စစ်ဘုရင်ကို ထပ်မံသတ်ဖြတ်ခြင်းနှင့် အဆုံးမဲ့ ရတနာနယ်မြေ အတွင်းသို့ ဝင်ရောက်ခြင်း
Vol. 16 Ch. 236
ကောင်းကင်တူတောင်တွင် မူလက ထူထဲသည့် သစ်တောမှာ လုံးဝ ပျောက်ကွယ်လုနီးပါး ရှိနေ၏။
ကျောက်တုံးဂူရှေ့ရှိ သစ်ပင်ကြီးမှာ တစ်ဝက်မှ ပြတ်တောက်နေပြီး ကြီးမားသည့် တိုင်လုံးကြီးတစ်လုံး ထောင်နေသည့်နှယ် ရှိသည်။
ယခုအချိန်၌ သစ်ပင်ကြီး၏ အပိုင်းပြတ်သည် ပြင်ညီဖြစ်နေပြီး ဝတ်စုံနက်နှင့် လူတစ်ယောက် ၎င်းအပေါ်တွင် တင်ပျဉ်ခွေကာ ထိုင်နေ၏။
သစ်ပင်ကြီး၏ အောက်ရှိ ကျောက်လှိုင်ဂူ၏ ဘယ်ညာနှစ်ဖက်တွင် ဝတ်စုံနက်နှင့် လူ၆ယောက်တို့ အေးအေးလူလူ ရပ်နေကြ၏။
သူတို့၏ ပုံစံက သတိကြီးခြင်း လုံးဝမရှိပေ။ အသံလွှဲပြောင်းခြင်း နည်းပညာနှင့် တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်နေပုံ ပေါ်၏။
စစ်ဘုရင်တစ်ဦးက ကိုယ်တိုင်ရောက်နေရာ ဒီသိုင်းသခင်များအတွက် အရမ်းကြီး တာဝန်ကြီးသည်ဟု မခံစားရတော့ပေ။
သစ်ပင်အပြတ်၏ အပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် စစ်ဘုရင်မှာ အလယ်အလတ်အဆင့် စစ်ဘုရင်တစ်ယောက် ဖြစ်၏။ စစ်ဘုရင်များအကြားတွင် သန်မာသည့် တည်ရှိမှုတစ်ခု ဖြစ်သည်။
အကြီးစား ကျွမ်းကျင်မှုအဆင့် စစ်ဘုရင်တစ်ယောက်ကို အနိုင်ယူနိုင်ခြင်း မရှိလျှင်တောင် ဆုတ်ခွာလိုပါက အောင်မြင်စွာ လုပ်ဆောင်နိုင်ဆဲရှိ၏။
ကြီးမားသည့် အကျိုးအမြတ်များသာ မရှိပါက အခြားစစ်ဘုရင်များအနေနှင့် အလောတလျှင် ဆန့်ကျင်မှု ပြုမည်မဟုတ်ပါ။ အဆင့်တူ သန်မာသည့် ရန်သူတစ်ယောက် တိုးလာစေခြင်းက ဉာဏ်ရှိသော လုပ်ရပ်မဟုတ်ပေ။ သို့ပေမယ့် ကြီးမြတ်သော အကျိုးအမြတ်များသာ ရှိနေပါက ကိစ္စများက ခြားနားသွားပါပြီ။
သို့ပေမယ့် ကောင်းကင်တူတောင်မှာ စိတ်ဝိဉာဉ်ဆေးပင်များ များပြားစွာ ပေါက်ရောက်နေသည့် ရတနာနယ်မြေတစ်ခု ဖြစ်သည်ကို အပြင်လူများ အနေနှင့် သိရှိခြင်း မရှိပါ။
ထို့အပြင် သာမန် စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေတစ်ခုသည် စစ်ဘုရင်တစ်ယောက်၏ ရန်သူ လုပ်ရလောက်အောင် ထိုက်တန်ခြင်း မရှိပါ။
သစ်ပင်ပြတ်၏ အပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် ဝတ်စုံနက်မှာ ပြီးခဲ့တုန်းက စစ်ဘုရင်နှစ်ယောက် ကဲ့သို့ပင် တူညီစွာ ဝတ်စားထား၏။ တစ်ခုတည်းသော ခြားနားချက်မှာ အင်္ကျီ၏ ဘယ်ဘက်ရင်ဘတ်တွင် အဖြူရောင် သစ်ရွက်တစ်ခုကို တံဆိပ်ရိုက်ထားခြင်း ဖြစ်၏။
ထိုသစ်ရွက်မှာ မိုးမခအရွက်ကဲ့သို့ သွယ်လျသည်။
ရွှီယန်တို့ လူစုသည် သူတို့၏ သဲလွန်စများကို ဖုံးကွယ်ခြင်း လုံးဝမရှိဘဲ ပွင့်ပွင့်လင်းလင်းသာ ပျံသန်းသွားကြ၏။ ရတနာနယ်မြေကို စောင့်ကြပ်နေမည့် စွမ်းအားကြီးပုဂ္ဂိုလ်များ ရှိနေမည်ကို ကြောက်ရွံ့ခြင်း လုံးဝမရှိပုံပေါ်သည်။
ဝတ်စုံနက်နှင့် စစ်ဘုရင်၏ မျက်လုံးများက ပွင့်လာပြီး လေးနက်စွာဖြင့် ပြော၏။
"လူလာနေတယ်.."
ကျောက်ဂူ၏ တစ်ဖက်တစ်ချက်ရှိ ဝတ်စုံနက်များလည်း ချက်ချင်းပင် သတိကြီးသွားကြသည်။ ဓားကောက်များဆီသို့ လက်ရောက်သွား၏။
စစ်ဘုရင်တစ်ယောက်ယောက်သာ တိုက်ခိုက်လာပြီး သူတို့အနေနှင့် ခုခံနိုင်ခြင်း မရှိပါက ပထမဆုံး လုပ်ဆောင်မည့်အရာမှာ ကျောက်ဂူကို ချိုးဖျက်ပြီး ရတနာနယ်မြေအတွင်းသို့ အတင်းဝင်ရောက်ဖို့ ဖြစ်သည်။
ရလဒ်အနေနှင့် စိတ်ဝိဉာဉ်ဆေးပင်များ ပျက်စီးမှုတို့ ရှိလာလျှင်တောင် အခြားလူများအတွက် အကျိုးအမြတ် ဖြစ်သွားသည်ထက် ပိုမိုကောင်းမွန်ဆဲ ရှိသည်။
တစ်ချက်ကြည့်လိုက်သည်နှင့် ရွှီယန်သည် သစ်ပင်အပြတ်ပေါ်တွင် ရပ်နေသည့် ဝတ်စုံနက်ကို တွေ့လိုက်ရသည်။
"စစ်ဘုရင်တစ်ယောက်ပဲ.."
ထို့အပြင် ပိုမိုသန်မာသည့် စစ်ဘုရင်တစ်ယောက်ဖြစ်သည်။
"စီနီယာအစ်ကိုရွှီ... ဒီစစ်ဘုရင်ကို ကြည့်ရတာ ပိုပြီးတော့ သန်မာပုံပဲ.."
မုန့်ချုံက စိုးရိမ်စွာဖြင့် တံတွေးများကို မျိုချသည်။
သိုင်းသခင်အဆင့်များ အကြားတွင် ခြားနားသည့် ခွန်အားများရှိသလို စစ်ဘုရင်အဆင့်များတွင်လည်း တူညီစွာ ရှိ၏။
စစ်ဘုရင်အဆင့်သို့ တစ်ခါတည်း အဆင့်ချိုးဖျက်ခဲ့သူများမှာ သူတို့၏ ကိုယ်ပိုင်ပါရမီနှင့် စုစည်းထားသည့် ပညာရပ်နက်ရှိုင်းမှုတို့ အလွန်ကြွယ်ဝလှပြီး တစ်ဝက်တစ်ပြက် စစ်ဘုရင်အဆင့်မှတစ်ဆင့် ထပ်မံ တက်လှမ်းရသူများထက် များစွာပိုမို စွမ်းအားကြီးမားပါသည်။
တစ်ဝက်တစ်ပြတ် စစ်ဘုရင်များသည် အချိန်ယူကာ ဖြေညှင်းစွာ အဆင့်တက်ရပြီး စိတ်ဝိဉာဉ်ဆေးပင်များ၏ အထောက်အကူကိုပင် ယူဆောင်ရသည်။
သစ်ပင်အပျက်ပေါ်ရှိ စစ်ဘုရင်မှာတော့ သိသာစွာပင် သူ၏ ကိုယ်ပိုင်ပါရမီနှင့် စွမ်းရည်တို့ကို အသုံးပြုကာ တစ်ခါတည်း အဆင့်ချိုးဖျက်ခဲ့သူ ဖြစ်သည်။သူ၏ခွန်အားက သေဆုံးသွားခဲ့သည့် နှစ်ယောက်ထက် များစွာသာလွန်၏။
ဝတ်စုံနက်နှင့်လူက နေရာတွင်ရပ်ကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားကို စုစည်းနေဟန်ရှိ၏။
ဤသည်မှာ စစ်ဘုရင် အသစ်တစ်ယောက် မဟုတ်ပေ။ အလယ်အလတ် စစ်ဘုရင်တစ်ယောက် ဖြစ်၏။
သို့ပေမယ့် ရွှီယန်က ကြောက်ရွံ့ခြင်းမရှိပါ။ အဲ့ဒီအစား သူ၏ပုံစံက စိတ်လှုပ်ရှားလာခဲ့၏။
"ပိုပြီးတော့ သန်မာလေလေ ပိုပြီးတော့ ကောင်းလေပဲ။ ခွန်အားမြင့်မားလေ ရာထူးပိုကြီးပြီး ပိုပြီးချမ်းသာလေလေဖြစ်မှာ။ ဒါက နောက်ထပ် ကံကောင်းမှု တစ်ခုပဲ.."
မုန့်ရှူရှူ၏ ပါးစပ်က တွန့်ကွေးသွားသည်။ သူသည် အလကားသက်သက် စိုးရိမ်မိခဲ့၏။ ရွှီယန်၏ မျက်လုံးထဲတွင် တစ်ဖက်လူသည် လမ်းလျှောက်နေသည့် ပိုက်ဆံအိတ်တစ်ခုသာ ဖြစ်ပါသည်။
"ဂျူနီယာညီလေး... မင်း.. အောက်က လူတွေကို စိတ်ဝိဉာဉ်ရတနာနယ်မြေထဲကို အတင်းချိုးဖျက်ပြီး မဝင်အောင်လို့ သွားတားထားလိုက်.."
ရွှီယန်က ကျောက်ဂူ၏ တစ်ဖက်တစ်ချက်ရှိ ဝတ်စုံနက် ၆ယောက်တို့ကို ကြည့်သည်။
"ပြဿနာမရှိဘူး... တစ်ယောက်တစ်ချက်နဲ့ စုစုပေါင်း၆ချက်ပဲ လိုတယ်.."
မုန့်ချုံက စိတ်အားထက်သန်စွာဖြင့် ခေါင်းငြိမ့်သည်။ ဒီလူများသည် သူ့ကို အချိန်အတော်ကြာအောင် လိုက်လံဖမ်းဆီးခဲ့၏။ နောက်ဆုံးတွင် ဒေါသတို့ကို ပုံချနိုင်ပေတော့မည်။
မုန့်ရှူရှူက တိတ်ဆိတ်စွာသာ ရှိနေ၏။ ညီအစ်ကိုနှစ်ယောက်စလုံးမှာ ရက်စက်ကြမ်းကြုတ်ပြီး အလွန်လည်း စွမ်းအားကြီးမားကြသည်။
သူတို့အတွက် စစ်ဘုရင်များ၊ သိုင်းသခင်များမှာ အလွယ်တကူ သတ်ဖြတ်နိုင်သည့် ဂေါ်ဖီထုပ်များသဖွယ် ရှိနေ၏။
"မင်းကဘယ်သူလဲ... ဘာဖြစ်လို့ ဒီကိစ္စမှာ ဝင်ပါချင်ရတာလဲ.."
ဝတ်စုံနက်၏ ဖိအားက အလွန်ကြီးမားလှပြီး စစ်ဘုရင်တစ်ယောက်၏ စွမ်းအားက ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားကဲ့သို့ သူတို့ဆီသို့ ဦးတည်လာခဲ့သည်။
ရွှီယန်က နဂါးနိုင်လက်ဝါးသိုင်း၏ စစ်မှန်သည့်အဓိပ္ပါယ်ကို ထုတ်ဖော်ကာ တစ်ဖက်လူ၏ ဖိအားကို တားမြစ်ထား၏။ တည်ငြိမ်စွာ ပြောသည်။
"ငါက ဓားနတ်ဘုရားရွှီယန်.."
"ဓားသခင်ချောက်ကမ်းပါးကလား.."
ဝတ်စုံနက်က မျက်မှောင်ကျုံ့သွားသည်။
ဓားတာအိုကို ကျင့်ကြံသည့် စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်မည်ဟု တွေးမိလိုက်သည်နှင့် ဓားသခင် ချောက်ကမ်းပါးကို အလိုလျှောက် စဉ်းစားမိလိုက်၏။
သို့ပေမယ့် ဓားနတ်ဘုရားရွှီယန်ဟူသည့် အမည်မှာ ရင်းနှီးမှု မရှိလှပေ။ ထို့အပြင် ဓားနတ်ဘုရားဟူသည့် ဘွဲ့အမည်မှာ အလွန် မောက်မာလွန်းလှ၏။ ရှဲ့ထန်းဟန်ပင်လျှင် သူ့ကိုယ်သူ ထိုကဲ့သို့ ခေါ်ဆိုရဲခြင်း မရှိပေ။
"မဟုတ်ဘူး.."
ရွှီယန်က ခေါင်းကိုရမ်းသည်။ သူ၏အကြည့်က ဝတ်စုံနက်၏ ရင်ဘတ်ရှိ မိုးမခအရွက်ကဲ့သို့ အဖြူရောင် သစ်ရွက်ပေါ်သို့ ကျရောက်သွား၏။
ထိုသင်္ကေတမှတစ်ဆင့် တစ်ဖက်လူ၏ အဖွဲ့အစည်းကို သဲလွန်စလိုက်ဖို့ ဖြစ်နိုင်ပါသည်။
"မင်းက ဘယ်အဖွဲ့အစည်းကလဲ။ နာမည်ကိုပြော.."
ရွှီယန်က နက်ရှိုင်းစွာ မေးသည်။
"ဒီကိစ္စမှာ ဝင်ပါဖို့အတွက် စဉ်းစားထားတယ်ဆိုရင် ပထမဆုံး အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ကို ထိပါးဖို့ တတ်နိုင်မလားဆိုတာ မင်းအရင်ဆုံး စဉ်းစားသင့်တယ်.."
ဝတ်စုံနက်နှင့်လူက မေးခွန်းကို ဖြေကြားခြင်းမရှိဘဲ အေးစက်စွာ ပြော၏။
"အထွတ်အထိပ် စစ်ဘုရင်လား.."
ရွှီယန်က ကြောက်ရွံ့သွားခြင်း လုံးဝမရှိပေ။ သူ့အနေနှင့် အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ကို အနိုင်ယူနိုင်ခြင်း မရှိလျှင်တောင် တစ်ဖက်လူကလည်း သူ့ကိုမည်သည်မှ လုပ်ဆောင်နိုင်ခြင်း မရှိပေ။
ထို့အပြင် သူသာ မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပါက အထွတ်အထိပ် စစ်ဘုရင်က ဘာအရေးဖြစ်တော့သနည်း။ ဓားတစ်ချက်ဖြင့် တစ်ယောက်ကို သတ်ဖြတ်ကာ သူ့အတွက် ခြိမ်းခြောက်နိုင်ခြင်း လုံးဝမရှိပေ။
တစ်ဖက်လူက နောက်ခံကို မဖော်ပြလိုကတည်းက သူ့အနေနှင့် အဓိပ္ပာယ်မရှိသည့် စကားများကို ဆက်ပြောစရာ မလိုတော့ပေ။ ရွှီယန်က ဓားကိုထုတ်၏။
"မင်းတို့ကောင်တွေ.. မျက်နှာဖုံးအောက်မှာ ပုန်းအောင်းနေပြီး အခြားလူတွေကိုတောင် ကိုယ့်နာမည်ကို မပြောရဲဘူး။ အဲ့ဒါနဲ့များ ငါ့ကို အထွတ်အထိပ် စစ်ဘုရင်နဲ့ ခြိမ်းခြောက်ချင်သေးတယ်.."
"ဒီနေ့မှာ ငါမင်းတို့အားလုံးကို ဓားနဲ့ခုတ်ပိုင်းချမယ်.."
ဝတ်စုံနက်က ဒေါသတကြီး ဖြစ်သွား၏။ သူ၏လက်ထဲရှိ ဓားကောက်ကို လွှဲရမ်းလိုက်သည်။
"မင်းငါ့ကို ဘယ်လို သတ်မလဲဆိုတာ ငါကြည့်ချင်သေးတယ်.."
"ဘုန်း.."
ရွှီယန်နှင့် ဝတ်စုံနက်တို့ စတင်တိုက်ခိုက်သည်နှင့် မုန့်ချုံနှင့် မုန့်ရှူရှူတို့က ကျောက်ဂူဆီသို့ ရွေ့လျားသွားပြီးဖြစ်သည်။
ယခုအချိန်၌ သိုင်းသခင် ၆ယောက်တို့မှာ စိုးရိမ်ခြင်းအများကြီး မရှိသေးပါ။ ရန်သူနှစ်ယောက်ကို ၆ယောက်နှင့် ရင်ဆိုင်ရန်မှာ အားသာချက် အပြည့်အဝ ရှိသည်ဟု ယုံကြည်ထား၏။
"သူတို့ကိုသတ်.."
ဝတ်စုံနက်၆ယောက်တို့သည် ဓားကောက်များကို အသီးသီး ဆွဲကိုင်ပြီး ရှေ့သို့ ပြေးတက်ခဲ့ကြသည်။
မုန့်ရှူရှူက ခဏတာ ရပ်တန့်သွား၏။ ထို့နောက် အရှိန်ကို လျှော့လိုက်ပြီး မုန့်ချုံ၏ နောက်မှ လိုက်သည်။ သူ့အနေနှင့် မည်သည်ကိုမှ လုပ်ဆောင်စရာ မလိုပါ။
"ဘုန်း.."
ဆေဘာအလင်းက တောက်ပလာပြီး ကြီးစိုးလှသည့် ဆေဘာဆန္ဒက အရပ်မျက်နှာ အားလုံးတို့ဆီသို့ ဖြန့်ကျက်သွားသည်။
ဆေဘာတစ်ချက်က သွေးစက်များကို တစ်ကြိမ် လွင့်စင်စေ၏။