← Chapters

နောက်ဆုံးတိုက်ပွဲ ၃

Vol. 72 Ch. 715

နောက်ဆုံးတိုက်ပွဲ ၃

Vol. 72 Ch. 715

စုချန်းသည် သူ ဖန်တီးလိုက်မိသည့် တိုက်ခိုက်မှုပုံစံသစ်ကို ဆက်လက်လေ့လာရင်း တိုက်ပွဲစည်းဝိုင်းအတွင်း လှည့်လည်သွားလာနေ၏။

သိပ်မကြာမီ များပြားလှသော တွက်ချက်မှုများအား ထိမ်းသိမ်းထားရန် ခက်ခဲလှကြောင်း သူ တွေ့ရှိလာတော့၏။

အချိန်အတော်ကြာအောင် တွက်ချက်နေရသည့်အတွက် လက်ရှိ သူ့စိတ်ဝိညာဥ်အဆင့်အတန်းနှင့်ပင် မောပန်းသလို ခံစားလာရကြောင်း စုချန်း သတိထားမိသည် မဟုတ်ပါလား။ သူ မည်မျှ အားစိုက်ထုတ်နေရကြောင်း သိသာနေ၏။

"အပြင်ကမ္ဘာမှာ တွက်ချက်မှုလေးတချို့ လုပ်ဖို့အတွက်တောင် စိတ်ဝိညာဥ်စွမ်းအား အများကြီး သုံးနေရတယ် ဒီအတိုင်းဆို အိပ်မက်နယ်ပယ်အရှင်သခင်အနေနဲ့ အိပ်မက်နယ်ပယ်ကို ထိန်းသိမ်းထားဖို့ စိတ်ဝိညာဥ်စွမ်းအား ဘယ်လောက်တောင်လိုလိုက်မလဲ မဟုတ်ဘူး သူ သူတို့မျိုးစိတ်တခုလုံးရဲ့ အင်အားကို ယူထားတာပဲ ဒါပေမဲ့ မျိုးစိတ်တခုလုံးရဲ့ အင်အားကို ပေါင်းစည်းဖို့ အင်မတန်ကြီးမားတဲ့ စိတ်ဝိညာဥ်ကမ္ဘာကြီး တည်ဆောက်ဖို့ လိုတယ် သူတို့လိုအပ်တဲ့ စိတ်ဝိညာဥ်စွမ်းအားဟာလဲ ကြောက်စရာကောင်းလောက်အောင် မြင့်မားနေလိမ့်မယ်"

အပြင်ကမ္ဘာနှင့် အိပ်မက်နယ်ပယ်အကြားမှ ခြားနားချက်ကို တွေးတောရင်း စုချန်းတယောက် အထက်ပါအတိုင်း ရေရွတ်လိုက်မိ၏။

အမြင့်သို့ရောက်လာလေလေ သူ့တကိုယ်လုံးသည် ပို၍ သေးငယ်လာသကဲ့သို့ စုချန်း ခံစားနေရလေသည်။ တိုက်ခိုက်နည်းပုံစံသစ်က်ို ဖန်တီးပြီးသည်နှင့် စုချန်း ခံစားရသည့် ပထမဆုံး ခံစားချက်မှာ သူသည် ဘာမှမဟုတ်သေးဟူသည့် ခံစားချက်ပင်။

သို့သော် ၎င်းမှာ ပြသနာမဟုတ်။ ပန်းတိုင်ကို လှမ်းမြင်နေရပြီဖြစ်၍ သူ့အနေနှင့် လမ်းဆုံးသည်အထိ ဆက်လျှောက်ရန်သာ လိုတော့သည် မဟုတ်ပါလား။

စုချန်းသည် အထက်ပါအတိုင်း စဥ်းစားရင်း အတွေးနယ်ချဲ့နေမိ၏။ ထိုအချိန်တွင် တိုက်ပွဲ၏ အခြေအနေမှာ စတင်ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

သားရဲအုပ်ကြီး၏ နောက်ကျောရှိ သွေးနီရောင်နန်းတော်သည် စတင်လှုပ်ရှားလာ၏။ ၎င်း စတင်လှုပ်ရှားသည်နှင့် မမြင်ရသော ဖိအားကြီးတခု တိုက်ပွဲစည်းဝိုင်းအား စတင်လွှမ်းခြုံလာတော့သည်။ အဆိုပါ ဖိအားကြောင့် အကြောင့်အလန့်ကင်းသည်ဟု နာမည်ကြီးသော သတ်ဖြတ်သူများပင် မှင်သက်ကုန်ကြ၏။ ၎င်းကို အခွင့်အရေးယူပြီး သားရဲများက သတ်ဖြတ်သူများအား ဝါးမြိုပစ်ကြလေသည်။

သို့သော် အထက်ကဖိအားသည် ဘေထွက်ဆိုးကျိုးမျှသာ ဖြစ်သည်။ အကြောင်းမှာ အဓိကအန္တရာယ်သည် သွေးနီရောင်နန်းဆောင်ကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။ နန်းဆောင်အတွင်းမှ နီရဲသောချီအားလှိုင်းများ ဖဲကြိုးများပမာ တိုးထွက်လာ၏။ ချီအားလှိုင်းနှင့် ထိတွေ့မိသမျှ သတ်ဖြတ်သူများသည် အပိုင်းပိုင်းအပြတ်ပြတ်နှင့် ပေါက်ကွဲကုန်ကြလေသည်။

သို့သော် သတ်ဖြတ်သူများအနေနှင့် လုံးဝ အကူအညီကင်းမဲ့သွားသည့် အနေအထားမျိုးတော့ မဟုတ်သေး။

ထိုအချိန်တွင် မိုးကြိုးကြံ့၃၆ကောင်ကထားသည့် ဘုရင့်စစ်ရထားကြီးသည်လည်း စတင်ရွေ့လျားလာခဲ့ပြီ ဖြစ်သည်။ လီဖန်းသည် ရထားလုံး၏ ရှေ့ဆုံးတွင်ထိုင်ကာ သက်စောင့်ဆေးမင်အား လေပေါ်တွင် မြှောက်ထား၏။ သက်စောင့်ဆေးမင်က တိုးထွက်လာသော လိမ္မော်ရောင်အလင်းတန်းများသည် သတ်ဖြတ်သူများထံသို့ ဖြာကျနေ၏။ ထိုအခိုက်မှာပင် အံ့သြစရာမြင်ကွင်းတရပ် ဖြစ်ပေါ်လာတော့သည်။ အကြောင်းမှာ လိမ္မော်ရောင်အလင်းတန်းများ၏ ကာကွယ်ခြင်းခံလိုက်ရသည်နှင့် ဒဏ်ရာအသီးသီးရရှိထားသော သတ်ဖြတ်သူစစ်သားများသည် မသေမျိုးကဲ့သို့ ချက်ချင်း ပြန်လည်သက်သာလာကြခြင်းပင်။

အသက်ဓာတ်ဆေးမင်ကား သတ်ဖြတ်သူစစ်သားများကို အားကောင်းသည့် သက်စောင့်စွမ်းအင် ပေးနေခဲ့လေပြီ။

တချိန်တည်းမှာပင် စစ်ရထားလုံးကြီးအတွင်းမှ တိုးထွက်လာသော နတ်ဘုရားသုတ်သင်ရေးလှံများသည် ရန်မူရန် ပြေးဝင်လာသည့် နတ်ဆိုးသားရဲများ၏ ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်သွား၏။ လှံစူးဝင်ခြင်းခံလိုက်ရသော သားရဲများ၏ ကိုယ်ခန္ဓာတွင် အက်ကွဲရာများ ဖြစ်ပေါ်လာပြီး တဝုန်းဝုန်းတဒိုင်းဒိုင်းနဲ့ ပေါက်ကွဲထွက်ကုန်လေသည်။

နတ်ဘုရားသုတ်သင်ရေးလှံ ကျရောက်သည့်နေရာတိုင်းတွင် ပေါက်ကွဲမှုများ အဆက်မပြတ်ဆိုသလို ဖြစ်ပေါ်နေပြီး နတ်ဆိုးသားရဲများ တကောင်ပြီးတကောင် သေဆုံးကုန်၏။

သိပ်မကြာမီ သွေးနီရောင်နန်းတော်နှင့် စစ်ရထားလုံးကြီး၏ ပတ်ပတ်လည်ရှိ အစောင့်အသီးသီးတို့ အတော်ပင် နည်းပါးကုန်လေသည်။ တချီတွင်တော့ အနီရောင်ချီအားလှိုင်းနှင့် နတ်ဘုရားသုတ်သင်ရေးလှံတို့ ထိပ်တိုက်ရင်ဆိုင်မိပြီး ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ မီးမှုန်မီးဖွားတို့မှာလည်း နေရာအနှံ့ ပြန့်ကျဲကုန်လေသည်။

ထိုအချိန်မှာပင် သွေးနီရောင်နန်းတော်အတွင်းမှ အရိပ်များ တရိပ်ပြီးတရိပ် ထွက်ပေါ်လာ၏။

ထိုအရိပ်များမှာ နတ်ဆိုးအရှင်သခင်သားရဲများပင်တည်း။ ၎င်းတို့အသီးသီးတွင် အစိမ်းရောင်မျက်နှာများနှင့် ချွန်ထွက်သော အစွယ်အသီးသီးတို့ ရှိနေကြ၏။ နတ်ဆိုးအရှင်သခင်အဆင့် သားရဲများဖြစ်သည်နှင့်အညီ ၎င်းတို့ကိုယ်ပေါ်မှ ထွက်ပေါ်နေသည့် အရှိန်အဝါများမှာ အားကောင်းလှသည်။ ဝါးမြိုခြင်းမြစ်မြို့တော်တွင် ကြုံတွေ့ခဲ့ရသည့် အလင်းမြွေကြီးနှင့် နင်လားငါလားပင်။

တချိန်တည်းမှာပင် စစ်ရထားလုံးဘက်မှ သတ်ဖြတ်သူခေါင်းဆောင်အုပ်စု ခုန်ထွက်လာ၏။ ၎င်းတို့အသီးသီးသည် မီးလျံအသိုက်၏ အတော်ဆုံး စစ်သည်တော်များပင်။ ၎င်းတို့တဦးစီတိုင်းအား ဒါဇင်နှင့်ချီသော ဘုန်းတော်ကြီးများ ဝန်းရံထား၏။ ဘုန်းတော်ကြီးများသည် ၎င်းတို့တောင်ဝှေးများကို မြှောက်ပြီး တစုံတရာကို ရွတ်ဖတ်နေကြလေသည်။

ရွတ်ဖတ်သံနှင့်အတူ သတ်ဖြတ်သူခေါင်းဆောင်အသီးသီး၏ ကိုယ်ခန္ဓာများသည် ကြီးထွားလာ၏။ ၎င်းတို့၏ ကိုယ်ပေါ်မှ ဆေးမင်များသည်လည်း အရောင်တောက်လာ၏။ အင်အားသည် ရုပ်ပိုင်းဆိုင်ရာပုံစံအဖြစ် ပြောင်းလဲသွားသည့် သဘောပင်။ ကြမ်းတမ်းသော အရှိန်အဝါတမျိုးလည်း ၎င်းတို့ထံမှ ထွက်ပေါ်နေလေသည်။

"တကယ့် နတ်ဆိုးလိုကောင်တွေပါလား"

မြင်ကွင်းကို ကြည့်ရင်း စုချန်း တအံ့တသြနှင့် ရေရွတ်လိုက်မိလေသည်။

အဆိုပါမြင်ကွင်းသည် စုချန်း၏ နှလုံးသွေးများအား ဆူပွက်လာစေ၏။ သို့သော် စုချန်းက စိတ်လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားလိုက်လေသည်။

ပြကွက်က အစပြုနေခဲ့ပြီ မဟုတ်ပါလား။

ထိုစဥ် အမောက်ရှည်သားရဲတကောင်သည် စုချန်းထံသို့ ပြေးဝင်လာ၏။ စုချန်း မသိမသာပြုံးပြီး ၎င်းထံသို့ ပြန်လည်ခုန်ဝင်လိုက်လေသည်။ သူတို့နှစ်ဦး ထိတွေ့မိချိန်ဝယ် စုချန်း၏ အကာအကွယ်သည် ရုတ်ချည်းပင် မှေးမှိန်သွား၏။ ထို့နောက် သားရဲ၏ရှည်လျားသော အစွယ်ကြီးက စုချန်း၏ ကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားတော့သည်။

စုချန်း နောက်ဘက်က်သို့ ဝုန်းခနဲ လွင့်စင်သွား၏။ သွေးများ နေရာအနှံ့တွင် ရဲခနဲ ဖြစ်ကုန်လေသည်။

"မြန်မြန် ဗိုလ်ချုပ်ကို ကာကွယ်ကြ"

ဘလက်ချ် စိုးရိမ်တကြီးနှင့် အော်ဟစ်အမိန့်ပေးလိုက်သည်။

ထိုအခါ သတ်ဖြတ်သူစစ်သားအများအပြားသည် ၎င်းတို့အသက်က်ို ပဓာနမထားပဲ စုချန်းအား ကာကွယ်ရန် ခုန်ဝင်လာကြ၏။ အများစုမှာ သားရဲကြီးအား ဝိုင်းဝန်းတိုက်ခိုက်ကြလေသည်။ တချို့မှာ ၎င်းတို့ကိုယ်ခန္ဓာအသီးသီးနှင့် စုချန်းအား ကာကွယ်ပေးထားကြသည်။ လူသားစစ်သည်များကလည်း စုချန်းရှိရာသို့ တပ်ဆုတ်လာကြ၏။

ဒဏ်ရာမှာ အတော်ပင် ဆိုးလှကြောင်း ကိုယ့်ကိုယ်ကို စစ်ဆေးရင်း စုချန်း သိလိုက်သည်။

"ဘလက်ချ် ကျုပ် မတိုက်နိုင်တော့ဘူး ဒီတပ်ဖွဲ့ကို မင်းနဲ့ပဲ ထားခဲ့ရတော့မယ်"

စုချန်းက အထက်ပါအတိုင်း ဘလက်ချ်အား ပြောလိုက်၏။

"ကောင်းပါပြီခင်ဗျာ"

တဆက်တည်းမှာပင် စုချန်းက လူသားစစ်သည်များအား အမိန့်ပေးလိုက်၏။

"ကဲ လူသားတွေ မင်းတို့အားလုံး ကျုပ်နောက်လိုက်ခဲ့ ကျုပ်တို့ အရှင်မင်းကြီးဆီ သွားကြမယ်"

အဆိုပါအမိန့်သည် စုချန်းထံမှ ထွက်ပေါ်လာသည်ဖြစ်၍ မည်သည့်သတ်ဖြတ်သူမှ ကန့်ကွက်ခြင်းမရှိ။

အနူဘီ၏ ဘေးသို့ရောက်သည်နှင့် စုချန်းးက ရှက်ရွံ့သောလေသံဖြင့် အစီရင်ခံလိုက်သည်။

"အရှင်မင်းကြီးခင်ဗျာ လွန်တူ အသုံးမကျပါဘူး တိုက်ပွဲမှာ ဒဏ်ရာရလာခဲ့ပါတယ်"

အနူဘီက နှစ်သိမ့်လိုက်၏။

"ကျုပ် မင်းတိုက်ခိုက်နေတာကို မြင်ပါတယ်လွန်တူး မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ လောလောဆယ်အနားယူပြီး အကြီးအကဲ ကုသပေးတာ ခံယူလိုက်"

ထို့နောက် ဘုန်းတော်ကြီးအကြီးအကဲသည် စုချန်းအား လာရောက်ကုသပေး၏။ စုချန်း၏ ရုပ်ပိုင်းဆိုင်ရာမှာ သတ်ဖြတ်သူနီးနီးလောက်ပင် အားကောင်းနေခဲ့ပြီ ဖြစ်သဖြင့် ကုသပြီးသိပ်မကြာခင်ပင် မြန်မြန်ဆန်ဆန် သက်သာလာခဲ့လေသည်။

ဘုန်းတော်ကြီးအကြီးအကဲ၏ ပြုစုမှုက်ို ခံယူရင်း စုချန်းသည် ဘဲငန်းသဏ္ဍာန် ထုလုပ်ထားသည့် အဖြူရောင်ကျောက်ရုပ်လေးကို ဆွဲထုတ်ကာ ဆော့ကစားနေ၏။ ဘဲငန်း၏ ဦးခေါင်းသည် ကောင်းကင်ပေါ်ကို မော့လျက်ရှိလေသည်။

"ဘာများလဲကွ"

အကြီးအကဲက မေးလိုက်၏။

"ခရီးတခုထွက်တုန်းက ကျုပ် ရခဲ့တဲ့ ပစ္စည်းလေးပါ ဘယ့်နှယ်လဲ လက်ရာကောင်းတယ်မလား"

စုချန်းက ပြုံးစေ့စေ့နှင့် ပြန်ဖြေလိုက်သည်။ အကြီးအကဲကား စိတ်ဝင်စားဟန်မတူ။ ခေါင်းခါရင်း မျက်နှာလွှဲသွားလေသည်။

"ဟာ"

ထိုစဥ် ဂွန်းကောက်ထံမှ အာမေဋိတ်သံ ထွက်ပေါ်လာ၏။

"ဘာဖြစ်လို့လဲကွ"

ဂူချာက မေးလိုက်သည်။

"အနီရောင်နှလုံးသားရဲ့ လေပေါ်နန်းတော် ဒီဖက်ကို ဦးတည်လာနေတယ်ဗျ"

ဂွန်းကောက်၏ လေသံမှာ တည်ကြည်လေးနက်နေ၏။

ဂူချာလည်း အံ့သြသွားဟန်ပေါ်သည်။

"ထူးဆန်းတယ် ဘာဖြစ်လို့ ချက်ချင်းလမ်းကြောင်းပြောင်းသွားတာလဲ"

လက်ရှိအချိန်ထိ တပ်ကြီးနှစ်တပ်သည် အကြိတ်အနယ် တိုက်ခိုက်လျက်သာ ရှိသေး၏။ မည်သူမှ အကြိတ်အနယ် မပေါ်သေး။ ထိုအနေအထားတွင် အနီရောင်နှလုံးသားသာ ထွက်ပြေးလိုပါက မည်သူမှ ဟန့်တားနိုင်ဖွယ်ရာ မရှိပေ။

တဆက်တည်းမှာပင် တစုံတခု မှားယွင်းနေကြောင်းသူတို့ သဘောပေါက်လာ၏။ အကြောင်းမှာ အနီရောင်နှလုံးသား၏ လေပေါ်နန်းတော်သည် သူတို့ဆီသို့ အမှန်တကယ် ဦးတည်ရွေ့လျားလာသောကြောင့်ပင်။

"မကောင်းတော့ဘူးဟေ့ သူ ကျုပ်တို့ကို ရှာတွေ့သွားပြီ"

ဂူချာ ထိတ်လန့်တကြားနှင့် ထအော်လိုက်၏။

"ဒီကနေ အမြန်ဆုံး ဆုတ်ကြမယ်"

ထို့နောက် ဂူချာနှင့် ဂွန်းကောက်သည် အနူဘီအား အဝေးသို့ ဦးဆောင်ခေါ်ယူသွားကြ၏။

သို့သော် လေပေါ်နန်းတော်သည် ချက်ချင်းပင် လမ်းကြောင်းပြောင်းကာ သူတို့နောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာ၏။ လေပေါ်နန်းတော်၏ ရွေ့လျားမှုမှာ မြန်ဆန်လှပေသည်။

"သူ ကျုပ်တို့ ဘယ်မှာရှိမှန်း အတိအကျ သိနေတယ် ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူ ဘယ်လိုလုပ်သိနေတာလဲ"

ဂူချာ၏ မျက်နှာမှာ မဲမဲမှောင်နေ၏။

သူ့အမြင်တွင် လေပေါ်နန်းတော်သည် ဝါးလုံးထိုးပြေးဝင်လာသော ကျွဲကြီးတကောင်နှင့် တူနေ၏။ သတ်ဖြတ်သူများသည် စစ်ရထားပေါ်ရှိ သူတို့ဘုရင်ကို အတုမှန်း မသိသောကြောင့် စစ်ကူပေးခြင်း မရှိ။ အကျိုးဆက်မှာကား လေပေါ်နန်းတော်သည် လွတ်လပ်စွာ ပျံသန်းနေနိိုင်ခြင်းပင်။ ထိုအချိန်တွင် စစ်ရထားသည် နောက်ပြန်လှည့်ရန် ကြိုးစားသော်လည်း သားရဲများ၏ ပိတ်ဆို့ထားခြင်းကြောင့် ခရီးမတွင်ပဲ ဖြစ်နေ၏။

ရလဒ်မှာ တိုက်ပွဲကြီးတခုလုံး နှစ်ခြမ်းကွဲသွားခြင်းပင်။

ထိုအတွက် သတ်ဖြတ်သူများဘက်မှ အခွင့်အရေးပိုရလာ၏။ သားရဲများသည် ၎င်းတို့စည်းဝိုင်းအလယ်တွင် ရောက်ကုန်ကြလေသည်။ သို့သော် အနူဘီသာ ဒုက္ခရောက်သွားပါက သတ်ဖြတ်သူများအနေနှင့် ရှုံးနိမ့်သွားနိုင်ပေသေး၏။

"ကျုပ်တို့ ချက်ချင်း ဆုတ်မှရမယ် အရှင်မင်းကြီး"

စုချန်းက အကြံပြုလိုက်သည်။

"မဟုတ်ဘူး ကျုပ်တို့ မဆုတ်နိုင်ဘူး ကျုပ်တို့ဆုတ်ရင် စစ်သားတွေ စိတ်ဓာတ်ကျကုန်လိမ့်မယ် ဒါဆို ကျုပ်တို့ ရှုံးပြီ"

ဂူချာက ထအော်လိုက်သည်။

"ဒါပေမဲ့ စစ်သားတွေက အရှင်မင်းကြီး ဒီမှာရှိတယ်ဆိုတာ သိမှမသိကြတာပဲ ခင်ဗျားက အရှင်မင်းကြီးအသက်နဲ့ယှဥ်ပြီး စွန့်စားချင်လို့လား"

စုချန်းက ပြန်မေးလိုက်၏။

"ဒါတွေအားလုံး မင်းကြောင့်ပဲကွ"

ဂူချာ အကြီးအကျယ် ဒေါသထွက်လာ၏။

"မင်းကြောင့် ကျုပ်တို့အားလုံး ဒီလို အဆုံးသတ်ရတာပဲ"

"ဒီလိုအဆုံးသတ်စရာမလိုဘူး ကျုပ်တို့ သေချာပေါက်နိုင်မှာပါဗျာ အရှင်မင်းကြီးအနေနဲ့ ခနတဖြုတ် ပုန်းနေဖို့ပဲလိုတာပါ အရှင်မင်းကြီးလဲ အန္တရာယ်ကင်းမယ် စစ်ရထားလုံးလဲ ရှိနေအုံးမယ်ဆိုရင် ကျုပ်တို့စစ်သားတွေ သူတို့နဲ့အတူ အရှင်မင်းကြီး ရှိနေသေးတယ်လို့ပဲ ထင်ကြမှာပါ"

"ဒါဆို မူလအရိုးတောင်ဝှေးနဲ့ အသက်ဓာတ်ဆေးမင်ကို ဘယ်လိုလုပ်မှာလဲ"

ဂွန်းကောက်က မေးခွန်းထုတ်လိုက်သည်။

"ကျုပ်ကိုယ်တိုင်သွားပြီး အရှင်မင်းကြီးနဲ့ နတ်ဘုရားကျောင်းတော်ရဲ့ အရေးကြီးဆုံး ရတနာတွေကို ပြန်ရအောင် လုပ်ခဲ့ပါမယ် ဘယ်ရတနာမှ မဆုံးရှုံးစေရဘူးလို့ ကျုပ် အာမခံတယ်"

စုချန်းက ရဲရဲတောက်ဟန်ပန်ဖြင့် ကတိပေးလိုက်သည်။ ထို့နောက် သူက ဘဲငန်းရုပ်အား သိမ်းဆည်းလိုက်၏။

***

All Chapters