ကြောက်လန့်စရာပြောင်းလဲမှု
Vol. 72 Ch. 716
လေပေါ်နန်းတော်ကား စတင်တိုက်ခိုက်လာပြီ ဖြစ်သည်။ ၎င်း၏ တိုက်ခိုက်မှုမှာ ကြောက်စရာကောင်းလှ၏။ မျက်စေ့တမှိတ်အတွင်း လေထဲတွင် မီးခိုးများ၊ ဖုန်မှုန့်များ ပြည့်နှက်သွားပြီး အဆိုပါ မီးခိုးများသည် မီတာပေါင်းများစွာ ပြန့်ကားကာ အနူဘီထံသို့ ရွေ့လျားလာပြီ ဖြစ်သည်။
အနီရောင်နှလုံးသားအနေနှင့် လက်ရှိတွင် အနူဘီ၏ တည်နေရာကို အလွယ်တကူပင် သိနိုင်ပြီ ဖြစ်သည်။ စုချန်း၏ မျှားခေါ်မှုကို မလိုတော့။ စစ်သားများ တပ်ဆုတ်နေကြ၏။ ၎င်းတို့၏ ခေါင်းဆောင်မှာ အနူဘီမှတပါး အခြားမရှိနိုင်။
အနီရောင်နှလုံးသား၏ ညဏ်ရည်အရ ဘာတွေဖြစ်နေမှန်း အလွယ်တကူပင် သိသွားခဲ့ပြီ ဖြစ်သည်။ သူ နားမလည်နိုင်သည်မှာ အနူဘီအနေနှင့် အရေးကြီးလှသော အခိုက်အတန့်တွင် ဘာကြောင့် ကိုယ့်ကိုယ်ကို ဖော်ပြလိုက်မှန်းပင်။ သို့သော် ၎င်းမှာ အရေးမကြီး။ အရေးအကြီးဆုံးအရာမှာ သူ့ပိုင် ရတနာများ၏ အငွေ့အသက်ကို အနီရောင်နှလုံးသား ခံစားမိနေခြင်းပင်။
အနူဘီ၏ တည်နေရာကို အနီရောင်နှလုံးသားအား ညွှန်ပြပြီးသည်နှင့် စုချန်းသည် စစ်ရထားလုံးဆီသို့ ဦးတည်လိုက်သည်။
ရတနာများအား ယူငင်ပြီး လစ်ရမည့်အချိန် ရောက်ပေပြီ။
တိုက်ပွဲမှာ ရှုပ်ရှက်ခတ်နေ၏။ သို့သော် အခြေအနေမှာ မသိမသာ ပြောင်းလဲစပြုနေခဲ့ပေပြီ။
မူလတိုက်ပွဲမှာ လေပေါ်နန်းတော်နှင့် စစ်ရထားတို့က အလယ်တွင် ရှိနေပြီး နှစ်ဖက်တပ်သားတို့က ၎င်းတို့ခေါင်းဆောင်များကို ဝန်းရံကာ တိုက်ခိုက်နေကြသော အနေအထား ဖြစ်သည်။ လေပေါ်နန်းတော် ဦးတည်ချက်ပြောင်းသွားပြီးနောက်တွင်တော့ တိုက်ပွဲ၏ ပုံစံသည် ရှည်မြောမြော ဖြစ်သွား၏။ ယခု စုချန်း ရောက်ရှိသွားသည့်အချိန်တွင် တိုက်ပွဲမှာ အတော်ပင် ကစဥ့်ကလျား ဖြစ်နေခဲ့လေပြီ။
လက်ရှိအနေအထားအရ မည်သူက မည်သည့်ဘက်ကမှန်းပင် ပြောရခက်နေ၏။ တိုက်ပွဲကြီးတခုလုံး ရှုပ်ရှက်ခတ်နေပြီး သားရဲများနှင့် သတ်ဖြတ်သူများသည် ဦးတည်ချက်မဲ့စွာ တိုက်ခိုက်နေကြလေသည်။
သွေးများသည် ချောင်းပမာ စီးကျနေ၏။ အသက်တချောင်းဟူသည် မြက်ပင်တပင်မျှပင် အဖိုးမတန်တော့။
နှစ်ဖက်လုံးသည် အောင်ပွဲရရှိရန် အသက်ပေါင်းများစွာကို စွန့်လွှတ်နေကြ၏။ နောက်ဆုံးတွင် သတ်ဖြတ်သူများဘက်မှ တဖြည်းဖြည်း အသာရလာလေသည်။
မူလကတည်းက အင်အားအရာတွင် သတ်ဖြတ်သူများဘက်မှ သာလွန်ပြီးသား ဖြစ်သည်။ ထိုအထဲတွင်မှ လေပေါ်နန်းတော်ထွက်ခွာသွားခြင်းက သားရဲများကို ပို၍ အားနည်းသွားစေ၏။
သို့သော် သားရဲများအားလုံးကို အချိန်တိုအတွင်း ရှင်းပစ်ရန်မှာတော့ မလွယ်လှ။
တိုက်ပွဲတခုလုံးသည် သတ်ဖြတ်မှုများနှင့်သာ ပြည့်နှက်နေ၏။ မည်သည့်နည်းဗျူဟာမှ မရှိတော့။ ခွန်အားသည်သာ အရာရာဖြစ်သည်။
ထိုအနေအထားတွင် တိုက်ပွဲတလျှောက် ဖြတ်လျှောက်ရန်ဟူသည်မှာ လွယ်ကူသော အရာမဟုတ်။
သို့သော် လူသားစစ်သည်တော်များသည် လှိုင်းထန်သောပင်လယ်ပြင် ငါးမန်းများ၏ တိုက်ပွဲအကြား သွက်လက်မြန်ဆန်စွာ ကူးခတ်နေသော ငါးအုပ်ပမာ ဖြတ်လတ်စွာ ရွေ့လျားနေကြလေသည်။ သိပ်မကြာမီ သူတို့အားလုံး သားရဲများနှင့် ပြည့်နှက်နေသော နေရာသို့ ရောက်ရှိလာ၏။
"ဒီနေရာဟာ သားရဲတွေချည်း ပြည့်နှက်နေတဲ့ နေရာပဲ အလွန်အန္တရာယ်များတယ် လူတိုင်းကို အကြောင်းကြားလိုက် ဝိညာဥ်လက်နက်ကို သုံးပြီး ကျုပ်တို့ ဒီနေရာကို ဖြတ်သန်းကြမယ်"
စုချန်းက ကျယ်လောင်သောအသံဖြင့် အော်ဟစ်အမိန့်ပေးလိုက်၏။
လက်ရှိအခြေအနေသို့ရောက်မှ သူတို့အနေနှင့် နောက်ပြန်လှည့်စရာအကြောင်း မရှိတော့။
"ဟုတ်"
စုချန်းဘေးနားရှိ လူသားစစ်သည်များ ပြိုင်တူ အော်လိုက်ကြသည်။
ဓားပျံများ ရှေ့သို့တဟုန်ထိုး ပျံသန်းသွား၏။ စုချန်းကိုယ်တိုင်လည်း လအရိပ်ရေခဲဓားနှင့် တောင်ခွဲဓားတို့ကို ပြိုင်တူထုတ်သုံးလိုက်လေသည်။ စုချန်း၏ အဆင့်အတန်းအရ ဝိညာဥ်လက်နက်နှစ်မျိုးကို ပြိုင်တူထိန်းချုပ်ရသည်မှာည်မှာ ဘာမှမခက်တော့။
ကနဦးတိုက်ပွဲတွင် အင်အားလျှိုထားကြသော်လည်း လက်ရှိတွင်တော့ သူတို့အားလုံး အင်အားကို အပြည့်အဝ ထုတ်သုံးလိုက်ကြလေပြီ။
ဓားပျံတချို့ သားရဲများ၏ နှလုံးသားကို ထိုးဖောက်ဝင်ရောက်သွားပြီး ၎င်းတို့၏ အသက်က်ိုပါ တခါတည်း ခြွေယူသွား၏။
ထိုအချိန်တွင် သတ်ဖြတ်သူတချို့သည် သေရေးရှင်ရေးအခြေအနေနှင့် ရင်ဆိုင်နေရ၏။ သူတို့ကို လာရောက်ကယ်တင်သူမှာ လူသားများဖြစ်ကြောင်း တွေ့လိုက်ရသောအခါ သူတို့အလွန် အံ့သြသင့်ကုန်ကြလေသည်။
"အာဝူး"
ထိုအခိုက်မှာပင် ကြီးမားသော သံချပ်ကာကြံ့ကြီးတကောင်သည် တဟုန်ထိုး ပြေးဝင်လာ၏။ ၎င်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါအရ နတ်ဆိုးအရှင်သခင်အဆင့် သားရဲမှန်း သိသာနေ၏။
"ဂရုစိုက်ကြဟေ့ အဲဒါ နတ်ဆိုးအရှင်သခင်သားရဲကွ"
သတ်ဖြတ်သူစစ်သားတဦးက ကျယ်လောင်သောအသံဖြင့် ထအော်လိုက်၏။
ထိုအချိန်မှာပင် လူသားအုပ်စုသည် ကြံ့ကြီးအား ထိပ်တိုက်ရင်ဆိုင်လိုက်၏။
သတ်ဖြတ်သူစစ်သား သက်ပြင်းချလိုက်သည်။ လူသားအုပ်စု အန္တရာယ်နှင့် ရင်ဆိုင်ရပြီမှန်း သူ သဘောပေါက်လိုက်သည် မဟုတ်ပါလား။သာမာန်လူသားစစ်သည်များအနေနှင့် ကြောက်စရာကောင်းလှသော နတ်ဆိုးအရှင်သခင်သားရဲကို မည်သို့မှ ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်။
သိပ်မကြာမီ ၎င်း ပါးစပ်အဟောင်းသားဖြစ်စေမည့့် မြင်ကွင်းတရပ် ပေါ်ပေါက်လာတော့သည်။
ဓားပေါင်းများစွာသည် လေထဲသို့ ရွှီခနဲ ပျံတက်သွားပြီး ကြီးမားလှသော ဓားကြီးတချောင်းအဖြစ် ပေါင်းစပ်သွား၏။
"တိုက်"
ရှေ့ဆုံးမှ လူသားစစ်သည်၏ အော်ဟစ်အမိန့်ပေးသံ ထွက်ပေါ်လာပြီး ဓားကြီးသည် ကြံကြီး၏ ကိုယ်ကို ထိုးဖောက်ဝင်ရောက်သွား၏။ ဓားချက်ကြောင့် ကြံ့ကြီးတကိုယ်လုံး နှစ်ပိုင်းပြတ်ထွက်သွားလေသည်။
မြင်ကွင်းကြောင့် သတ်ဖြတ်သူစစ်သားများအားလုံး ကြက်သေသေသွား၏။
နတ်ဆိုးအရှင်သခင်သားရဲအား လူသားအုပ်စုက မည်သို့မည်ပုံ သတ်ပစ်လိုက်လေသနည်း။
တဆက်တည်းမှာပင် ဓားကြီးသည် မြေကြီးပေါ်သို့ တဖြည်းဖြည်းနှင့် ပြုတ်ကျလာ၏။ ဓားကြီး ပြုတ်ကျလာသည့်အရှိန်ကြောင့် မြေကြီးတွင် အက်ကွဲရာကြီး ပေါ်လာလေသည်။ ဓားထိမှန်ခံရသည့် သားရဲများမှာ အသက်ပျောက်ကုန်၏။
ထို့နောက် အဆိုပါ ဓားကြီးထံမှ ဓားလေးများ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြန်၏။ တဖန် အနှီဓားများသည် လမ်းကြောင်းတလျှောက် ကွေ့ဝိုက်ပျံသန်းပြီး သားရဲများအား ထိုးခုတ်ကာ ပိုင်ရှင်အသီးသီးလက်ထဲသို့ ပြန်လည်ရောက်ရှိလာကြလေသည်။ လမ်းကြောင်း၏ အဆုံးတွင်တော့ ဘုရင့်စစ်ရထားကြီးကို တွေ့မြင်နေရ၏။
"တက်"
အမိန့်သံနှင့်အတူ လူသားစစ်သည်များသည် ရထားလုံးရှိရာသို့ တဟုန်ထိုး ပြေးတက်လိုက်ကြလေသည်။ သူတို့ပြေးသွားရာ လမ်းတလျှောက်ရှိ သားရဲများသည် ဟင်းသီဟင်းရွက်များ အချွေခံရသည့်ပမာ တဖြုတ်ဖြုတ်နှင့် လဲကျကုန်၏။ ဆင်သွားလျင် လမ်းဖြစ်သည်ဟူသော စကားအတိုင်းပင်။
ထိုအချိန်တွင် သတ်ဖြတ်သူဗိုလ်ချုပ်များသည် သူတို့၏ ဧကရာဇ်ကို ကာကွယ်ရန် ရထားလုံးအား စွန့်ခွာပြီး သားရဲများအား အစွန်းကုန်တိုက်ခိုက်နေကြပြီ ဖြစ်သည်။ ရထားလုံးပေါ်တွင် အတုအယောင်ဧကရာဇ်လီဖန်းးနှင့် ရထားလုံးပတ်ပတ်လည်တွင် ဘုန်းတော်ကြီးတချို့၊ အစောင့်တချို့သာ ကျန်ရစ်ခဲ့၏။
တကယ်တော့ အဆိုပါဘုန်းတော်ကြီးများနှင့် အစောင့်များသည် မူလအရိုးတောင်ဝှေးနှင့် အသက်ဓာတ်ဆေးမင်အား ကာကွယ်နေကြခြင်းပင်။
စုချန်းသည် ရထားလုံးရှေ့သို့ မြန်မြန်ဆန်ဆန်ပင် ရောက်ရှိလာ၏။
ဘုန်းတော်ကြီးတချို့က စုချန်းက လမ်းပိတ်ရင်း ပြောလိုက်သည်။
"ဆရာလွန်တူး ရပ်ပါအုံး"
"အရှင်မင်းကြီးနဲ့ ဘုန်းတော်ကြီးချုပ်က မူလအရိုးတောင်ဝှေးနဲ့ အသက်ဓာတ်ဆေးမင်ကို ယူလာပေးဖို့ ကျုပ်ကို တာဝန်ပေးလိုက်တယ် ဒါ တချက်လွှတ်အမိန့်ပဲ"
ထို့နောက် စုချန်းက အမိန့်စာအား ဘုန်းတော်ကြီးလက်ထဲသို့ ထည့်ပေးလိုက်သည်။ဘုန်းတော်ကြီးလည်း အမိန့်စာကို လက်ခံယူပြီး အမှားအယွင်းရှိမရှိ ကျကျနနပင် စစ်ဆေးပြန်၏။
ထို့နောက် စုချန်း ရထားလုံးပေါ်သို့ တက်လာ၏။ လီဖန်းးက စုချန်းကိုကြည့်ရင်း ပြုံးလိုက်သည်။
"နောက်ဆုံးတော့ ရောက်လာပြီပေါ့"
"ဟုတ်တယ် ကျုပ် ရောက်လာပြီ"
စုချန်းက လီဖန်းး၏ မေးခွန်းကို ပြန်ဖြေရင်း ၎င်းလက်ထဲမှာ မူလအရိုးတောင်ဝှေးနှင့် အသက်ဓာတ်ဆေးမင်ကို လှမ်းယူလိုက်၏။
နောက်ဆုံးတော့ သူ အောင်မြင်သွားလေပြီ။
မူလအရိုးတောင်ဝှေး သူ့လက်ထဲရောက်လာသည်နှင့် ဆန်းကြယ်လှသော စွမ်းအားတခု သူ့အား ဖြတ်သန်းစီးဆင်းသွားသကဲ့သို့ စုချန်း ခံစားလိုက်ရသည်။ ၎င်းမှာ မူလအရိုး၏ အချိန်အခြေခံစွမ်းအားကြောင့် ဖြစ်ကြောင်း စုချန်း သဘောပေါက်လိုက်သည်။
သို့သော် အသက်ဓာတ်ဆေးမင်နှင့် ထိတွေ့မိသည့်ခနတွင်တော့ စုချန်း တကိုယ်လုံး ထုံကျင်သွား၏။ ထို့နောက် အသက်စွမ်းအားများ တိုးပွားလာသည်ဟု ခံစားရပြီး စုချန်းတကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာလေသည်။
တဆက်တည်းမှာပင် အသက်ဓာတ်ဆေးမင်သည် အလင်းရောင်တောက်လာပြီး အလင်းတန်းတခု ကောင်းကင်ပေါ်သို့ တိုးထွက်သွားတော့၏။
"ဟင် ဒါက ဘယ်လိုဖြစ်တာလဲ"
စုချန်း မျက်လုံးပြူးသွား၏။ သူ့ကဲ့သို့ပင် အစောင့်များ၊ ဘုန်းတော်ကြီးများ အံ့သြသင့်ကုန်၏။ ယုတ်စွအဆုံး လီဖန်းးပင် အံ့သြသင့်သွားလေသည်။
"ဘာဖြစ်တာတုန်း"
လီဖန်း မေးလိုက်သည်။
"ကျုပ်လဲ မသိဘူး"
သူ့လက်ထဲရှိ ဆေးမင်အား ကြည့်နေရင်း စုချန်း ဖြေလိုက်သည်။
ဆေးမင်သည် ယခုတိုင် တောက်ပနေ၏။ အသက်စွမ်းအားများသည်လည်း စုချန်းကိုယ်ထဲသို့ ဆက်လက်စီးဝင်နေလေသည်။ ရုတ်ချည်းဆိုသလိုပင် အသက်ဓာတ်ဆေးမင်အား စုပ်ယူနိုင်စွမ်းရှိသယောင် စုချန်း ခံစားလိုက်ရ၏။
ထိုခံစားချက်နောက်သို့လိုက်ရန် သူ ဆုံးဖြတ်လိုက်သည်။ ထိုအခါ သူသည် တကိုယ်လုံးရှိ အကြောအချဥ်များအား လျော့ချလိုက်ပြီး အသက်ဓာတ်များ သူ့ကိုယ်တွင်းသို့ စီးဝင်ရန် ခွင့်ပြုလ််ိုက်၏။ ထိုအချိန်မှာပင် သူ့လက်ထဲရှိ အသက်ဓာတ်ဆေးမင်သည် တုန်ခါလာသည်။
တုန်ခါမှုမှာ ပြင်းထန်လွန်း၍ စုချန်း ဆုပ်ကိုင်နိုင်စွမ်းပင် မရှိတော့။ သို့သော် အတတ်နိုင်ဆုံး ဆုပ်ကိုင်ထားမည်ဟု သူ ဆုံးဖြတ်လိုက်၏။ ထိုအခိုက်အတန့်တွင် ဆေးမင်နှင့် စုချန်းသည် မြဲမြံစွာ ဆက်သွယ်မိပြီ ဖြစ်သည်။ ဆေးမင်သည် လင်းတလှည့်၊ နီတလှည့်နှင့် အရောင်များပြောင်းလဲနေ၏။ လီဖန်းပင် အထ်ိတ်တလန့်နှင့် နောက်ဆုတ်သွားလေသည်။
ထိုအချိန်မှာပင် အံ့သြစရာကောင်းသော မြင်ကွင်းတရပ် ထွက်ပေါ်လာ၏။
အကြောင်းမှာ အသက်ဓာတ်ဆေးမင်မှ ဖုန်မှုန့်များတလူလူ ထွက်ပေါ်လာသောကြောင့်ပင်။
"သူ သူ ပြိုကွဲနေပြီဗျ"
လီဖန်းး အထိတ်တ်တလန့်နှင့် ထအော်လိုက်သည်။
"ကျုပ် သိတယ်"
အမှန်တကယ်လည်း ဆေးမင်သည် ဖုန်မှုန့်အစုအဝေးကြီးအဖြစ် ပြောင်းလဲနေ၏။ တဆက်တည်းမှာပင် အကန့်အသတ်မရှိသော စွမ်းအင်များ စုချန်းကိုယ်တွင်းသို့ တလဟော စီးဝင်နေလေသည်။ ထိုအချိန်မှာပင် ပြင်းပြသော နာကျင်မှုကို စုချန်း ခံစားလိုက်ရ၏။
စုချန်း နာကျင်စွာ အော်ဟစ်လိုက်သည်။
နာကျင်မှုမှာ အမှန်တကယ်ပင် ပြင်းထန်လှသည်။ သို့သော် စုချန်းသည် အံကိုတင်းတင်းကြိတ်ကာ နာကျင်မှုကို တင်းခံထား၏။ သူ့နဖူးပေါ်မှ သွေးကြောများကား ကြောက်ဖွယ်ရာ ဖောင်းကြွလျက်ရှိလေသည်။
"ဘုရားသခင် မင်း ဘာတွေလုပ်နေတာလဲ"
ဘုန်းတော်ကြီးတဦးသည် ကျယ်လောင်စွာအော်ဟစ်ပြီး လက်တဖက်ကို လှုပ်ရှားလိုက်ရာ အလင်းတန်းတခု စုချန်းဆီသို့ တိုးဝင်သွား၏။ သို့သော် ထိုအလင်းတန်းသည် စုချန်းအနီးသို့ရောက်သည်နှင့် အစအနပင် မကျန်ပဲ ပျောက်ကွယ်သွားလေသည်။
တဖက်တွင်လည်း စုချန်းသည် ခေါင်းမော့ပြီး အသည်းအသန်အော်ဟစ်လျက်ရှိ၏။
ဆိုးဝါးလှသော နာကျင်မှုကြောင့် စုချန်းတယောက် သတ်ဖြတ်သူပုံပန်းသွင်ပြင်ကို မထိန်းနိုင်တော့။ တဖြည်းဖြည်းနှင့် မူရင်းရုပ်ရည်သို့ ပြန်လည်ပြောင်းလဲသွားတော့၏။
နောက်ဆုံးတွင်တော့ အသက်ဓာတ်ဆေးမင်သည် ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားတော့၏။ ထိုစဥ် သူ့ရင်ဘတ်ဆီမှ နွေးထွေးသော ခံစားချက်တခုကို စုချန်း ရလိုက်သည်။
စုချန်း သူ့ရင်ဘတ်ကိုသူ ငုံ့ကြည့်လိုက်၏။ ထူးခြားဆန်းကြယ်လှသော ဆေးမင်တချို့ သူ့ရင်ဘတ်ပေါ်တွင် အလိုအလျောက် ပေါ်ပေါက်နေလေသည်။
အသက်ဓာတ်ဆေးမင်ကား စုချန်းထံသို့ အမှန်တကယ်ပင် ကူးပြောင်းလာခဲ့လေပြီ။
ထိုအချိန်တွင် စုချန်း ကနဦး ခံစားခဲ့ရသည့် ဝေဒနာများ အလုံးစုံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုအစား သူ ခံစားလိုက်ရသည်မှာကား ဆာလောင်မွတ်သိပ်ခြင်းပင်။
"လူသားဟေ့ ဒီကောင် လူသားပဲကွ"
ဘုန်းတော်ကြီးတချို့နှင့် စစ်သားတချို့ အထိတ်တ်တလန့်နှင့် ထအော်လိုက်ကြသည်။
"ကျုပ်ရဲ့ မူရင်းရုပ် ပေါ်သွားပြီလား စီစဥ်ထားတာထက် နည်းနည်းတော့ စောသွားတယ် ဒါပေမဲ့ ပြသနာတော့ မရှိပါဘူးလေ"
ထိုစကားကို ပြောလိုက်ချိန်တွင် စုချန်း မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်လှသော အပြုံးတရပ် ပေါ်ပေါက်နေ၏။
"ချိန်သားကိုက်ပဲ ဘာကြောင့်လဲဆိုတော့ ကျုပ် သိပ်ပြီးဆာနေပြီလေ"
ထို့နောက် သူ စတင်တိုက်ခိုက်လိုက်တော့၏။
***