← Chapters

နောက်ဆုံးတိုက်ပွဲ ၂

Vol. 72 Ch. 714

နောက်ဆုံးတိုက်ပွဲ ၂

Vol. 72 Ch. 714

တိုက်!!!

စုချန်း၏ အမိန့်သံအောက်ဝယ် ငါးထောင်သောစစ်သားအုပ်သည် သားရဲအုပ်ကြီးအား ဝင်ဆောင့်တော့၏။ စုချန်းကား တိုက်စစ်၏ မြားဦးမှနေ၍ လိုက်ပါလေသည်။

သတ်ဖြတ်သူနှင့် သားရဲများအကြား တိုက်ပွဲများသည် ဗျူဟာသိပ်မပါပဲ အမြဲတစေ ရိုးရှင်းနေလေ့ရှိသည်။ သို့သော် ရိုးရှင်းတိုင်း လွယ်ကူသည်တော့ မဟုတ်ချေ။ ရိုးစင်းသော တိုက်ပွဲများသည် ပို၍ ကြမ်းတမ်းပြီး အရိုင်းဆန်တတ်သည် မဟုတ်ပါလား။

ရန်သူသားရဲများသည် တဖြည်းဖြည်း နီးကပ်လာ၏။ လက်လှမ်းမီသော အကွာအဝေးသို့ ရောက်သည်နှင့် စုချန်းက လက်တဖက်ကို လှုပ်ရှားလိုက်လေရာ ကန်တော့ကဲ့သို့သော မီးတောက်များ ရှေ့သို့ တိုးထွက်လာလေသည်။

အဆိုပါ မီးလျံများသည် မီးလျံငှက်၏ ပုံစံကွဲတမျိုးပင် ဖြစ်သည်။ မူလစွမ်းအင်ကို အသုံးပြုသည့်တိုင် သတ်ဖြတ်သူများ၏ တိုက်ခိုက်ပုံမှာ လွန်စွာရိုးရှင်းလေရာ စုချန်းအနေနှင့် တခြားသူများ မရိပ်မိစေရန် မီးလျံငှက်အား ကန်တော့ပုံသဏ္ဍာန်မီးလျံများအဖြစ် ပုံစံပြောင်းထားလိုက်ခြင်းပင်။

စုချန်း၏ မီးလျံများသည် မီးလျံငှက်ထက် အနည်းငယ်မျှ အားနည်းခြင်းမရှိ။ သို့သော် ၎င်းသည် မလှုပ်ရှားနိုင်သလို ရန်သူများနောက်သို့လည်း လိုက်လံတိုက်ခိုက်နိုင်စွမ်း မရှိပေ။ သို့သော် လက်ရှိ တိုက်ပွဲမျိုးတွင် အထက်ပါနှစ်ချက်မှာ သိပ်အရေးမပါလှ။

မီးလျံများနှင့် တိုက်ခိုက်ခြင်းခံရသည့် ရှေ့ဆုံးတန်းရှိ သားရဲများမှာ မီးလောင်ကျွမ်းကုန်ပြီး နာကျင်စွာ အော်ဟစ်ကြလေသည်။

မီးလျံအမျိုးအစားမူလစွမ်းအင်က်ို စုပ်ယူထားသည့်အပြင် အလင်းတုန်ခါခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့၍ စုချန်း၏ မီးလျံငှက်မှာ ကြောက်စရာကောင်းလောက်အောင် အင်အားကြီးမားနေခဲ့ပြီ ဖြစ်သည်။ သို့တိုင်အောင် သားရဲများမှာ ဒဏ်ရာရရုံမျှသာ ရကြ၏။ တကောင်မှ မသေချေ။ ၎င်းမှာ စုချန်း၏ တိုက်ခိုက်မှုက အားပျော့၍မဟုတ်။ မူလစွမ်းအင်မတည်ငြိမ်မှုကြောင့် မီးလျံငှက်၏ စွမ်းရည် လျော့ကျသွားခြင်းကြောင့်သာ ဖြစ်သည်။

သို့သော် သားရဲများ သေသည်ရှင်သည်ကို စုချန်း ဂရုမစိုက်။ သူ၏ အဓိကရည်ရွယ်ချက်မှာ သူ့စိတ်ကူးမှန်မမှန် စမ်းသပ်ရန်ပင် မဟုတ်ပါလား။

နာနာကျင်ကျင် အော်ဟစ်သံများသည် ကျန်သားရဲများကိုပါ ဆွဲဆောင်နိုင်လိုက်ပုံရသည်။ ထောင်ချီသော သားရဲများသည် စုချန်းရှိရာသို့ တဟုန်ထိုး ပြေးဝင်လာကြ၏။

စုချန်း သူ့အမြန်နှုန်းကို အတတ်န်ိုင်ဆုံး လျော့ချလိုက်၏။ ထိုအခိုက်မှာပင် သူ့ဘယ်ညာရှိ စစ်သားများသည် ရှေ့သို့ထွက်လာပြီး သားရဲအုပ်ကြီးကို ရဲဝံ့စွာ ရင်ဆိုင်လိုက်ကြလေသည်။

သတ်ဖြတ်သူများသည် ပင်ကိုယ်ကတည်းက ရဲရင့်သူများ ဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့သည် သူတို့အိမ်ယာများအား ဖျက်ဆီးထားသော သားရဲများကို လွန်စွာ မုန်းတီးနေကြ၏။ ထိုအခါ ၎င်းတို့အနေနှင့် သားရဲများနှင့် ရင်ဆိုင်ရာတွင် အနည်းငယ်မှ အကြောက်အလန့်မရှိတော့။ အမုန်းတရားများသည် ၎င်းတို့၏ သွေးပြန်ကြောများတွင် တဟုန်ထိုး စီးဆင်းနေသကဲ့သို့ ရှိလေ၏။

သို့သော် ထိုအထဲတွင် စုချန်းမပါ။ တိုက်ပွဲအတွင်း ကိုယ်တိုင်ကိုယ်ကျ ဝင်တိုက်ခဲ့သော်လည်း စုချန်း၏ စိတ်သည် အေးဆေးတည်ငြိမ်နေ၏။ သူ့သွေးများမှာလည်း ရေခဲတုံးသဖွယ် အေးစက်လျက်ရှိသည်။

ပြင်းထန်ကြမ်းတမ်းလှသော တိုက်ပွဲအလယ်တွင် စိတ်ကိုတည်ငြိမ်အောင် ထိန်းထားရန်မှာ လွယ်ကူသော လုပ်ရပ်မဟုတ်။ သို့သော် စုချန်းကတော့ လုပ်နိုင်၏။

သူသည် စိတ်ဝိညာဥ်စွမ်းအင်နှင့် တွက်ချက်မှုစွမ်းရည်ကို အမြင့်ဆုံးအခြေအနေထိ နှိုးဆွထားလိုက်၏။ ထိုအခါ သူ့ပတ်ပတ်လည်ရှိ အရာရာတိုင်းသည် သတင်းအချက်အလက်များသဖွယ် အာရုံတွင် ထင်ဟပ်လာတော့သည်။

ဘယ်ဖက် ပေ၃၀၀အကွာတွင် သတ်ဖြတ်သူစစ်သားသုံးယောက်သည် နတ်ဆိုးသားရဲတကောင်နှင့် ရင်ဆိုင်နေရ၏။ ညာဖက်တွင်တော့ သတ်ဖြတ်သူစစ်သားငါးယောက်သည် နတ်ဆိုးသားရဲနှစ်ကောင်နှင့် တိုက်ခိုက်နေကြလေသည်။ သံအမောက်သိမ်းငှက်တကောင် တိုက်ခိုက်ရန်ဟန်ပြင်နေသည်ကို ၎င်းတို့ သတိမမူမိ။ထိုအခိုက်မှာပင် သူတို့ရှေ့မှ အနက်ရောင်ကြံ့ကြီးက မူလစွမ်းရည်တခုကို ထုတ်သုံးလိုက်လေသည်။

အုန်းခနဲမြည်သံနှင့်အတူ သတ်ဖြတ်သူစစ်သားဆယ်ယောက်ကျော်ခန့် လွင့်စင်သွား၏။

စုချန်းသည် ပရမတ်အမြင်အာရုံက်ို အမြင့်ဆုံးအနေအထားထိ နှိုးဆွကာ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသမျှ အရာတိုင်းကို ဂရုတစိုက်နှင့် လေ့လာကြည့်ရှုလျက် ရှိသည်။ ထိုအခါ သူသည် ကမ္ဘာလောကကြီးပေါ်မှ ဖြစ်တည်မှုတိုင်းကို ကွဲပြားခြားနားသော ပုံစံတမျိုးနှင့် မြင်တွေ့လာတော့၏။

သူ့အမြင်တွင် သက်ရှိများ၏ ပုံရိပ်ဟူ၍ မရှိတော့။ ကိုယ်တွင်းခန္ဓာကလီစာများနေရာတွင် အမျိုးမျိုးသော စွမ်းအင်အစုအဝေးများ အစားထိုးဝင်ရောက်လာ၏။ အမျိုးမျိုးသော အရောင်များသည် ကွဲပြားခြားနားသော စွမ်းအင်များကို ကိုယ်စားပြုနေ၏။ အရောင်အထူအပါးသည် ထိုစွမ်းအင်အသီးသီး၏ သိပ်သည်းဆကို ဖော်ကျူးနေ၏။တသမတ်တည်းလှည့်ပတ်နေသော အရောင်များသည် စွမ်းအင်စီးဆင်းမှုနှင့် မူလစွမ်းရည်များကို ဖော်ညွှန်းနေလေသည်။

ထိုအခါ စုချန်း၏ အမြင်အာရုံတွင် ကမ္ဘာကြီးသည် ယခင်ကမ္ဘာကြီးနှင့် မတူတော့။ အရောင်အသွေးစုံစုံလင်လင်နှင့် ထူးဆန်းသော ဖြစ်တည်မှုကြီးတခုအဖြစ်သာ မြင်နေရတော့သည်။

ဤကမ္ဘာမျိုးသို့ ရုတ်ချည်းရောက်လာသည်ဆိုပါက စုချန်းအနေနှင့် ဘာလုပ်လို့ဘာကိုင်ရမည်မှန်းပင် သိလိမ့်မည်မဟုတ်။ သို့သော် စုချန်း၏ လက်ရှိအခြေအနေက ထိုသို့်မဟုတ်။ ဤကမ္ဘာမျိုးကို မြင်တွေ့ခွင့်ရရန် စုချန်းသည် ရှည်လျားလှသော ခရီးရှည်ကြီးကို ဖြတ်သန်းခဲ့ရ၏။

စုချန်း စိုက်ပျိုးခဲ့သော မျိုးစေ့များသည် အပွင့်အခက်ဝေဝေဆာဆာနှင့် ပွင့်လန်းနေခဲ့လေပြီ။ သူ့အနေနှင့် ဤကမ္ဘာမျိုးတွင် လိုက်လျောညီထွေဖြစ်အောင် နေထိုင်သွားရန်သာ လိုတော့သည်။ စိုက်ပျိုးခဲ့သည့် အပင်များမှ သစ်သီးများအား ခူးဆွတ်ရမည့် အချိန် ဆိုက်ရောက်လာပြီ မဟုတ်ပါလား။

ထိုအခိုက်အတန့်တွင် အမျိုးမျိုးသော အရောင်များသည် လှည့်ပတ်နေ၏။ ပုံစံပြောင်းလဲနေ၏။ ပွတ်တိုက်နေကြ၏။ အရောင်များ ပူးပေါင်းသွားပြီး အရောင်သစ်များ ဖြစ်ပေါ်လာနေ၏။ ၎င်းကို စုချန်းတယောက် ကွဲကွဲပြားပြားပင် မြင်တွေ့နေရလေသည်။

တိမ်ထုကဲ့သို့သော အရောင်များသည် မျက်စေ့တမှိတ်အတွင်းမှာပင် တဖန်ပြန်လည်ပေါ်ပေါက်လာကြ၏။ ထို့နောက် ချက်ချင်းပင် ပျောက်ကွယ်သွားကြပြန်၏။ တခါတရံတွင် အရောင်များ ပွတ်တိုက်ပြီး လေထဲတွင် ပေါက်ကွဲမှုများ ပေါ်ပေါက်လာတတ်လေသည်။

မူလစွမ်းရည်တိုင်းသည် စွမ်းအင်များကို ထုတ်လွှတ်ကြရ၏။ အရောင်အားဖြင့်ဆိုသော် ၎င်းတို့သည် ဒွေးရောယှက်တင် ဖြစ်နေကြလေသည်။

စုချန်းကား ကမ္ဘာလောကကြီးကို ပရမတ်နယ်ပယ်ထိ နားလည်သွားသည့် သဘောပင်။

သို့သော် ၎င်းကို ထိန်းချုပ်လိုပါက ၎င်းတို့ မည်သို့မည်ပုံ အလုပ်လုပ်နေမှန်း စုချန်း နားလည်သဘောပေါက်ရန် လိုအပ်နေပေသေးသည်။

ထိုအခိုက်မှာပင် အနီရောင်နှင့် လိမ္မော်ရောင် ပေါင်းစပ်ထားသော ရောင်စဥ်လှိုင်းတခုကို စုချန်း လှမ်းမြင်လိုက်၏။

အနီရောင်မှာ မီးလျံစွမ်းအင်က်ို ကိုယ်စားပြု၍ လိမ္မော်ရောင်မှာ အသက်စွမ်းအင်က်ို ကိုယ်စားပြုနေပေသည်။

တကယ်တော့ စုချန်း မြင်တွေ့နေရသည်မှာည်မှာ ဆေးမင်ထိုးစစ်သည်တော်တဦးနှင့် မီးလျံကင်းလိပ်ချောတကောင်တို့၏ တိုက်ပွဲပင် ဖြစ်သည်။ ကင်းလိပ်ချောအား တိုက်ခိုက်လိုက်တိုင်း ဆေးမင်ထ်ိုးစစ်သည်၏ ဆေးမင်များမှာ လိမ္မောရောင်အလင်းတန်းများ တောက်ပလာ၏။ တိုက်ခိုက်နေသူအသီးသီးသည် သက်ဆိုင်ရာမျိုးစိတ်အသီးသီးမှ အဆင့်နိမ့်သူများ ဖြစ်နေ၍ ၎င်းတို့တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော ရောင်စဥ်တန်းမှာ အထူးပင် ရိုးရှင်းနေခြင်း ဖြစ်သည်။

ဤဧရိယာအတွင်းရှိ စွမ်းအင်ထုကြီးသည် အားကောင်းစွာဖြင့် ကွဲထွက်နေ၏။ ဖြာထွက်နေ၏။ ဤဧရိယာအတွင်း ဝင်ရောက်လာသမျှ စွမ်းအင်တိုင်းသည် ထိုသက်ရောက်မှုကို ခံရလေသည်။

မည်သည့်သက်ရောက်မှု ရှိစေကာမူ ထိုစွမ်းအင်ထုသည် အားနည်းသွားခြင်းတော့ မရှိ။

နောက်ဆုံးတွင်တော့ စွမ်းအင်လမ်းကြောင်းသည် အရာအားလုံး၏ သော့ချက်ဖြစ်ကြောင်း စုချန်း မြန်မြန်ဆန်ဆန်ပင် ရှာဖွေတွေ့ရှိသွားလေသည်။

"လက်စသတ်တော့ ဒီလိုကိုး တခါတလေမှာ အမှန်ရားဆိုတာ ကြောက်စရာကောင်းလောက်အောင် ရိုးရှင်းနေတာပါကလား"

စုချန်း ယဲ့ယဲ့မျှပြုံးရင်း အထက်ပါအတိုင်း ရေရွတ်လိုက်မိ၏။

ဤတိုက်ပွဲမျိုးတွင် မူလစွမ်းရည်များ အားပျော့သွားရခြင်းမှာ ကစဥ့်ကလျားစီးဆင်နေသော စွမ်းအင်ထုကြီးက ၎င်းမူလစွမ်းရည်၏ စွမ်းအင်လမ်းကြောင်းအား ကွဲထွက်ရွေ့လျားသွားစေသွားကြောင့်ပင်။ သို့သော် စွမ်းအင်များ မည်မျှပင် ကစဥ့်ကလျားနှင့် စီးဆင်းနေစေကာမူ ၎င်းတို့ အခိုက်အတန့်တခုတွင် ပေါင်းဆုံမိသည့်မျိုးတော့ ရှိနေ၏။ ၎င်းအခိုက်အတန့်ကို အသုံးချနိုင်ပါက မူလစွမ်းရည်၏ အင်အားသည် ဆထက်တံပိုး မြင့်မားလာနိုင်စရာ အကြောင်းတရား ရှိနေပေသည်။

ထိုသို့ပြုလုပ်ရန်မှာ လွယ်တော့မလွယ်။ သို့သော် ကြိုးစားကြည့်ရမည် မဟုတ်ပါလား။

ထိုအခါ စုချန်းက သူ့မူလအမြင်အာရုံကို ပြန်ပြောင်းလိုက်၏။ သို့သော် သူ့အမြင်တွင် တိုက်ပွဲမြင်ကွင်းသည် တနည်းတဖုံ ဆန်းကြယ်နေလေသည်။ မြင်ကွင်း၏ အလယ်တွင် ခပ်မှိန်မှိန်အလင်းတန်းတချို့ တဖြတ်ဖြတ် တောက်ပလာကြောင်း စုချန်း မြင်တွေ့နေရ၏။

အဆိုပါ အလင်းတန်းများသည် အရောင်အသွေးစုံလင်စွာ တောက်ပနေ၏။ အရောင်တခုစီတိုင်းသည် မူလစွမ်းရည်တခုစီတိုင်းကို ကိုယ်စားပြုနေလေသည်။

ထိုအခိုက်မှာပင် အပြာရောင်မီးလျံတချို့ စုချန်းဆီသို့ တိုးဝင်လာ၏။ ထိုအခါ စုချန်းက ချက်ချင်းပင် လက်တဖက်ကိုဝေ့ယမ်းလိုက်ရာ သူလက်ကောက်ဝတ်တွင် ဆေးမင်တချို့ပေါ်ပေါက်လာပြီး အရောင်များ တောက်ပလာလေသည်။ တကယ်တော့ ၎င်းမှာ သတ်ဖြတ်သူဆေးမင်အစစ်မဟုတ်။ မူလစွမ်းအင်လျပ်ကူးကိရိယာသာ ဖြစ်သည်။

စုချန်း လက်တဖက်ဝေ့ယမ်းလိုက်သည်နှင့် အပြာရောင်မီးလျံများသည် မီးကင်ခံလိုက်ရသည့် ကြက်ကလေးတကောင်ပမာ တွန့်လိမ်ပျောက်ကွယ်သွားတော့၏။

စွမ်းအင်တိုင်းသည် လွန်စွာ ကစဥ်ကလျားးနိုင်လှပေရာ စုချန်းအနေနှင့် ၎င်းတို့ကို ဖမ်းမိရန် အတော်ပင် ခက်နေ၏။ သို့သော် စွမ်းအင်တိုင်းတွင် ပုံစံတခုရှိနေကြောင်း စုချန်း သတိထားမိလာပြီး ၎င်းတို့၏ သွားရာလမ်းကြောင်းများကို သူ တွက်ချက်နိုင်စွမ်းရှိလာ၏။

၎င်းမှာ ကျေနပ်လောက်စရာ အနေအထားတရပ် ဖြစ်သည်။ သို့သော် စုချန်းကတော့ မကျေနပ်နိုင်သေး။

တချီတွင်တော့ ထိပ်တန်းအဆင့် နတ်ဆိုးသားရဲတကောင်သည် ပြေးဝင်လာပြီး ၎င်း၏ ပါးစပ်အတွင်းမှ အားကောင်းသော လေစီးကြောင်းတခုကို မှုတ်ထုတ်လိုက်၏။ ၎င်းလေစီးကြောင်းမှာ စုချန်းကို ရည်ရွယ်ခြင်းတော့မဟုတ်။ သတ်ဖြတ်သူစစ်သားအုပ်စုကိုသာ ရည်ရွယ်ခြင်း ဖြစ်သည်။

၎င်းကို မြင်သည်နှင့် စုချန်းသည် ပြိုင်တူပင် လှုပ်ရှားလိုက်၏။ စုချန်း၏ လက်သီးချက်မှာ အတိတ်တွင် သုံးခဲ့ဖူးသည့် သာမာန်လက်သီးချက်မျိုးဟုသာ ထင်စရာရှိသည်။ သို့သော် အနှီလက်သီးချက်၏ နောက်ကွယ်တွင် မူလစွမ်းအင်ကို ထိန်းချုပ်နိုင်ခြင်း၊ နားလည်သဘောပေါက်ခြင်းစသော သဘောတရားများ ပါဝင်နေ၏။ စုချန်း၏ လက်သီးချက်ထွက်ပေါ်လာသည်နှင့် လေစီးကြောင်းသည် ရုတ်ချည်းပင် လမ်းကြောင်းပြောင်းပြီး အနီးရှိ သားရဲများအား သွားရောက်ထိမှန်တော့သည်။

"မလုံလောက်သေးဘူး"

စုချန်း အားမလိုအားမရနှင့် တီးတိုးရေရွတ်လိုက်၏။

သူလိုချင်သည်မှာ ရှုပ်ရှက်ခတ်နေသော စစ်မြေပြင်တွင် သူ့ခွန်အားကို ထိန်းသိမ်းထားနိုင်သော စွမ်းရည်ပင် မဟုတ်ပါလား။ ထို့ကြောင့် သူ့အနေနှင့် ထပ်မံ အားထုတ်ရပေအုံးမည်။

တိုက်ပွဲမှာ ပို၍ ပြင်းထန်လာခဲ့ပြီ ဖြစ်သည်။

သို့သော် စုချန်းသည် သူ့ခြံဝင်းထဲတွင် လေညှင်းခံနေသည့်ပမာ သားရဲများအလယ်တွင် အေးအေးလူလူပင် လမ်းလျှောက်နေ၏။ အံ့သြစရာကောင်းသည်မှာ သားရဲပေါင်းများစွာ ဝိုင်းဝန်းတိုက်ခိုက်နေကြသော်လည်း စုချန်းကား အနည်းငယ်မှ ဒဏ်ရာမရသေးခြင်းပင်။

တဖြည်းဖြည်းနှင့် စုချန်း၏ ခြေလှမ်းများမှာ ပို၍ပင် မြန်ဆန်လာ၏။ သိပ်မကြာမီ သားရဲအုပ်ကြီး၏ အလယ်ဗဟိုသို့ စုချန်း ရောက်ရှိလာလေသည်။

မရေမတွက်နိုင်သော နတ်ဆိုးသားရဲများ စုချန်းဆီသို့ ပြေးဝင်လာကြလေပြီ။

"ကဲ နည်းနည်းကြိုးစားကြည့်တာပေါ့ကွာ"

အထက်ပါအတိုင်း ရေရွတ်ပြီးသည်နှင့် စုချန်းသည် လက်တဖက်ကို ရှေ့သို့ဆန့်ထုတ်ပြီး လက်ငါးချောင်းကို တဖြတ်ဖြတ် လှုပ်ရှားလိုက်၏။ ထိုအခါ သူ့ပတ်ပတ်လည်ရှိ မူလစွမ်းရည်များ၊ စွမ်းအင်စီးကြောင်းများသည် ဝဲဂယက်တခုသဖွယ် ဖြစ်ပေါ်လာတော့သည်။ မည်သည့်မူလစွမ်းရည်မဆို ဤမျှ ကစဥ့်ကလျားးနိုင်သော စွမ်းအင်စီးကြောင်းမျိုးနှင့် ထိတွေ့ပါက အားနည်းသွားလိမ့်မည်သာ။

သို့သော် စုချန်း၏ တိုက်ခိုက်မှုမှာကား အနည်းငယ်မှ အားပျော့ခြင်းမရှိ။ သူ စတင်တိုက်ခိုက်လိုက်သည်နှင့် အလင်းမုန်တိုင်းကြီးတခုသည် အလယ်ဗဟိုမှနေ၍ အပြင်ဘက်သို့ ပြန်ကားသွားသကဲ့သို့ မြင်တွေ့လိုက်ရသည်။

ထို့နောက် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး အားကောင်းလှသည့် လျပ်စစ်လှိုင်းကြီးသည် ပေ၁၀၀ပတ်ချာလည်ဧရိယာအတွင်းရှိ အရာအားလုံးအား ဖျက်ဆီးပစ်လိုက်တော့သည်။ ပေါက်ကွဲမှုပြီးနောက် ထွက်ပေါ်လာသော အလင်းတန်းများသည် မရေမတွက်နိုင်သော ငွေရောင်မြွေများ လေထဲတွင် ကခုန်နေသကဲ့သို့ တဖြတ်ဖြတ် လင်းလက်နေကြ၏။

မိုးကြိုးဝိညာဥ်၏ သားစဥ်မြေးဆက်တဦး တိုက်ခိုက်လိုက်သည်နှင့်ပင် နှိုင်းယှဥ်နိုင်သော အနှီတိုက်ခိုက်မှု၏ လက်သည်မှာ စုချန်းမှန်း မည်သူမှ သတိမထားမိလိုက်ချေ။

***

All Chapters