကလေးပေးထားသည့် ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်ကာ မေး၏။

"မင်းပြောတဲ့ ထန်းပေါင်စံအိမ်က စာပို့ခြင်းဝန်ဆောင်မှုကို ပေးတယ်ဆိုတာ ဒီလိုမျိုးကို ပြောတာလား.."

"ဟုတ်တယ်... မင်းရဲ့ကျောက်စိမ်းတံဆိပ်ပြားက ထန်းပေါင်စံအိမ်က သတင်းအချက်အလက်တွေကို လက်ခံရာမှာပဲ အသုံးပြုလို့ရတယ်။ စာပို့ငှက်တွေကနေ သတင်းအချက်အလက် လက်ခံယူနိုင်ခြင်းတော့ မရှိဘူး။ ဒါက စျေးပေါတယ်လို့ ပြောလို့ရတယ်။ အဖွဲ့အစည်း တော်တော်များများ ဒါကို သုံးကြတယ်။ သိုင်းလောကရဲ့ သတင်းအချက်အလက် တွေကို ရရှိဖို့အတွက်ပေါ့။ အဲ့လိုဆိုရင်တောင် နှစ်စဉ်ကုန်ကျစရိတ်က စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀၀ကျော်ရှိတယ်.."

မုန့်ရှူရှူက ခေါင်းငြိမ့်သည်။

ရွှီယန်က တိတ်တဆိတ် အံ့သြသွား၏။ ဒီထန်းပေါင်စံအိမ်က အမှန်တကယ်ကို အံ့ဖွယ်ကောင်းလှပါသည်။

ရိုးရှင်းသည့် သတင်းအချက်အလက် ရယူခြင်းဝန်ဆောင်ခပင်လျှင် အနည်းဆုံး တစ်နှစ်လျှင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀၀ရှိ၏။

အတွင်းဘက်နယ်မြေတွင် အင်အားစုမည်မျှ ရှိနေသနည်း။ ယွဲ့နိုင်ငံ၏ အတွင်းပင်လျှင် အဖွဲ့အစည်းများစွာ ရှိနေပြီး ဖြစ်သည်။ အဓိက နိုင်ငံကြီး၃ခု အုပ်စိုးသည့် နေရာများတွင် မည်မျှတောင် များပြားလိုက်မည်နည်း။ ထို့အပြင် နိုင်ငံ၃ခု၏ အပြင်ဘက်ရှိ မြေနေရာတို့မှာလည်း အလွန်ကျယ်ပြန့်လှပြီး အင်အားစုများစွာတို့ ရှိ၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ထန်းပေါင်စံအိမ်သည် သတင်းအချက်အလက် ကွန်ယက်အားတည်ဆောက်ရန်အတွက် ကိုယ်ပိုင်ပိုက်ဆံအား ရင်းနှီးစရာ မလိုကြောင်းကို တွေ့မြင်နိုင်ပါသည်။ အားလုံးတို့ကို အင်အားစုများစွာက ထောက်ပံ့ပေး၏။

ယွဲ့နိုင်ငံအတွင်းသို့ ဝင်ရောက်ပြီးနောက်  နောက်မှ မည်သည့်စစ်ဘုရင်မှ လိုက်မလာရာ ရွှီယန်မှာ စိတ်သက်သာရာ ရသွားသည်။

ဤသည်မှာ သူ့အနေနှင့် ရန်သူများကို ကြောက်ရွံ့၍ မဟုတ်ပေ။ တိုက်ခိုက်မှုဖြစ်ပွားပါက ကောင်းကင်ဝတ်ရည်နှင်းစက်နှင့် အခြားအဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်များကို ထိခိုက်သွားမည်အား စိုးရိမ်သောကြောင့် ဖြစ်၏။

ထိုသို့သာဆိုပါက စစ်ဘုရင်မည်မျှကို သတ်ဖြတ်စေကာမူ ဆုံးရှုံးမှုအတွက် တန်ရာတန်ကြေးအား ပြန်ရမည်မဟုတ်ပေ။

အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်မှာ ပိုက်ဆံဖြင့် ဝယ်ယူနိုင်သည့်အရာ မဟုတ်ပါ။

"ဂျူနီယာညီလေး... လုံခြုံမှုအတွက် ငါမင်းကို လန်းဖင်စီရင်စုအထိ လိုက်ပို့မယ်.."

ရွှီယန်က စဉ်းစားမှုအချို့ ပြုလုပ်ပြီးနောက် မုန့်ချုံကိုပြောသည်။

"ကောင်းပြီ.."

မုန့်ချုံက ခေါင်းငြိမ့်၏။

သူ့အနေနှင့် သိုင်းသခင်များကို ကြောက်ရွံ့ခြင်း မရှိပေ။ သူတို့သည် မည်သည့် အန္တရာယ်မှ မရှိကြပါ။ ဓားတစ်ချက်နှင့် တစ်ယောက်ကို သတ်ဖြတ်နိုင်၏။ စိတ်ဝိဉာဉ်ဆေးပင်များကို ထိခိုက်မည်အား အများကြီး စိုးရိမ်စရာ မရှိပေ။ သို့ပေမယ့် တစ်ဝက်တစ်ပြက် စစ်ဘုရင် သို့မဟုတ် စစ်ဘုရင်အဆင့်များ ရောက်လာလျှင်တော့ ခက်ခဲသွားပါပြီ။

၃ယောက်သားသည် လန်းဖင်စီရင်စုဆီသို့ ဦးတည်ခဲ့၏။ လန်းဖင်စီရင်စုမှ နယ်စပ်ဒေသတွင် ရှိနေပြီး သူတို့၏ လက်ရှိနေရာမှ အလွန်ဝေးကွာပါသည်။ လန်းဖင်စီရင်စုနှင့် သံတောင်မြို့တို့ဆီသို့ ရောက်ရှိရန် အချိန်အချို့ ကြာဦးမှာ ဖြစ်၏။

ထို့အပြင် မတော်တဆ အဖြစ်အပျက်များကို ရှောင်ရှားနိုင်ရန်အတွက် ရွှီယန်တို့သည် တတ်နိုင်သမျှ  နှိမ့်ချစွာ နေထိုင်ခဲ့သည်။ ရန်သူများကို သတ်ဖြတ်ရန်မှာ အဓိကမဟုတ်ပေ။ ယခုအချိန်၌ ဆေးပင်များကို ကာကွယ်ရန်မှာသာ နံပါတ်တစ် ဖြစ်၏။

"ညီလေးမုန့်... စီနီယာအစ်ကိုရွှီ... ကျွန်တော်အခုအတွင်း  လန်းဖင်စီရင်စုမှာပဲ ပုန်းနေလိုက်မယ်။ ကိစ္စတွေ တည်ငြိမ်သွားပြီးမှ စိတ်ဝိဉာဉ်ဆေးပင်တွေကို ဆက်ပြီးတော့ ရှာပါမယ်။ နောက်ကျရင် မင်းတို့ကို ဘယ်လိုဆက်သွယ်ရမလဲ မသိဘူး.."

လန်းဖင်စီရင်စုသို့ ဝင်ရောက်တော့မည့်အချိန်၌ မုန့်ရှူရှူက မေး၏။

ရွှီယန်က ခဏတာစဉ်းစားပြီးနောက်  ပြောသည်။

"နောင်မှာ... ငါ့ကိုဆက်သွယ်ဖို့အတွက် သံတောင်မြို့ကို သွားလို့ရတယ်။ ဒါမှမဟုတ် ရှဲ့လင်ဖုန်းကို ဆက်သွယ်လို့ရတယ်။ သူ့ကို ပြောပြီး ငါ့ကို အကြောင်းကြားခိုင်းလိုက်.."

သံတောင်မြို့မှာ စွန့်ပစ်ဒေသနှင့် ကပ်နေသည့် နေရာဖြစ်၏။ ယခုအချိန်၌ သူတို့သည် စိတ်ဝိဉာဉ်ဆေးပင်များကို စွန့်ပစ်ဒေသသို့ ယူဆောင်သွားမှာ ဖြစ်သည်။

ဤသည်က စွန့်ပစ်ဒေသရှိ သိုင်းသမား အရေအတွက်ကို သေချာပေါက် တိုးမြှင့်လာစေမှာ ဖြစ်၏။ အတွင်းဘက်နယ်မြေသို့ ဝင်ရောက်လာမှာ ပုံမှန်သာ ဖြစ်သည်။

ထိုစွန့်ပစ်ဒေသမှာ ပထမဆုံး ရောက်လာသူများအတွက် အခြေရနိုင်သည့် နေရာမှာ သံတောင်မြို့ ဖြစ်၏။

"ကျွန်တော် နားလည်ပါပြီ.."

မုန့်ရှူရှူက ခေါင်းငြိမ့်သည်။

"ဆွေမျိုးလေး... အလုပ်ကို ကြိုးစားပြီး သိုလှောင်အိတ် ၂အိတ်ရအောင် အမြန်ဆုံးလုပ်.."

မုန့်ချုံက ပုခုံးကိုပုတ်ကာ အားပေး၏။

"ငါအကောင်းဆုံး ကြိုးစားပါ့မယ်.."

မုန့်ရှူရှူမှာ ငိုချင်နေပါသည်။

သိုလှောင်အိတ်... တစ်ခုကိုပင် တတ်နိုင်ရန်အတွက်  စိတ်ဝိဉာဉ်ဆေးပင် မည်မျှကို ရှာဖွေရန် လိုအပ်မည်နည်း။

သူတို့သည် လန်းဖင်စီရင်စု၏ နယ်စပ်သို့ ခြေလှမ်းရုံသာ ရှိပါသေးသည်။ ရွှီယန်က ရုတ်တရက် ရပ်တန့်သွားပြီး လက်ကိုဆန့်ကာ မုန့်ချုံနှင့် မုန့်ရှူရှူတို့ကိုတားသည်။

ရှေ့သို့ စိုက်ကြည့်ခြင်းက သူ၏ပုံစံက လေးနက်နေ၏။

အဝေးမှ ပုံရိပ်တစ်ခု ချဉ်းကပ်လာပါသည်။ တစ်လှမ်းပြီးတစ်လှမ်း သူဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မြေပြင်မှာ မီးတောက်များနှင့် လောင်းကျွမ်းခြင်းကို ခံရသည့်အလား မဲ‌မှောင်စွာ ကျန်ရစ်ခဲ့၏။

သူသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာကို ဖုံးအုပ်နိုင်သည့် ခေါင်းစွပ်တစ်ခုကို ဆောင်းထားသည်။

သူ၏ပုံစံက ဖြူရော်ကာ ထိပ်ဖျားတွင် အရိုးခေါင်းတစ်ခုရှိသည့် တုတ်တစ်ချောင်းကို ကိုင်ဆောင်ထား၏။

အရိုးခေါင်းနှင့် အနက်ရောင်တုတ်အား ကိုင်ဆောင်ကာ မျက်လုံးနှင့် ပါးစပ်များတွင် အနီရောင်မီးတောက်များ လှိုင်းထနေပြီး စွမ်းအားကြီးမားသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပါသည်။

"စစ်ဘုရင်တစ်ယောက်ပဲ.."

ရွှီယန်က သယ်ဆောင်လာသည့် စိတ်ဝိဉာဉ်ဆေးပင်များကို ထုတ်ယူကာ မုန့်ချုံကို ပေးသည်။ သတိပေး၏။

"ဂျူနီယာညီလေး သတိထား.."

"စီနီယာအကို စိတ်မပူပါနဲ့..."

All Chapters