နောက်ဆုံးတိုက်ပွဲ ၁
Vol. 72 Ch. 713
လျင်မြန်မှုဟူသည် စစ်ပွဲတွင် အလွန်အရေးပါ၏။
သတ်ဖြတ်သူများ၏ လှုပ်ရှားမှုသည် ၎င်းတို့နာမည်အတိုင်း အမြဲလိုလို ကြမ်းတမ်းလှပေသည်။ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီဆိုကတည်းက သူတို့အနေနှင့် အချိန်မဖြုန်းလိုတော့။
တရက်ခန့်အနားယူပြီး နောက်တနေ့မနက်မှာပင် ၎င်းတို့ စတင်လှုပ်ရှားလာတော့သည်။
၎င်းတို့၏ ဖွဲ့စည်းပုံမှာကား အတော်ပင် သေသပ်သည်ဟု ဆိုနိုင်၏။ စစ်သား ၁၂၀၀၀သည် အလယ်ဗဟိုတွင် နေရာယူထားပြီး ၎င်းတို့သည် မီလျံအသိုက်၏ အဓိက အင်အားစုလည်း ဖြစ်သည်။ ကျန် စစ်သား၈၀၀၀၀မှာ အဖွဲ့ငယ်များအဖြစ် ပတ်ပတ်လည်တွင် နေရာယူပြီး အလယ်ဗဟိုအား ကာကွယ်ထားကြ၏။
အထက်ပါ ဖွဲ့စည်းပုံကြီး၏ ရှေ့ဆုံးကျကျနေရာတွင် အနူဘီ၏ ပလ္လင် ရှိသည်။ အနူဘီသည် ပလ္လင်တွင် ထိုင်လျက်ရှိ၏။ သူ့ညာဖက်လက်တွင် မူလအရိုးတောင်ဝှေးကို ကိုင်ထားပြီး ဘယ်ဖက်လက်တွင်တော့ အသက်ဓာတ်ဆေးမင် ရှိသည်။
တကယ်တော့ ၎င်းမှာ အနူဘီမဟုတ်။ လီဖန်းပင် ဖြစ်သည်။
သတ်ဖြတ်သူများသည် နောက်ဆုံးတွင် စုချန်း၏ အကြံအစည်ကို သဘောတူလိုက်ကြ၏။ ဆိုးဝါးသော အကြံအစည်များပင် အခြေအနေ မဆိုးသေးခင်ထိ ကောင်းသည်ဟု သတ်မှတ်နိုင်သည် မဟုတ်ပါလား။ စုချန်း၏ အစီအစဥ်က ဆိုးလွန်းသည်ဟုတော့ မဆိုသာ။
တဖက်မှ သားရဲများ၏ ဖွဲ့စည်းပုံမှာ ပို၍ပင် ရိုးရှင်းလှသည်။ အမျိုးမျိုးအဖုံဖုံသော နတ်ဆိုးသားရဲများသည် မြေပြင်တွင် ထိုင်ပြီး သတ်ဖြတ်သူများအား အေးစက်သည့် မျက်လုံးအစုံဖြင့် စိုက်ကြည့်နေကြ၏။ ၎င်းတို့သည် စစ်ဘက်ဖွဲ့စည်းပုံ၊ ချီတက်ပုံတို့ကို မသိ။ သို့သော် ၎င်းတို့တွင် ကြီးမားသော ကိုယ်ခန္ဓာ၊ ချွန်ထက်သော လက်သည်းတို့ ရှိနေ၏။ ပို၍အရေးကြီးသည်မှာကား ၎င်းတို့အားလုံး မူလစွမ်းအင်အား အသုံးချနိုင်ကြခြင်းပင်။
၎င်းတို့သည် ကမ္ဘာကြီး၏ စစ်မှန်သော အရှင်သခင်များ ဖြစ်ကြပြီး ဤကမ္ဘာကြီးအား နှစ်သိန်းပေါင်းများစွာ အုပ်ချုပ်နိုင်ခဲ့ကြသည် မဟုတ်ပါလား။ မည်သည့်မျိုးစိတ်မျိုး အသစ်ပေါ်ထွက်လာစေကာမူ သားရဲများကား ဤလောက၏ အင်အားအကောင်းဆုံး မျိုးစိတ် ဖြစ်နေကြဆဲပင်။
ဤရက်များတွင် သူတို့သည် ဧကရာဇ်နောက်မှလိုက်ကာ မြို့တော်များအား သိမ်းပိုက်ခဲ့ကြ၏။ ထိုအတွက် များပြားလှသော အစားအသောက်များအား သူတို့ ရရှိခဲ့သည်။ ၎င်းသည် သူတို့၏ သွေးဆာသော ဗီဇစိတ်အား နှိုးထစေခဲ့၏။ ထိုအခါ ၎င်းတို့သည် ပို၍ပင် သွေးဆာလာကြ၏။ ပို၍ပင် လောဘကြီးလာကြ၏။
နတ်ဆိုးဧကရာဇ်သားရဲအနေနှင့် အနီရောင်နှလုံးသားသည် သူ့သားရဲများ၏ သွေးဆာသော အပြုအမူများအား ဘယ်အချိန်တွင် တားဆီးရမည်ကို ကောင်းကောင်းသိပေသည်။ သို့သော် ဤတကြိမ်တွင်တော့ သူက သားရဲများအား ၎င်းတို့ ဆန္ဒရှိရာကို စိတ်တိုင်းကျပင် လုပ်ခွင့်ပြုထား၏။
အသက်ကို လေးကန်စွာ ရှုသွင်းရင်း နှစ်ဖက်လုံးသည် အပြန်အလှန် စိုက်ကြည့်နေကြ၏။
ပတ်ဝန်းကျင်လေထုသည်ပင် တင်းမာလာသကဲ့သို့ ထင်မှတ်ရသည်။
ထိုအခိုက်မှာပင် ကျယ်လောင်သော ကျွဲချိုသံ စတင်ထွက်ပေါ်လာ၏။
"တက်"
"တက်"
တဆက်တည်းမှာပင် ခေါင်းဆောင်အသီးသီး၏ အမိန့်သံ ပြိုင်တူထွက်ပေါ်လာပြီး သတ်ဖြတ်သူများ စတင်ချီတက်ကြတော့သည်။
ချီတက်မှုကြောင့် မြေပြင်သည် သိမ့်သိမ့်တုန်နေ၏။ မရေမတွက်နိုင်သော စစ်သားများ၏ လက်ထဲမှ လှံများ၊ ပုဆိန်များ၊ ဒိုင်းများသည် လေထဲတွင် ထိုးထိုးထောင်ထောင်နှင့် နံရံကြီးသဖွယ် ထင်မှတ်ရလေသည်။
တဖက်မှ သားရဲများကား ယခုတ်ိုင် ငြိမ်ငြိမ်သက်သက်ပင် ရှိနေ၏။
သတ်ဖြတ်သူများသည် သားရဲများနှင့် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။ ထိုအချိန်မှာပင် နောက်ထပ် ကျွဲချိုသံ ထွက်ပေါ်လာ၏။ ဤတကြိမ် ကျွဲချိုသံမှာကား တို၏။ မြန်ဆန်၏။
"တိုက်"
"တိုက်ကြဟေ့"
အော်ဟစ်ကြွေးကြော်သံများ၊ အမိန့်သံများ ပြိုင်တူပင် ထွက်ပေါ်လာပြန်သည်။ အဆိုပါ အော်သံများသည် ဆီကြော်အိုးအတွင်း မီးတုတ် ပစ်ချလိုက်သည့်ပမာ သတ်ဖြတ်သူများ၏ နှလုံးသားအတွင်း မီးများ ဟုန်းဟုန်းထသွားစေ၏။
ထို့နောက် ကနဦးကမှ ဖြေးဖြေးမှန်မှန် ချီတက်နေသော သတ်ဖြတ်သူစစ်တပ်သည် ရှေ့သို့ တဟုန်ထိုး ပြေးတက်လာတော့သည်။ သူတို့၏ အော်ဟစ်ကြွေးကြော်သံများသည် တောင်သုံးလုံးရဲတိုက်တခွင်လုံးအား တုန်ဟီးသွားစေ၏။
ထိုအချိန်မှာပင် သွေးကဲ့သော နီရဲသော နန်းဆောင်တခု လေပေါ်သို့ ပျံတက်လာလေသည်။ ၎င်းကို မြင်သည်နှင့် သားရဲများသည် ကောင်းကင်ကို မော့ကာ အော်ဟစ်လိုက်ကြပြီး ရှေ့သို့ တဟုန်ထိုး ပြေးတက်လိုက်ကြလေသည်။
တပ်ကြီးနှစ်တပ် ဆုံစည်းမိချိန်ဝယ် အုန်းခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မြေပြင်မှာ သွေးချောင်းစီးကုန်၏။ စက္ကန့့်ပ်ိုင်းအတွင်း အသက်ပေါင်းမြောက်များစွာ သေဆုံးကုန်မည်မှာ ယုံမှားသံသယဖြစ်နေစရာမလိုတော့ချေ။
ထိုအခိုက်အတန့်ဝယ် အားကောင်းသော သက်ရှိပုံစံဟူသော စကားရပ်မှာ ရယ်ဖွယ်ရာပင် ကောင်းနေသေး၏။ သင့်အနေနှင့် မည်မျှပင် အင်အားကြီးမားနေစေကာမူ ရန်သူပေါင်းသိန်းချီနှင့် ရင်ဆိုင်ရသောအခါ ထိုခွန်အားမှာ ဘာမှမဟုတ်တော့ချေ။
နေရာအနှံ့တွင် ပေါက်ကွဲသံများ ထွက်ပေါ်နေ၏။ နှစ်ဖက်လုံးသည် မီးကုန်ယမ်းကုန်ပင် တိုက်ခိုက်နေကြလေရာ ရှေ့တန်းလိုင်းတလျှောက်တွင် မူလစွမ်းအင်များဖြင့်သာ ပြည့်နှက်နေတော့သည်။
တကယ်တော့ ထိုအခြေအနေမျိုးတွင် ပတ်ဝန်းကျင်မှ မူလစွမ်းအင်များအား စုပ်ယူအသုံးပြရသည့် စွမ်းရည်သည် ကန့်သတ်ချက်များ များစွာ ဖြစ်ပေါ်လာတတ်၏။
မူလစွမ်းအင်ဟူသည်မှာ လေနှင့်မတူချေ။ နေရာတိုင်းတွင် ရှိနေသည့်တိုင် အများအပြား ထုတ်ယူအသုံးပြုရန်တော့ ကန့်သတ်ချက်ရှိနေ၏။ ဤအခြေအနေတွင် သက်ရှိတိုင်းလိုလိုသည် မူလစွမ်းအင်များအား စုပ်ယူအသုံးပြုနေကြလေရာ လေထဲမှ စွမ်းအင်များ ပါးလျားကုန်ပြီး မူလစွမ်းရည်များ ဖော်ထုတ်ရာတွင်လည်း သက်ရောက်မှုများ ဖြစ်ပေါ်လာတော့သည်။
ထို့ကြောင့် ဤတိုက်ပွဲမျိုးနှင့် ကြုံရသောအခါ ချီစွမ်းအားပညာရှင်တိုင်းသည် မိမိ၏ အင်အားအလုံးစုံကို မည်သို့ ဖော်ထုတ်ရမည်ကို ဂဃနဏ သိရှိထားရန် လိုအပ်၏။
အချုပ်အားဖြင့်ဆိုရသော် အဆိုပါ တိုက်ပွဲကြီးမျိုးတွင် မူလစွမ်းအင်အတက်အကျမှာ မြန်ဆန်လွန်း၍ တိုက်ပွဲဝင်နေသူချီစွမ်းအားပညာရှင်သည် အဆိုပါ မူလစွမ်းအင်အတက်အကျကို အတိအကျ တွက်ချက်နိုင်မှသာလျင် ၎င်း၏ မူလစွမ်းရည်ကို အင်ပြည့်အားပြည့် ဖော်ထုတ်နိုင်မည် ဖြစ်သည်။ သို့မှမဟုတ်ပါက အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်၏ မူလစွမ်းရည်သည်ပင်လျင် အားပျော့သွားတတ်၏။
စုချန်းသည် ခပ်လှမ်းလှမ်းမှနေ၍ တိုက်ပွဲတွင်း ဖြစ်ပျက်နေသမျှ အရာရာတိုင်းကို ဂရုတစိုက်နှင့် အကဲခတ်နေ၏။ သူသည် ကောင်းကင်ဘုံလက်သီးတပ်ရင်းနှင့် တိုက်ပွဲဝင်ဖူးသော်လည်း အဆိုပါ တိုက်ပွဲများသည် စနစ်တကျ စီစဥ်ထားသော တိုက်ပွဲများသာ ဖြစ်၍ ယခုကြုံနေရသော တိုက်ပွဲမျိုးမဟုတ်။ ဆိုလိုသည်မှာ ဤမျှ စွမ်းအင်အတက်အကျ မြန်ဆန်လွန်းသော အခြေအနေမျိုးကို စုချန်း မကြုံဖူး။
ယခု စုချန်း မြင်တွေ့နေရသည့် မူလစွမ်းအင်ကစဥ်းကလျားဖြစ်မှုသည် ကောင်းကင်ဘုံလက်သီးတပ်ရင်း မိုးသောက်ပန်းမြို့အား ဝင်ရောက်တိုက်ခိုက်စဥ်ကထက် ဆယ်ဆခန့်ပင် မြင့်မားနေ၏။
မူလစွမ်းအင်သာ ဤမျှ အတက်အကျ မြန်ဆန်နေပါက ဧကရာဇ်နယ်ပယ်အဆင့် ကျင့်ကြံသူများပင် သက်ရောက်ခြင်းခံရမည်မှာ မုချပင်။ ဤအတိုင်းဆိုလျင် နှစ်ဖက်လုံး သွေးရဲရဲသံရဲရဲနှင့် တိုက်ခိုက်နေရသည်မှာ သိပ်တော့မဆန်းလှဟု ဆိုရပေလိမ့်မည်။
သို့သော် မူလစွမ်းအင်အတက်အကျဖြစ်နေခြင်း၏ စည်းချက်ကိုသာ ဖမ်းဆုတ်နိုင်ပါက တစုံတရာ အကျိုးမထူးနိုင်ပေလော။ ထိုအကြောင်းကို တွေးမိသည်နှင့် စုချန်း စိတ်လှုပ်ရှားလာ၏။
အမှန်တော့ မူလစွမ်းအင်အတက်အကျသည် စက္ကန့်နှင့်အမျှ ပြောင်းလဲနေခြင်းဖြစ်ပြီး မည်သည့်ပုံစံမျှ မရှိချေ။ ပုံစံတခု ရှိသည်ဆိုပါကလည်း မြန်ဆန်လွန်း၍ ၎င်းကို ဖမ်းဆုပ်မိရန် မလွယ်လှ။
သို့သော် ထိုအခက်အခဲကို စုချန်း စိတ်မပူ။ အကြောင်းမှာ သူ့တွင် အလွန်ကြောက်စရာကောင်းသည့် တွက်ချက်မှုစွမ်းရည်ကို ပိုင်ဆိုင်ထားသည့့်အပြင် မူလစွမ်းအင်ကို မြင်နိုင်သည့် ပရမတ်အမြင်အာရုံပါ ရှိနေသည် မဟုတ်ပါလား။
၎င်းကို တွေးမိသည်နှင့် စုချန်း ချက်ချင်းပင် စတင်လှုပ်ရှားမိတော့သည်။
ထိုအခါ သူက ဘလက်ချ်အား လှည့်မေးလိုက်၏။
"ဘလက်ချ် စစ်သားတွေ အဆင်သင့်ဖြစ်ပြီလား"
ဘလက်ချ် အံ့သြသွား၏။
"ကျုပ်တို့ ဝင်တိုက်တော့မလို့လား"
ဘလက်ချ် အံ့သြသွားသည်မှာလည်း သိပ်တော့မဆန်း။ အနူဘီ၏ နေရာချထားပုံအရ လက်ရှိတွင် စုချန်းခေါင်းဆောင်သည့် တပ်ဖွဲ့အနေနှင့် ဝင်ရောက်တိုက်ခိုက်ရန် မလိုသေးချေ။
သို့သော် စုချန်းကား သူ့စိတ်ကူးကို လက်တွေ့စမ်းသပ်ရန် စိတ်လောနေပြီ ဖြစ်သည်။ သုတေသီဟူသည်မှာ ထူးထူးခြားခြားစိတ်ကူးတခုရပါက လက်တွေ့စမ်းသပ်ကြည့်ရန် စိတ်လောတတ်သည် မဟုတ်ပါလား။
စုချန်း၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် ဂွာနာတပ်ဖွဲ့သည် စတင်လှုပ်ရှားလာ၏။
၎င်းကို တိုက်ပွဲတခုလုံးကို ကြီးကြပ်သယောင်ပြုနေသော အနူဘီကလည်း ကောင်းကောင်းပင် မြင်လိုက်ရသည်ည်။
အနူဘီ ဟက်ခနဲ ရယ်မောလိုက်၏။
"တွေ့လား လွန်တူးတို့တပ်ဖွဲ့ စလှုပ်ရှားနေပြီ ဒီကောင် တကယ်သတ္တိရှိတဲ့ ကောင်လေးပဲ ဟုတ်တယ်မလား"
"သူ လှုပ်ရှားတာ အချိန်စောနေတယ် အရှင်မင်းကြီး"
ဂူချာက ပြန်ဖြေလိုက်သည်။
"အိုး ဒီတော့ ဘာဖြစ်သလဲ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ သားရဲတွေ ရှုံးမှာပဲလေကွာ ပြီးတော့ ကျုပ်တို့မျိုးစိတ်ဝင်တွေဆိုတာ စောင့်ရတာကို စိတ်မရှည်တတ်ကြဘူးကွ ဒီကောင် တကယ့်သတ်ဖြတ်သူအစစ်ပဲ ဟုတ်တယ်မလား"
အနူဘီ အားရပါးရ ရယ်မောရင်း ပြောလိုက်ပြန်သည်။
"မှန်ပါတယ် အရှင်မင်းကြီး"
ဂူချာ ထောက်ခံလိုက်၏။
အမှန်တကယ်လည်း စုချန်း၏လုပ်ရပ်ကို မှားသည်ဟု ဂူချာ မတွေးမိ။ တိုက်ပွဲဟူသည် အချိန်နှင့်အမျှ ပြောင်းလဲနေတတ်သည် မဟုတ်ပါလား။ ပေးရမည့် တန်ရာတန်ကြေးကတော့ ပေးဆပ်ရမည်သာ။
တဖက်မှ အနီရောင်နှလုံးသားသည်လည်း သူ နိုင်လိမ့်မည်ဟု လုံးဝတွေးမထား။ သူ စိတ်ဝင်စားသည်မှာ ရတနာများအား ပြန်ယူရန်သာပင်။
***